Wednesday, August 17, 2011

ကျွန်တော်မမေ့နိုင်တဲ့ ဩ၀ါဒ

လူ့ဘ၀မှာ မွေးလာတယ်။ တစ်ချိန်ကျတော့ သေတယ်။ ဒီခရီးကို လူတိုင်း လျှောက်ကြရ ပါတယ်။ ငယ်စဉ်က ပညာရှာတယ်။ အရွယ်ရောက်တော့ စားဝတ်နေရေး အတွက် အလုပ်လုပ်ကြ၊ စီးပွား ရှာကြတယ်။ အချိန်တန်တော့ အနားယူတယ်။ အငြိမ်းစား ဘ၀မှာ တရားဘက် ဆက်လိုက်သူ ကလည်း လိုက်ကြတာပေါ့။ ဒီလိုနှင့် အိုလာတယ်။ နာလာတယ်။ နောက်ဆုံး သေတယ်။


လူ့ဘ၀ ခရီးကို ဒီလို ဖြတ်သန်း နေကြချိန်မှာ လူတိုင်းဟာ များပြားလှတဲ့ ဆုံးမ သြ၀ါဒတွေကို နားထောင် ခဲ့ကြရတာပေါ့။ လူမှန်းသိစ အရွယ် မှစပြီး မိဘက ဆိုဆုံးမခဲ့တယ်။ ပညာ သင်ချိန်မှာ ဆရာ၊ ဆရာမများရဲ့ ဆုံးမ သြ၀ါဒတွေ၊ အလုပ် ၀င်လုပ်ကြတော့ အထက် အရာရှိရဲ့ ဆုံးမသြ၀ဒါ တွေပေါ့။ ဒါတွေအပြင် ဗုဒ္ဓ စာပေနှင့် အခြားစာပေ တွေ၊ လူကြီး သူမတွေ၊ အတွေ့အကြုံ ရင့်ကျက်တဲ့ ပညာရှင်တွေ စသည်ဖြင့် ပုဂ္ဂိုလ်မျိုးစုံ၊ နေရာ မျိုးစုံမှ သြ၀ါဒတွေ ရကြပါတယ်။

ဒီလို ရလာခဲ့ကြတဲ့ အဆုံးအမ သြ၀ါဒတွေကို ဘယ်လောက်အထိ နာယူမှတ်သား လိုက်နာ ကြတယ်။ ကျင့်သုံးကြတယ် ဆိုတာကတော့ ပုဂ္ဂိုလ်တစ်ဦးချင်း အပေါ် မူတည်တာပေါ့လေ။ အချို့ သြ၀ါဒတွေက ဘယ်ဘက်နားမှ ၀င်ပြီး ညာဘက်နားမှ ထွက်သွားတယ်။ အချို့ကျတော့ အချိန် အတိုင်းအတာ တစ်ခုအထိ စိတ်ထဲ စွဲကျန် ခဲ့တယ်။ တချို့ သြ၀ါဒကျတော့ အိုမင်း ရင့်ရော် လာသည့်တိုင် မမေ့ဘူး။ မိမိဘ၀ တစ်လျှောက်လုံးမှာ မီးရှူး တန်ဆောင်သဖွယ် ဖြစ်ခဲ့ကြတယ်။ လမ်းညွှန်ထိန်းကြောင်း ပေးခဲ့ကြပါတယ်။

အဲဒီလို မမေ့နိုင်တဲ့ အဆုံးအမ သြ၀ါဒမျိုး ကျွန်တော် ရခဲ့ဖူးပါတယ်။ အသက်၂၀ နှင့် ၂၁ နှစ်တုန်းကပေါ့။ ကျွန်တော် ယခုအသက် ၈၁ နှစ်ရှိပြီ။ နှစ်ပေါင်း ၆၀ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ဒီသြ၀ါဒ နှစ်ခုကို ကျွန်တော် မမေ့ဘူး။ စိတ်ထဲမှာ စွဲမြဲနေတုန်းပါပဲ။

ပဋ္ဌမသြ၀ါဒ
၁၉၄၉-၅၁ ခုနှစ်တုန်းက အင်္ဂလန်က ဘုရင့် စစ်တက္ကသိုလ်မှာ(Royal Military Academy, Sandhuhst) ဗိုလ်လောင်းသင်တန်း တက်ခဲ့ ပါတယ်။ လွတ်လပ်ရေး ရပြီးစ ကျွန်တော်တို့ တပ်မတော်မှာ “ဗိုလ်သင်တန်းကျောင်း” သာ ရှိပြီး “စစ်တက္ကသိုလ်” မဖွင့်ရသေးတော့ အင်္ဂလန် က ဘုရင့် စစ်တက္ကသိုလ်ကို ၁၉၄၇ခုနှစ်မှစပြီး နှစ်စဉ်ဗိုလ်လောင်း အချို့စေလွှတ်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မေလမှာ ကျွန်တော် အပါအ၀င် ဗိုလ်လောင်း လေးယောက် စေလွှတ်ခဲ့တယ်။ ဘုရင့် စစ်တက္ကသိုလ်ကို စေလွှတ်တဲ့ တတိယ အသုတ်ပေါ့။

သင်တန်းတက်စဉ် အရပ်ဘက် တက္ကသိုလ် တစ်ခုရဲ့ နှစ်ပတ်လည် မဂ္ဂဇင်းတစ်စောင်မှာ တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အကြောင်း ဖတ်လိုက် ရပါတယ်။ အင်္ဂလိပ် မင်းမျိုးမင်းနွယ် ထဲက ပုဂ္ဂိုလ် ကြီးတစ်ဦးက ဘွဲ့ရ ကျောင်းသားတွေကို ပြောခဲ့တဲ့ မိန့်ခွန်း အပြည့်အစုံ ဖော်ပြထားတယ်။ မိန့်ခွန်းပါ သြ၀ါဒက အနှစ်သာရ ပြည့်ဝလွန်းလို့ ကျွန်တော် နှစ်ခြိုက်သွားပြီး မှတ်သားခဲ့တယ်။ သြ၀ါဒ အကျဉ်းက ဒီလိုပါ။

“မင်းတို့ တတွေ ကျောင်းပညာ သင်ကြားခြင်း ပြီးဆုံးခဲ့ပြီ။ ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းတွေ မှာ အလုပ်ဝင်ကြတော့မယ်။ ရှေ့ဆက်ပြီးတော့ လည်း အငြိမ်းစား ယူချိန်အထိ လုပ်သွားကြလိမ့် မယ်။ ဒီလို အလုပ်တွေ လုပ်ကြရာမှာ မင်းတို့စိတ်ထဲ စွဲစွဲမြဲမြဲ ထားပြီး လုပ်ကိုင်သင့်တာ တစ်ခုရှိတယ်။ ဒီအကြောင်း မင်းတို့ကို ငါပြောချင်တယ်။ ငါမှာ ချင်တယ်”

လုပ်သက် တစ်လျောက်မှာ ရာထူးအဆင့် အမျိုးမျိုးနှင့် လုပ်ငန်း တာဝန် အမျိုးမျိုးကို မင်းတို့ လုပ်ကြလိမ့်မယ်။ မင်းတို့ အလုပ်ဝင်တဲ့ လုပ်ငန်း ဌာနမှာ အရာရှိအချို့က ထိပ်ပိုင်းရာထူး အဆင့်ထိ တက်သွားကြသလို အချို့ကျတော့လည်း အလယ်အလတ် အဆင့်နဲ့ပဲ ပြီးဆုံးသွားကြတာ မင်းတို့ တွေ့လိမ့်မယ်။ ဒါကလည်း သဘာဝကျပါတယ်။ဘယ်လိုလုပ်ပြီး လူတိုင်း အထွတ်အထိပ်ကို ရောက်နိုင်မလဲ။ ဒီလို သဘောရှိလို့ အခြားသူ တွေမရောက်ကြပေမယ့် ငါရောက် နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မင်းတို့ မွေးရမယ်။

အရေးကြီးတာက ဘယ်အဆင့်နှင့် ဘာလုပ်ငန်း တာဝန်ပဲ လုပ်ရ၊ လုပ်ရ၊ ကိုယ်လုပ်ရတဲ့ အလုပ်ကို မိမိရဲ့ ကိုယ်စွမ်း ရှိသ၍၊ ဥာဏ်စွမ်းရှိ သ၍နှင့် အကောင်းဆုံး ဖြစ်အောင် လုပ်ကြဖို့ပဲ။ အိတ်သွန်ဖာမှောက် လုပ်ကြ၊ မခိုမကပ်နဲ့။မိမိ လုပ်ရတဲ့ အလုပ်တိုင်းကို အဲဒီလို စိတ်ဓာတ်နဲ့ လုပ်ကြ။ သေးငယ်တဲ့ အလုပ်ပဲ အရေး မကြီးတဲ့ အလုပ်ပဲလို့ သဘောထားပြီး မိမိ လုပ်နိုင်တာထက် လျော့ပြီး မလုပ်နှင့်။ မင်းတိုင်းကျေ မလုပ်နဲ့ အလုပ် တစ်ခုဟာ ကြီးကြီးသေးသေး မင်းလုပ်တဲ့ အလုပ်တိုင်းဟာ ထိပ်တန်းကြီးပဲလို့ မင်းရဲ့အထက်လူကြီး များကရော၊ လုပ်ဖော် ကိုင်ဖက်များကပါ မြင်ကြ၊ ပြောဆို လာကြအောင် လုပ်ရမယ်။

