Thursday, August 11, 2011

ဆည်းဆာဧကရီ


by Seaman Nayminthu on Thursday, August 11, 2011 at 9:26am
 
၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲအကြိုကာလ။
အမေရိကန်စစ်ရေယာဉ်မှူး Holly Graf ဦးစီးမောင်းနှင်သော စစ်ရေယာဉ် U.S.S. Wiston S. Churchill သည် Sicilian ဆိပ်ကမ်းမှ မောင်းနှင်ထွက်ခွာချိန်… ရုတ်တရက်ဆိုသလို မက်တရစ်တန်ချိန် ၈၂၀၀ လေးသော စစ်ရေယာဉ်ကြီးတစ်ခုလုံးသွက်သွက်ခါလှုပ်ရမ်းသွားလေသည်။
ပြီးတော့ အင်ဂျင်စက်ရပ်သွားကာ ၁၅၆ မီတာရှည်လျားသော သင်္ဘောကြီး ရေမှာမျောနေတော့၏။

“ဘာဖြစ်ရတာတုန်း” ပဲ့စင်မှာကွပ်ကဲနေသော စစ်ရေယာဉ်မှူးက မေးလိုက်သည်။ ပြီးနောက်သူက ရေကြောင်း လမ်းညွှန်အရာရှိ၏ လည်ဂုတ်ကိုဆွဲညှစ်ကာ ပဲ့စင်အပြင်ဘက်ဆီသို့ ခေါ်ထုတ်လာပြီး..“ အယုတ်တမာကောင်… ငါ့သင်္ဘော ဒီလိုဖြစ်အောင် နင်တမင်လုပ်လိုက်တာမို့လား”…. ဟု အော်ဟစ်ကြိမ်းမောင်းလိုက်လေသည်။ သင်္ဘောခုလိုဖြစ်ရတာက ရေကြောင်း မတော်တဆမှုကြောင့်ဖြစ်နိုင်သလို တစ်စုံတစ်ဦး၏ အကွက်ဆင်မှု ကြောင့်လည်း ဖြစ်နိုင်ခြေရှိသည်ကို သူတွက်ထားပြီးသား။ ဘာကြောင့်ဆို ရေကြောင်းလမ်းညွှန်အရာရှိက ဗြိတိသျှ ရေတပ်မတော်မှဖြစ်ပြီး စစ်ရေယာဉ် Churchill ၌ တွဲဘက်တာဝန်ထမ်းဆောင်နေသူ မဟုတ်ပါလား။


သည်လောက် ဆူဆူညံညံ ၀ရုန်းသုန်းကားတွေကြားထဲမှာ နောက်ထပ်ကြားလိုက်ရတဲ့အသံက တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာ။ မိမိတို့ရေယာဉ်တစ်စုံတစ်ခုနှင့်တိုက်မိသွားပြီလား.. သည်လိုဖြစ်ခဲ့ရင် စစ်ရေယာဉ်မှူး တော့ မလွယ်ကျောဆိုက်ပြီဟု ဇဝေဇ၀ါသံသယအတွေးကိုယ်စီဖြစ်ပေါ်နေသော ရေယာဉ်ပဲ့မြီးပိုင်းရှိရေတပ်သား  တစ်စုထံမှ ပေါက်ကွဲထွက်လာသော အူမြူးဟစ်ကြွေး ဇာတ်ပို့တေးသံ။ “ခေါင်းလောင်းလေးတော့ မြည်နေပြီ… အလွမ်းဇာတ်သိမ်းစနေပြီ..”

မကြာသေးမီကမှ ရေယာဉ်ကိုရောက်ရှိလာသော ဓမ္မဆရာ Maurice Kaprow ကတော့ မြင်ရကြားရ ဖြစ်ပျက်မှုမှန်သမျှကို လုံးဝနားမလည်နိုင်ရှာ။ သူက “ရေတပ်သားတစ်ဦး ကျနော့နားရောက်လာပြီး …… ကျုပ်တို့သင်္ဘောတော့ တစ်ခုခုနဲ့ဝင်အောင်းမိသွားပြီထင်တယ်။ စစ်ရေယာဉ်မှူးတော့ ဒုက္ခပဲ..တဲ့။ ပြီးတော့ သူတို့တွေ ရေယာဉ်ပဲ့မြီးပိုင်းမှာ ပျော်ပျော်ပါးပါး သီချင်းဆိုနေကြတာမြင်ရတော့ ကျနော် ကြက်သီးဖြန်းဖြန်း ထမိတယ်”  လက်စသတ်တော့.. သင်္ဘောပန်ကာ တစ်လက်ကျိုးသွားတာကိုး..။ ခုလို စစ်ရေယာဉ်မှူးကို ပြောင်ပြောင်တင်းတင်း  အံတုနေကြတာ ကောင်းသလား၊ စစ်ရေယာဉ်မှူးကိုယ်တိုင်ကရော အဲဒီလိုအလုပ်ခံ ရလောက်အောင် ဆိုးသွမ်းနေသူလား..။ နောက် ၇ နှစ်ကြာသည့်တိုင် Kaprow တစ်ယောက် အသေအချာ အဖြေထုတ်လို့မရနိုင်။

