Sunday, August 21, 2011

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး + ကျေးလက်ဗဟိုပြု ပညာရေး ဖြစ်ဖို့လို

by Socretes Athenisian on Sunday, August 21, 2011 at 9:01am

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး (Enviromental Education)
လူ့ ဘောင်ချစ်ဘုန်းကျော်
10/8, 2011။-

ကမ္ဘာကြီးပူနွေးလာပြီ။ အိုဇုန်းလွှာ ပါးလာပြီ။ ဖန်လုံအိမ်ဓာတ်ငွေ့ ကြောင့် ရာသီဥတုတွေ တဖြည်းဖြည်းဖောက်ပြန်လာနေပြီ။
သစ်တောတွေ တဖြည်းဖြည်း ပြုန်းလာနေသည်။ စိုက်ပျိုးလို့ရတဲ့ မြေနေရာတွေ ပျက်ဆီးလာနေသည်။ မြစ်ချောင်း အင်အိုင်တွေ တိမ်ကောလာနေသည်။


တိရဆ္ဆန်နဲ့အပင်တွေ တဖြည်းဖြည်း မျိုးတုန်းလာနေသည်။ ဒါက လက်ရှိ ၂၀၁၁-ကာလဖြစ်တဲ့ လက်ရှိရာစုနှစ်မှာ မြင်တွေ့ နေရတဲ့ အခြေအနေပါ။

နောက်ထပ်နှစ်ပေါင်း ