ပဋိပက္ခများအပေါ် အဖြေရှာခြင်း
by Socretes Athenisian on Monday, August 1, 2011 at 2:22am
// This is an informative article for the conflict resolution. Those who are dealing with the dilemma of "interest" and "position" will find this post interesting and knowldegable.//
Wednesday, October 22, 2008
ကျောင်းပြီးလို့ အလုပ်ထဲစ၀င်တော့ ထုံးစံအတိုင်း မိမိနဲ့အဆင့်တူတွေ၊ အဆင့်ငယ်သူတွေကြားက ပြဿနာတွေကြောင့် စိတ်ညစ် စရာတွေ အများကြီးတွေ့ခဲ့ပါတယ်။ တစ်ခါသားမှာတော့ စိတ်ညစ်လွန်းလို့ ဆရာသမားတစ်ယောက်ကို ရင်ဖွင့်မိတော့ ဆရာသမားက လူရှိရင် ပြဿနာရှိမယ်။ လူရှိရင် ပဋိပက္ခရှိမယ်။ ဘာဆန်းတုံး၊ မင်းအလုပ်က အဲဒါတွေကို ဖြေရှင်းဖို့ပဲလို့ ပြောခဲ့ပါတယ်။ အဲဒီတုံးကတော့ ...
ဒီလူကြီး သက်သက်ဂွပြောတာပဲလို့ ထင်မိခဲ့ပေမယ့် နောက်တော့ သူပြောတာကို မှန်ပါလားလို့ နှလုံးသွင်းမိပါတယ်။
တကယ်တော့လည်း လူနှစ်ယောက်ကြားမှာ၊ မိသားစုအတွင်းမှာ၊ အုပ်စုတွေကြားမှာ၊ အဖွဲ့အစည်းတွေကြားမှာ နောက်ဆုံး နိုင်ငံတွေ ကြားမှာအထိ ပဋိပက္ခတွေဖြစ်ခဲ့တာ လူ့သမိုင်းအစထဲက ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်လဲလို့ မေးရင် အကျိုးစီးပွားတွေ၊ စံတွေ၊ ထားတဲ့တန်ဖိုးတွေ မတူတာကြောင့်လို့ ပြောရမှာပါဘဲ။ အဖေရဲ့ စံတွေ၊ တန်ဖိုးတွေကို သားသမီးတွေက မလိုက်နိုင်ရင်၊ သဘောမတူရင် ပဋိပက္ခဖြစ်မယ်။ ဒီပုံစံအတိုင်းပဲ လူတွေ၊ အုပ်စုတွေ၊ နိုင်ငံတွေကြားမှာ ပဋိပက္ခတွေဖြစ်ခဲ့ရ တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒီတော့ ပဋိပက္ခဆိုတာကို ရှောင်လွဲလို့မရဘူးဆိုရင် ဒီပဋိပက္ခဖြစ်ရ တာတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ အပြစ်ဖို့ဖို့ ကြိုးစားမယ့်အစား ဒီလိုပဋိပက္ခတွေကို အဖြေရှာနိုင်အောင် ကြိုးစားတာက လက်တွေ့အကျဆုံးဖြစ်မှာပါ။
ပဋိပက္ခတွေကို မဖြေရှင်းမီ ပဋိပက္ခတွေရဲ့ သဘောသဘာဝ၊ ပဋိပက္ခကို ဖြေရှင်းဖို့ မလုပ်ခင် သိထားသင့်တဲ့ အချက်များကို အရင်သိပြီးမှ ပဋိပက္ခကို ဖြေရှင်းဖို့နည်းလမ်းကို ရှာရမှာဖြစ်ပါတယ်။ ပဋိပက္ခတစ်ခုဖြစ်လာရင် ပထမဆုံး သိအောင်ကြိုးစားရမယ့်အချက် နှစ်ခုရှိပါတယ်။ ပထမအချက် ကတော့ ပဋိပက္ခမှာ ပါဝင်နေသူတွေအနေနဲ့ ဘာလိုချင်လဲ ဆိုတဲ့အချက်ဖြစ်ပြီး ဒုတိယ အချက်ကတော့ ဘာ့ကြောင့် အဲဒီအချက်တွေကို လိုချင်သလဲဆိုတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမယ့်အချက်ကတော့ ကိုယ့်ဘက် က ဘာလိုချင်တယ်၊ ဘာ့ကြောင့်လိုချင်တယ်ဆိုတာကို ကိုယ်ကိုတိုင်သေသေချာချာ နားလည်ဖို့ လိုသလို တစ်ဘက်ကိုလည်း ရှင်းရှင်း လင်းလင်းပြောပြ နိုင်ရပါမယ်။ ဒါ့အပြင် တစ်ဘက်ရဲ့ လိုအပ်ချက်နဲ့ ဘာကြောင့်လိုအပ်သလဲ ဆိုတာကိုလည်း နားလည်အောင်လုပ်ဖို့ လိုပါတယ်။ ဒါကို မလုပ်နိုင်ဘဲနဲ့ အပေးအယူလုပ်ပြီး အဖြေရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီလို မသိဘဲလုပ်ရင် အဖြေရှာတာမဟုတ်ဘဲ မိမိလိုချင်တာကို တစ်ဘက်က လိုက်လျောအောင် ဖိအားပေး တာသက်သက်သာဖြစ်သွားမှာပါ။
အဲဒီလို နှစ်ဘက်လိုအပ်ချက်နဲ့ အကြောင်းအရင်းများကို သိပြီဆိုရင် မိမိတို့ရင်ဆိုင်နေရတဲ့ ပဋိပက္ခဟာ ဘယ်လို ပဋိပက္ခလဲဆိုတာ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ယျေဘူယျအားဖြင့် ပဋိပက္ခသုံးမျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။
တစ်။အကျိုးစီးပွားတူပဋိပက္ခ။ ဒီပဋိပက္ခမျိုးက အဖြေရှာလို့အလွယ်ဆုံးဖြစ်ပါတယ်။ ဥပမာအားဖြင့် မန္တလေးသွားမယ့် ရည်ရွယ်ချက်ခြင်း တူတယ်။ ဒါပေမယ့် ရထားနဲ့ သွားမလား၊ ကားနဲ့သွားမလား ဆိုတဲ့ လုပ်နည်းကွဲပြားတဲ့ ပဋိပက္ခမျိုးဖြစ်ပါတယ်။
နှစ်။အကျိုးစီးပွားချင်းဆန့်ကျင်နေသည့်ပဋိပက္ခ။ အဖြေရှာရအလွန်ခက်ပြီး နိုင်ငံတကာမှာ အခုထိ ဖြေရှင်းလို့ မရသေးတဲ့ ပြဿနာများ၊ ပဋိပက္ခများဟာ ဒီအထဲမှာ အကျုံးဝင်ပါတယ်။ ဥပမာ။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမျိုး ဖြစ်ပါတယ်။ ဒီလိုပဋိပက္ခမျိုးမှာ နှစ်ဘက်လုံး က မိမိတို့ လိုအပ်ချက်၊ မိမိတို့ ရပ်တည်ချက်များကို လျှော့ချပြီး အပေးအယူ မလုပ်နိုင်ဘူးဆိုရင် နိုင်သူအကုန်ယူ ဆိုတဲ့အခြေအနေ မျိုးရောက်အောင် မိမိလိုချင်တာရဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးတဲ့ အဆင့်ကိုရောက်သွားပါတယ်။ အဲဒီအခါမှာ ပဋိပက္ခက ပိုမိုပြင်းထန်လာသလို နှစ်ဘက်ကြား နာကျဉ်းမှု၊ ခါးသီးမှု တွေက ပိုမိုပြင်းထန် လာပါတယ်။ အဲဒီကနေ အလျှော့အတင်းလုပ်ဖို့ ပိုခက် သွားပြီး တစ်ဆင့်ပြီး တစ်ဆင့် အရှိန်မြင့်လာပြီး အဖြေရှာဖို့ ခက်သွားတတ်ပါတယ်။