Graf စစ်ရေယာဉ်မှူး အဖြစ် တာဝန်ထမ်းဆောင်ရတဲ့ နောက်သင်္ဘောက ဒုံးပျံတင် ခရူဇာအမျိုးအစား စစ်ရေယာဉ်- U.S.S. Cowpens ဖြစ်ပြီး အဲဒီရေယာဉ်မှာပဲ သူ့ရဲ့စစ်ရေယာဉ်မှူးတာဝန် အဆုံးသတ်ခဲ့ရလေ သည်။ စစ်ရေယာဉ်- Cowpens မှာ ၂ နှစ်နီးပါးတာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၀ ဇန်န၀ါရီလမှာ သူ့ကိုတာဝန်မှ ရပ်နားလိုက်လေသည်။ ရေယာဉ်ဝန်ထမ်းများအပေါ်သူ၏ ရိုင်းစိုင်း လူမဆန်သော လုပ်ရပ်များ ကြောင့် အနားပေးလိုက်ခြင်းဖြစ်ကြောင်း ရေတပ် စစ်ဆေးရေးအရာရှိချုပ်၏ အစီရင်ခံချက်၌ ဖော်ပြထားပေ သည်။ ထိုအစီရင်ခံစာကြောင့် အမေရိကန်ရေတပ်အတွင်း စစ်ရေယာဉ်မှူး ရွေးချယ်ခန့်ထားခြင်း၊ ရာထူးတိုးမြှင့် ပေးခြင်း၊ တာဝန်ထမ်းဆောင်မှုအခြေအနေ စောင့်ကြပ်ခြင်း အပိုင်းများတွင် အားနည်းချက်များရှိနေကြောင်း ပေါ်လွင်သဖြင့် ရေတပ်အုပ်ချုပ်ရေးဌာနတစ်ခုလုံး လှုပ်ခါသွားခဲ့ရသည်။ ရေတပ်အုပ်ချုပ်ရေးဌာနက စစ်ရေယာဉ်မှူးများ၏အုပ်ချုပ်မှုအရည်အသွေးကို ကြပ်မတ်ရာတွင် ကာလကြာရှည်စွာပင် အားနည်းလျော့ရဲ ခဲ့ကြောင်း Graf ၏အုပ်ချုပ်မှုဖြစ်စဉ်က အထင်အရှားပြသနေသည်။ Graf ၏ မယုံကြည်နိုင်ဖွယ်ကျဆုံးခန်း ကြောင့် အမေရိကန်ရေတပ်အုပ်ချုပ်ရေးတွင် ကျား/မ ခွဲခြားဆက်ဆံမှု ရှိလေသလား…ဟု သံသယ ဖြစ်စရာ ရှိသော်လည်း ယင်းကဲ့သို့မဖြစ်နိုင်ကြောင်း ရေတပ်ဌာနမှ Graf ကို ယောက်ျားများနှင့်ရင်ဘောင်တန်း တာဝန် ထမ်းရွက်ရသော တိုက်ခိုက်ရေးစစ်ရေယာဉ်အုပ်စုတွင် အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းက သက်သေပြနေ ပြန်သည်။

စစ်ရေယာဉ်မှူးတစ်ဦး ဖြစ်လာရန်မှာ Graf ၏ ငယ်အိပ်မက်ဖြစ်သည်။ အထက်တန်းကျောင်းသူဘ၀ ကတည်း ကပင် သူစိတ်ကူးယဉ်ခဲ့သည်။ သူ့ဖခင်ကလည်း ရေတပ်ဗိုလ်မှူးကြီးတစ်ဦးဖြစ်သည်ကြောင့် သူရော သူ့ညီမ Robin ပါ ရေတပ်၌ အမှုထမ်းရန် စိတ်ထက်သန်ခဲ့ကြသည်။ နောင်အခါ သူ့ညီမက ရေတပ်ဗိုလ်ချုပ် တစ်ဦး ဖြစ်လာကာ အိမ်ထောင်သည်တစ်ဦးလည်းဖြစ်၍ Graf ကတော့ တစ်ကိုယ်တည်း အပျိုးကြီးဘ၀နှင့်ပင်။ ၁၉၈၅ ခုနှစ် ရေတပ်အကယ်ဒမီမှ ကျောင်းဆင်းပြီးနောက် လုပ်ဖော်ကိုင်ဖက်များအကြား၌ Graf က ရာထူးလမ်း ကြောင်းကောင်းသူတစ်ဦး ဖြစ်ခဲ့သည်။ ပင်တဂွန် စစ်ဌာနချုပ်အောက်ရှိ ဖျက်သင်္ဘောတစ်စီးနှင့် ဖရီဂိတ်တစ်စီး တွင် တစ်လှည့်စီတွဲဘက်တာဝန် ထမ်းဆောင်ပြီးနောက် ဖီလာဒဲဖီးယားမြို့ပြင်ရှိ Villanova University ၌ ROTC ဘာသာရပ် နည်းပြအဖြစ်တာဝန်ထမ်းခဲ့သည်။

အီရတ်စစ်ပွဲအတွင်း စွမ်းရည်ဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်ခံခဲ့ရသည်။တက္ကသိုလ်အသီးသီးတွင်ပညာရပ်ဆိုင်ရာ  သင်တန်းအချို့ဆက်လက်တက်ရောက်ပြီးနောက် မာစတာဒီဂရီသုံးခု ဆက်တိုက်ရရှိခဲ့သည်။(၁) အမျိုးသား လုံခြုံရေးဆိုင်ရာ မဟာဘွဲ့( Naval War College)၊(၂) မြို့ပြအင်ဂျင်နီယာ မဟာဘွဲ့( Villanova) (၃) ခွဲခြမ်း စိတ်ဖြာရေးနည်းစနစ်များ မဟာဘွဲ့( ရေတပ်ဘွဲ့လွန် ကျောင်း) ။  Graf ၏စစ်မှုထမ်းကာလ အစောပိုင်းတွင် ရင့်သီးကြမ်းတမ်းသော စစ်ရေယာဉ်မှူးတစ်ဦး ဖြစ်လာနိုင်သည့် လက္ခဏာ သိပ်မပေါ်လွင်ခဲ့။ ရေတပ်ဘလော့ တစ်ခုတွင် ရေးသားထားသော Graf ၏ ပုံရိပ်နှင့်ပတ်သက်၍ သူနှင့်ရင်းနှီးသူတစ်ဦးက ပြောကြားရာမှာ…“ ကျမ Grafကို ဟိုးအရင်ထဲက သိခဲ့တာ။ ကျမမှတ်မိသလောက်ဆိုရင် ဒီဘလော့မှာ ဖော်ပြထားတဲ့ ပုံရိပ်လက္ခဏာမျိုး သူ့မှာမတွေ့ခဲ့ရပါဘူး”… ဟူ၍။

၁၉၉၇ ခုနှစ်မှာ ဖျက်သင်္ဘော Curtis Wilbur ၌ စီမံခန့်ခွဲရေးအရာရှိ (XO) အဖြစ်တာဝန်ထမ်းဆောင်ချိန်ကစပြီး သူ့ဘ၀ အမှောင်ရိပ်သန်းလာခဲ့သည်။ လုပ်သက်အနှစ်၂၀ ရှိသော စစ်ရေယာဉ်မှူးဟောင်း Kirk Benson က Curtis Wilbur ပေါ်တွင်Grafနှင့်အတူအမှုထမ်းခဲ့ရသည့်အတွေ့ အကြုံကိုပြန်လည်ဖောက်သည် ချရာတွင်… “ကျနော့ စစ်သက်တစ်လျှောက် သူနဲ့အတူရှိနေချိန်တွေဟာ တကယ့်ငရဲပါဗျာ.. သူက လက် အောက်ခံရေယာဉ် အမှုထမ်းတွေကို အဆက်မပြတ်မြည်တွန်တောက်တီးနေတော့ ကျနော့ကိုလာလာ တိုင်ကြတယ်။ အရေးယူတဲ့ အဆင့်ထိတော့ မရောက်ပါဘူး။ သူ့အကြောင်း နောက် ၁၂ နှစ်ကြာမှ ပြန်တွေးမိတာတောင် မျက်ခုံးလှုပ်လှုပ်ပဲ။ ဘယ့်နှယ်ဗျာ XO တစ်ယောက်အနေနဲ့တောင် အဆင်ပြေအောင် တာဝန်မထမ်းဆောင်နိုင်သူက စစ်ရေယာဉ် ကြီး ၂ စီးရဲ့ စစ်ရေယာဉ်မှူး တစ်ဦးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားမိဘူး…။”
စစ်ရေယာဉ် Curtis Wilbur မှာတာဝန်ထမ်းစဉ်အတွင်း Graf ရဲ့လုပ်ပုံကိုင်ပုံတွေကို အထက်က သတိပေးခဲ့ တယ် ဆိုတောင်မှ သိပ်ပြီးအရာရောက်မည့် သဘောမရှိပါ။ ၂၀၀၃ မှာတော့ Graf ဟာ အမေရိကန်ရေတပ် သမိုင်းမှာ စံချိန်ချိုးပြီးဖျက်သင်္ဘော Churchill ၌ ပထမဆုံး အမျိုးသမီး စစ်ရေယာဉ်မှူး ဖြစ်လာသည်။ ဂျူးလူမျိုး ဓမ္မဆရာ Kaprow ပြောပြချက်အရ Churchill ပေါ်မှာကြုံတွေ့ခဲ့ရသည့် Graf နှင့်ဆက်ဆံရေးအခြေအနေက အားမရစရာ။….“ကျနော် ရောက်ဖူးခဲ့တဲ့ ရေယာဉ်တွေထဲမှာ ဒီရေယာဉ်က စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆိုးဆုံးပဲ။ ရေယာဉ်ကိုရောက်ပြီး ၁၀ ရက်ကြာတော့ ကျနော်သူ့ကိုစကားစကြည့်တယ်။…. ခင်ဗျားဟာ တကယ်တော်တဲ့ အမျိုးသမီး တစ်ဦးပဲ၊ ခက်ခဲတဲ့အလုပ်ကိုလုပ်နေရတာ။ ဒါပေမယ့် အရာရှိငယ်တချို့က ခင်ဗျားနဲ့ပတ်သက်ပြီး စိုးရိမ် သောကတွေရှိ နေတယ်။ စိတ်ဓာတ်လည်း ကျနေကြတယ်... လို့ပြောတော့ သူကမူးရှူးထိုးဖြစ်လာပြီး ကျနော့ကို စကားစဖြတ် လိုက်တယ်။ သူအဲဒီအကြောင်း မပြောချင်ဘူးတဲ့။ နောက်ရက်တွေမှာတော့ ကျနော်သူနဲ့ စကားပြောခွင့်မကြုံ အောင် တမင်ရှောင်ကိုနေတော့တာဗျ…တဲ့”

