Tuesday, October 4, 2011

အစာအိမ်နှင့် အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း ဖြစ်စေသည်များ

 
by Moenge Aung on Tuesday, October 4, 2011 at 5:35pm


Good Health Originally posted 03/03/2011 11:07AM

အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစိမ့်တယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးကို ခေါ်ပါသလဲရှင်။
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစိမ့်တာက တဖြည်းဖြည်း ယိုစိမ့်တာလည်း ရှိတယ်။ လတ်တလော ယိုစိမ့်တာလည်း ရှိတယ်။ ဒီလူနာတွေက ဆရာဝန်ဆီ ရောက်လာပုံချင်း မတူညီကြဘူး။ တဖြည်းဖြည်း သွေးယိုစိမ့်တဲ့ လူနာတွေမှာတော့ ထွက်သွားတဲ့ သွေးကို ခန္ဓာကိုယ်ရဲ့ ပြန်ဖြည့်တဲ့ နေရာတွေက လုံလောက်အောင် ပြန်မဖြည့်ပေးနိုင်တဲ့ အခါ သွေးအားနည်း လက္ခဏာတွေ ပြလာမှ ရောက်လာတတ်တယ်။ လတ်တလော သွေးယိုတဲ့ လူနာတွေကျတော့ ရုတ်ခြည်း သွေးတွေ အများကြီး ထွက်တယ်။ ဆရာဝန်တွေ အရေးတကြီး ဆောင်ရွက်ရမယ့် Medical Emergency လို့ သတ်မှတ်ပါတယ်။


 အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက်မှာ သွေးယိုစိမ့်တာကို ဘယ်လိုခွဲခြား သတ်မှတ်ပါသလဲရှင်။
အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုစိမ့်တာကို အစာအိမ်နဲ့ အူလမ်းကြောင်း အပေါ်ပိုင်း သွေးယိုစိမ့်ခြင်း (Upper Gl Bleeding) နဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း အောက်ပိုင်း သွေးယိုခြင်း (Lower Gl Bleeding) လို့ ခွဲခြားနိုင်ပါတယ်။ အပေါ်ပိုင်းမှာတော့ အစာစားလိုက်ရင် အစာဆင်းကျသွားတဲ့ အစာရေမျိုပြွန်၊ အစာအိမ်၊ အစာအိမ်ကနေ ထွက်ထွက်ချင်း အူသိမ်ဦးပိုင်းအထိ ပါဝင်ပါတယ်။ အဲဒီကနေ တလျှောက် ဆင်းသွားပြီး စအိုဝ အထိကိုတော့ အောက်ပိုင်းလို့ သတ်မှတ်ပါတယ်။ အပေါ်ပိုင်းနဲ့ အောက်ပိုင်းမှာ ဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုတာတွေကိုတော့ ဆရာဝန်တွေက ရှာတွေ့တတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ သွေးထွက်နေမှန်း သိပေမယ့် ဘယ်နေရာက ထွက်နေမှန်း ရှာလို့ မတွေ့ဘူး။ သွေးမြင်ရတယ် ဒါမှမဟုတ် လူနာမှာ သွေးကုန်ခမ်းတဲ့ လက္ခဏာတွေ တွေ့နေရပေမယ့် ဘယ်နေရာက ထွက်နေမှန်း မသိဘူး။ အဲဒါကြောင့်သာ အစာအိမ်နဲ့ အူလမ်းကြောင်း အပေါ်ပိုင်း သွေးယိုခြင်း၊ အူလမ်းကြောင်း အောက်ပိုင်း သွေးယိုခြင်းနဲ့ အကြောင်းအရင်း ရှာမရတဲ့ သွေးယိုခြင်းဆိုပြီး သုံးမျိုး ကွဲပြားသွားတာပါ။

 ဘယ်အပိုင်းက သွေးယိုစိမ့်တာ ပိုအဖြစ်များပါသလဲရှင့်။
အစာအိမ်နဲ့ အူလမ်းကြောင်း အပေါ်ပိုင်းကတော့ တွေ့ရ အများဆုံးပဲ။ အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုစိမ့်တာတွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်က အပေါ်ပိုင်းကပဲ ဖြစ်ပါတယ်။

 အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစိမ့်တာကို ဖြစ်စေတဲ့ အကြောင်းအရာ တွေကိုလည်း သိချင်ပါတယ်ရှင့်။
ဖြစ်နိုင်တဲ့ အကြောင်းအရာ တွေကတော့ အများကြီးပါ။ အဓိက ခွဲမယ်ဆိုရင်တော့ အုပ်စုနှစ်ခု ရှိပါတယ်။ ကိုင်တွယ်ဖြေရှင်းရတဲ့ ကုထုံးနည်းလမ်းတွေ မတူလို့ အုပ်စုခွဲ ပြောတာပါ။ အသည်းခြောက်နေလို့ အစာလမ်းကြောင်းမှာရှိတဲ့ သွေးကြောတွေ ထုံးပြီး ဖြစ်တဲ့ သွေးယိုစိမ့်ခြင်း (Visceral Bleeding) နဲ့ သွေးကြောထုံးတာကြောင့် မဟုတ်တဲ့ သွေးယိုစိမ့်ခြင်း (Non-Visceral Bleeding) ဆိုပြီး ရှိပါတယ်။ Visceral Bleeding  မှာ အများဆုံး တွေ့ရတာက အစာအိမ်အနာ၊ အူသိမ်အနာ၊ အစာအိမ်ပွန်းတာ ဒါမှမဟုတ် အစာအိမ် ရောင်ပြီးဖြစ်တာ၊ ဆေးဝါးတွေကြောင့် ဖြစ်တာ (ဥပမာ-အကိုက်အခဲ ပျောက်ဆေး)၊ အရက် အရမ်းသောက်လို့၊  ကိုယ်ဝန်ရှိခါစ အရမ်းအန်လို့ ဝမ်းခေါင်းထဲမှာရှိတဲ့ အားကို အရမ်းညှစ်ပြီး အန်လိုက်တာကြောင့် အစာအိမ်နဲ့ အစာရေမျို ဆက်တဲ့နေရာမှာ ကွဲသွားတာကြောင့် သွေးယိုစိမ့်တာ၊ ကလေးတွေ စက်ဘီးစီးပြီး စက်ဘီးပေါ်က ပစ်ကျတာ၊ လမ်းမပေါ်မှာ မတော်တဆ ထိခိုက်တာ တစ်ခုခုကြောင့် လွင့်စင်ကျလို့ ဝမ်းဗိုက်အတွင်းမှာ ဖိအားတက်ပြီး အနာဖြစ်လာလို့ သွေးယိုတာ၊ ဒါမျိုးကတော့ အဖြစ်နည်းပါတယ်။

 တချို့လူတွေမှာ အစာအိမ်နံရံမှာရှိတဲ့ သွေးကြောက အတွင်း အမြှေးပါးအထိ ဖောက်ထွက်လာပြီး အတွင်းပိုင်း ရောက်တော့ သေးမျှင်သွားရမယ့် နေရာမှာ မသေးဘဲ မူလအရွယ်အတိုင်း ဖြစ်နေတော့ လမ်းပေါ်မှာ ရေပိုက်တွေ ပေါ်နေလို့ ထိခိုက်တာ များတဲ့အခါ ရေပိုက် ပွင့်ထွက်သွားသလို သွေးကြောတွေလည်း ပေါ်နေတော့ ထိခိုက်တာ များလာတဲ့အခါ ပွင့်ပေါက်ထွက်ပြီး သွေးယိုတာတွေ ဖြစ်လာတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးခဲစေတဲ့ ဓာတ်တွေ ရှိသလို၊ သွေးကျဲစေတဲ့ ဓာတ်တွေလည်း ရှိတယ်။ သွေးခဲစေတဲ့ ဓာတ်တွေ နည်းနေရင်လည်း သွေးယိုစိမ့်နိုင်တယ်။ အစာအိမ်ရောဂါ ဖြစ်တာ မဟုတ်ဘဲ ခန္ဓာကိုယ်မှာ သွေးယိုစိမ့်တဲ့ ရောဂါရှိလို့ အဲဒီရောဂါရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အစာအိမ်က သွေးယိုစိမ့်တာမျိုးလည်း ရှိတယ်။ တစ်ခါတစ်ရံမှာတော့ အဖြစ်မများပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေကို ပိုပြီး ဂရုစိုက်ရတာမျိုးလည်း ရှိပါတယ်။

 ရောဂါကြောင့် မဟုတ်ဘဲ အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုစိမ့်တာ ဖြစ်နိုင်ပါသလား။
တခြား ပင်မရောဂါရဲ့ နောက်မှာ သွေးယိုစိမ့်တာ ဖြစ်လာတာပါ။ တစ်ကိုယ်လုံး သွေးဆိပ် ပျံ့နှံ့တယ်ဆိုရင် တခြား အင်္ဂါရပ်တွေအားလုံး သွေးယိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းလည်း သွေးယိုပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းက မျက်နှာပြင် ကျယ်ပြန့်တော့ သွေးအများကြီး ထွက်လို့ရပါတယ်။ သွေးပြားလေးတွေ နည်းတဲ့ ရောဂါမှာလည်း ခန္ဓာကိုယ် အရေပြားက သွေးထွက်သလို အစာအိမ်နဲ့ အူလမ်းကြောင်းကလည်း သွေးယိုစိမ့်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစိမ့်တာလည်း ရှိပါတယ်။ သွေးယိုစိမ့်တာက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပင်မရောဂါ ရှိရင် ရှိမယ်၊ ဒါမှမဟုတ် တခြားရောဂါ တစ်ခုခုကြောင့် သွေးယိုစိမ့်တာပါ တွဲဖက်ပြီး ဖြစ်တတ်တာမျိုးပါ။

 ပါမောက္ခ ဒေါက်တာ သန်းသန်းဆွေ (အစာအိမ်နှင့် အူလမ်းကြောင်း အထူးကု ဆရာဝန်ကြီး)

  1 comment:

  1. အသက်ရှူမဝတာဘာကြောင့်ပါလဲ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...