ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၄) ၊ အပိုင်း(၂)
အုပ်ချုပ်စီရင်ပိုင်ခွင့်၏ အရင်းအမြစ်များ
ယေဘူယျအားဖြင့်ဆိုရသော် နိုင်ငံတော်တို့သည်
ဘာသာရေးအရဖြစ်စေ၊ အတွေးအခေါ် အယူအဆအရ ဖြစ်စေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် တရားဥပဒေပိုင်းဆိုင်ရာ
အကြောင်းအချက်များအရ ဖြစ်စေ ၄င်းတို့၏အာဏာကို တရားဝင်မှုရှိလာစေရန် ဆောင်ရွက်လေ့ရှိသည်။
နှစ်ပေါင်းထောင်ချီ၍ တည်တံ့ခဲ့သော စနစ်ကျနသည့် နိုင်ငံတော်တို့၏ သမိုင်းစဉ်တလျှောက်တွင်
အုပ်ချုပ်သူများ၌ တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အရင်းအမြစ်များစွာ
ရှိခဲ့ကြသည်။ တရားဥပဒေနှင့် ညီညွှတ်သည့် အုပ်ချုပ်စီရင်ပိုင်ခွင့်၏ အရင်းအမြစ်များကို
ရှင်းလင်းတင်ပြရာတွင် လွယ်ကူမှုရှိစေရန် အတွက် ထုံးတမ်းစဉ်လာ အရင်းအမြစ်များနှင့် ခေတ်သစ်အရင်းအမြစ်များဟူ၍
ခွဲခြားတင်ပြသွားပါမည်။
အုပ်ချုပ်စီရင်ပိုင်ခွင့်၏ ထုံးတမ်းစဉ်လာအရင်းအမြစ်များ
(၁) အချို့သော အုပ်ချုပ်သူများက သူတို့သည် နတ်ဘုရားများ
သို့မဟုတ် ၄င်းတို့မှ ဆင်းသက်လာ ကြသူများဖြစ်ပြီး ထူးခြားသော ဘုရားပေးသော တန်ခိုးပြာဋိဟာတို့ကို
ပိုင်ဆိုင်ကြသည်ဟု ပြောဆိုကြ သည်။ ဥပမာအားဖြင့် ရှေးဟောင်းအီဂျစ်ပြည်၊ ရောမပြည်၊ ပီရူးပြည်နှင့်
ဂျပန်ပြည်တို့မှ ဧကရာဇ်ဘုရင် များဖြစ်ကြသည်။ ဒုတိယကမ္ဘာစစ်ကြီး မပြီးဆုံးမီအချိန်အထိ
ဂျပန်ပြည်သူပြည်သားများက ၄င်းတို့၏ ဘုရင်အား နေနတ်မျိုးနွယ်မှ ဆင်းသက်လာသော နတ်ဘုရားတပါးအဖြစ်
ယူဆခဲ့ကြသည်။
(၂) အချို့နိုင်ငံတော်များသည် သြဇာကြီးမားသော ဘာသာရေးအဖွဲ့အစည်းများ၏
ထောက်ခံမှုကို ရယူရာ သူတို့၏အာဏာကို တရားဝင်ဖြစ်လာအောင် ကြံဆောင်ကြသည်။ ဥပမာ - ထေရ၀ါဒ
ဗုဒ္ဓဘာ သာဝင် အများစုနေထိုင်ကြသော မြန်မာ၊ ယိုးဒယားနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ဘုရင်သည်
သံဃာ့အဖွဲ့အစည်း၏ အားပေးထောက်ခံမှုကို ခံယူ၍ သူတို့၏ အုပ်ချုပ်ပိုင်ခွင့်ကို တရားဝင်အောင်
ပြုလုပ်ခဲ့ကြသည်။ အီရန်ကဲ့သို့သော နိုင်ငံတို့တွင် အုပ်စိုးသူများက အီမမ် ( Imam )
ဟုခေါ်သည့် အစ္စလာမ်ဘုန်းတော်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များ၏ ထောက်ခံမှုကို ရယူခဲ့ကြသကဲ့သို့
အလယ်ခေတ် ဥရောပနိုင်ငံများတွင်လည်း အုပ်စိုးသူများက ရိုမင်ကက်သလစ် ခရစ်ယန်ကျောင်း တော်၏
ထောက်ခံမှုကို ရယူခဲ့ကြလေသည်။ အစ္စလာမ်နှင့် ခရစ်ယန်ဘာသာဝင် အုပ်စိုးသူများသည် သူတို့၏
တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်ကို ပိုမိုခိုင်ခံ့စေရန်အတွက် ဘာသာမတူသူများနှင့်
“မွန်မြတ် သောစစ်ပွဲ” ခေါ် “ဘာသာရေးစစ်ပွဲ” များကို ဆင်နွှဲခဲ့ကြသည်။ ဥပမာ- အေဒီ ၁၁ ရာစုနှစ်နှင့်
၁၃ ရာစု နှစ်များအတွင်း ဖြစ်ပွားခဲ့သော ခရူးဆိတ် စစ်ပွဲဖြစ်သည်။ ၁၅ ရာစုနှင့် ၁၆ ရာစုနှစ်များအတွင်း