Kaprow အဲဒီရေယာဉ်ကပြောင်းသွားတဲ့အခါ Graf နဲ့ပတ်သက်သည့် အစီရင်ခံစာ အထက်လူကြီးထံ တင်ပြသည်။ သို့သော်လည်း Benson နှင့်အခြားသူများတင်သည့် အစီရင်ခံစာများကဲ့သို့ပင် ထူးထူးခြားခြား ပြောင်းလဲမလာ။ အဲဒီအချိန်မှာ Graf တစ်ယောက်က ရာထူးတွေ တက်နေမြဲ။ စစ်ရေယာဉ်-Churchill တွင် ၂၂ လတာဝန်ထမ်းပြီး ၂၀၀၄ အစောပိုင်း၌ Graf ၏ စစ်ရေယာဉ်မှူးတာဝန်ကို Todd Leavitt ထံသို့ လွှဲပြောင်းပေး လိုက်ရသည်။ သည်အကြောင်းနှင့်ပတ်သက်၍ ၂၀၀၂ စစ်တက္ကသိုလ်ဆင်း ဖြစ်ပြီး Churchill မှာ လက်နက် အရာရှိ တာဝန်ယူခဲ့ရသော Paul Coco ကအမှတ်တရ ပြန်ပြောရာတွင်…“ပုံမှန်တာဝန် လွှဲပြောင်း/လက်ခံမှုပါပဲ။ စစ်ရေယာဉ်မှူး Todd က စစ်ရေယာဉ်မှူးတာဝန်ကို စတင်လက်ခံလိုက်ပြီလို့ ကြေညာလိုက်ချိန်မှာ ရေယာဉ် တစ်စီးလုံး သြဘာသံတွေ ဟိန်းထွက်သွားတယ်…”

Annapolis စစ်တက္ကသိုလ်ကျောင်းဆင်းပြီး ၂၂နှစ်အကြာ ၂၀၀၇ ဇွန်လမှာ Graf ရေတပ်ဗိုလ်မှူးကြီးအဆင့် တိုးမြှင့်ခြင်း ခံခဲ့ရသည်။ ၂၀၀၈ မတ်လမှာ စစ်ရေယာဉ် Cowpens ၏ စစ်ရေယာဉ်မှူးတာဝန်ကို လက်ခံဆောင် ရွက်ချိန်ဟာ သူ့အတွက် ဒုတိယမ္ပိ မင်္ဂလာအပေါင်း ခညောင်းချိန်ဖြစ်လေသည်။ ၁၇၃ မီတာရှည်လျားပြီး ၉၁၀၀ မက်ထရစ်တန်အလေးချိန်ရှိသည့် အဆိုပါစစ်ရယာဉ်သည် အမေရိကန်ရေတပ်၏ အကြီးမားဆုံး တိုက်ခိုက်ရေး ရေယာဉ်ဖြစ်ပြီး Graf အနေဖြင့် ပထမဆုံးအမျိုးသမီးစစ်ရေယာဉ်မှူးအဖြစ် အရာရှိ/စစ်သည်အင်အား ၄၀၀ ကို ကွပ်ကဲအုပ်ချုပ်ရခြင်းဖြစ်သည်။ အဆိုပါစစ်ရေယာဉ်မျိုးကို ဦးစီးကွပ်ကဲရန် အခြားဖရီဂိတ် စစ်ရေယာဉ်မှူးများ ထက် စွမ်းရည်ပိုမိုပြည့်ဝရန် လိုအပ်လေသည်။ သို့တိုင်အောင် ရေယာဉ်အမှုထမ်းများ၏ စိမ်ခေါ်အကဲစမ်းမှု များကို ခံရနိုင်ဖွယ်လည်းရှိပေသည်။