ယုတ်စွအဆုံး ပြောမယ်ကွာ။ တံမြက်စည်း လှည်းတဲ့အလုပ် လုပ်ရရင်တောင် မင်းလှည်း ကျင်းခဲ့တာထက် ပိုမို ကောင်းမွန်အောင် ဘယ်သူမျှ ထပ်မလှည်းနိုင်တဲ့ အဆင့်မျိုး ရောက်အောင် လှည်းရမယ်။ အေး တစ်ခုတော့ ရှိတယ်ကွ။ ဒီလို မင်း အစွမ်းကုန် လုပ်နေတာဟာ အထက်လူကြီးက စောင့်ကြည့်နေလို့ လုပ်တာမျိုးတော့ မဖြစ်စေနဲ့။ လုပ်ငန်း ပြီးစီးသွားလျှင် လာရောက်စစ်ဆေး မှာမို့ လုပ်တာမျိုးလည်း မဖြစ်စေနဲ့။ မင်းတို့ ကြပ်မတ် စောင့်ကြည့်နေသူ ရှိရှိ၊ မရှိရှိ။ လုပ်ငန်း အစစ်ဆေး ခံရဖို့ ရှိရှိ၊ မရှိရှိ အကောင်းဆုံး ဖြစ်အောင် လုပ်တာမျိုး၊ အစွမ်းကုန် လုပ်တာမျိုးသာ ဖြစ်ပါစေ။ ကြီးကြပ်မှု မရှိဘဲနဲ့ လုပ်နိုင်သူ ဖြစ်ပါ စေ။

ဒီလိုသာ မင်းတို့လုပ်ကြ၊ ကိုင်ကြမယ်ဆိုရင် မင်းတို့ အောင်မြင်မှာ သေချာတယ်။ အထက် လူကြီးတိုင်းက ဒီလို လုပ်ကိုင်တဲ့၊ စိတ်ချရတဲ့ လက်အောက်ငယ်သားကို သတိပြုမိတယ်။ သဘောကျတယ်။ တန်ဖိုး ထားကြတယ်။ အလုပ်တစ်ခု ခိုင်းလိုက်လျှင် အစွမ်းကုန် ကြိုးစား လုပ်တဲ့သူ၊ မဖြစ်ဖြစ်အောင် ကြိုးစား လုပ်သူ၊ ယုံကြည် စိတ်ချရသူ တစ်ယောက်ရယ်လို့ အထက် လူကြီးတွေက မင်းကို မြင်လာပြီ ဆိုလျှင် မင်းရဲ့ တိုးတက်ရေး လမ်းစ ပွင့်သွားပြီလို့ မှတ်ပေတော့။

အလုပ်လုပ်တဲ့ အခါမယ် ပျာယိပျာယာ မလုပ်နဲ့။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်နှင့်လုပ်။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလုပ်။ ဒါက မင်းဒီအလုပ်ကို ဘာအခက်အခဲမျှ မရှိဘဲ လုပ်နိုင်စွမ်း ရှိတယ် ဆိုတာကို ပြလိုက်တာပဲ။ အခက်အခဲတွေ များလွန်းလို့ အနိုင်နိုင် လုပ်နေရရင်တောင် ဒီလို ဖြစ်နေတာကို အခြား သူတွေ မြင်ဖို့၊သိဖို့ မလိုဘူး။ သူတို့ မြင်နေရမှာ သိနေရမှာက မင်းအနေနဲ့ ဒီအလုပ်ကို အခက် အခဲမရှိ လုပ်နေတယ်ဆိုတာပဲ ဖြစ်ရမယ်။

ငန်းတွေ၊ ၀မ်းဘဲတွေ ရေကန်ထဲမှာ ရေကူး နေကြတာ မြင်ဖူးကြမှာပေါ့။ ဘယ်လောက် ကြည့်ကောင်းလဲ။ လည်တိုင်မော့မော့၊ ခေါင်းမော့မော့ နှင့်ကြော့ကြော့လေးရယ်။ အားခွန် မစိုက်ဘဲ ရေ ပေါ်မှာ ငြိမ့်ငြိမ့်လေး သွားနေတယ်လို့ ထင်ရတယ် မဟုတ်လား။တကယ် ဖြစ်နေတာက အဲဒီလို မဟုတ်ဘူး။ မင်းတို့ရဲ့ ဦးခေါင်းကို ရေထဲနှစ်လိုက်ပြီး ငန်းရဲ့ရေထဲက ကိုယ်ပိုင်းကို ကြည့်လိုက် စမ်းပါ။ ငန်းရဲ့ ခြေထောက်နှစ်ချောင်း ဘယ် လောက်မြန်မြန် ယက်နေကြတယ်ဆိုတာ တအံ့ တသြ မင်းတို့ တွေ့ကြမယ်။ ရေပေါ်မြင်ကွင်းနဲ့ ရေအောက်မြင်ကွင်း တခြားစီပဲ မဟုတ်လား။

“အေး အလုပ်လုပ်ရင် အဲဒီလို အသွင်မျိုး ဖြစ်အောင်လုပ်ကြ။ ခွေးရေကူးသလို မလုပ်ကြ နဲ့”တဲ့။

ဟုတ်တာပေါ့။ ခွေးရေကူးတဲ့ မြင်ကွင်းကို စိတ်နဲ့ မှန်းကြည့်လိုက်လျှင် ဒီပုဂ္ဂိုလ်ကြီး ဘာဆို လိုတယ်ဆိုတာ သိနိုင်ပါတယ်။
ပုဂ္ဂိုလ်ကြီးက ဘွဲ့ရလို့ ကျောင်းသားများကို အဲဒီလို ဆုံးမသြ၀ါဒ ပေးသွားပါတယ်။ ဒီသြ၀ါဒ ကို ကျွန်တော် အလွန်နှစ်ခြိုက်ခဲ့ပါတယ်။ မှတ် သားထားပြီး မိမိ လုပ်သက်တစ်လျှောက်လုံးမှာ လိုက်နာကျင့်သုံးခဲ့ပါတယ်။ လုပ်သက်ရင့်လာ သည်နှင့်အမျှ အဆင့်မြင့် တာဝန်တွေယူလာခဲ့ ရသည်နှင့်အမျှ ဒီသြ၀ါဒရဲ့ တန်ဖိုးကိုပို၍ ပို၍ သိလာခဲ့ပါတယ်။ ဒီလို စိတ်ထား၊ ဒီလို စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်လျှင် အောင်မြင်ဖို့ အခွင့်လမ်းတွေ သိသိသာသာကြီး တန်းတက်လာတာကို တွေ့ခဲ့ရပါ တယ်။ဒီသြ၀ါဒ ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကို ကျေးဇူး တင်ဆဲပါပဲ။ ဒါက ဗိုလ်လောင်း ဘ၀က ရခဲ့တဲ့ ကျွန်တော် မမေ့နိုင်တဲ့ သြ၀ါဒပါပဲ။


ဒုတိယ သြ၀ါဒ
ဒုတိယ သြ၀ါဒက ကျွန်တော့်ရဲ့ ပထမဦး ဆုံး တပ်ရင်းမှူးရဲ့ သြ၀ါဒ ဖြစ်ပါတယ်။
၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ မှာ ဘုရင့် စစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီး ဒု ဗိုလ်ဖြစ်လာကြတယ်။ ကျွန်တော်နဲ့ ဒုဗိုလ်ညွန့် တင် (ဗိုလ်မှူးကွယ်လွန်)ကို အမြောက်တပ်ဖွဲ့မှာ တာဝန်ချပြီး ဗြိတိသျှ တပ်မတော်ရဲ့ အမြောက် သင်တန်းကျောင်းမှာ အမြောက်ပညာ ဆက်သင် စေခဲ့ပါတယ်။ အမြောက် တပ်ဖွဲ့နဲ့ ဆက်စပ်တဲ့ အခြား ပညာတွေကိုလည်း သက်ဆိုင်ရာ စစ် ကျောင်းတွေမှာ ဆက်လက် ဆည်းပူးပြီး မြန်မာ နိုင်ငံကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလထဲမှာ ပြန်ရောက် ကြပါတယ်။ မိခင် တပ်ရင်းဖြစ်တဲ့ အမှတ် (၁) အမြောက်တပ်ရင်းကို သတင်းပို့ ကြတာပေါ့။

တပ်ရင်းက ရန်ကုန်မြို့ ဘောက်ထော် ရပ်ကွက်မှာ ရှိပါတယ်။. ယခုတပ်မတော် မှတ်တမ်းရုံး နေရာပေါ့။ အဲဒီတုန်းက တပ်မတော်မှာ အမြောက်တပ်ရင်း တစ်ရင်းသာ ရှိပါသေးတယ်။ တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီးဘရွှေ (ဗိုလ်မှူးကြီး သံအမတ်ကြီး (ငြိမ်း) ကွယ်လွန်) ။ တပ်ရင်းကို ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့ကမှ ဖွင့်ခဲ့တာ။ ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး အတွက် တည်ထောင်ရတာပါ။ အမြောက်တပ်ခွဲ သုံးခွဲ၊ တစ်ခွဲလျှင် တပ်စုနှစ်စု၊ တပ်စုတစ်စုလျှင် ၂၅ ပေါင်ဒါ အမြောက်လေးလက်စီ တပ်ဆင်ထား ပါတယ်။