ဥရောပရှိ ဘုရင်များက သူတို့တွင် “ဘုရားသခင်ကပေးသော
အုပ်ချုပ်ပိုင်ခွင့် ” ( divine right to rule) ရှိသည်ဟု ကြေညာပြီး နိုင်ငံသားများအနေဖြင့်
နိုင်ငံတော်ကို ပြစ်တင်ဝေဖန်ခြင်းသော် လည်းကောင်း၊ ဆန့်ကျင်တော်လှန်ခြင်း သော်လည်းကောင်း
ပြုလုပ်ပိုင်ခွင့်မရှိဟု ဆိုကြသည်။
(၃) ထီးမွေ နန်းမွေ ဆက်ခံရရှိခြင်းသည်လည်း တရားဝင်အုပ်ချုပ်ပိုင်ခွင့်၏
အကြောင်းတရား ဖြစ်လေ့ရှိသည်။ တစ်နည်းဆိုရလျှင် အုပ်စိုးသူတစ်ဦးက မိမိသည် လက်ရှိမင်းဆက်ကို
စတင်တည် ထောင်ခဲ့သူ၏ ထီးမွေ နန်းမွေခံဖြစ်သည့်အလျောက် အုပ်ချုပ်ရေးအာဏာကိုလည်း အမွေဆက်ခံရရှိခဲ့
သည်ဟု ဆိုခြင်းဖြစ်သည်။ ဘုရင်အများစုက ၄င်းတို့ထံတွင်ရှိသော တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်၏
အနည်းဆုံး တစ်စိတ်တစ်ဒေသသည် ထီးမွေ နန်းမွေ ဆက်ခံခြင်းမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။
စင်စစ်အားဖြင့် “တရားဝင်ဖြစ်ခြင်း” (Legitimacy) ဆိုသောစကားရပ်သည် “တရားဝင် ဖြစ်သော”
(Legitimatea) ဆိုသည့် စကားရပ်မှ ဆင်းသက်လာခြင်း ဖြစ်သည် ဥပမာ- “တရားဝင်သား သမီး” ဟူသည်
အတိအလင်း လက်ထပ်ထားကြသော မိဘနှစ်ပါးမှ တရားဝင်မွေးဖွားလာသော ကလေးဖြစ်ပြီး ထိုနည်းအတိုင်းမဟုတ်ဘဲ
မွေးဖွားလာသော ကလေးမျိုးကို မဆိုလိုသကဲ့သို့ ဖြစ်ပါ သည်။ တရားဝင်သားသမီးများကသာလျှင်
မိဘ၏ ဥစ္စာဓနနှင့် အဆင့်အတန်းကို အမွေဆက်ခံပိုင်ခွင့် ရှိခြင်းကြောင့် ဤအချက်တွင် တရားဝင်ခြင်းနှင့်
ထီးမွေ နန်းမွေ ဆက်ခံခြင်းတို့၏ နီးစပ်သော ဆက်နွယ်မှုကို တွေ့မြင်နိုင်ပါသည်။
အထက်တွင်ဖော်ပြခဲ့သော အုပ်ချုပ်စီရင်ပိုင်ခွင့်ဆိုင်ရာ
ထုံးတမ်းစဉ်လာအရင်းအမြစ်တို့အနက် ပထမ အမျိုးအစားဖြစ်သည့် ဘုရင်ကို နတ်ဘုရားတစ်ပါးဖြစ်သည်ဟု
လက်ခံသော နိုင်ငံတော်များ အနက် ဂျပန်နိုင်ငံသည် နောက်ဆုံးနိုင်ငံတော် ဖြစ်တန်ရာသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ဂျပန်တို့ စစ်ရှုံးခဲ့သည့် နောက်တွင်းမှသာ ဂျပန် ဧကရာဇ်ဘုရင်
ဟီရိုဟီတိုက သူသည် သာမန်လူသား တစ်ဦး သာဖြစ်ပြီး နေနတ်ဘုရားအနွယ်ဝင် ဘုရင်တစ်ပါး မဟုတ်ကြောင်း
တရားဝင်ထုတ်ဖော် ကြေညာခဲ့ သည်။ အုပ်စိုးသူများသည် နတ်ဘုရား သို့မဟုတ် နတ်ဘုရားတမျှ
တန်ခိုးကြီးကြသည်ဟု ယုံကြည်မှု သည် ဗုဒ္ဓနှင့် ခရစ်တော်တို့ မတိုင်မီ နှစ်ပေါင်းသုံးထောင်လောက်
အရင်က တည်ရှိခဲ့သော ခေတ်ဦး အီဂျစ်မင်းဆက်များ လက်ထက်ကတည်းက ပေါ်ပေါက်ခဲ့သည့် တရားဝင်
အုပ်ချုပ်စီရင်ပိုင်ခွင့်ဆိုင်ရာ ရှေးအကျဆုံး အယူအဆ ဖြစ်ပါသည်။
အုပ်ချုပ်စီရင်ပိုင်ခွင့်ဆိုင်ရာ ထုံးတမ်းစဉ်လာ
အရင်းအမြစ်များအနက် ဒုတိယ အမျိုးအစားဖြစ် သည့်ဘာသာရေး ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများ၏
ထောက်ခံမှုကိုရယူ၍ အာဏာကို တရားဝင်အောင် ပြုလုပ်ကြသည့် ဓလေ့မှာ မျက်မှောက်ခေတ်အထိ ပျံ့နှံ့အရေးပါဆဲဖြစ်သည်။