အမှုကိစ္စကို ၆ လတာစုံစမ်းလေ့လာမှုပြုလုပ်ပြီးနောက် Graf သည် လက်အောက်ခံဝန်ထမ်းများအပေါ် ထိပါး စော်ကားမှုရှိခဲ့ခြင်းနှင့် အရာရှိငယ်များကို သူ့အားလိုသည်ထက်ပို၍ အလေးပေးဆက်ဆံရန်ဖိအားပေး မှုများရှိသည်ကို တွေ့ရှိရလေသည်။ ၄င်းပြင် ဆွေးနွေးပွဲများ၌ အတင်းအကျပ်အာရုံစိုက်စေခြင်း၊ သူ၏သီးသန့် တကိုယ်တော်ခရစ်စမတ်ညတွင် စန္ဒားတီးဖျော်ဖြေစေခြင်း၊ သူ၏ခွေးများကိုထိန်းကျောင်းပေးစေခြင်း တို့ကို ပြုလုပ်စေခိုင်းလေ့ရှိသည်ကို တွေ့ရှိရသည်။ ထို့ပြင် ရေယာဉ်အမှုထမ်းများကို လုံလောက်သည့်လေ့ကျင့်မှု ပေးရန်  သူလစ်ဟာပျက်ကွက်ခဲ့သည်။ သည်လိုအနိုင်ကျင့်စော်ကားမှုများကြောင့် အရာရှိငယ်များ ဒေါသဖြစ် ကြရသည်။ သူတို့အနေဖြင့် ပင်လယ်ပြင်တွင် အကောင်းဆုံးလေ့ကျင့်ချိန်အား အလဟသ ဖြုန်းတီးပစ် သလိုခံစားကြရသည်။ Graf ကတော့ “အရာရှိငယ်တွေကိုလေ့ကျင့်ပေးဖို့ ငါ့မှာအချိန်မရှိဘူး”…ဟုသာ တွင်တွင် ငြင်းလျက် အခြေအမြစ်မဲ့သော အပြစ်တင်ဆူပူ ကြိမ်းမောင်းမှုများ ဆက်လက်ပြုလုပ်နေမြဲ။ ကိုယ့်ကိုယ်ကို ဘ၀င်ခိုက်ကာ ဆရာကြီးလုပ်ရတာကို ပိုနှစ်ခြိုက်သည်။ သူ့ကိုယ်သူ လူရိုသေ ရှင်ရိုသေ ဂုရုကြီးဂိုက်ဖမ်းကာ ဘာမျှမယ်မယ်ရရမလုပ်ဘဲ Control ခန်းထဲ၌ အဆင့်အတန်းအားလုံးရှေ့ ဟန်ရေးပြင်ရင်း ခြေယောင်များ ပြနေတတ်သည်။

အဆိုးဆုံးလှိုက်စားမှုမှာ Graf ၏ နှုတ်ကြမ်းလျှာကြမ်း ပြောဆိုမှုများပင်။ စစ်ရေယာဉ်မှူးများ၏ ထုံးစံက စကားကို တိုတိုပြတ်ပြတ်နှင့် လိုရင်းကိုတည့်တည့်ပြောတတ်သည်။ လိုရင်းတိုရှင်း အမိန့်ပေးပြောဆိုခြင်းက လုပ်ဆောင်ဖွယ်ကိစ္စများကို အမှားအယွင်းနည်းစေသည်။ သို့သော် ရေတပ်စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ဆုံ မေးမြန်းခဲ့သော ရေယာဉ်အမှုထမ်းများ၏ ထွက်ဆိုချက်အရ Graf ၏ အမိန့်ပေးသံအများစုတွင် ဖရုဿဝါစာ များဖြင့် ပြည့်နှက်နေသည်ဟု ဆိုသည်။

အထူးသဖြင့် သူ၏ဆက်ဆံရေး ကြမ်းတမ်းရိုင်းပြမှုကြောင့် အမျိုးသမီးအရာရှိများ မခံချိမခံသာဖြစ်ရတတ်လေ သည်။ မိမိတို့ဆုံးဖြတ်ရန်ခက်ခဲသော ပြဿနာအခက်အခဲကိုသွားရောက်တင်ပြရာတွင် Graf က…“သွား.. သောက်သုံးမကျတဲ့ တာဝန်ခံ.. ငါ့ဆီကိုပြဿနာသယ်မလာနဲ့ ငါ့ကိုခေါင်းရှုပ်အောင် ဒေါသထွက်အောင် လာမလုပ်နဲ့…” ဆိုပြီး ငေါက်ငမ်းပစ်လေ့ရှိကြောင်း အမျိုးသမီးအရာရှိငယ်တစ်ဦးက ပြန်လည်ပြောပြသည်။ “ရေတပ်အမျိုးသမီးစစ်မှုထမ်းတွေထဲမှာ Graf ကတော့ တကယ့်ကို အောချစရာကောင်းတဲ့မိန်းမပဲ၊ ကျမတို့ နှစ်ယောက်ကိုများပြောလိုက်တာ… ဘာမှသုံးမရတဲ့ဟာတွေ ငါ့မှာအခွင့်အာဏာရှိရင် နင်တို့နှစ်ယောက်လုံးကို ဖြုတ်ပစ်မယ်.. လို့ကြိမ်းဝါးတယ်…” ဟု နောက်တစ်ဦးက စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုပြောပြခဲ့သည်။

