Wednesday, August 3, 2011

Facebook ဆိုတဲ့ ကျမတို့ရဲ့ သီးခြားကမ္ဘာ

by Eingyin Ta Khaine on Wednesday, August 3, 2011 at 4:37am
 
ကျမ အပြင်စာမေးပွဲတခုအတွက် စာဖတ်နေရင်း ဒီစာလေးကို ဖတ်လိုက်ရပါတယ်။ လူတွေဟာ ဘယ်သူပဲဖြစ်ဖြစ် တခြားသူတွေရဲ့ ဘ၀ကို သိချင်ကြပြီး နေထိုင်ကြည့်ချင်ကြတယ်တဲ့။ နောက်ပြီး ယနေ့ခေတ် လူတွေတော်တော် များများဟာ ဒီလိုစိတ်နဲ့ ကွန်ပြူတာထဲမှာ ကိုယ့်ရဲ့လက်ရှိဘ၀ပုံစံနဲ့ ကွဲလွဲစွာ ပုံစံဖော်ပြကြပါတယ် တဲ့။ အဲဒီစာလေးဖတ်ပြီး ကျမ ဒီစာကို ရေးချင်လာတယ်။ ဒီစာကိုတင်ပြီးရင် ကျမ တုံးတာ ညံ့တာ လူသိကုန်တော့မယ် ထင်ပါတယ်။
အမှန်တော့ ရေးချင်တာက Facebook ထဲက ဖြစ်နေတဲ့ လူမူဘ၀ အကြောင်းပါပဲ။ Facebook နဲ့ ပါတ်သတ်ပြီး တော်တော်များများရေးဖူးကြသလို ကျမလည်း အင်တာနက်အကြောင်း ရေးဖူးတော့ သိပ်တော့ မထူးဆန်းပါဘူး။ Facebook ကနေတဆင့် ခင်ကြ ချစ်ကြ ရန်ဖြစ်ကြ မုန်းကြနဲ့ အပြင်လက်တွေ့ဘ၀ကို ခဏမေ့နေကြပြီး လောကသစ်တခုထဲ ခဏရောက်နေကြပါတယ်။ ပြင်ပပုံစံနဲ့ ကွာဟနေတာကို ကိုယ်တိုင်သတိထားမိမယ်မထင်ပါဘူး။ ဒါပေမယ့် လူတွေဟာ ခုလိုပုံစံကွဲနေချင်ကြတယ်ဆိုတာ ကိုယ်တိုင်ကောပါနေသလားလို့ တွေးလိုက်မိပြီး ခဏနားတုန်း စာချရေးမိပါတယ်။ ရေးဖို့စာတွေက တခြားဟာတွေ ခုကတော့ လက်ရှိ တွေ့မြင်ရတာလေးတွေကို ပြောချင်လို့ပါ။

နောက်ပြီး မောက္ခသတင်းထဲက(Facebook နှင့် Twitter တို့ကြောင့် ပင်ကိုယ်သရုပ် ပျောက်နေသည့် မျိုးဆက် Saturday, 30 July 2011 10:37 administrator)ဆိုတဲ့ သတင်းကိုဖတ်လိုက်ရတော့ ဒါဟာ တကယ်ဟုတ်နေသလားဆိုတာ ပိုတွေးမိလာပါတယ်။ စာထဲက တချို့ကို ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။