သောင်းကျန်းမှုက အရှိန်အဟုန် တက်နေ ပြီမို့ စုဆောင်းရသမျှ အင်အားနှင့် တပ်စုတွေ၊ တပ်ခွဲတွေ ဖွဲ့စည်း၊ လေ့ကျင့်ပြီးတာနဲ့ စစ်ဆင်ရေး ထွက်ကြပေါ့။ တပ်စုတစ်စု လေ့ကျင့်ပြီးတာနဲ့ စစ်ဆင်ရေးမှာ ထုတ်သုံးရတဲ့ အခြေအနေ ပေါ့ခင်ဗျ။ ကျွန်တော်တို့ နှစ်ယောက် တပ်ရင်းကို သတင်း ပို့ချိန်မှာ တပ်စု ငါးစုဖွဲ့စည်းပြီးပြီ။ တပ် မဟာနယ်မြေ အသီးသီးမှာ တွဲဘက်တာဝန် ထမ်းနေကြပါပြီ။

ထိုစဉ်က အမြောက်တပ်စုရဲ့အင်အားက ၆၄ ယောက် ရှိတယ်။ ခြေလျှင်တပ်စု အင်အားထက် နှစ်ဆနီးပါးလောက်ပေါ့။အရာရှိ ၃ယောက်၊ ဒု အရာခံ ဗိုလ် ၁ ယောက်၊ တပ်ကြပ်ကြီး ၆ ယောက်၊ အကြပ်တပ်သား ၅၄ ယောက်ရှိပြီး အဖွဲ့လေးဖွဲ့ ဖွဲ့ပြီးသုံးတယ်။ အမြောက်ပစ်တဲ့ အဖွဲ့၊ အမြောက်ပစ်ဖို့ ထွက်ချက်ပေးတဲ့ အကူအဖွဲ့(Technical Assistants) ၊ ရှေ့တန်း အကဲကြည့် အဖွဲ့နဲ့ အမြောက် စခန်းကို ၀ိုင်ယာလက်စက်၊ တယ်လီဖုန်းတို့နဲ့ ဆက်သွယ်ပေးတဲ့ ဆက်သွယ် ရေးအဖွဲ့၊ မော်တော်ယာဉ် အဖွဲ့တို့ ဖြစ်ပါတယ်။
အမြောက် သင်တန်းကျောင်းလည်း မရှိသေး တော့ တပ်ရင်းမှာပဲ စစ်သည်များကို အမြောက် ပညာ သင်ကြား ပေးရတာပေါ့။ တပ်ခွဲမှူးက ဦးဆောင်ပြီး ၀ါရင့် အကြပ်ကြီးများနှင့် လေ့ကျင့် ပေးရတယ်။ တစ်ဦးချင်း လေ့ကျင့်မှုပြီးတော့ အဖွဲ့ လိုက် လေ့ကျင့်ကြ၊ အဖွဲ့လိုက် အဆင့်မီ လာတာနှင့် အဖွဲ့အားလုံး စုပေါင်းပြီး အမြောက်တပ်စု အဖြစ် စုပေါင်း လေ့ကျင့်ကြတယ်။ အဆင့်မီ လာတာနဲ့ စစ်ဆင်ရေးမှာ စသုံးတာပေါ့။

တပ်ရင်းမှူးကြီးက ဒုဗိုလ်ညွန့်တင်ကို တပ်ခွဲ (၂)၊ ကျွန်တော့်ကို တပ်ခွဲ (၃) မှာ နေရာချ လိုက်ပါတယ်။ မကြာမီမှာပဲ လူအင်အား အခြေအနေ ပေးလာတော့ တပ်စု(၆)ကို ဖွဲ့စည်းပါတော့ တယ်။ တပ်စု (၆)ရဲ့ အသစ်စက်စက် တပ်စုမှူး လေးက ကျွန်တော် မောရနွယ်မောက်ပါ။ ဖွဲ့စည်း ပုံအရ အရာရှိ ၃ယောက် ဆိုပေမယ့် အရာရှိ မလုံလောက်တော့ ကျွန်တော် တစ်ယောက်တည်းပေါ့။ အဲဒီခေတ် ကာလတုန်းက ဗိုလ်သင်တန်း ကျောင်းမှ ဆင်းလာတဲ့ အရာရှိငယ်ကို အင်္ဂလန် လွှတ်ပြီး အမြောက်ပညာ သင်စေရတဲ့ ခေတ် ဖြစ်ပါတယ်။

အမြောက် ပညာရပ် အ၀၀ကို လေ့ကျင့် သင်ကြားပေးရတာ ကျွန်တော့်အတွက် အခက် အခဲ မရှိပါဘူး။ ဒါပေမယ့် ဒုဗိုလ်ပေါက်စ ဖြစ် ပြီး တပ်အတွေ့အကြုံ မရှိသေးတော့ စီမံ ကွပ်ကဲမှု ကိစ္စတွေ၊ အုပ်ချုပ်ရေး ကိစ္စတွေမှာ အလွန် အားနည်းပါတယ်။ ဒါတွေကို လမ်းညွှန်ကြပ်မတ် ပေးမယ့် တပ်ခွဲ (၃) တပ်ခွဲမှူးကလည်း စစ်ဆင်ရေး ထွက်နေတော့ အနီးကပ် အထက်အရာရှိ မရှိပြန်ဘူး။ ဒီတော့ တပ်ရင်းမှူးကပဲ ဒီကိစ္စတွေ မှာကျွန်တော့်ကို သင်ပေးရ၊ ကြပ်မတ်ပေးရပါ တယ်။ သာမန်အားဖြင့် တပ်ရင်းမှူးနဲ့ ဒုဗိုလ် ပေါက်စတို့ဟာ တိုက်ရိုက် ထိတွေ့မှု နည်းကြ ပေမယ့် တပ်ရင်းမှူးက ကျွန်တော့်ရဲ့ တပ်ခွဲမှူး လို ကျွန်တော့်ကို ကြပ်မတ်ရ၊ သင်ကြားပေးနေ တော့ ထိတွေ့မှု များတာပေါ့။

ရုံးပိတ်ရက် တစ်ရက်မှာ တပ်ရင်းမှူးကြီးနဲ့ ကျွန်တော်တို့ နှစ်ယောက်တည်း အရာရှိ ရိပ်သာမှာ ဆုံမိကြပါတယ်။လေ့ကျင့်ရေး ကိစ္စနဲ့ အခြား အုပ်ချုပ်ကိစ္စတွေ မေးမြန်းရင်းနဲ့ ကျွန်တော့်ကို သင်ကြားနေတယ်။ တပ်ကောင်းတစ်ခု ဖြစ်လာဖို့ တပ်မှူးအပေါ် ဘယ်လောက်မူတည်တယ်။တပ်မှူး တော်လျှင်တော်သလို တပ်တိုးတက်တယ်၊ တပ် တစ်တပ်ဟာ စစ်ရေး စွမ်းရည်မြင့်ရမယ့် အပြင် အုပ်ချုပ်ရေး စွမ်းရည်လည်း မြင့်ရမယ်။ တပ်စည်း ကမ်းကောင်းဖို့ အရေးကြီးပုံ၊ ကိုယ့်တပ်က စွမ်းရည်မြင့်မှ တိုက်ပွဲမှာ အောင်မြင်နိုင်မယ်။ မိမိတပ်ကို တပ်ကောင်း တစ်တပ်ဖြစ်အောင် တည်ဆောက်ဖို့ အရေးကြီးပုံကို ပြောပြတယ်။ သြ၀ါဒပေးပါတယ်။

ခါတိုင်းဆိုလျှင် သူ့ရုံးခန်းမှာ သွားတွေ့ပြီး ကျွန်တော် တင်ပြရန် ရှိသည်များကို တင်ပြတယ်။ တပ်ရင်းမှူးကြီးကလည်း အဆုံးအဖြတ် ပေးရန် ရှိတာတွေကို ဆုံးဖြတ်ပေးတယ်။ ညွှန်ကြားစရာ ရှိတာတွေကို ညွှန်ကြားတယ်။ ဒါတွေ ပြီးတာနဲ့ အလေးပြုပြီး ပြန်ထွက်၊ ကိုယ့်သင်တန်း ရှိရာ ပြန်တာပဲ။ အဲဒီနေ့ကတော့ ရုံးပိတ်ရက်လည်းဖြစ်၊ အရာရှိ ရိပ်သာထဲမှာ နှစ်ယောက်တည်း ရှိပြီး အေးအေးလူလူ စကား ပြောနေကြတော့ စကားတွေ အများကြီး ပြောဖြစ်တာပေါ့။ ပညာရခဲ့ပါ တယ်။