အမေ ရိကန်ပြည်ထောင်စုကဲ့သို့ ဘာသာရေးကို အဓိကမထားသည့် တိုးတက်ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများ၌ပင်
နိုင်ငံတော်၏ အုပ်ချုပ်စီရင်ပိုင်ခွင့်ကို မြှင့်တင်ရန်အတွက် ဘာသာရေးနှင့်ပတ်သက်သော
ထုံးတမ်းစဉ် လာသင်္ကေတများကို ရံဖန်ရံခါ အသုံးပြုတတ်ကြပါသည်။
ဥပမာ အမေရိကန်နိုင်ငံသား အများစုသည် ခရစ်ယန်နှင့် ဂျူးဘာသာဝင်များ ဖြစ်ကြသောကြောင့်
ကွန်ဂရက်လွှတ်တော်ကို စတင်သည့် အခမ်းအ နားများတွင် အဆိုပါ ဘာသာတရားနှစ်ခုတို့၏ ဘုရားရှိခိုး
ဆုတောင်းစာများကို ရွက်ဆိုလေ့ရှိပါသည်။ အမေရိကန် သမတသစ်တစ်ဦးကို တင်မြှောက်သည့် အခမ်းအနားတွင်လည်း
သမတသည် ခရစ်ယန် သမ္မာကျမ်းစာကို ကိုင်ကာ ကျမ်းသစ္စာ ဆိုလေ့ရှိသည်။ ဘာသာရေးကို အသုံးပြုသည့်ကိစ္စကြောင့်
လူနည်းစု ဘာသာရေး အဖွဲ့အစည်းဝင်များနှင့် ဘာသာရေးအယူဝါဒကို သက်ဝင်ယုံကြည်မှု မရှိသည့်
ဤကဲ့သို့သော ခေတ်မီနိုင်ငံများတွင်ပင် နိုင်ငံတော်အာဏာအား တရားဝင်အောင်ပြုလုပ်ရာ၌
ဘာသာ ရေးကို အသုံးပြုသည့်ကိစ္စကြောင့် လူနည်းစု ဘာသာရေးအဖွဲ့အစည်းဝင်များနှင့် ဘာသာအယူဝါဒကို
သက်ဝင်ယုံကြည်မှု မရှိသည့် လူများအနေဖြင့် နိုင်ငံတော်သည် အဓိကဘာသာအယူဝါဒကြီးများနှင့်
နီးစပ်ပတ်သက်လွန်းသည်ဟု ထင်မြင်ယူဆ သွားစေနိုင်သည့် ပြဿနာရှိပါသည်။ ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံ၏
တရားဝင်ဘာသာအယူဝါဒအဖြစ် ၀န်ကြီးချုပ်ဦးနုက ကြေညာခဲ့စဉ်ကလည်း အလားတူ ပြဿနာမျိုး ကြုံခဲ့ကြရပါသည်။
တတိယ အမျိုးအစားဖြစ်သည့် ထီးမွေ နန်းမွေ
ဆက်ခံခြင်းကိုတရားဝင် အုပ်ချုပ်စီရင်ပိုခွင့်၏ အရေးကြီးသော အရင်းအမြစ်အဖြစ် လက်ခံခဲ့ကြသော
အယူအဆသည် ဥရောပ၊ အရှေ့အာရှနှင့် အခြားဒေသတို့ တွင် ၂၀ရာစု ခေတ်အထိ အရေးပါစွာ တည်တံ့ခဲ့ပါသည်။
မျက်မှောက်ခေတ်တွင် ယူနိုက်တက် ကင်းဒမ်း၊ နော်ဝေ၊ ဒိန်းမတ်၊ ဟော်လန်၊ နီပေါ၊ ထိုင်း၊
ဂျပန် အစရှိသည့် နိုင်ငံတို့တွင် ဘုရင်အုပ်ချုပ်သော စနစ်များထွန်းကားဆဲ ဖြစ်ပါသည်။
သို့သော် ယင်းတို့အားလုံးသည် အခြေခံ ဥပဒေလာ စည်းမျဉ်းခံ ဘုရင်စနစ်များ ဖြစ်သောကြောင့်
ဘုရင့်ထံတွင် အကြွင်းမဲ့အာဏာ မတည်ရှိ တော့ပါ။ ဘုရင် သို့မဟုတ် ဘုရင်မသည် နိုင်ငံတော်အား
ကွပ်ကဲထိန်းချုပ်ခြင်း၊ နိုင်ငံတော်၏ မူဝါဒများ အား ချမှတ်ခြင်းတို့ကို မပြုလုပ်နိုင်တော့ပါ။
စစ်မှန်သော နိုင်ငံရေးအာဏာသည် ပုံမှန်အားဖြင့် ပါလီမန် လွှတ်တော်တွင်သာ ရှိသောကြောင့်
ဘုရင်သည် နိုငံတော်၏ သင်္ကေတသဘောဆောင်သည့် ခေါင်း ဆောင်အဖြစ်သာ ဆောင်ရွက်ကြရပါသည်။ သို့ဖြစ်သည့်တိုင်အောင်
ဗြီးတိန်၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ တွင် ထီးမွေ နန်းမွေခံ ဘုရင်စနစ်တည်ရှိခြင်းသည်
သက်ဆိုင်ရာ နိုင်ငံတို့၏ တည်ငြိမ်ခြင်းနှင့် တရားဝင်အချုပ်အခြာအာဏာပိုင်ခြင်းအတွက်
ကောင်းသောအထောက်အပံ့ ဖြစ်စေပါသည်။ အကယ်၍ ဘုရင်စနစ်ကိုသာ လုံးဝဉ်ဿုံ ဖျက်သိမ်းပစ်ခဲ့မည်ဆိုလျှင်