 ဖေ့စ်ဘွတ်နှင့် တွစ်တာစသည့် လူမှုကွန်ယက်များကို အသုံးပြုနေသည့် မျိုးဆက်များမှာ စိတ္တဇ ဆန်ဆန် ပြုမူ တတ်ကြခြင်း၊ အာရုံ စူးစိုက်ချိန် လျော့နည်းလာခြင်းနှင့် ရှင်သန်မှုတွင် ကလေးငယ်များကဲ့သို့ အထောက်အကူ လိုအပ်ခြင်း တို့ကို ရင်ဆိုင် နေရပြီဖြစ်ကြောင်း ထိပ်တန်း သိပ္ပံပညာရှင် တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။
အချို့သော ဖေ့စ်ဘွတ်သုံးစွဲသူများမှာ “နာမည်ကျော်” လူတန်းစားဝင်၊  “ဆဲလစ်ဘရစ်တီ” အသေးစားလေးများသဖွယ်  မိမိကိုယ်ကို ခံယူလာကြပြီးလျှင် ပိုမို၍ လူကြိုက်များလာ စေချင်ကြပြန်သည်။ အခြားသူများက မိမိတို့ကို နေ့စဉ်ပင် စောင့်ကြည့်နေကြပြီးလျှင် ချီးမွမ်း ထောပနာလည်း ပြုနေကြခြင်းကို လိုလား တောင့်တလျက်။
 “ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင် မျက်နှာသာရရန်” အတွက်လည်း ပြုမူ လုပ်ဆောင် နေတတ်ပြန်သည်။ အဘယ်ကြောင့်ဆိုသော် “အခြားသူများက မိမိတို့ကို သိရှိနားလည်နေသည့်ပုံစံ” မျိုးဖြင့်သာ မိမိကိုယ်ကို အဓိပ္ပါယ်ဖွင့်ဆို၊ ရှုမြင်လို့ရခြင်း ရောဂါ စွဲကပ် လာသောကြောင့်ပင်ဖြစ်သည်။
“အစစ်အမှန် မဟုတ်တဲ့ သီးခြား ကမ္ဘာ တစ်ခုမှာ သူတို့ဟာ နေထိုင်နေကြသလိုဖြစ်နေပြီ။ အဲဒီကမ္ဘာမှာ သူတို့က ကိုယ့်ကို ကလစ်လုပ်ပြီး ပုံဖေါ်ထားကြတဲ့ ကမ္ဘာ။” ပညာရှင်သုတေသီက ရှင်းပြခဲ့သည်။

ကျမကိုယ်တိုင်လည်း Facebook ဆိုတဲ့ လူမှု့ကွန်ယက်ကြီး စတင် ထိတွေ့လိုက်ကတည်းက ကွန်ပြူတာရှေ့ရောက်တာနဲ့ Facebook ကို မဖွင့်ကြည့်ဘဲ မနေနိုင်အောင်  ဖြစ်နေရတာနဲ့  အလုပ်တွေတောင် ပျက်လာပါတယ်။ ဒါတောင် ကျမက သိပ်မသုံးတတ်ပါဘူး ပုံတင်တယ်၊ ကွန်မန်ပေးတယ်၊ စာတွေရေးတင်တယ် ဒီလောက်ပါပဲ။ အရင်ကဆို သူများဒါသုံးတာကို ကျမအပြစ်တင်မိသေးတယ် နားလည်းမလည်ဘူး သုံးဖို့လာဖိတ်ရင်လည်း မေးလ်ထဲကို Virus ၀င်တယ်ထင်လို့ဖျက်ဖျက်ပစ်လိုက်ခဲ့တယ်။ ဒါသုံးနေတော့ ပြင်ပစာတွေ မဖတ်ဖြစ်တော့တာကြာပါပြီ။ အထက်က ဖော်ပြထားသလို မှန်နေတယ်ဆိုတာ ကျမကိုယ်တွေ့ပါပဲ။ ဒီမှာနေတဲ့ သူတယောက်ကပဲ ကျမပုံတွေ စာတွေမှာ အလွန်ရင်းနှီးသလိုပုံစံနဲ့ မှတ်ချက်ချရေးထားတာတွေ့ရပါတယ်။ တကယ်တော့ ကျမက သူ့ကို မသိပါဘူး။ သူကတော့ ကျမက Blogမှာ စာတွေရေးတော့ ကျမကို သိနေတဲ့သူပါ။ ကျမ တရက်တော့ ဘုန်းကြီးကျောင်းကိုသွားတော့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့သူကို မြင်ဖူးသလိုထင်တာကြောင့်ကြည့်မိတော့ အဲဒီလူဖြစ်နေပါတယ်။ သူက မြင်ရဲ့သားနဲ့ ကျမကို ယောင်လို့တောင် နှုတ်မဆက်ပါဘူး။ ဒါကြောင့် ဒီက သိနေတဲ့ သူတွေကို အပြင်မှာတွေ့ရင်နှုတ်ဆက်သင့်မသင့် ကျမ ဝေခွဲမရတော့ပါဘူး။