တပ်ရင်းမှူးကြီး ပြောခဲ့တဲ့ သြ၀ါဒတွေထဲက သြ၀ါဒ အချို့ကို ကျွန်တော် အလွန် နှစ်ခြိုက်ခဲ့ပါ တယ်။ ကျွန်တော့်ခေါင်းထဲ စွဲကျန်ခဲ့ပါတယ်။ ဒါက
“ဗိုလ်ရွှေသန်း၊ မင်းက ယခုမှ ကျောင်း ဆင်းစ ဒုဗိုလ်ပဲ ရှိသေးတယ်။ ဒါပေမယ့် မင်းက တပ်စု အသစ်ကို ကိုယ်တိုင်ဖွဲ့စည်း၊ ကိုယ်တိုင် လေ့ကျင့်ပေးပြီး စစ်ဆင်ရေး တင်နိုင်တဲ့အဆင့် ရောက်အောင် မင်းလုပ်နေရတယ်။တပ်စု (၆)ဟာ ဘယ်လောက်ကောင်းတဲ့ တပ်စုဖြစ်လ မယ်ဆို တာ မင်းအပေါ်မှာ လုံးလုံး တည်နေတယ်။ ဘာကြောင့်ဆိုတော့ မင်းပဲ တပ်စုမှူး၊ မင်းပဲ ဒီ တပ်စုကို လေ့ကျင့် ပေးနေတာကိုး။ မင်းတော်လျှင် တော်သလောက် တပ်စု (၆)ဟာ တပ် ကောင်းဖြစ်လာလိမ့်မယ်။ မင်းမွေးထုတ်လိုက်တဲ့ တပ်စု (၆) နဲ့ပဲ မင်းစစ်ဆင်ရေး ၀င်ရမယ်။

တချိန်ကျလျှင် မင်းဒီတပ်စုကနေ အခြား တပ်စုကို ပြောင်းကိုင်ရလိမ့်မယ်။ ဒီတပ်ရင်းမှာပဲ ဖြစ်နိုင်သလို နောင်ဖွင့်ရဦးမယ့် တပ်ရင်းတွေ မှာလည်း ဖြစ်နိုင်တယ်။ တပ်စုမှူးကနေ တပ်ခွဲမှူး၊ တပ်ရင်းမှူး အဆင့်ဆင့်ဖြစ်လာမယ်။ တာဝန်တွေ တိုးယူလာရမယ်။ တပ်ခွဲမှူး ဘ၀မှာ တပ်ခွဲတွေ ပြောင်းကိုင်ရသလို တပ်ရင်းမှူး ဘ၀မှာလည်း တပ်ရင်းတွေ ပြောင်းကိုင်ရမှာပဲ။ ဒါက တို့တပ်တွေမှာ ဖြစ်ရိုးဖြစ်စဉ်ပဲ။

ဒါနဲ့ ပတ်သက်ပြီး မင်းကို ငါတစ်ခုမှာမယ်။ တပ်ဟောင်းကနေ တပ်သစ်ကို မင်းပြောင်းတဲ့ အခါမယ် တပ်မှူးသစ်ကို မင်းလွှဲပေးခဲ့မယ့် မင်း ရဲ့တပ်ဟာ အဲဒီတပ်ကို မင်းစကိုင်တုန်းကထက် အဘက်ဘက်မှာ ပို၍ တော်နေတဲ့၊ ပို၍ ကောင်းနေတဲ့ တပ်ဖြစ်ပါစေ။ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း ဘယ်အဆင့်ဖြစ်ဖြစ် အဲဒီလို လွှဲပေးနိုင်ရမယ်။ အဲဒီလို မဟုတ်ဘဲ ဒီတပ်ကို မင်းလွှဲယူစဉ်တုန်း ကလည်း ဒီအဆင့်၊ ယခု မင်းလွှဲ ပေးလိုက်တော့လည်း ဒီတပ်ဟာ ဒီအဆင့်ပဲ ရှိနေတယ်ဆိုရင် မင်းဟာ တပ်မှူးကောင်း မဖြစ်ခဲ့ဘူး။ ခပ်ညံ့ညံ့ တပ်မှူးပဲကွ။

ဘာကြောင့် ခပ်ညံ့ညံ့ တပ်မှူးလို့ ပြောရလဲ ဆိုတော့ မင်း ဒီတပ်ကို ကိုင်ခဲ့တဲ့ကာလ တစ်လျှောက်လုံးမှာ ဒီတပ်ရဲ့ အရည်အသွေး တိုးတက် မြင့်မားလာအောင် မင်းမလုပ်ခဲ့ဘူး ဆိုတာ ထင်ရှား နေလို့ပေါ့။ ကိုယ်ကိုင်တဲ့ တပ်ကို စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်တွေ မြင့်လာအောင်၊ စည်းကမ်းပိုကောင်းလာအောင် မင်း ဘာတစ်ခုမျှ မလုပ်ခဲ့လို့ ဒီတပ်မ တိုးတက်တာပေါ့။ ရှင်းနေ တာပဲ။

မင်း ဘယ်တပ်ရောက်ရောက် ငါပြောတာ မမေ့နဲ့။ ခပ်ညံ့ညံ့တပ်မှူး မဖြစ်စေနဲ့” တဲ့။

တပ်ရင်းမှူးကြီးက အဲဒီလို ကျွန်တော့်ကို သြ၀ါဒ ပေးခဲ့တယ်။ စစ်သက် အလွန် နုသေးတဲ့ ဒုဗိုလ်ပေါက်စ ကျွန်တော့်ကို တပ်ရင်းမှူးကြီးက အလွန် လက်တွေ့ကျပြီး အကျိုးများ လှတဲ့ သြ၀ါဒကို နှစ်ဦးချင်း စကားပြောရင်း ပြောကြားခဲ့တာကို ကျေးဇူးတင် မဆုံးပါဘူး။ ဒါက ဒုဗိုလ်ပေါက်စ ဘ၀က ရခဲ့တဲ့ ကျွန်တော် မမေ့နိုင်တဲ့ ဒုတိယ သြ၀ါဒဖြစ်ပါတယ်။

ကျွန်တော် မမေ့နိုင်တဲ့ သြ၀ါဒ နှစ်ခုမှာ ပထမ သြ၀ါဒက ဘာအလုပ်ပဲ လုပ်ရ၊ လုပ်ရ မိမိကိုယ် စွမ်း၊ ဥာဏ်စွမ်း ရှိသလောက် အကောင်းဆုံး ဖြစ်အောင်လုပ်ဖို့ ကြီးကြပ်မှု မရှိဘဲနဲ့ အောင်မြင် ပြီးမြောက်အောင် ကြိုးစားလုပ်ဖို့။ ဒုတိယက မိမိ ဦးဆောင် ကွပ်ကဲရတဲ့ တပ်ကို မိမိလက်ထက်မှာ ပို၍ အရည်အချင်း ပြည့်ဝတဲ့ အောင်မြင်တဲ့ တပ် ဖြစ်လာအောင် ကြိုးစား တည်ဆောက်ဖို့၊၊ ဦးဆောင်ဖို့ ဖြစ်ပါတယ်။ မိမိကြားခဲ့၊ သိခဲ့ရတဲ့ သြ၀ါဒ များစွာထဲမှာ ဒီသြ၀ါဒ နှစ်ခုဟာ ကျွန်တော် အနှစ် ခြိုက်ဆုံး သြ၀ါဒများ ဖြစ်ခဲ့တယ်။ ဒီသြ၀ါဒများ အတိုင်း ကြိုးစားလုပ်ခဲ့ပါတယ်။ ဘယ်လို လိုက် နာကျင့်သုံးခဲ့ပါလဲ။ ရလဒ်တွေက ဘယ်လိုပါလဲ။ တပ်ရင်းမှူးကြီး သြ၀ါဒ ပေးချိန်က တပ်စု (၆) ကို အသစ် ဖွဲ့စည်းပြီး စစ်ဆင်ရေး တင်နိုင်တဲ့ အဆင့်ရောက်အောင် ကျွန်တော် စတင်လေ့ ကျင့်ပေးနေပြီ။

သြ၀ါဒနှစ်ခုကို ကျွန်တော် ပေါင်းစပ် ကျင့်သုံးခဲ့ပါတယ်။ မိမိတတ်သမျှ၊ မှတ်သမျှနဲ့ အစွမ်းကုန် သင်ကြားတယ်။ ပြင်းပြင်း ထန်ထန် လေ့ကျင့်ကြတယ်။ ကျွန်တော်ကံ ကောင်းတာ တစ်ခုရှိပါတယ်။ တပ်စု(၆)စစ်သည် များရဲ့ပျမ်းမျှ အသက်ဟာ တပ်ရင်းမှာ အငယ် ဆုံးပဲ။ အသက်အကြီးဆုံးက ဒုအရာခံ ဗိုလ် စိန်လွင်၊၃၀ မပြည့်သေးဘူး။ အကြပ်ကြီးတွေက ၂၅ နှစ်ဝန်းကျင်၊ ကျန်အကြပ် တပ်သားတွေက ၂၀ နှစ်ဝန်းကျင်တွေပါ။ တပ်စုမှူး ကျွန်တော်က ၂၁နှစ်။ အားလုံး နီးပါးဟာ လူပျိုတွေ။ အသက် တွေငယ်ကြတော့ ပင်ပန်းဒဏ်ကို ပိုခံနိုင်ကြတာပေါ့။ စစ်သည် တစ်ဦးချင်း လေ့ကျင့်မှု၊ အဖွဲ့လိုက် လေ့ကျင့်မှု၊ အမြောက်တပ်စု တစ်စုလုံး စုပေါင်း လေ့ကျင့်မှုတွေကို တစ်ဆင့်ပြီး တစ်ဆင့် ကျွန်တော်တို့ အားသွန်ခွန်စိုက် လုပ်ကြတယ်။ အဲဒီတုန်းက ကဗျာစာဆိုကြီး ဒေါက်တာစိုးညွန့် (ထီလာစစ်သူ၊ ကွယ်လွန်)က ကျွန်တော့်တပ်စုက ဒုတပ်ကြပ် ပေါ့။