ဂျပန်အခြေချ စစ်ရေယာဉ်-Cowpens ၌ သူ၏အုပ်ချုပ်ကိုင်တွယ်မှုများနှင့်ပတ်သက်ပြီး ရေယာဉ်အမှုထမ်း သုံးဦး၏ သီးသန့်ထွက်ဆိုချက်များအပေါ် ခုခံချေပရာတွင် Graf က…“မရေရာတဲ့ဒီစွပ်စွဲချက် တွေကိုရိုးမယ်ဖွဲ့ မနေပါနဲ့.. ကျမကိုမကျေနပ်တဲ့အုပ်စုလေးက ကျန်တဲ့သူတွေကို ကျမမကောင်းကြောင်း သွားပုတ်လေလွင့် လျှောက်ပြောနေတာ…” ဟုတုန့်ပြန်ခဲ့သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ပေးပို့သော အီးမေးလ် တစ်စောင်၌မူ.. သူက…“ ကျမ အပြောအဆိုခက်ထန်တယ်ဆိုတာက သူတို့ပြောတဲ့ချိန်မှ မဟုတ်ပါဘူး၊ တခြား အချိန်တွေမှာလည်း ဖိအားပေးပြောတန်ပြောရတာပဲ…” ဟုရေးသားခဲ့သည်။

ပြစ်မှုစုံစမ်းစစ်ဆေးစဉ်ကာလအတွင်း Graf ကို အချုပ်အနှောင်ချထားခြင်းမရှိ။ စစ်ရေယာဉ်-Cowpens ၌ စစ်ရေယာဉ်မှူးတာဝန်ထမ်းဆောင်စဉ် သူ့အနေနှင့် ရေတပ်ဆိုင်ရာ စည်းမျဉ်းဥပဒေများကို ဂုဏ်သိက္ခာ မဲ့စွာချိုးဖောက်ခြင်း၊ လက်အောက်ငယ်သားများကို အရှက်မဲ့စွာပြုမူခြင်း၊ အထင်သေးအမြင်သေးဆက်ဆံ ခြင်းများဖြင့် ကျူးလွန်ဖောက်ဖျက်ခဲ့ကြောင်း စုံစမ်းလေ့လာချက်များအရ တွေ့ရှိရသည်။ လိုအပ်တာထက်ပိုပြီး တင်းကျပ်တဲ့နည်းလမ်းတွေ၊ ကြမ်းတမ်းတဲ့စကားလုံးတွေ သူပြောဆိုလုပ်ဆောင်ခဲ့တာက ညွှန်ကြားချက်နှင့် မကိုက်ညီခဲ့ပါ။ သူက အရာရှိများအား အခြားအဆင့်စစ်သည်များရှေ့မှောက်တွင် အပြစ်တင်ဝေဖန်လေ့ရှိရာ ယင်းလုပ်ရပ်က ရေတပ်ထုံးတမ်းစဉ်လာနှင့် ဖီလာဆန့်ကျင်ဖြစ်နေသည်။

Graf ၏ဖြစ်စဉ်ကြောင့် အမေရိကန်ရေတပ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ၀ိရောဓိဖြစ်စရာ မေးခွန်းနှစ်ခုကို ရင်ဆိုင် ခဲ့ရသည်။ အလားတူပြစ်မှုမျိုးကို အမျိုးသားစစ်ရေယာဉ်မှူးတစ်ဦးက ကျူးလွန်မိခဲ့သော် ယခုလိုပဲရာထူး ဖယ်ရှားခံရမှာလား။ Graf ၏အုပ်ချုပ်မှုပုံစံက ရေတပ်အစဉ်အလာနှင့်မကိုက်ညီဟုဆိုပါက ယင်းကို လစ်လျူရှု၍ သူ့အား ရေတပ်ပထမတန်းရာထူးထိတိုးမြှင့်ပေးခဲ့သည့် လုပ်ရပ်ကရော အပြစ်မဆိုထိုက်ဘူးလား။

တချို့သောအရာရှိများဟာ သူတပါး၏ခြေထိုးမှုတွေရှိသည့်တိုင် ရာထူးအတက်ကြမ်းကြသည်။ Graf ရာထူး တက်ပုံကိုစောင့်ကြည့်သူတချို့က သူ့မှာအရေးပါသော အမှီတစ်နေရာတော့ရှိရမည်ဟု ယူဆကြသည်။ သုံးသပ်ချက်တွေချင်း ဆက်စပ်မှုရှိနိုင်သော်လည်း ကျိန်းသေအမှန်ဖြစ်မည်ဟု ကောက်ချက်ဆွဲ၍တော့မရနိုင်ပါ။ သူသည် ရေတပ်မျိုးရိုးကဆင်းသက်လာသူဖြစ်သော်လည်း အမှုထမ်းသက်တစ်လျှောက် ကြုံတွေ့လာသမျှသော အတားအဆီးမှန်သမျှကို သူစွမ်းသူစဖြင့်သာ ဖြေရှင်းကျော်လွှားခဲ့သည်။ ပြောရလျှင် အုပ်ချုပ်သူထိပ်ပိုင်း ခေါင်းဆောင်ဆိုသည်မှာလည်း ဖြစ်ပြီးသားကိစ္စတစ်ရပ်အပေါ် နောက်ကြောင်းပြန် အရေးတယူအာရုံစိုက် လေ့မရှိတတ်ကြ။