Facebook သုံးဖြစ်ရခြင်း အကြောင်းကို ပြန်ပြောရရင် အစက ဒါကိုသုံးဖို့ ကျမ သူငယ်ချင်းတယောက်က လုပ်ပေးခြင်းပါ။ သူက ကျမကို အတင်း ၀င်ခိုင်းပြီး ခုကျတော့ သူကတော့ မသုံးတော့ပါဘူး။ အမှန်ပြောရရင် ဒီ Facebookကိုစသုံးကာစက ဘယ်လိုအသုံးပြူတယ်ဆိုတာကိုရော ဘာအတွက်လည်းဆိုတာကိုပါ ဘာဆိုဘာမှမသိပါဘူး။ Comment ကွန်မန့်တောင်ဘယ်လို ပေးပြီးပြရလဲဆိုတာကို မသိဘူး။ နဂိုကထဲက ကျမက မကလိတတ်တဲ့ အကျင့်ရှိနေတော့ တခုခုဆို သူများကို မေးပြီးမှလုပ်တတ်တယ်။ သူများကို လည်း သိပ်အားကိုးတတ်တယ် မေးစရာမရှိရင် ဒီအတိုင်းထားလိုက်တယ်။ ကံကောင်းတာက ကျမကိုဆို အမြဲလိုက်လုပ်ပေးတဲ့သူက အဆင်သင့် အမြဲရှိနေတတ်တာပါပဲ။ အလုပ်ထဲမှာတုန်းကလည်း ကွန်ပြူတာတခုခုဖြစ်ရင် ကိုဖြိုးရေ ဘယ်သူရေ လာပါအုံးလုပ်ပေးပါအုံး...ဆိုပြီး အကူအညီတောင်းတိုင်း အိုကေနေကျလေ။ ဒီရောက်တော့လည်း ကျမကွန်ပြူတာသာ တခုခုဖြစ်ရင် ကူညီပြီးလုပ်ပေးမယ့်သူက အဆင့်သင့်ဆိုတော့ ကိုယ့်အားကိုယ်ကိုး မလုပ်တတ်တာ မဆန်းပါဘူး။ တခါတလေ စက်က ဘာဖြစ်မှန်းမသိရင် Gtalk ကနေ လှမ်းမေးရတယ်။ မောင်လေးတယောက်က အဝေးကနေအမြဲလုပ်ပေးနေကျဆိုတော့ သူတို့မရှိလို့ စက်တခုခုဖြစ်ရင် ကျမတယောက်ထဲ စိတ်ပူပြီး ငိုမဲ့မဲ့နဲ့ အမြဲဖြစ်နေကျပေါ့။

မဆိုင်တာတွေ ပြောနေတယ်ထင်မလားပါပဲ။ ထပ်ပြောရရင် Facebook ကို စသုံးတော့ တချို့က ဟိုဟာတွေလာထည့် ဒီဟာတွေလာထည့်နဲ့ ကျမက ဘာမှမသိဘူး တတ်လည်းမတတ်ဘူး။ တချို့ကဆို Relationship တို့ Brotherတို့ sonတို့လာထည့်ထားတာ ကျမက ဒီအတိုင်းဘာမှန်း မသိ Accept လုပ်လက်ခံလိုက်တာပဲ။ နောက်တော့မှ သူငယ်ချင်းက အဲဒါဘာလဲဆိုပြီး ပြန်ဖျက်ခိုင်းတော့မှ ဘယ်လိုဖျက်ရမှန်းလဲ မသိဘူး။ ကျမ ဘယ်လောက်တောင် တုံးသလဲဆို အစက Tag သုံးတာကို ဘယ်လိုလုပ်တယ်ဆိုတာကို မသိဘူး။ ကျမထဲမှာ ပုံတွေအများကြီးဝင်နေတာမှ နိုင်ငံရေးနဲ့ဆိုင်တာတွေရော ဘာညာအစုံပါပဲ။ ငါမတင်ပဲ ဘယ်လို ရောက်နေပါလိမ့် ဆိုပြီးတောင် တွေးဖူးတယ်။ Privacy Settingတို့ Account Settingတို့ဆို တော်တော်နဲ့ မသုံးတတ်ဘူး။ ဆိုလိုချင်တာက ကျမ ဖျက်ပစ်ချင်တာတွေ ဖယ်ချင်တဲ့သူတွေကိုဆို ဖျက်မပစ်တတ်ဘူး။ အဲဒီတော့ စိတ်အနှောက်အယှက် ပေးတဲ့သူတွေရှိရင် မသုံးတော့ပဲ ဒီအတိုင်း ပိတ်ပစ်လိုက်ရပါတယ်။ အဲဒီအတွက် ကျမစိတ်တွေတိုခဲ့ရပါတယ်။ ဒါကိုသုံးနေရင်း ကျေနပ်စရာတွေ
တွေ့နေရင်တော့ ကျေနပ်နေမိတာ အမှန်ပါပဲ။ ကွန်ပြူတာထဲကို စိတ်ရောက်သွားပြီး အပြင်မှာ အ၀တ်တွေ ခေါက်ရမယ်။ သိမ်းရမယ်ဆိုတာကိုတောင် ကိုယ်တိုင်မေ့သွားတဲ့အခါတောင် ရှိခဲ့ပါတယ်။