သုံး။အကျိုးစီးပွားဒွေးရောယှက်တင်ပဋိပက္ခ။ နှစ်ဘက်ကြား အကျိုးစီးပွားခြင်းတူတာ ရှိသလို မတူတာလည်းရှိတဲ့ အခြေအနေ ဖြစ်ပါ တယ်။ ဒီအခြေအနေဟာ Win-Win Solution ရဖို့အလွယ်ဆုံး အခြေအနေဖြစ်ပါတယ်။ နှစ်ဘက်လုံးက မိမိလိုချင်တာကို အတိုင်းအတာ တစ်ခုအထိ ရဖို့အတွက် အခြေခံများရှိပြီးဖြစ်လို့ စေ့စပ်လို့ ပိုလွယ်မယ့် အခြေအနေမျိုး ဖြစ်ပါတယ်။
သို့သော် ဘယ်လိုပဋိပက္ခမျိုးဖြစ်ပါစေ၊ ငြိမ်းချမ်သောနည်းလမ်းနဲ့ အဖြေရှာမယ်ဆိုရင်တော့ အပေးအယူ အလျှော့အတင်း ဆိုတာတော့ ရှိရမှာပဲဖြစ်ပါတယ်။ အဲဒီလိုအပေးအယူလုပ်တဲ့အခါ လုပ်လေ့ရှိတဲ့နည်းလမ်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
တစ်။ကြောင်းကျိုးခိုင်လုံစွာဖြေရှင်းခြင်းဖြစ်ပါတယ်။ မိမိရပ်တည်ချက်ကို ရှင်းပြသလို၊ တစ်ဘက်ရဲ့ တောင်းဆိုချက်တွေ ကိုလည်း လိုက်လျောနိုင်တဲ့ အခြေအနေ၊ မလိုက်လျောနိုင်တဲ့ အခြေအနေများကို ကြောင်းကျိုးခိုင်လုံစွာ ရှင်းပြခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကြောင်းကျိုးခိုင်လုံစွာ ပြောတာနဲ့ ငါ့စကား နွားရပြောတာ ခွဲခြားနားလည်ဖို့ လိုပါတယ်။
နှစ်။အပြန်အလှန်အလျော့ပေးခြင်းပါ။ လူ့သဘောသဘာဝအရ တစ်ဘက်သားက အလျော့ပေးရင် မိမိဘက်ကလည်း လိုက်လျော သင့်တယ်ဆိုတဲ့ ခံယူချက်ရှိပြီးသား ဖြစ်ပါတယ်။ ဒါကို အခြေခံပြီး မိမိဘက်က စတင်အလျော့ပေးခြင်းဖြင့် တစ်ဘက်က အပြန်အလှန် လိုက်လျောလာအောင် ကြိုးစားခြင်း ဖြစ်ပါတယ်။ ဒီနေရာမှ အလျော့ပေးခြင်းဆိုတာ သူတောင်းဆိုထားတာကို လိုက်လျောတာမျိုး ဖြစ်နိုင်သလို မိမိတောင်းဆိုထားချက်ကို အပြောင်းအလဲ လုပ်ပြီး လျော့ချပေးလိုက်တာဟာလဲ အလျော့ပေးခြင်း ထဲမှာပါတယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။
သုံး။မိမိတောင်းဆိုချက်သည် အားလုံးအတွက်အကျိုးရှိသော တောင်းဆိုချက်ဖြစ်ကြောင်း၊ မိမိ အကျိုးစီးပွားအတွက် သက်သက် တောင်းဆိုခြင်းမဟုတ်ကြောင်းသက်သေပြခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် အားလုံးနဲ့ဆိုင်တဲ့ ဘုံအကျိုးစီးပွား ဖြစ်ကြောင်း သက်သေ ပြနိုင်ဖို့၊ မိမိအနေနဲ့ ဘက်လိုက်မှု မရှိကြောင်း၊ ဖုံးကွယ်ထားတဲ့ အကျိုးစီးပွားမရှိကြောင်း၊ ဒီအချက်ကို အကြောင်းပြပြီး တစ်ဘက်ကို အန္တရာယ်ပြုလိုတဲ့ အမြတ်ထုတ်လိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း သက်သေ ပြ ခြင်းဖြစ်ပါတယ်။