အဆိုပါ နိုင်ငံတို့၏ တည်ငြိမ်မှုနှင့် ထင်ရှားမှုတို့ လျော့ကျသွားနိုင်ပါသည်။
အုပ်ချုပ်စီရင်ပိုင်ခွင့်၏ ခေတ်သစ်အရင်းအမြစ်များ
(၁) ဒီမိုကရေစီနိုင်ငံများတွင် လွတ်လပ်သော ရွေးကောက်ပွဲများအားဖြင့်
မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်များကို ရွေးကောက်ပွဲတင်မြှောက်ကြသော နိုင်ငံသားတို့၏
မဲဆန္ဒသည် တရားဝင် အခြေခံအကြောင်းတရား ဖြစ်ပါသည်။
(၂) အဆိုပါနိုင်ငံတော်တို့တွင် ကိုယ်စားလှယ်များကို
လူများစုက ရွေးချယ်တင်မြှောက်ခြင်း ဖြစ် သည့်အလျောက် လူများစုအုပ်ချုပ်ရေး ထွန်းကားသော်လည်း
ဒီမိုကရေစီ နိုင်ငံတော်တစ်ရပ်သည် လူနည်းစုတို့၏ အခွင့်အရေးနှင့် နိုင်ငံသားတစ်ဦးချင်းစီ၏
ကိုယ်ပိုင်အခွင့်အရေးတို့ကို ကာကွယ်စောင့် ရှောက်ကြရပါသည်။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်သည် နိုင်ငံသားအားလုံးတို့နှင့်
သက်ဆိုင်သည့် လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးတို့၏ အနက်အဓိပ္ပါယ်ကို သတ်မှတ်၍
ဤအခွင့်အရေးတို့ကို နိုင်ငံတော်အာဏာဖြင့် ကာကွယ်စောင့်ရှောက် ပေးကြရပါသည်။ ဤအရာသည်
ဒီမိုကရေစီနိုင်ငံတော်တို့၏ အုပ်ချုပ်စီရင်ပိုင်ခွင့်ကို တရားဝင်ဖြစ်စေရေးအတွက် ဒုတိယအရေးအကြီး
ဆုံးသော အရင်းအမြစ်ဖြစ်ပါသည်။
(၃) စတာလင်ခေတ်
ဆိုဗီယက်ယူနီယံကဲ့သို့သော ဆိုရှယ်လစ် သိုမဟုတ် တော်လှန်ရေးသဘော ဆောင်သည့် နိုင်ငံတော်တို့တွင်မူ
လူ့အဖွဲ့အစည်းအား အရင်းရှင် လူ့ဘောင်မှ ဆိုရှယ်လစ် သို့မဟုတ် ကွန်မြူနစ် လူ့အဘောင်ဆီသို့
ဦးဆောင်ရန်တာဝန်ရှိသော တော်လှန်ရေးပါတီ (ကွန်မြူနစ်ပါတီ) ၏ အုပ်ချုပ်စီရင်ပိုင်ခွင့်ကို
တော်လှန်ရေးအတွေးအခေါ် အယူအဆများအားဖြင့် တရားဝင်ဖြစ်အောင် ပြုလုပ်ကြသည်။ အဆိုပါ တစ်ပါတီနိုင်ငံတော်တို့သည်
ပုံမှန်အားဖြင့် ဒီမိုကရေစီနည်းမကျသည့်အပြင် နိုင်ငံသားတို့၏ လွတ်လပ်သော ဆန္ဒအားဖြင့်သော်လည်းကောင်း၊
လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့် အရေးတို့ကို အာဏာအကာအကွယ်ပေးခြင်း အားဖြင့်သော်လည်းကောင်း
နိုင်ငံတော်၏ အုပ်ချုပ်စီရင် ပိုင်ခွင့်ကို တရားဝင်ဖြစ်အောင် ပြုလုပ်လေ့ မရှိပေ။
(၄) လူမျိုးစု
တစ်စုတည်းတည်ရှိသော သို့မဟုတ် လူမျိုးစုကြီး တစ်ခုတည်းက သြဇာလွှမ်းမိုးသော နိုင်ငံတော်တို့တွင်မူ
တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်သည် အဆိုပါလူမျိုးစု၏ ယဉ်ကျေးမှု၊ ကြွယ်ဝချမ်း သာမှုနှင့်
အကျိုးစီးပွားတိုးတက်ဖွံ့ဖြိုးမှုတို့ကို တစ်ပေါင်းတစည်းတည်း ဆောင်ရွက်အကောင်အထည် ဖော်နိုင်စွမ်းပေါ်တွင်
မူတည်လျက်ရှိသည်။ ထိုကဲ့သို့သော နိုင်ငံတော်များသည် ပြင်းထန်သော အမျိုးသားရေးဝါဒ သို့မဟုတ်
လူမျိုးကြီးဝါဒတို့အားဖြင့် ၄င်းတို့၏ အုပ်ချုပ်စီရင်ပိုင်ခွင့်ကို တရားဝင် အောင် ပြုလုပ်လေ့ရှိသည်။
(၅) နိုင်ငံများစွာတို့တွင်မူ
