Friday, October 14, 2011

အတိုက်အခံဆိုတာ ထွေးပိုက်အားပေးရမယ့်အရာ

by Thet Zaw on Saturday, October 15, 2011 at 2:15am

မောင်ဝံသ
(အောက်တိုဘာ ၁၃ ထုတ် Popular News အတွဲ (၃) အမှတ် (၄၀) မှ ထုတ်ယူဖော်ပြသည်။)

ဒီမိုကရေစီဆိုတာ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တယ်ဗျာ၊ ပြည်သူလူထုဆိုတာ အားလုံးသိကြ တဲ့အတိုင်း လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ ဘာသာပေါင်းစုံ၊ ယုံကြည်ချက်ခံယူချက်ပေါင်းစုံ၊ နောက်ခံကား ပေါင်းစုံရှိကြတဲ့လူတွေ ပါဝင်တယ်ဗျ။ အဲဒီလိုလူပေါင်းစုံကို ကိုယ်စားပြုနိုင်ဖို့ ရည်ရွယ်တဲ့ ဒီမိုကရေစီစနစ်မှာ အဓိကထားရှိရမယ့် စိတ်အခြေခံ (Mindset) ကတော့ စိတ်ရှည်သည်းခံမှု (Tolerance) ပဲဖြစ်တယ်ဗျ။ မိမိနဲ့ လူမျိုးချင်း၊ အယူဝါဒချင်း၊ ဘာသာစကားချင်း၊ ယုံကြည်မှုချင်းမတူတဲ့အခြားသူတွေ အပေါ် စိတ်ရှည်သည်းခံမှု မရှိဘူးဆိုရင် အဲဒီလိုလူမျိုးဟာ ဒီမိုကရေစီကို မြတ်နိုးပါ တယ်လို့ ပါးစပ်က ဘယ်လောက်ပဲ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေပါစေ။ ဒီမိုကရေစီရဲ့ ဆူးညှောင့်ခလုတ် အမှိုက် သရိုက်သာ ဖြစ်ပါတယ်ဗျာ။



တစ်ရောင်တည်းခြယ်မဟုတ်
သမိုင်းအဆက်ဆက် ပန်းချီဆရာကျော်ကြီးတွေရဲ့ သမိုင်းတင်လောက်တဲ့ ဘယ်ပန်ချီးကားမှ ဆေးရောင်တစ်ရောင်တည်းနဲ့ ရေးဆွဲထားတာ မဟုတ်ဘူးဗျာ။ ထွေပြားစုံလင်တဲ့ ဆေးရောင်တွေကို အဖိအဖေါ့ အထူအပါး မှန်ကန်စွာ နေရာတကျ ထည့်တွင်းပေါင်းစပ်ဖွဲ့စည်း ရေးဆွဲထားတာချည်း ဖြစ်တယ်ဗျ။ အဲသလိုပဲ ဒီမိုကရေစီဆိုတာလည်း “မတူကွဲပြားခြားနားမှု” (Unity of Diversities) ဖြစ်တယ်ဗျ။ “ငါနဲ့မတူ ငါ့ရန်သူ” အတွေးအခေါ်ဟာ ဒီမိုကရေစီကို အခြေက တူးဖြိုလှိုက်စားပစ်မယ့် အန္တရာယ် ဖြစ်ပါတယ်ဗျာ။ “ပန်းပေါင်းတစ်ရာ ပွင့်ကြပါစေ။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ဆွေးနွေး ငြင်းခုံကြပါစေ” ဆိုတဲ့ အတွေးအခေါ်သာ ဒီမိုကရေစီနဲ့ ကိုက်ညီဆီလျော်တဲ့ အတွေးအခေါ် ဖြစ်တယ်ဗျ။

လေထဲဆောက်တဲ့အိမ်တွေ ပြိုကုန်ပြီ
ပန်းပေါင်းတစ်ရာပွင့်စရာမလိုဘူး။ တစ်ပွင့်တည်းပွင့်ရင် လုံလောက်တယ်။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ရှိစရာမလိုဘူး။ တစ်ဂိုဏ်းထဲရှိရင် လုံလောက်တယ်ဆိုတဲ့ အတွေးအခေါ်ပိုင်ရှင်တွေ တည်ဆောက်ခဲ့တဲ့ ကမ္ဘာလောကတွေ သာ ဖြစ်သွားခဲ့ကြသလဲ။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ နဲ့ ၁၉၈၈ အကြားတည်ရှိခဲ့တဲ့ အရှေ့ဥရောပနဲ့ ဗဟိုအာရှဒေသမှာ ၁၉၁၇နဲ့ ၁၉၉၁ အကြားတည်ရှိခဲ့တဲ့ တစ်သွေးတစ်သံတစ်မိန့် ကမ္ဘာလောကတွေ ဘယ်လို ဖြစ်သွားခဲ့ကြသလဲ။ ထာဝရ မပျက်စီးနိုင်တော့ဘူးလို့ တစ်ချိန်က ထင်မြင်ယူဆခြင်းခံခဲ့ကြရတဲ့ အဲဒီ ကမ္ဘာလောကကြီးတွေ “တိမ်တစ်ခဲနက် ရှုရင်းပျက်” ဆိုသလို တစ်မုဟုတ်ချင်း ပြိုကျပျက်စီးသွားခဲ့ကြတယ် မဟုတ်လား။ အခုဆိုရင် အာရပ်ကမ္ဘာမှာလည်း အဲဒီလေထဲ ဆောက်ထားတဲ့ တိုက်အိမ်ကြီးတွေ တစ်ခုပြီးတစ်ခု ပြိုလဲနေကြပြီမဟုတ်လား။
အဲဒီဖြစ်ရပ်တွေ အားလုံးက ကျွန်တော်တို့လူသားတွေကို အယူအဆမတူတွေအကြား တစ်ဦးအပေါ်တစ်ဦးသည် သည်းခံစိတ်ရှည်တဲ့ အလေ့အထ ပြန့်ပွားထွန်းကားလာအောင် ဆုံးမသွန်သင်နေတယ်လို့ ကျွန်တော်တော့ ယူဆတယ်ဗျာ။