တကယ်တော့ Facebook ကို မြန်မာတွေတော်တော်များများက ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြတော့ လူစုံပုံစံစုံတွေ တဖြည်းဖြည်းများ လာတာတွေ့ရပါတယ်။ Facebook ပေါ်မှာတင်ထားတဲ့ စာတိုလေးတွေကို မြင်ရင် သူတို့စိတ်ထားလေးတွေကိုလည်း ခန့်မှန်းလို့ရနိုင်ပါတယ်။ ဒါပေမယ့် ခုနကလို ပညာရှင်တွေပြောသလိုဆိုရရင် ဒီ Facebook လူမူကွန်ယက်ကနေ လူတွေဟာ အမှန်ကို မဖော်ပြပဲ စိတ်ကူးကမ္ဘာထဲမှာ ကျင်လည်နေကြသလို ဖြစ်နေပါတယ်။ ဒါဟာ အမှန်ဖြစ်နိုင်ပါတယ်။ ကျမကိုယ်တိုင်လည်း ကိုယ့်ဖာသာ မသိလိုက်ပဲ မကြာခဏ၀င်ကြည့်ချင်မိတယ်။ ငါ့ကို ဘယ်သူက ဘယ်လိုရေးထားပါလိမ့် ကွန်မန့်ပေးထားပါလိမ့်မလဲဆိုပြီး သိချင်နေမိပါတယ်။ သူများဘာတွေရေးတင်ထားလဲ ဘာတွေလုပ်ထားသလဲ ဓါတ်ပုံတွေ တင်ထားသေးလား စသည်ဖြင့် သိချင်မိပြန်ပါသေးတယ်။

အစစ်အမှန် မဟုတ်တဲ့ သီးခြား ကမ္ဘာ တစ်ခုမှာ သူတို့ဟာ နေထိုင်နေကြသလိုဖြစ်နေပြီဆိုသလို အပေါင်းအသင်း အသစ်တွေဖွဲ့ပြီး ပျော်ရွှင်စွာနေကြတာတွေ့ရသလို ဒီကနေ ရန်တွေဖြစ်ကြ ပြဿနာတွေတက်နေကြတာကိုလည်း တွေ့ရပါတယ်။ Facebook ထဲကို ၀င်သွားပြီး ကမ္ဘာသစ်တခုထဲ ရောက်သွားသလို ပြန်ထွက်ရခက်လာပါတယ်။ ဒါပေမယ့် သုံးနေတဲ့ သူတွေဟာ ငါ့ကို comment မှတ်ချက်မချရင် Like မလုပ်ရင် ဖျက်မယ် မကောင်းပြောရင် ပိတ်မယ်ဆိုတာတွေပါ များလာပါတယ်။ ကျမကိုယ်တိုင်တောင် တခါတလေ စိတ်ကသိကအောက်ဖြစ်စေတဲ့ ကွန်မန့်ဆိုရင် ပိတ်ပစ်ချင်မိပါတယ်။ တချို့ကလည်း သူတို့ဖာသာ ကွန်မန့် ရေးပြီးသားကို ပြန်ဖျက်သွား တတ်ပါတယ်။ ကျမကိုယ်တိုင် စိတ်လွတ်သွားရင် ရေးချင်တာတွေကို ချရေးမိတတ်ပါတယ်။ အသိတယောက်က တွေ့ပြီး ဘာတွေတင်ထားတာလဲလို့ သူက မေးတော့ ကျမလည်း တော်တော်ရှက်သလိုဖြစ်မိပေမယ့် ထပ်ရေးမိ တင်မိတာလေးတွေ ရှိနေဆဲပါပဲ။