သက်ဆိုင်ရာနိုင်ငံသားတို့၏ စီးပွားဥစ္စာနှင့် လူနေမှု အဆင့်အတန်းတို့ကို တိုးတက်မြင့်မားလာအောင်
နိုင်ငံတော်က ဖော်ဆောင်ပေးနိုင်စွမ်းရှိခြင်းသည် နိုင်ငံတော်၏ အုပ်ချုပ်စီ ရင်ပိုင်ခွင့်အား
တရားဝင်ဖြစ်လာစေရေးအတွက် အခြေခံအကြောင်းအရင်းဖြစ်လေသည်။ ထိုနိုင်ငံ မျိုးတွင် အစိုးရသည်
အဆိုပါ ရည်မှန်းချက်ကို ပြည့်ဝအောင်မြင်စေရန် စီးပွားရေးလျင်မြန်စွာ တိုးတက် ဖွံ့ဖြိုးရေးနှင့်
စီးပွားရေးကိစ္စရပ်များအား စီမံအုပ်ချုပ်ရေးတို့ကို အဓိကအာရုံစိုက်၍ လုပ်ဆောင်တတ် ကြလေသည်။
အထက်တွင်ဖော်ပြခဲ့ပြီးသည်အတိုင်း
ဒီမိုကရေစီနိုင်ငံများတွင် ပုံမှန်အားဖြင့် တရားဝင်အုပ်ချုပ် စီရင်ပိုင်ခွင့်၏ အရင်းအမြစ်နှစ်ရပ်ရှိလေသည်။
(၁) ရွေးကောက်ပွဲများမှ
တဆင့်ဖြစ်စေ၊ အခြားသော နိုင်ငံရေးပါဝင်ဆောင်ရွက်မှုများမှ တဆင့်ဖြစ် စေ ဖော်ထုတ်ပြသကြသည့်
အုပ်ချုပ်ခံ နိုင်ငံသားတို့၏ ဆန္ဒနှင့်
(၂) တရားဥပဒေအရ
လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးတို့ကို နိုင်ငံတော်က ကာကွယ် စောင့်ရှောက်
ခြင်းတို့ဖြစ်သည်။
ဤအချက်များကို
နောင်တွင် အသေးစိတ် ထပ်မံရှင်းလင်းဖော်ပြသွားပါမည်။ မျက်မှောက် ခေတ် ဒီမိုကရေစီ နိုင်ငံများအနေဖြင့်
အဆိုပါအချက်များအနက် တစ်ချက်ကို မျက်ကွယ်ပြုပြီး အခြားတစ်ချက်ကိုသာ မြှင့်တင်ဆောင်ရွက်မည်
ဆိုခြင်းမှာ မဖြစ်နိုင်ကောင်းပေ။ ဒီမိုကရေစီနည်းမကျ သော နိုင်ငံတော်တို့အနေဖြင့်လည်း
လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို တိုးတက်လာအောင် ဆောင်ရွက်ကောင်း ဆောင်ရွက်ကြပေလိမ့်မည်။
သို့ရာတွင် ပြည်သူတို့က ကိုယ်ပိုင်အစိုးရတစ်ရပ်ကို တောင်းဆိုလာမည်ဆိုပါက အဆိုပါ နိုင်ငံတော်မျိုးသည်
ပြည်သူ့လွတ်မြောက်ရေး လှုပ်ရှားမှုများကို ဖိနှိပ်ရန်အတွက် လွတ်လပ်စွာ ဟောပြောခွင့်နှင့်
လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်တို့ကို တင်းကျပ်စွာ ကန့်သတ်၍ နိုင်ငံတော်အာဏာကို မရမနေဆက်လက်ထိန်းချုပ်ထားရန်
ကြိုးပမ်းဆောင်ရွက်ပေးလမ့် မည်။ ဗြီတိသျှလက်အောက်ခံ အိန္ဒိယနိုင်ငံ၏ ဖြစ်ရပ်သည် ဤကိစ္စမျိုးအတွက်
အသင့်တော်ဆုံး ဥပမာ ပင်ဖြစ်သည်။ ဗြီတိသျှတို့သည် အိန္ဒိယအင်ပါယာအတွင်းတွင် တရားဥပဒေစိုးမိုးရေးနှင့်
နိုင်ငံသားအခွင့်အရေးတို့ တိုးတက်လာအောင် ဆောင်ရွက်ရာတွင် ယေဘုယျအားဖြင့် ကောင်းမွန်သော
မှတ်တမ်းများ ရှိခဲ့သော်လည်း၂၀ရာစုနှစ်များအတွင်း အန္ဒိယအမျိုးသားလွတ်မြောက် ရေးလှုပ်ရှားမှုတို့
ပေါ်ပေါက်လာသောအခါ ပြင်းထန်စွာ နှိပ်ကွပ်ခဲ့လေသည်။
အချို့သော ဒီမိုကရေစီ နိုင်ငံများတွင် နိုင်ငံတော်သည်
အုပ်ချုပ်ခံ နိုင်ငံသားတို့၏ ဆန္ဒကို လေးစားမည်ဖြစ်သော်လည် ပြည်သူ တစ်ရပ်လုံးအနက် အတော်အတန်များပြားသော
ပြည်သူတစိတ်တဒေသ၏ လူ့အခွင့်အရေးကိုမူ လစ်လျူရှုကောင်း ရှုပေးလိမ့်မည်။ ယင်းကို “လူများစု၏
အနိုင်ကျင့်ခြင်း” ဟု ရံဖန်ရံခါ ခေါ်ဆိုကြသည်။ ဤအတွက် အမေရိကန်ပြည်ထောင်စုနှင့် အာဖရိက
