Friday, August 5, 2011

ကမ္ဘာလုံး ကမ္ဘာပြားဟု အညာသားနှစ်ယောက် ငြင်းခုံကြသော ဝတ္ထုကလေး

By: Thant Ko Ko Maung အခုတစ်လော တိုက်ပွဲသံတွေ ကြားနေရတော့ မိုးအေးအေးနဲ့ အရင်တုန်းက တိုက်ပွဲတွေအကြောင်း ပြန်ဖတ်နေမိတယ်၊ လက်နက်ကိုင်တဲ့ တိုက်ပွဲတော့ မဟုတ်၊ ကလောင်ကိုင် တိုက်ပွဲတွေ အကြောင်းပါ။ ကိုယ်ကိုယ်တိုင် ငြင်းခုံရတဲ့ အလုပ်ကို ဝါသနာမပါပေမဲ့ အကြောင်းနဲ့ အကျိုးနဲ့ ပညာပါပါ ငြင်း...ခုံ ကြတာမျိုးတွေ တွေ့ရင် အတော် သဘောကျတာလား၊ ငယ်ငယ်တုန်းက ကျောင်းက စကားရည် လုပွဲမျိုးဆို ရှေ့ဆုံးက အားပေးတာပဲ။ 
အခုတော့ ကျောင်းတွေမှာ လုပ်သေးလား မသိတော့။   သဘောတရားရေး၊ ဝါဒရေး၊ အယူအဆ အတွေးအခေါ် ရေးရာတွေနဲ့ ပတ်သက်လာရင် နိုင်ငံရေး နယ်ပယ်မှာတော့ နောက်ဆုံး လက်နက်ကိုင် လမ်းစဉ်အထိ ရောက်သွားကြပေမယ့် စာပေတိုက်ပွဲတွေ မှာတော့ ငြိမ်းချမ်းစွာနဲ့ပဲ ဆင်နွှဲခဲ့ကြပါတယ်။ ခုံတော်မောင်ကျဘမ်းနဲ့ ရှင်ဥတ္တမကျော် တိုက်ပွဲကစပြီး သခင်ကိုယ်တော်မှိုင်းနဲ့ မြကေတုတို့ရဲ့ ပန်တူတိုက်ပွဲ၊ ဒဂုန်တာရာနဲ့ အောင်လင်းတို့လို တစ်ဦးချင်းစီ စာပေတိုက်ပွဲတွေကနေ ဒဂုန်တာရာ၊ သိန်းဖေမြင့်၊ မြသန်းတင့်၊ ဗန်မော်တင်အောင် တို့ကတစ်ဘက်၊ တက်တိုး၊ သာဓု၊ တင့်တယ် တို့ကတစ်ဘက် အုပ်စုဖွဲ့ စာပေဝေဖန်ရေး တိုက်ပွဲတွေဟာ သူ့ခေတ်သူ့အခါနဲ့တော့ အဓိပ္ပါယ်ရှိတဲ့ စာပေတိုက်ပွဲ၊ စာဖတ်သူ လူအများအာရုံကို ဖမ်းစားနိုင်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပေါ့။   မပြောင်းလဲခြင်းသည် ပြောင်းလဲခြင်းဆိုတဲ့ လောကကြီးမှာ တိုက်ပွဲဆိုတာလည်း အနိုင်အရှုံးကို ပစ္စုပ္ပါန်မှာ ဆုံးဖြတ်နိုင်ပေမယ့် အမှန်အမှားကတော့ အချိန်နဲ့ သမိုင်းကပဲ ဆုံးဖြတ် ပေးသွားမှာပါ။ တစ်ခါတစ်လေ ကြတော့လည်း ကိုယ်တွေခေတ်မှာ ကြီးကျယ်တဲ့ ပဋိပက္ခ တိုက်ပွဲတွေဟာ နောင်မျိုးဆက်တွေ ခြားသွားတဲ့ အခါကြရင် လူရယ်စရာကြီးများ ဖြစ်မလားလို့ တွေးမိရင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဗိုလ်ဋီကာ ဝတ္ထုထဲက အညာသားနှစ်ယောက်ရဲ့ အမှန်တရား တိုက်ပွဲလေးကို ပြန်လည် မျှဝေလိုက်ပါတယ်။ သူတို့ခေတ် သူတို့ပတ်ဝန်းကျင်မှာတော့ ဟုတ်နေမှာပေါ့ဗျာ - နော့။