ဒီလို လေ့ကျင့်လိုကတော့ တပ်စု (၆)ဟာ တပ်ရင်းမှူးကြီး မှန်းထားတဲ့ အချိန်ထက် စောပြီး စစ်ဆင်ရေး ထွက်ရန် အသင့်ဖြစ်လာတာပေါ့။ တပ်ရင်းမှူးကြီးက အမြောက်တပ်စုရဲ့ လုပ်ငန်း ကျွမ်းကျင်မှု အခြေအနေကို အသေးစိတ် စစ်ဆေး ပြီးနောက် ကျေနပ်စွာနဲ့
“မင်းတို့တပ်စု စစ်ဆင်ရေး အတွက် အသင့် ဖြစ်ပြီ”တဲ့။
ကြားရတာ ချိုမြိန်လှတဲ့ စကား၊ ပင်ပန်းခဲ့ သမျှကို အမောပြေ စေခဲ့တဲ့ စကားပါပဲ။

စစ်ဆင်ရေး ထွက်နိုင်ဖို့ အဆင့်ကို ရောက် ပေမယ့် စစ်ဆင်ရေး မထွက်ရသေးတာမို့ တပ်စုရဲ့ လေ့ကျင့်မှုကို မရပ်ဘူး။ “စစ်တိုက်ရန်၊ စစ် တိုက်ရန် မရှိက လေ့ကျင့်ရန်၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန် မရှိက ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်ရန်” ဆိုတဲ့ တပ်မတော်ရဲ့ အဓိက လုပ်ငန်းကြီး သုံးရပ်အတိုင်းပို၍ ကျွမ်းကျင်လာအောင်၊ ထက်မြက်လာအောင် ဆက်ပြီး လေ့ကျင့်ကြပါ တယ်။ စစ်ဆင်ရေး ထွက်ကြမယ့် အချိန်အထိ ပေါ့။ ဒီလို လေ့ကျင့်ခဲ့တဲ့ အကျိုးရလဒ်ကို ပွဲဦး ထွက် စစ်ဆင်ရေး စထွက်တာနဲ့ ခံစားရပါတယ်။

တပ်စု (၆) ရဲ့ပထမဆုံး စစ်ဆင်ရေး
၁၉၅၂ ခုနှစ် နှောင်းပိုင်းမှာ တပ်စု (၆) ပထမဆုံး အကြိမ် စစ်ဆင်ရေး ထွက်ရပါတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုယ်တိုင် ဦးစီးပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အနောက်ခြမ်းမှာ (မြန်မာနိုင်ငံနှင့် အရှေ့ပါကစ္စ တန် (ယခု ဘင်္ဂလားဒေ့ရှ်) နယ်စပ်နှင့် ဆက်စပ်နေတဲ့ ဒေသမှာ လှုပ်ရှားနေတဲ့ ခွဲထွက်ရေး သမား မူဂျာဟဒ် (Mujahid) သောင်းကျန်းသူ များကို ခြေမှုန်း ရှင်းလင်းတဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်။ တိုင်းမှူး ကိုယ်တိုင် စစ်ဆင်ရေး နယ်မြေ မှာ လှုပ်ရှား ရှေ့တန်း ဌာနချုပ်နှင့် ကွပ်ကဲခဲ့ပါတယ်။

ဒီစစ်ဆင်ရေးက ၁၉၄၈ ခုနှစ်တုန်းက မပြီးပြတ်ခဲ့တဲ့ စစ်ဆင်ရေးကို ယခုမှ အပြီးသတ် ရတဲ့ စစ်ဆင်ရေးလို့ ဆိုနိုင် ကောင်းပါရဲ့။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလမှာ ရခဲ့တဲ့ လွတ်လပ်ရေးနဲ့ အတူ တစ်ပါတည်း ပေါ်ပေါက်ခဲ့တဲ့ ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်၊ KNDO စတာတို့ တောခို သောင်းကျန်းကြချိန်မှာ ဘူးသီးတောင်၊မောင်တော ဒေသမှာ မူဂျာဟဒ် ခွဲထွက်ရေး သမားတွေက ဆူပူ သောင်းကျန်း လာကြတယ်။ တစ်ဖက်နိုင်ငံရဲ့ ပံ့ပိုး ထောက်ပံ့မှုတွေ ရတော့ အတော်လေး အင်အား တောင့်တား လာတာပေါ့။

မူဂျာဟဒ်တွေကို အမှတ်(၅) သေနတ်ကိုင် တပ်ရင်း (သနက-၅) က ရှင်းလင်း ခြေမှုန်းခဲ့ ရတယ်။ နောက်ဆုံး တိုက်ပွဲကြီးက “တောင်ပြို ရွာတိုက်ပွဲ”ပါပဲ။ နယ်စပ်ရွာဖြစ်ပြီး ချောင်းကူး တံတားနှင့် အရှေ့ ပါကစ္စတန်ကို ဖြတ်ကူးလို့ ရပါတယ်။ တောင်ပြို ရွာသိမ်းပြီးနောက် ရန်သူတပ် ပြိုကွဲ သွားတော့တယ်။ နယ်မြေစည်းရုံး တည်ဆောက်ရေး ဆက်လုပ်ကြတယ်။ ဒီလို လုပ် ဆောင်နေချိန်မှာKNDOတွေက အင်းစိန်ကို အခိုင်အမာ လုပ်ပြီး ရန်ကုန်ကို ခြိမ်းခြောက်လာတဲ့ အတွက် သနက (၅) ကို စစ်ဆင်ရေး နယ်မြေမှ စစ်တွေကို ပြန်ရုပ်သိမ်းပြီး လေယာဉ်တွေနဲ့ ရန်ကုန်ကို အမြန် ပို့ရတာပေါ့။ စစ်ရေး အခြေအနေ အရ ဘူးသီးတောင်မောင် တောနယ်မြေကို ခိုင်မာအောင် တည်ဆောက်မှု မပြီးမီ တပ်တွေကို ပြန်ရုတ်ခဲ့ရပါတယ်။ (သူရထွန်းတင်၏ ကျွန်တော် ကျင်လည်ခဲ့ရသော မြန်မာနှင့်ကမ္ဘာ၊ ၂၀၀၈ ခုနှစ်၊ စာ ၁၁၄-၁၁၇)

ခွဲထွက်ရေး သမား မူဂျာဟဒ်တွေ အသက်ရှူ ပေါက်ရ သွားတာပေါ့။ သူတို့က ဒီအခြေအနေကို အခွင့်ကောင်း ယူပြီး ပြန်လည်စုဖွဲ့ကြတယ်။ ခေါင်းပြန်ထောင် လာတယ်။ ယခုတော့ အခြေ အနေပေး လာပြီမို့ မူဂျာဟဒ်တွေကို အပြီးအပိုင် ခြေမှုန်းမယ့် စစ်ဆင်ရေးကြီးကို တိုင်းမှူးကိုယ်တိုင် ဦးစီးပြီး လုပ်ခြင်းဖြစ်ပါတယ်။

အတွင်းပိုင်း နယ်မြေတွေမှာ ခြေမှုန်းခံရ တော့ မူဂျာဟဒ်တွေဟာ နယ်စပ်ဘက်ကို ပြန် ဆုတ်ပြီး နယ်စပ် အနီးရှိ တောင်အချို့ပေါ်မှာ အခိုင်အမာ တပ်စွဲပြီး ခံစစ်ဆင်လာပါတယ်။ ဒီ ခံစစ်စခန်းတွေကို လက်နက်ကြီး ပစ်ကူနှင့် တိုက်ခိုက်နိုင်ရန် ၂၅ ပေါင်ဒါ အမြောက် တပ်စုကို ခေါ်ယူခြင်း ဖြစ်ပါတယ်။