နွယ်ဝင် အမေရိကန် နိုင်ငံသား များအပေါ် ထားရှိသော ယင်း၏ မူဝါဒများကို ဥပမာအဖြစ် တင်ပြလိုပါသည်။
၁၉၆၀ ခုနှစ်များအတွင်း ပေါ်ပေါက်ခဲ့သော နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုများ မတိုင်မီကဆိုလျှင်
အမေရိကန်လူမျိုးများသည် အခြေအနေအကြာဆုံး လူ့အခွင့်အရေးဖြစ်သည့် ဆန္ဒမဲ ပေးပိုင်ခွင့်
အပါအ၀င် အခြေခံလူ့အခွင့်အရေးများစွာတို့ကို ဆုံးရှုံးခဲ့ပါသည်။ လူများစုဖြစ်သော လူဖြူတို့ကမူ
အဆိုပါ အခွင့်အရေးများကို ရရှိခဲ့ကြပါသည်။ ဒီမိုကရေစီ နိုင်ငံတော်များတွင် ရွေးကောက်ခံ
ကိုယ်စားလှယ်များက လူများစု၏ သဘောထားနှင့် ဘက်လိုက်မှုကို မူဝါဒများအဖြစ် ပြုလုပ်ပြဌာန်းခြင်းအားဖြင့်
လူနည်းစုတို့၏ အခွင့်အရေးကို ဖောက်ဖျက်ကျူးလွန်သည့်သဘော မသက် ရောက်စေရပါ။ ထို့ကြောင့်လည်း
အမေရိကန်ပြည်ထောင်စုတို့၏ အခြေခံဥပဒေ၌ ဤရပိုင်ခွင့်များကို သတ်မှတ်ဖွင့်ဆိုထားသော
အခွင့်အရေးကြေညာစာတမ်းနှင့် အခြားပြင်ဆင်ချက် ဥပဒေများကို ထည့်သွင်းပြဌာန်းထားခြင်း
ဖြစ်ပါသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု၏ တရားစီရင်ရေးအဖွဲ့ အထူးသဖြင့် တရားလွှတ်ချုပ်သည်
ဤအခွင့်အရေးများကို နိုင်ငံတော် (အစိုးရ၏ ဥပဒေအဖွဲ့နှင့် အုပ် ချုပ်ရေးအဖွဲ့) သို့မဟုတ်
ပုဂ္ဂိုလ်တစ်စုံတစ်ယောက်က ထိပါးဖောက်ဖျက်ခြင်းမျိုး မရှိစေရအောင် ကာကွယ်စောင့်ရှောက်ပေးလေသည်
နိုင်ငံသားအများစု၏ အုပ်ချုပ်စီရင်ပိုင်ခွင့်နှင့် နိုင်ငံသားအနည်းစု သို့မဟုတ် နိုင်ငံသားတစ်ဦးချင်းစီ၏
အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းတို့သည် ရံဖန်ရံခါ ပူတွဲဆောင်ရွက်ရန် ခက်ခဲသော်လည်း ဒီမိုကရေစီနိုင်ငံတော်
တစ်ရပ်အတွက် အဆိုပါအချက် နှစ်ချက်စလုံးလိုအပ်ပါသည်။
မတ်ခ်စ်- လီနင်ဝါဒ အတွေးအခေါ်ကို တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်
အရင်းအမြစ်အဖြစ် သတ်မှတ်သော အယူအဆ၏ အရေးပါမှုသည် ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်
အစပိုင်း နှစ်များအတွင်း ဆိုဗီယက်ယူနီယံနှင့် အရှေ့ဥရောပမှ ကွန်မြူနစ် ရီဂျင်းမ် များပြိုကွဲပြုတ်ကျသွားချိန်မှ
စ၍ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပါသည်။ ဆိုရှယ်လစ်ဝါဒ ကျဆုံးသွားပြီလော သို့မဟုတ် အနာဂတ်
ဆိုရှယ်လစ် နိုင်ငံများတွင် တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်၏ အရင်းအမြစ်အဖြစ် အသွင်သစ်တစ်မျိုးဖြင့်
ပြန်လည်ပေါ်ထွန်းလာမည်လော ဆိုသည့်ကိစ္စကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။
အမျိုးသားရေးဝါဒနှင့် လူမျိုးကြီးဝါဒတို့ကိုမူ
“နိုင်ငံတော်” များက ၄င်းတို့၏ အုပ်ချုပ်စီရင်ပိုင်ခွင့် အား တရားဝင်ဖြစ်အောင် ပြုလုပ်ရာ၌
အရေးကြီးသော အရင်းအမြစ်များအဖြစ် အသုံးချနေဆဲ ဖြစ်ပါ သည်။ န၀တသည် လူမျိုးကြီးဝါဒ သို့မဟုတ်