လက်သီးက သေနက်ထက် တော်သေးတယ်
အယူအဆ မတူသူတွေအကြား ငြင်းကြခုန်ကြ၊ အော်ကြဟစ်ကြတာတွေ ရှိကြမှာ သဘာဝပဲဗျ။ အဲဒီလို ဖြစ်တာတွေကို “အကွဲအပြဲ ဇာတ်လမ်းတွေ” လို့ အမည်တပ်ချင်တပ်နိုင်ပေမယ့် အကွဲအပြဲဇတ်လမ်းတိုင်းဟာ လူ့အဖွဲ့အစည်းအတွက် အနုတ်လက္ခဏာ ဆောင်တာတော့ မဟုတ်ဘူးဗျာ။ ဒီမိုကရေစီရဲ့ သဘာဝကိုက မတူကွဲပြားခြားနားတာ ဖြစ်တယ်မဟုတ်လားဗျ။ ဂျပန်နိုင်ငံရဲ့လွှတ်တော်မှာ အမတ်တွေအချင်းချင်း မကြာခဏ ထိုးကြကြိတ်ကြတဲ့ သတင်းတွေ ကျွန်တော်တို့ အရင်က မကြာမကြာကြားခဲ့ရတယ်ဗျာ။ တစ်လောတုန်းကပဲ အင်ဒိုလွှတ်တော်မှာလည်း အမတ်တွေ ထိုးကြကြိတ်ကြတဲ့သတင်း ဖတ်လိုက်ရသေးတယ်ဗျ။ ဒီလိုဖြစ်တာတွေဟာ မသင့်တော်ဘူးဆိုပေမယ့် လက်သီးချင်း ထိုးတာဟာ သေနတ်ချင်း ပစ်တာထက်တော့ တော်ပါသေးတယ်လို့ နိုင်ငံခေါင်းဆောင်တွေက သဘောထားနိုင်ဖို့ လိုတယ်ဗျ။ လွှတ်တော်အမတ်တွေ လက်သီးချင်း ထိုးရကောင်းမလား ဆိုပြီး အာဏာပိုင်တွေက အမတ်တွေကို ဖမ်း၊ လွှတ်တော်ကို ဖျက်သိမ်း၊ ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်လိုက်မယ်ဆိုရင် ရန်ပွဲတွေက ချုပ်ငြိမ်းသွားမှာတော့မဟုတ်ဘူး။ စစ်မြေပြင်ဆီ ရွှေ့သွားကြမှာပဲ ဖြစ်တယ်။ လက်သီးတွေအစား ကျည်ဆန်တွေ အသုံးပြုလာကြမှာပဲ ဖြစ်တယ်ဗျာ။ ဒါမျိုးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နိုင်ငံသားတွေဟာလည်း ဗဟုသုတ ရှိထားပြီးဖြစ်ကြတယ်ဗျ။

အပြစ်အနာအဆာကို မြင်ဝံ့ ပြင်ဝံ့ရမယ်
အဲဒီတော့ ဒီမိုကရေစီစနစ်မှာ အယူအဆမတူကွဲပြားခြားနားမှုတွေဟာ ဖိနှိပ် နှိပ်ကွပ်ပစ်ရမယ့်တွေ မဟုတ်ဘူး။ ဟန့်တားပိတ်ဆို့ရမယ့် အရာတွေ မဟုတ်ဘူး။ တိုက်တွန်း၊ အားပေးရမယ့် အရာအရာတွေ ဖြစ်တယ်ဗျ။ မိမိပါတီအကျိုး ထက်တိုင်းပြည်အကျိုးကို တကယ်ပဲဦးစားပေးတဲ့ ပါတီတစ်ခုအတွက် အားကောင်းတဲ့အ တိုက်အခံဆိုတာ ဆန့်ကျင်တွန်းဖယ်ရမယ့် အရာမဟုတ်ဘူး။ ကြိုဆိုထွေးပိုက်ရမယ့်အရာ ဖြစ်တယ်ဗျ။ မိမိခန္ဓာကိုယ်ပေါ်က အပြစ် အနာအဆာတွေကို မြင်ဝံ့ပြင်ဝံ့သူ တစ်ယောက်ဟာပို၍ ပို၍ကြည်လင်တဲ့ ကြေးမုံတစ်ချပ်ကို လိုလားတောင့်တသလိုပဲပေါ့ဗျာ။

  1 comment:

  1. လူဗိုလ်ဟူသည်..ဆိုဒ်ရဲ့ဖန်တီးမှု့ရော တင်ပြပုံတွေကို ရော
    တင်ပြတဲ့ အကြောင်းအရာတွေရော
    ကျနော်ပြည်သူ့အော်သံမှ လက်ခံ အားပေးလျှက်ရှိပါတယ်။ပိုမိုအောင်မြင်မှု့တွေ ပိုင်ဆိုင်လာပါစေလို့တောင်းဆုပြုလိုက်ပါတယ်။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...