ရန်ကုန်မှ တောင်ပြိုသို့
အဲဒီတုန်းက ကမ်းရိုးတန်းသွား သင်္ဘော မရှိသေးတော့ ထားဝယ်-မြိတ် သွားတဲ့ စက်လှေကို ရန်ကုန်မှ စစ်တွေ တပ်စု (၆) သွားဖို့ သုံးရပါတယ်။ စက်လှေပါ ၀န်ချီစက် (Crane) ရဲ့ “မချီအား”က သေးလေတော့ အမြောက် တစ်လက်လုံး မဆွဲတင်နိုင်ဘူး။ဒီတော့ အမြောက်ကို အပိုင်းပိုင်း ဖြုတ်ပြီး တင်ရတာပေါ့။ စစ်တွေမှ မောင်တော နယ်မြေကို မြစ်တွင်း သွားနှစ်ထပ် သင်္ဘော၊ မောင်တောမှ စစ်ဆင်ရေး ဧရိယာကို့ UB မော်တော်နှင့် သွားရဦးမှာမို့ အမြောက်ကို ဖြုတ်နိုင်သလောက် ဖြုတ်ရပါတယ်။ ဒါတောင် အချို့  အစိတ်အပိုင်းတွေဟာ ရဲဘော်လေး ယောက်မ ရပါတယ်။

ရန်ကုန်မှာ ဘောတံတားပေါ်မှ စက်လှေပေါ် တင်တာ အခက်အခဲ မတွေ့ခဲ့ပါဘူး။ ရင်တမမ တော့ ဖြစ်ခဲ့ပါတယ်။ စစ်တွေရောက်လို့ စက်လှေ မှ နှစ်ထပ်သင်္ဘောပေါ် ပြောင်းတင်ချိန်မှာတော့ မဟာ အခက်အခဲ တွေ့ရပါပြီ။ သာမန်အားဖြင့် စက်လှေပေါ်မှ အမြောက် အစိတ်အပိုင်းတွေ၊ အမြောက်ကျည်တွေကို ဘောတံတားပေါ်ချ၊ ဘောတံတားပေါ်ကနေ နှစ်ထပ် သင်္ဘောရဲ့ အောက်ထပ် ကုန်းပတ်ပေါ် တင်လိုက်ရုံပါပဲ။ ဒါပေမယ့် အထက်အမိန့် အရဒီလို မလုပ်နိုင်တော့ပါဘူး။

စစ်ဆင်ရေး အတွက် အမြောက်တွေ ရောက်လာတာကို လူထု မသိစေချင်ဘူး။ သတင်း လုံခြုံရေးပေါ့။ စစ်တွေ ကမ်းနားနဲ့ ဝေးရာ မြစ်လည်မှာ စက်လှေကို ကျောက်ချရပ်ပြီး နှစ်ထပ် သင်္ဘောပေါ် ပြောင်းတင်ရမယ်တဲ့။ နှစ်ထပ် သင်္ဘောက ခေါင်မိုးရှိတယ်။ အပေါ်ထပ်ပတ် လည်မှာ ခါးစောင်းလောက်မြင့်တဲ့ သံလက်ရန်း အပြည့်နှင့်။ အောက်ထပ်က သံလက်ရန်းမှာသာ လူနှင့်ပစ္စည်းတင်ချဖို့ ပိတ်ဖွင့်နိုင်တဲ့အပေါက် ရှိတယ်။ ဘောတံတားကပ်ပြီး တင်ချတာ လွယ်ပေမယ့် ရေလယ်ခေါင်မှာ စက်လှေပေါ် ကနေ ၀န်ချီစက်နှင့် ချပေးလာတဲ့ အမြောက် အစိတ်အပိုင်းတွေကို နှစ်ထပ်သင်္ဘောအောက် ထပ်ထဲကို တိုက်ရိုက်ဘယ်လိုသွင်းကြမလဲ။ ဒါက အဓိက ပြဿနာပါပဲ။

တစ်စုရှိ တပ်ကြပ်ကြီးများနှင့် တိုင်ပင်ပြီး နည်းလမ်း ရှာကြတာပေါ့။ “လိုလျှင် ကြံဆ နည်း လမ်းရ” ဆိုတဲ့အတိုင်းပဲ နည်းလမ်း ရပါတယ်။ အကူ ပစ္စည်းလည်း ထူးထူးထွေထွေ မလိုပါဘူး။ ၂ လက်မ ပတ်လည် အရှည် ၈ ပေလောက် ရှည်တဲ့ ပျဉ်းကတိုး တုတ်ချောင်း ၁၀ ချောင်းလောက် သစ်ဆိုင်မှာ သွားဝယ်လိုက်တယ်။ ပစ္စည်းတွေကို စက်လှေမှ သင်္ဘောပေါ် ဒီလိုတင်ခဲ့ပါတယ်။

(က) စက်လှေကို သင်္ဘော ကပ်လိုက်တယ်။ စက်လှေပေါ်က ဘုံလုံတိုင် (Bollard)နှင့် သင်္ဘောပေါ်က ဘုံလုံတိုင်ကို သင်္ဘော ဆလင် ကြီးခိုင်းတဲ့ အတိုင်း ကြိုးချည်ကြပါတယ်။ ရေစီးနှင့် သင်္ဘော မပြိုကျအောင် အနေတော်လေး စက်မောင်းပြီး ထိန်းထားလျှင် စက်လှေကို တုတ်နှင့် ထောက်တွန်းပြီး ၅-၆ပေလောက် စက်လှေနှင့် ခွာထားနိုင်တဲ့ အနေအထား ရှိအောင် သင်္ဘော ချည်ကြိုးကို လျော့ထားတယ်။

(ခ) အိုင်ဒီယာ (Idea) က ဘုံလုံတိုင် ချည်ထားတဲ့ ကြိုးတွေနဲ့ သင်္ဘော စက်မောင်းမှုတို့ ပေါင်းစပ်ပြီး သင်္ဘောနှင့် စက်လှေမျဉ်းပြိုင် အနေအထား ရှိအောင် စက်လှေဝန်ချီစက် ချပေးတဲ့ ပစ္စည်းက သင်္ဘောအောက်ထပ်က အပေါက်နဲ့ မျက်နှာချင်းဆိုင် နေရာကို ကျလာနိုင်အောင် သင်္ဘောကို ထိန်းမောင်းထားတယ်။
(ဂ) စက်လှေနဲ့ သင်္ဘော နံဘေးချင်း မထိ ဘဲ ၅-၆ ပေ ခန့် ကွာနေအောင် သင်္ဘောပေါ်ကနေ ရဲဘော်များက တုတ်ချောင်းတွေနှင့် ထောက်ထားတယ်။ စက်လှေနှင့် သင်္ဘောကြားက ဒီကွက် လပ်ထဲကို စက်လှေရဲ့ ၀န်ချီစက်က ပစ္စည်းချ ပေးတယ်။

(ဃ) အပေါက်နှင့် ပစ္စည်း တစ်တန်းထဲ ဖြစ်တာနဲ့ ရဲဘော်တွေက ပစ္စည်းကို သင်္ဘောထဲ ဆွဲယူသွင်းတယ်။ ၀န်ချီစက်က ကြိုးကို ထပ်လျော့ ပေးလိုက်ရင် သင်္ဘော ကုန်းပတ်ပေါ်ကို ပစ္စည်း အသာအယာ ကျသွားတယ်။ ဒီလို ပစ္စည်းတွေကို ပြောင်းတင်ကြတဲ့ အခါ မှာ စက်လှေပေါ်က ၀န်ချီစက်အဖွဲ့၊ သင်္ဘော ဆလင်ကြီးနှင့် အဖွဲ့၊ ရဲဘော်တွေက အတိုင် အဖောက်ညီညီ လုပ်ကြရပါတယ်။ ပစ္စည်း တင်ချတာ အတွေ့အကြုံ ရအောင် အရေးမကြီးတဲ့ ပစ္စည်းတွေကို အရင် စမ်းတင်ရတာပေါ့။ အချိန် အဆ လွဲ၍ဖြစ်စေ၊ မတော်တဆ ဖြစ်စေ ရေထဲ ပြုတ်ကျသွားလည်း အရေး မကြီးတဲ့ အုပ်ချုပ်မှု ဆိုင်ရာ ပစ္စည်းတွေကို စတင်ကြပါတယ်။ လေး -ငါးကြိမ်လောက် တင်ပြီးတော့ အဖွဲ့တွေက ကိုယ့်အလုပ်ကိုယ် လုပ်တတ်လာကြပြီ။ပေါင်းစည်း မှု ရကြပါပြီ။