လူမျိုးခွဲခြားသောဝါဒကို အတုံးလိုက်အတစ်လိုက် အသုံးပြု၍ လူများစု၏ ထောက်ခံမှုရရှိအောင်
ကြံစည်ကြိုးပမ်းလျက် ရှိပါသည်။ ဒေါ်အောင်ဆန်းစု ကြည်သည် ဗြီတိသျှနိုင်ငံသားတစ်ဦးအား
လက်ထပ်ခဲ့ခြင်းကြောင့် န၀တက ပစ်တင်ဝေဖန်နေခြင်းကို သတိပြုနိုင်ပါသည်။ လူမျိုးစုများနှင့်
အမျိုးသားရေး အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းသည် ခေတ်သစ်နိုင်ငံတော်များ၏
တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်အတွက် အဓိကအရင်းအမြစ်ဖြစ်သကဲ့သို့ ပြည်တွင်းနှင့်
အပြည်ပြည်ဆိုင်ရာ တင်းမာမှုများ အတွက်လည်း အဓိကပြဿနာ အရင်းအမြစ်ဖြစ်ပါ သည်။ ရှေးက တစ်နိုင်ငံတည်းနေ
လူမျိုးစုအချင်းချင်း ပြည်တွင်းစစ်ခင်းနေကြသော ယခင် ယူဂိုဇလား ဗီးယားနိုင်ငံတွင် ကြေကွဲဖွယ်ရာဖြစ်ရပ်သည်
ဤကိစ္စအတွက် ဥပမာဖြစ်သည်။
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမှုကို
တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်၏ အရင်းအမြစ်အဖြစ် ပုံဏ္ဍာန်တမျိုးမျိုးဖြင့် သတ်မှတ်မှုအား
ဒီမိုကရေစီနိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ ဘုံဈေးအဖွဲ့ဝင် နိုင်ငံများအပါအ၀င်
နိုင်ငံတော် အားလုံးနီးပါးတွင် တွေ့ရှိနိုင်ပါသည်။ သို့ရာတွင် ဂျပန်နိုင်ငံ၏ ဥပမာသည်
ယခုကိစ္စတွင် အကောင်းဆုံးဥပမာ ဖြစ်နိုင်ဖွယ်ရှိပါသည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးစက ဂျပန်နိုင်ငံတွင်
နိုင်ငံရေးသမားများ ၄င်းတို့၏ အကျင့်ပျက်သော ငွေးကြေးနိုင်ငံ ရေးအတွက် ပြည်သူတို့က
ယေဘုယျအားဖြင့် အထင်အမြင်သေးခဲ့ကြသည်။ ဂျပန်ပြည်၏ နိုင်ငံရေး နယ်ပယ်တွင် နိုင်ငံရေးအရှုပ်အထွေးများသည်
ဖြစ်ရိုးဖြစ်စဉ် ကိစ္စမျှသာဖြစ်ခဲ့သည်။ သို့ရာတွင် ဂျပန်နိုင်ငံကို ၁၉၅၅ ခုနှစ်မှ ၁၉၉၃
ခုနှစ်အထိ အုပ်ချုပ်ခဲ့သော လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ “အယ်လ်ဒီပီ” အနေဖြင့် အစိုးရအာဏာကို
ဤမျှကြာကြာ ထိန်းချုပ်ထားနိုင်ခြင်းသည် မဲဆန္ဒရှင်များက ယင်းပါတီကို ဂျပန်နိုင်ငံ၏ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု လူနေမှုအဆင့်အတန်း မြင့်မားကောင်းမွန် လာမှုတို့နှင့် ဆက်စပ်ရှုမြင်ကြခြင်းကြောင့်
ဖြစ်ပါသည်။ ပြည်သူတို့က အယ်လ်ဒီပီ နိုင်ငံရေးသမားများ သည် အကျင့်စာရိတ္တပျက်ပြီး မရိုးမသားရှိကြသော်လည်း
အနည်းဆုံးအားဖြင့် လူထုအကျိုးကိုတော့ သယ်ပိုးကြသေးသည် ဟူ၍ မှတ်ချက်ချသည်။ အကြောင်းမှာ
ဂျပန်နိုင်ငံ၏ လက်ဝဲအတိုက်အခံ နိုင်ငံ ရေးပါတီတို့သည် အတွေ့အကြုံနည်းပါးပြီး အကျိုးမရှိသော
သဘောတရားရေး အငြင်းပွားမှုများနှင့် အချိန်ကုန်နေသည်အလျောက် အယ်လ်ဒီပီ ပါတီထက် သာလွန်ကောင်းမွန်အောင်
လုပ်ဆောင်ချက် များကို လုပ်မပြနိုင်ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ၁၉၉၃ ခုနှစ် ဇွန်လိုင်လ