“ကျမမရှင်းတာက Graf ဟာအမျိုးသမီးတစ်ဦးမို့ ဒီလိုအရေးယူခံရတာလား။ သူ့တာဝန်အရ ယောက်ျား တစ်ယောက်လို လုပ်ခဲ့ရတာပဲ.. ခုတော့ ဒီအတွက်ကိုပဲ အရေးယူခံလိုက်ရပြီ…” ၁၉၉၀ တွင် အမေရိကန် ကယ်ဆယ်ရေး စစ်ရေယာဉ်- Opportune ၌ ပထမဆုံးအမျိုးသမီး စစ်ရေယာဉ်မှူးဖြစ်ခဲ့သူ Darlene Iskra က ဘ၀င်ကျဟန်မတူ။ သို့ရာတွင် Darlene ၏ပြောဆိုချက်က Graf ၏ပုံမှန်ရာထူးတိုးမြှင့်ခံရခြင်း၊ အမျိုးသမီး အရာရှိငယ်များမက်မောလောက်သော စစ်ရေယာဉ်ကြီးနှစ်စီးတွင် စစ်ရေယာဉ်မှူးတာဝန်အပ်နှင်းခံခဲ့ရခြင်း စသည့် လက်တွေ့ဖြစ်စဉ်များနှင့် အချိုးမညီ ဖြစ်နေခဲ့လေသည်။ တကယ်တော့ သူ့အား ထိပ်ပိုင်းရာထူး တိုးမြှင့်ပေးရန် အထက်ကရည်မှန်းထားချိန်တွင် အမှုစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ ပေါ်ထွက်လာခြင်းကြောင့် သာ အဆိုပါလျာထားချက်ပျက်ပြယ် သွားခဲ့ရခြင်းဖြစ်သည်။ ပိုပြီးအရေးပါသည့်အချက်က တာဝန်ထမ်းဆောင် ဆဲရော အငြိမ်းစားရေတပ်အရာရှိများအကြားမှာပါ “…Graf အနေဖြင့် အမျိုးသားတစ်ဦးဖြစ်သည့်တိုင် ယခုလိုကံကြမ္မာမျိုးမှ ရှောင်ကွင်းရုန်းထွက် နိုင်မည်မဟုတ်…” ဆိုသည်ကို တစိတ်တ၀မ်းတည်း သဘောတူ လက်ခံထားကြခြင်းဖြစ်လေသည်။

ရေတပ်တာဝန်ရှိသူတွေက Graf ဟာမိန်းမသားဖြစ်သည်ကြောင့် သူ့ကိုရာထူးက စောစောအနားပေးခြင်း မပြုခဲ့ပါဆိုသော်လည်း နောက်ဆုံးတွင် ဤအချက်ကြောင့်ပင်ဖြစ်သည်ဟုဆိုရပါတော့မည်။ အမေရိကန် ရေတပ်အတွင်း၌ အမျိုးသမီးများအပေါ် ထိပါးစော်ကားမှုရှိသည်၊ တန်းတူမဆက်ဆံဟု အပုပ်နဲ့ထွက်ခဲ့သော ၁၉၉၁ Taihook ကွန်ဖရင့်နောက်ပိုင်း အမျိုးသမီးစစ်မှုထမ်းများကို ပင်လယ်ပြင်သို့စေလွှတ်ကာ ယောက်ျား များနှင့်ရင်ဘောင်တန်း တာဝန်ထမ်းဆောင်စေခဲ့သည်။ ဤသို့လုပ်ဆောင်ရာ၌ ရေတပ်ဌာနအနေဖြင့် နိုင်ငံရေး အရ ဖိအားပေးမှုများကို ရင်ဆိုင်ခဲ့ရလေသည်။ သည်လိုနှင့် Graf တစ်ယောက် ပထမဆုံး နှစ်စီးရှင် စစ်ရေယာဉ်မှူးတစ်ဦးဖြစ်လာခဲ့သည်။ Graf အနေဖြင့် အဆိုပါစစ်ရေယာဉ်အမျိုးအစားများကို ဦးစီးပဲ့ကိုင်ရန် ယခုထက်ပို၍အတွေ့အကြုံများရန်လိုသည်ဟု အချို့သောအငြိမ်းစားစစ်ရေယာဉ်မှူးများက ယုံကြည်ကြသည်။ “ကျမတော့ Graf ကို ကိုယ်ချင်းစာမိတယ်။ အမျိုးသမီးတစ်ဦးကို စစ်ဗျူဟာကွင်းမှာ ယောက်ျားတွေနဲ့ပုခုံးချင်း ယှဉ်ပြီးလေ့ကျင့်ပေးရေး၊ တာဝန်ချထားရေး ဆောင်ရွက်ရာမှာ ရေတပ်ဌာနအတွက် အခက်ကြုံရတာတွေ ရှိပါတယ်။ Graf မှာ အဲဒီအတွေ့အကြုံသိပ်မရပါဘူး။ သင်တန်းသားအချို့သာ စမ်းသပ်ချက်တွေကို ကျော်လွှား နိုင်ပေမယ့် အဲဒီအထဲမှာ Graf  မပါပါဘူး။ သူဟာ အတော်ချာတဲ့ စစ်ရေယာဉ်မှူး ဖြစ်ခဲ့ပါတယ်…” ဟု စစ်ရေယာဉ် Wilbur Curtis ၌ Graf နှင့်အတူ တာဝန်ထမ်းဆောင်ဖူးသူ Nicole Waybright ကဆိုသည်။