လေး။အပြောနဲ့ အလုပ်ညီညွတ်အောင်သက်သေပြခြင်းဖြစ်ပါတယ်။ ဒါကတော့ ရှင်းပါတယ်။ မိမိ ရပ်တည်ချက်အတိုင်း မိမိပြောဆို လုပ်ကိုင်ခြင်း၊ မိမိမူဝါဒများ ရှေ့နောက်ညီညွတ်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ဘက်အဖွဲ့အစည်းကို ရန်မလိုပါဘူးလို့ ပြောရင် မိမိလုပ်ရပ်များ ဟာလည်း အဲဒါနဲ့ ကိုက်ညီဖို့ လိုပါတယ်။
တကယ်တော့ ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းဆိုတာ အပြောလွယ်သလောက အလုပ်ခက်တဲ့ ကိစ္စပါ။ သီအိုရီတွေ ဘယ်လောက်ပဲ ရှိနေရှိနေ၊ လက်တွေ့ကျင့်သုံးဖို့ မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်း၊ အဖွဲ့အစည်းတိုင်းမှာ တစ်ဘက်လူ၊ တစ်ဘက်အဖွဲ့ အစည်း အပေါ် ကြိုတင် ရှုမြင် သုံးသပ်ထားတဲ့ အမြင်တွေ၊ သဘောထားတွေကြောင့်ပါဘဲ။ အရိုးစွဲနေတဲ့ အဲဒီလိုအမြင်တွေကို ပြောင်းဖို့ သိပ်ခက်ပါတယ်။ ကွန်မြူနစ်စကားနဲ့ပြောရင် လူတန်းစား လက္ခဏာ သတ်မှတ်ချက်လို့ ဆိုရမလား မသိဘူး။ ကျွန်တော်တို့ အနေနဲ့ လူတစ်ယောက်အပေါ် ဒီကောင်လူဆိုးပါကွာ၊ ဒီကောင်က ယုံရတဲ့ ကောင်မဟုတ်ပါဘူးလို့ တထစ်ချယူဆထားတာမျိုးတွေ့ကြုံဖူးမယ် ထင်ပါတယ်။ အဲဒီအမြင်ဟာ ကိုယ်တိုင်ကြုံခဲ့တာ ဖြစ်ချင်ဖြစ်မယ်။ တစ်ခါတစ်လေ သူများပြောတာကြားပြီး လက်ခံထားတာ ဖြစ်ချင်ဖြစ်မယ်။ သို့သော် အဲဒီလို ယူဆပြီးရင် အဲဒီအမြင်ကို ဖျက်ဖို့အတော်ခက်တယ်ဆိုတာ ကြုံဖူးကြမှာပါ။
အဲဒီလိုအခြေအနေမျိုးဟာ အဖွဲ့အစည်းနှစ်ခုကြား၊ နိုင်ငံနှစ်ခုကြားမှာဖြစ်ရင် ဘယ်လောက် ကျော်လွှားဖို့ ခက်မလဲဆိုတာ မှန်းဆနိုင် ပါတယ်။ ဒီတော့ မြန်မာ့နိုင်ငံရေးမှာလည်း ပဋိပက္ခအမျိုးအစားကဘာလဲ။ ပတ်သက်နေသူတွေရဲ့ ရပ်တည်ချက်နဲ့ အကျိုးစီးပွားကဘာလဲ။ သူတို့ကြားမှာ အပြန်အလှန်ရှုမြင် သုံးသပ်ထားတဲ့ အမြင်တွေကဘာလဲဆိုတာ အဖြေထုတ်နိုင်ရင်ဖြင့် ပဋိပက္ခဖြေရှင်းရေးအတွက် အထောက်အကူဖြစ်မယ်လို့ ထင်မိပါတယ်။
Posted by ပိတောက်မြေ at 6:51:00 PM
Labels: ဆောင်းပါး

0 comments:
Post a Comment