နောက်တခုပြောချင်တာကတော့ Tag တဲ့ကိစ္စပါပဲ။ တချို့က ကျမရဲ့ စာတွေကို ဖတ်ချင်လို့ Tag ပေးပါပြောလို့ အမြဲTagု လုပ်လိုက်ပြီးမှ နောက်တော့ သူတို့က Wall ပေါ်မှာရေးထားကြပြန်တယ် အဲဒီထဲက applicationတွေ ၀င်လာတယ်ဆိုပြီး တွေ့ရတော့ ငါကောပါနေသလားဆို မTag ရဲပြန်ဘူး။ အတော်စိတ်ရှုပ်ရပြန်ပါတယ်။ သည်နောက်ပိုင်းတော့ ကျမက လာAddအပ်တဲ့ သူတွေကိုဆို တော်တော်များများ အကုန်နီးပါး လက်ခံလိုက်ပါတယ်။ တချို့က စာဖတ်ချင်လို့ပါလို့ပါ နောက်တော့ပြောလာလို့ပါ။ ကျမကလည်း ကိုယ်ရေးထားတာလေးတွေ ဖတ်စေချင်တာကိုး။ အမှန်ကတော့ Commentလည်း ရချင်တာပေါ့။ တချို့ကတော့ စာတွေဖတ်ဖြစ်ပေမယ့် comment တို့ Like တို့ မလုပ်ကြောင်းကို ပြန်ပြောပါတယ်။ ကျမကိုယ်တိုင်လည်း တချို့သူတွေတင်ထားတဲ့ စာတွေဖတ်ချင်ရင် ပုံတွေကြည့်ချင်ရင် သူတို့ကို Add လိုက်ပါတယ်။ ခုတော့ ဒါကို သိပ်အာရုံမထားမိအောင် ကြိုးစားပြီး နေလိုက်ပါတယ်။ ကျမကို ဘာမှ မှတ်ချက်မချလည်း စိတ်ထဲမထားမိအောင်ပေါ့...................
မိသားစုနဲ့ ဝေးနေချိန် အထီးကျန်နေတဲ့အချိန်မှာ ကျမအတွက်ပျော်စရာ သီးခြားကမ္ဘာတခုလိုဖြစ်နေတဲ့ Facebook ဘ၀ထဲမှာနေတာကို ကျေနပ်နေမိပါခဲ့ပါတယ်။  ဖြတ်ဖို့ကြိုးစားသော်လည်း ခုထိတော့ တော်တော်မလွယ်ကူပါ။

ကျမ သတိထားမိလာတာကတော့ လူတွေဟာ ဒီ Facebook ဆိုတဲ့ လူမှု့ကွန်ယက်ကြီး (တခြားဟာတွေ မသုံးဖူးတော့မသိပါဘူး) ကို အရေးတယူကို လုပ်ပြီး စိတ်တွေ အမျိုးမျိုးပြောင်းလဲလာနေတယ် ဆိုတာပါပဲ။ စိတ်ပျော်ရွှင်လိုက်၊ စိတ်တွေတိုလိုက်နဲ့ အပြင်မှာ ထမင်းအိုးတူးနေရင်တောင် သတိမထားမိလောက်အောင် ကွန်ပြူတာထဲကို စိတ်ရောက်သွားပြီး အပြင်လောကကို ခဏမေ့သွားသလိုပါပဲ။ လူတွေဟာ အပြင်လောကမှာ ဖြစ်ပျက်နေတဲ့ ဘ၀နဲ့ ကွန်ပြူတာထဲက ဘ၀ဟာ မတူဘူးဆိုတာကို မေ့များသွားကြပါသလား…………………..

ပညာရှင်မဟုတ်တော့ ကျမ မသိပါဘူး။ အပြင်လူမူ့လောကက ဘ၀နဲ့ Facebook ဆိုတဲ့ လူမှု့ကွန်ယက်ထဲက ဘ၀ဟာ ဘာတွေကွာခြားနေပါသလဲ……………………………

လက်တွေ့လုပ်ရမယ့် အလုပ်တွေလစ်ဟာလာစေတာတော့ အမှန်ပါပဲ။ လာလောဆယ်တော့ အပြင်က စိတ်ညစ်စရာတွေကို မေ့ထားပြီး သီးခြား ကမ္ဘာတခုထဲရောက်နေသလို ခံစားရပါတယ်။ Facebook ဆိုတဲ့ လူမှု့ကွန်ယက်ဟာ တခါတလေတော့ ကျမရဲ့ စိတ်ကို အပန်းပြေစေတဲ့ အရာတခုလို့ပဲ မြင်မိပါတော့တယ်။


(မည်သူ့ကိုမှ ရည်ရွယ်ရေးသားခြင်းမရှိပါ)

အင်ကြင်း

8: 40 pm
3 August 2011.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...