Graf ၏ဖြစ်စဉ်ကြောင့် ရေတပ်လူသစ်စုဆောင်းသူများ အခက်တွေ့ကြရသည်။ Shawn Smith တို့ဇနီးမောင်နှံ နှစ်ဦးလုံး အငြိမ်းစားရေတပ်ဗိုလ်မှူးကြီးများဖြစ်သည်။ သူတို့၏ သမီးငယ် Erin Smith သည် Notre Dame တက္ကသိုလ်မှ ရေတပ်ဆိုင်ရာ ROTC ဘာသာရပ်အထူးပြုဖြင့် ဘွဲ့ရပြီးနောက် ၂၀၀၇ ခုနှစ်တွင် ရေတပ်၌ အမှုထမ်းရန် ဆုံးဖြတ်ခြင်းကို လင်မယားနှစ်ယောက်လုံး အားပေးထောပနာပြုခဲ့သည်။ Erin Smith ကလည်း မိဘများနည်းတူ ရေတပ်တွင် ထူးချွန်ပေါက်မြောက်မှုရှိစေရန် စိတ်အားထက်သန်သူ။ သည်လိုနှင့် Graf ဦးစီးပဲ့ကိုင်သော စစ်ရေယာဉ် Cowpens သို့ပြောင်းရွှေ့ရောက်ရှိလာတော့သည်။ သည်မှာပင် Erin ၏မူလ ရည်မှန်းချက် ဂငယ်ကွေ့ ကွေ့သွားခဲ့ရတော့သည်။… “စစ်ရေယာဉ်မှူး Graf  ရဲ့သင်္ဘောမှာ တာဝန်ထမ်းမှပဲ ကျမသမီးလည်း အလုပ်ထွက်တဲ့အဖြစ်ကို ရောက်တော့တယ်။ သမီးက ကျမတို့လင်မယားကို အားကျပြီး ရေတပ်ထဲကိုဝင်ခဲ့တာ၊ ခုတော့ သူ့ကိုတိုက်တွန်းခဲ့မိတာပဲ ကိုယ့်အပြစ်လို ခံစားရတယ်။ ဒီလိုခေါင်းဆောင် မှုမျိုးနဲ့ ကလေးတွေ တော့ဒုက္ခပါပဲ…” Shawn Smith က ဂရုဏာဒေါသောဖြင့် စကားဆိုသည်။

ယခုရေးခဲ့သော ဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းမှုကို Graf က ဖြေဆိုရန်ငြင်းဆန်ခဲ့လေသည်။ ခုချိန်မှာ တော့ သူဟာ Dahlgren ရှိ ရေတပ်လက်နက် စမ်းသပ်ရေးအလုပ်ရုံ၌ အကြီးအမှူးတစ်ဦး ဖြစ်နေပြန်ပြီ။ အဲဒီမှာလည်း သူ့အနေဖြင့် ပြဿနာတစ်စုံတစ်ရာမပေါ်မီ နှုတ်ထွက်ခွင့်တင်နိုင်လျင် ဂုဏ်သိက္ခာရှိစွာ အငြိမ်းစားယူနိုင်ပေလိမ့်မည်။ နို့မဟုတ်ပါသော် အလုပ်ခွင်ကလွင့်စင်သွားစေမယ့် ကြားနားစစ်ဆေးမှုကို ခံယူရဦးမည့် အခြေအနေ အလားအလာများက သူ့ကိုစောင့်ကြိုကမ်းလင့်နေမည်မှာ သေချာသလောက်ပင်။  ။
(အကြောင်းအရာလေးကို စိတ်ဝင်စားလွန်းသဖြင့် မိမိဥာဏ်မီသမျှ ကြိုးစားဘာသာပြန်ကြည့်ခြင်းမျှသာ)

မူရင်း- The Sea Witch (Time, March, 2010)

အားလုံးကိုလေးစားလျက်ပါ

နေမင်းသူ
၁၁ ဇူလိုင် ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...