အမြောက် အစိတ်အပိုင်းတွေကိုတော့ နောက်ဆုံးမှ တင်ကြပါတယ်။ ခက်ခက်ခဲခဲ လုပ်ရ ပေမယ့် ပြဿနာ မပေါ်ဘဲ တင်နိုင်ခဲ့ပါတယ်။
ရန်ကုန်မှာ စက်လှေပေါ် တင်စဉ်က ရင် တမမ လောက်သာဖြစ်ခဲ့ရပေမယ့် စစ်တွေမှာ တော့ ရင်တထိတ်ထိတ်ပါပဲ။ စက်လှေနဲ့ သင်္ဘောကြီးရှိ ကွက်လပ်ကို အမြောက်အစိတ်အပိုင်း တအိအိနဲ့ ကျလာလျှင် လေထဲမှာ လွှဲမနေအောင် ဆိုင်းကြိုးတွေနဲ့ ထိန်းသူက ထိန်း၊ စက်လှေ ပေါ်က ၀န်ချီစက်မောင်းသူကို လှမ်းအမိန့် ပေး ရမယ့် သူက အမိန့်တွေ အော်ပေးနေ၊ သင်္ဘောရဲ့ အနေအထား မှန်အောင် ထိန်းထားနိုင်ဖို့ ဆလင် ကြီးက သင်္ဘော လှုပ်ရှားမှုကို စောင့်ကြည့်ပြီး တက်မကိုင်ကို အမိန့်တွေ လှမ်းအော်ပေးနေ၊ စက်လှေနဲ့ သင်္ဘော ကွာနေရမယ့် အကွာအဝေး မှန်အောင် သင်္ဘောကို တွန်းထားကြတဲ့ အဖွဲ့ ကို အမိန့် ပေးသူကပေးနဲ့ မိမိတို့ လုပ်ငန်းကို လုပ်နေကြတာမျိုးတွေလိုပါပဲ။ ဒီလိုတက်ညီ၊ လက်ညီနဲ့ လုပ်လိုက်ကြတာ နှောင့်နှေးမှု မရှိ၊ အဆင်ပြေစွာနဲ့ ပြီးသွားပါတယ်။အမြောက်နဲ့ ပစ္စည်း များတင်ပြီးတာနဲ့ မောင်တောကို ထွက်လာကြ တယ်။

မောင်တောရောက်တော့ ကျွန်တော်တို့ တပ်စုက အရှေ့ပါကစ္စတန် မြန်မာနယ်စပ်မှာ ရှိတဲ့ တောင်ပြိုရွာမှာ အမြောက်စခန်း ယူဖို့ အမိန့် ရပါတယ်။ တောင်ပြိုရွာမှာ တပ်စခန်း ရှိပါတယ်။ ဆရာကြီး သူရထွန်းတင်ရဲ့ “ကျွန်တော် ကျင်လည်ခဲ့တဲ့ မြန်မာနှင့် ကမ္ဘာ” စာအုပ်ပါ ၁၉၄၈ ခုနှစ် တုန်းက သနက (၅)မှ တိုက်သိမ်းခဲ့တဲ့ တောင်ပြို ရွာပါပဲ။ အဲဒီဧရိယာကို နှစ်ထပ်သင်္ဘော မ၀င် နိုင်တာကြောင့် UB မော်တော်နှင့် ဆက်သွား ရမယ်တဲ့။ နှစ်ထပ် သင်္ဘောနဲ့ UBမော်တော်များ ဆုံရပ်မှာ မော်တော်တွေ စောင့်နေလိမ့်မယ် ဆိုပြီး ဆုံရပ်နေရာကို ပေးတော့ သင်္ဘောနဲ့ပဲ ခရီးဆက်ရ ပြန်တာပေါ့။

ဆုံရပ်ရောက်တော့ အသင့်စောင့်နေတဲ့UB မော်တော်တွေပေါ်ကို အမြောက်နဲ့ ပစ္စည်းတွေ ရေလယ်မှာပဲ ပြောင်းတင်ပြီး တောင်ပြိုကို ဆက် ထွက်ကြပြန်တယ်။ တောင်ပြိုချောင်း အတိုင်း လာခဲ့တယ်။ ချောင်းအနေအထား အရ တောင်ပြိုရွာ အထိလည်း မော်တော် မသွားနိုင်ပြန်တော့ ချောင်းကမ်းပါး ကပ်ပြီး ဒီလေးလံတဲ့ ပစ္စည်းတွေ ချလို့ ရနိုင်မယ့် နေရာရှာရပြန်ရော။ အဲဒီနေရာ မှာ ကမ်းကပ်ပြီး အခြားမော်တော်က ကုန်း ပေါင်းတွေကပါ ခုကာ တံတားငယ်လေးသဘော ဖြစ်အောင် လုပ်ရပါတယ်။ အချို့အမြောက်အစိတ် အပိုင်းတွေက လူ၎ယောက် “မ” ရတော့ လုပ်ရိုးလုပ်စဉ် ကုန်းပေါင်တစ်ခု ထိုးပြီး ပစ္စည်း သယ်တာမျိုး မလုပ်နိုင်ဘူး။

ဒီနည်းနဲ့ ချောင်းကမ်းပါး ပေါ်ကို ပစ္စည်းတွေ ချရပါတယ်။ အမြောက်အစိတ်အပိုင်းတွေ ပြန် လည်တပ်ဆင်ပြီး တောင်ပြိုရွာ တပ်စခန်းနား ရောက်အောင် ကိုက် ၁၀၀၀လောက် လူအားနဲ့ အမြောက်ကို ဆွဲသွားရပါတယ်။ လယ်ကွင်း ပြန့်တွေမို့ ဆွဲရတာ သက်သာပါတယ်။အမြောက် ကျည်တွေကိုတော့ လှည်းနဲ့ပေါ့။၂၅ပေါင်ဒါ အမြောက်ကျည်က ကျည်ဆန်တခြား၊ ယမ်း ခွံတခြား သံသေတ္တာတွေနဲ့ ထည့်ထားတယ်။ ကျည်ဆန်က ၂၅ ပေါင်လေးပါတယ်။ စစ်ဆင် ရေးအတွက် အမြောက်ကျည် ၃၀၀ကျော်ပါ တာမို့ လူနဲ့သာ ထမ်းရလျှင် လူ ၁၀၀လောက် ထမ်းရပါမယ်။ အမြောက်စခန်းကို စနစ်တကျ နေရာ ချပြီး နောက်တပ်စု အရာရှိ ဒုဗိုလ်စိန်ဝင်းကိုလွှဲ ပေးပြီး ကျွန်တော်က ရှေ့တန်း အမြောက်အကဲ ကြည့် လုပ်ဖို့ ရှေ့တန်းက ခြေလျှင်တပ်ရင်းကို သွား သတင်းပို့ ရပါတယ်။

သာမန်အားဖြင့် ၂၅ ပေါင်ဒါ အမြောက်က စစ်သုံး မော်တော်ယဉ်ကြီးတွေနဲ့ ဆွဲသွားရပါတယ်။ ယခုလို တစ်ပိုင်း တစ်စစီဖြုတ်ပြီး မသယ်ပါဘူး။ မော်တော်ကားကိုပဲ ထုတ်လုပ်ပြီးကတည်းက အပိုင်းပိုင်း ပြန်ဖြုတ်တယ်ဆိုတာ မရှိဘူး။ တပ်စု (၆) ကို ဖွဲ့စည်း လေ့ကျင့်ချိန်က လိုအပ်လာလျှင် အမြောက်ကို တပိုင်းတစစီ ဖြုတ်ပြီး သယ်နိုင် အောင်လည်း လေ့ကျင့် ထားကြလို့ တပ်ရင်းမှူး ကြီးက ညွှန်ကြားခဲ့ပါတယ်။ နောင်တိုက်ကြမယ့် စစ်ဆင်ရေးကြီးများကို မျှော်တွေးပြီး ညွှန်ကြား ခဲ့ခြင်းပါပဲ။

အမြောက်ဖြုတ်နည်း အတိုင်း တစ်ပိုင်း တစ်စစီ ဖြစ်သွားအောင် ဖြုတ်၊ ပြန်တပ်၊ ပြန်ဖြုတ်၊ ပြန်တပ်၊ အဲဒီလို လေ့ကျင့်ခဲ့ကြတယ်။ အမြောက် အဖွဲ့ဝင်တိုင်းဟာ သူဖြုတ်ရ၊ တပ်ရမယ့် လုပ်ငန်းကို သာမက အခြားအမြောက် အဖွဲ့ဝင်တွေ လုပ်ရမယ့် အလုပ်ကိုလည်း လုပ်တတ်အောင် လေ့ကျင့်ရပါတယ်။ အချိန်အနည်းဆုံးနှင့် အမြောက်ကို ဖြုတ်နိုင်၊ ပြန်တပ်နိုင်အောင် လေ့ ကျင့်ကြတာပေါ့။

က်တပ်ရဲ့ ၂၅ ပေါင်ဒါအမြောက်၊ ၂၅ ပေါင်ဒါ အမြောက် တပ်ထားတဲ့ တပ်မတော် ရဲ့ “အင်း” အမျိုးစား (?) တိုက်ရေယာဉ်တွေ ပါ အစုံအညီ ရောက်ပြီမို့ စစ်ဆင်ရေး ပြန်စတာပေါ့။ လက်နက်ကြီး ပစ်ကူတွေနဲ့ တိုက်လေတော့ ရန်သူ ဘယ်ခံနိုင်ပါ့မလဲ။ တစ်ဖက် နိုင်ငံကို ဆုတ်ပြေးကြပါတယ်။ ဒေသခံ တပ်များသာ နယ်မြေ တည်ဆောက်ရေး လုပ်ငန်း ဆက်လက် လုပ်ဆောင်ကြပြီး ကျွန်တော်တို့လို အခြား ဒေသမှ လာကြတဲ့ တပ်တွေကို ပြန်ရုပ်ခဲ့ပါတယ်။