          ကမ္ဘာလုံး ကမ္ဘာပြားဟု အညာသားနှစ်ယောက် ငြင်းခုံကြသော ဝတ္ထုကလေး   ရှေးသရောအခါ ဗာရာဏသီပြည်မှာ ရာဇာဓိရာဇာ မဟာဗြဟ္မာဒတ်မင်းကြီး နန်းစံတော် မူတယ်တဲ့၊ ထိုလက်ထက်တော်တွင် ဆတောင်မ ငါးရွာအဝင် မန်ကျည်းစင်ရွာမှာ ပညာရှိခုံတော် ဦးကျော်ရွဲ့ရယ်လို့ ထင်ပေါ်ကျော်ဇောခြင်း ရှိပြန်တယ်တဲ့၊ တရံရောအခါ ပုဂံညောင်ဦးက မောင်ထူးဆိုသော ဘုမ္မိဗေဒ ဆရာကြီးတဦးနှင့် ပုခန်းသား ရွှေလုံးဆိုသော လောကဓာတ် သမားကလေး တို့သည် ဤကမ္ဘာမြေကြီး၏ အခြင်းအရာကို ပြောရင်းဆိုရင်း အငြင်းအခုံဖြစ်၍ ခုံတော် ဦးကျော်ရွဲ့ရုံးသို့ ရောက်ကြလေ၏။   ထိုရောအခါ ပုဂံညောင်ဦးသား မောင်ထူးက ရှေ့နေထံ လျှောက်လဲသည်မှာ ဤကမ္ဘာမြေကြီးသည် အပြားကြီးဖြစ်ကြောင်း စာဟောင်း ပေဟောင်းတို့မှာ ထင်ရှားစွာ ရှိပါလျှက် ပုခန်းသား ရွှေလုံးက အလုံးကြီးဖြစ်သည်ဟု ငြင်းဆံခဲ့ခြေသည်ဟု လျှောက်လဲ၏။   ပုခန်းသား ရွှေလုံးကလည်း လောကဓာတ်အရာ လိမ္မာကျွမ်းကျင်သော အနောက်နိုင်ငံသား ပညာရှိကြီးများ ရေးထားသည့် ပထဝီဝင်ကျမ်း စာတော်များမှာ တသေတချာ အရှေ့လုံးခြမ်း၊ အနောက်လုံးခြမ်း တည်းဟူသော (၂) လုံးပြူးပုံကြီး အထင်အရှား ရှိသည့်အပြင် လဇ္ဖိပေသလ၊ သိက္ခာကာမ၊ ပိဋကတ္တယ ပါရဂူ တံခွန်ထူ ဖြစ်တော်မူတဲ့ ဘုန်းကြီး ဦးနန္ဒိယ ကျောင်းသားများ စာအံကြတာမှာလဲ “မြေကြီးသည် လိမ္မော်သီး သဏ္ဍာန် ဖြစ်သည်” ဟု စာအံကြလေသည်။ ထို့ကြောင့် အလုံးကြီး ဖြစ်ထိုက်ပါသည်ဟု လျှောက်လဲ၏။   ထိုအခါ ခုံမင်းဦးကျော်ရွဲ့က ယခုမောင်မင်းတို့ ကိုးကား ပြောဆိုကြသော ရှေးစာဟောင်း ပေဟောင်းများနှင့် ပထဝီဝင် ကျမ်းမှတပါး ထင်ရှားခိုင်မာသော အကိုးအကားနှင့် တမျိုးအားဖြင့် လျှောက်လဲကြဦးလော့ဟု မိန့်၏။   ၄င်းအမိန့်အတိုင်း မောင်ထူးက လျှောက်လဲပြန်သည်မှာ -  