အထွေထွေရွေးကောက် ပွဲတွင်မူ အယ်လ်ဒီပီ ပါတီသည် အတိုက်အခံညွန့်ပေါင်းအစိုးရအဖွဲ့ကို
ရှုံးနိမ့်ခဲ့ရလေသည်။ နှစ်ပေါင်း ၄၀ နီးပါးမျှ အာဏာရရှိခဲ့သော အယ်လ်ဒီပီ ပါတီ၏ အရေးနိမ့်မှုကို
အကြောင်းနှစ်ချက်အားဖြင့် ရှင်းလင်းနိုင်ပါသည်။ ပထမတစ်ချက်မှာ လူထုက “ငွေကြေးနိုင်ငံရေး”
ကို ပိုမိုစက်ဆုတ်ရွံရှာလာကြ သောကြောင့်ဖြစ်သည်။ ဒုတိယတစ်ချက်မှာ နိုင်ငံ၏ စီးပွားရေးအကြီးအကျယ်
ကျဆင်းလာခြင်း ကြောင့်ဖြစ်သည်။ စီးပွားရေးတိုးတက်ကောင်းမွန်စေရမည် ဟူသော အယ်လ်ဒီပီ
ပါတီ၏ အစဉ်အလာ အာမခံချက်သည် မိမိတို့၏ စီးပွားရေး ကျဆင်းသွားမည်ကို တိုး၍ ပူပန်လျှက်ရှိသော
မဲဆန္ဒရှင်ပြည်သူ တို့အား ဆက်လက်မစွဲဆောင်နိုင်တော့ပါ။ ထိုအခါ အယ်လ်ဒီပီအနေဖြင့် လူများစု၏
ထောက်ခံမှုကို ဆက်လက်မရရှိတော့သည့်အတွက် ၄င်း၏တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့် အရင်းအမြစ်ကိုပါ
ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။
အချို့သော ရေနံထွက် နိုင်ငံများ ဥပမာ ဘရူနိုင်း၊
ကူဝိတ် အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) နှင့် ဆော်ဒီအာရေးဗျ ကဲ့သို့ နိုင်ငံများတွင်
ရေနံတင်ပို့ရောင်းချရာမှ အမြတ်အစွန်းများစွာ ရရှိသည့်အပြင် လူဦးရေလည်း နည်းပါးသည့်အတွက်
နိုင်ငံသားတို့၏ လူမှုအဆင့်အတန်း အထူးကောင်မွန်စေရန် (လာဘ်ထိုးသည့်သဖွယ်) ရက်ရောစွာ
ထောက်ပံ့ထားလေ့ရှိသည်။ ဤသည် မှာ စီးပွားရေးကောင်းမွန်မှုအား တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်၏
အရင်းအမြစ်အဖြစ် အသုံးပြုခြင်းအ တွက် အကောင်းဆုံးဥပမာတစ်ရပ်ပင်ဖြစ်သည်။ ယေဘုယျအားဖြင့်
ဆိုရလျှင် တိုးတက်ဖွံ့ဖြိုးမှုကို တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်၏ အရင်းအမြစ်အဖြစ်
မှီခိုအားထားနေရခြင်းသည် အန္တရာယ်မကင်း သော မူဝါဒပင်ဖြစ်သည်။ စီးပွားရေးဟူသည် အတက်အကျရှိသည်
တိုးတက်ဖွံ့ဖြိုးမှုဟူသည်လည်း ရံဖန်ရံခါ သက်တမ်းတိုးလေ့ရှိသည်။ တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်အတွက်
အခြားအရင်းအနှီးများရှိ သည့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံတော်များအနေဖြင့်
ထိုအတက်အကျမျိုးကို ခံနိုင်ရည် ရှိသော်လည်း ကူဝိတ်နိုင်ငံကဲ့သို့ စီးပွားရေးအမြတ်အစွန်းတစ်ခုတည်းအပေါ်တွင်
မှီတည်နေရသော နိုင်ငံတော်မျိုးအနေဖြင့် ခံနိုင်ရည်ရှိမည်မဟုတ်ပါ။ အကယ်၍ ရေနံစွမ်းအင်အစား
နေရောင်ခြည် သိုပမဟုတ် အနုမြူစွမ်းအင်တို့ကို အစားထိုးသုံးစွဲလာကြသော တစ်နေ့၌ ကမ္ဘာရေနံဈေးကွက်ပြိုကွဲ
သွားပါက ဘရူနိုင်း နိုင်ငံနှင့် ကူဝိတ်တို့ကဲ့သို့သော နိုင်ငံတော်မျိုးတွင် နိုင်ငံရေး
မငြိမ်မသက်ဖြစ်မှုများ ပေါ်ပေါက်လာမည်မှာ မြေကြီးကိုလက်ခက်မလွဲပါ။
ဆက်လက်ဖေါ်ပြပါမည်။
ကက်နက်အေ မက်ကေးရေးသား၍
ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
0 comments:
Post a Comment