စစ်မြေ အတွေ့အကြုံ လုံးဝ မရှိသေးတဲ့ အသစ်စက်စက် အမြောက် တပ်စုလေး ဖြစ်ပေမယ့် တပ်ရင်းမှူးကြီးရဲ့ သြ၀ါဒ လမ်းညွှန်ချက်များ အတိုင်း လေ့ကျင့် ပြင်ဆင်ခဲ့တာမို့ ပွဲဦးထွက် စစ်ဆင်ရေးမှာ တွေ့ကြုံရတဲ့ ပြဿနာ အခက်အခဲ တွေကို ဖြေရှင်းပြီး တာဝန်ကို အောင်မြင်စွာ ထမ်းဆောင် နိုင်ခဲ့ကြပါတယ်။
ရန်ကုန်အပြန် ခရီးမှာလည်း အသွားတုန်းက အတိုင်းပဲ အမြောက်ကို အပိုင်းပိုင်းဖြုတ်ပြီး သယ်ခဲ့ကြတာပေါ့။ ရန်ကုန် ရောက်တာနဲ့ တစ်စုကို ပြန်လည်စုဖွဲ့ပြီး တောင်ငူကို စစ်ဆင်ရေး ထွက်ရ ပါတယ်။

တပ်စု (၆) ရဲ့ ဒုတိယ စစ်ဆင်ရေး
တောင်ငူ အခြေစိုက် တပ်မဟာ (၂) ရဲ့ နယ်မြေဖြစ်တဲ့ တောင်ငူ အရှေ့ခြမ်းရှိ သံတောင်- ဘောဂလိကြီးဒေသကို KNDO လက်ထဲမှ ပြန်လည် သိမ်းပိုက်တဲ့ စစ်ဆင်ရေးမှာ တပ်စု (၆) ပါဝင်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ် ဇန်န၀ါရီလ အတွင်း ပေါ့။ တပ်ခွဲ(၁)မှ တပ်စု (၂) လည်းပါတယ်။ တပ်မဟာမှူးက ဗိုလ်မှူးကြီးစိန်ဝင်း (ဗိုလ်ချုပ် ၀န်ကြီးချုပ် ကွယ်လွန်)ပေါ့။ ဒီစစ်ဆင်ရေးကိုလည်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုယ်တိုင် ဦးစီး ကွပ်ကဲခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တပ်ရင်းမှူး ကိုယ်တိုင် တိုင်းမှူးနဲ့ ပါလာတယ်။ မောင်တော စစ်ဆင်ရေးတုန်းက ဒုတပ်ရင်းမှူးက တိုင်းမှူးနဲ့ အတူ လိုက်ခဲ့တယ်။

အဲဒီအချိန်က တောင်ငူ-သံတောင်သွား ကားလမ်းအတိုင်း သွားလျှင် တောင်ငူက ထွက်ပြီး လေးမိုင်ကျော်လောက်မှာKNDO ရဲ့ ရှေ့ခံ စစ်စခန်း ရှိပါတယ်။ ရန်သူဟာ တောင်ငူနားကို အဲဒီလောက် နီးနီး အထိလာပြီး တပ်မတော်ကို ရင်ဆိုင်ထားတယ်။ အဲဒီ ကာလတုန်းက ရှိခဲ့တဲ့ ပြည်တွင်း သောင်းကျန်မှု အခြေအနေကို ပြတာပေါ့ ခင်ဗျာ။ ဒီစစ်ဆင်ရေးနဲ့ သံတောင်-ဘောဂလိ ကြီးဒေသကို ပြန်သိမ်းခဲ့ပါတယ်။ ဒီ စစ်ဆင်ရေးမှာ တပ်စု(၆)ဟာ ဘောဂ လိကြီးရွာအထိ ရောက်ခဲ့ပေမယ့် အမြောက်တွေ ကို ပုံမှန်အတိုင်း မော်တော်ကားနဲ့ ဆွဲသွားတာမို့ ထူးထူးခြားခြား လုပ်ရတာ မရှိပါဘူး။

တပ်စု (၆) ဟာ ပထမဦးဆုံး အတွေ့ အကြုံအဖြစ် စစ်ဆင်ရေးကြီး နှစ်ခုမှာ ဆက်တိုက် ပါဝင်ခဲ့ပါတယ်။ ယခု စစ်ဆင်ရေး ပြီးဆုံးပြီးနောက် တပ်ရင်း ဌာနချုပ်ကို အရန်တပ်စု အဖြစ် ပြန်ရောက်လာတော့ တပ်ရင်းမှူးကြီးက
“မင်းတို့ တပ်စု (၆) ခြေစစ်ပွဲ အောင် သွားပြီ”တဲ့။

ဗထူး တိုက်ခိုက်ရေး ကျောင်းမှာ အမြောက် သင်တန်း ဌာနဖွင့်တော့ အမြောက်သင်တန်း နည်းပြအဖြစ် ကျွန်တော် ပြောင်းရပါတယ်။ တပ်စုမှူးသစ်ကို ကျွန်တော် လွှဲပြောင်းပေးခဲ့တဲ့ တပ်စု (၆)ဟာ တပ်ရင်းမှူးကြီးရဲ့ သြ၀ါဒအတိုင်း အဆင့်မြင့် လေ့ကျင့်ထားတဲ့ အရည်အသွေး ကောင်းတဲ့ တပ်စုဖြစ်နေပါပြီ။

တပ်စုမှူး၊ တပ်ခွဲမှူး၊တပ်ရင်းမှူး၊ ဗျူဟာမှူး တာဝန်တွေကို တဆင့်ပြီး တဆင့်တိုး ထမ်းဆောင်ခဲ့ပါတယ်။ ဒု ဗိုလ်အဆင့်မှ ဗိုလ်မှူးကြီး အဆင့်ထိ ရောက်လာခဲ့တယ်။ ဒီကာလ အတွင်းမှာ မိမိကွပ်ကဲရတဲ့ တပ်တွေကို တပ်ရင်းမှူး ဗိုလ်မှူးကြီး ဘရွှေရဲ့ သြ၀ါဒ အတိုင်း တပ်ရဲ့စစ်ရေး၊ အုပ်ချုပ်ရေး စွမ်းရည်တွေ၊ စည်းကမ်းတွေ၊ အဘက်ဘက်မှာ မြင့်မားလာအောင်၊ အောင်မြင်မှု တွေရရှိအောင် ကြိုးစား လုပ်ဆောင်ခဲ့တယ်။ အဲဒီ တပ်တွေမှ ပြောင်းရွှေ့ ရချိန်မှာ မိမိလက်ခံ စဉ်က ရှိခဲ့တဲ့ အရည်အသွေးထက် ပိုအဆင့်မြင် နေတဲ့တပ်ကို တပ်မှူးသစ်အား လွှဲပေးနိုင်ခဲ့တယ်။ တပ်ရင်းမှူးကြီးရဲ့ သြ၀ါဒ အတိုင်းပေါ့ ခင်ဗျာ။

လုပ်ရမယ့် အလုပ်တိုင်းကို ကြီးကြီး၊ သေးသေး မိမိ ဥာဏ်စွမ်း ရှိသလောက်၊ ကိုယ်စွမ်းရှိ သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ကြဆိုတဲ့ အင်္ဂလိပ် ပုဂ္ဂိုလ်ကြီး တစ်ဦးရဲ့ သြ၀ါဒကိုလည်း ကျွန်တော်မဖြတ် လိုက်နာခဲ့ပါတယ်။ ဒီ သြ၀ါဒ နှစ်ခုဟာဖြင့် ကျွန်တော့်ရဲ့စစ်သား ဘ၀ခရီးမှာ လမ်းညွှန်ခဲ့တဲ့ လမ်းပြခဲ့တဲ့ မီးရှူး တန်ဆောင်များ ဖြစ်ခဲ့ပါတယ်။

အသက် ၄၃ နှစ်ရောက်တော့ နယ်ဘက် ကို လွှဲပြောင်း တာဝန် ထမ်းဆောင်ရပြန်ရော။ ထိုစဉ်အခေါ် ပြည်သူ့ ရဲတပ်ဖွဲ့မှာ ရဲချုပ်၊ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းမှာ ဦးဆောင်ညွှန် ကြားရေးမှူး၊ သက်ပြည့် အငြိမ်းစား ယူချိန်အထိ နယ်ဘက် တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ နယ်ဘက် တာဝန် ထမ်းဆောင်ချိန်မှာလည်း ဒီသြ၀ါ နှစ်ခုကို ကျွန်တော် လိုက်နာခဲ့ပါတယ်။ ကျွန်တော် အတွက် ဒီသြ၀ါဒ နှစ်ခုဟာ စစ်ဘက်မှာ သာမက နယ်ဘက်မှာလည်း အသုံးဝင်တာ လက်တွေ့ပါပဲ။ စစ်ဘက်၊ နယ်ဘက်၊ အမှုထမ်းသက် တစ်လျှောက်လုံးမှာ မီးရှူး တန်ဆောင်သဖွယ် ကျွန်တော့်ကို လမ်းညွှန်ထိန်းကျောင်း ပေးခဲ့တဲ့ ဒီ သြ၀ါဒ နှစ်ခုဟာဖြင့် ကျွန်တော် မမေ့နိုင်တဲ့ သြ၀ါဒ တွေပဲပေါ့။

မောရနွယ်မောက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...