(၁) ဤကမ္ဘာမြေကြီးသည် မျက်မြင်အားဖြင့် အပြားကြီး မြင်ရရုံမှမက အကယ်၍ အလုံးကြီး ဖြစ်ငြားအံ့၊ ငလျင်လှုပ်သောအခါ ကျွန်တော်တို့ လိမ့်ကျပါလိမ့်မည်။ 
  (၂) ၄င်းပြင်လည်း နဝဒေးအမတ်ကြီး ရေးစပ်သည့် ရတုမှာ “ကမ္ဘာမြေပြင်၊ ထက်ကောင်းကင်နှင့်” ဟူ၍၄င်း။   (၃) ထို့ပြင် မန္တလေးမြို့၊ အချုပ်တန်း ဆရာဘေရေးစပ်တဲ့ “နန်းပုံဆန်းစုံ” ချီ၊ ရှစ်ဆယ်ပေါ် တေးထပ်မှာလဲ ပထဝီမြေပြင်သည် အပြန့်ကြီး ဖြစ်ကြောင်းနှင့် “မဟီမြေတပြန့်၊ ဝသီနေရဗန့်၊ မဒီဝေသန့် - ခုငြမ်းဆင်သည် ဥဒါန်းရာဇဝင် နောင်မော်ကွန်း” ဟူ၍ ပါရှိပါသည်။
  (၄) ၄င်းပြင် ရုပ်သေးမင်းသမီး ဆရာဇန်ကြီး၏ သီချင်းတွင်လည်း “မြေအပြင်မှာ၊ ခြေကျင် လှမ်းခဲ့ရတာမို့၊ မေခင်ဖြင့် ပန်းလှပါပေါ့” ဟူ၍ အခိုင်အမာ ပါရှိသောကြောင့် ပြားရိုးအမှန်ပါဘဲဟု လျှောက်လဲ၏။   ထို့နောက် ရွှေလုံးကလည်း လျှောက်လဲပြန်သည်မှာ - 

  (၁) ယူဇနာတသောင်း ကျယ်ဝန်းသော ဇမ္ဗူဒီပါ ကျွန်း၏တည်ရာ ကမ္ဘာမြေလုံးကြောင်း မြဝတီဝန်ကြီး ရေးတဲ့ ကုန်းဘောင် ပရမေချီ၊ သီချင်းခံကြီးတွင် “သောင်းလုံးမြေယံ၊ ကျံကျံကြွေးရှင့်” ဟူ၍၄င်း၊ 
  (၂) ၄င်းဝန်ကြီးဆို သီချင်းကြီး တပုဒ်မှာလဲ “ဒီပါမြေယံ သောင်းလုံးငယ်ရှိဦး၊ ဆယ်ကြာရုံ စုံဖူးလို့လေး” ဟူ၍၄င်း၊  
(၃) ၄င်းပြင် (၂) လုံးပြူး ကမ္ဘာမှန်ကြောင်း၊ ဉာဏ်ကောင်းလှစွာသော စာဆိုတော် ဦးဖြေရေးတဲ့ “မဘန်လောက်ပါဘုချီ”၊ ဘုန်းတော်ဘွဲ့ လေးချိုးကြီးမှာလည်း “မဟာရည်ငယ်၊ ဇာနည်နှလုံး၊ တက်သစ်ဘုန်းမို့၊ လက်ရုံးငယ်သိမ်ဟုန်၊ ဂုဏ်နှစ်ဆုံနှင့်” ဟု ပါရှိသည်လည်းတကြောင်း၊ 

  (၄) ၄င်းပြင် မင်းသ္မီး ဆရာဇန်ကြီးထက် လူများကြိုက်ကြသော အောင်ဗလ ခင်းကျင်းကပြသည့် မောင်မဇ္ဈက နိပါတ်တော်မှာလဲ “အမယ်မင်း၊ လုံးရာကပြား” ဟု ဆိုသောကြောင့်၊ လုံးပြီးမှသာ ပြားသင့်ပါသည်။ ၄င်းအပြားမှာ အလကားဟာ ဖြစ်ပါသည်ဟု ဆင်ချေ လဲလေ၏။   ၄င်းအမှုသည် (၂) ဦးတို့ အထူးပြိုင်ဆိုင် သူနိုင်ငါရှုံး ရုံးတော်၌ လျှောက်လဲချက်အရ ခုံမင်းဦးကျော်ရွဲ့က စီရင်ချက် ချတော်မူသည်မှာ “မောင်မင်းတို့နှစ်ဦးသည် အရူးမဟုတ်၊ အကောင်းမဟုတ်၊ ငါတရားသူကြီးမင်း အလုပ်ပိုအောင် သက်သက်ရှုပ်သော သူပုန်ရန်သူများ ဖြစ်သည်။ ၄င်းအမှုတွင် ငါတရားသူကြီးမင်း သဘော ကျေနပ်လောက်အောင် ကွမ်းဘိုးအတွက် ရွက်နီငွေခွက်ကြီး အချိန် ခြောက်ထောင်ကျော်စီပေးလျှင် အမှုပလပ် ကျေဧကြစေ။ အကယ်၍ မပေးနိုင်ငြားအံ့၊ သေစားသေစေဟူ၍ အမိန့် ချမှတ်သောဟူ၏။  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...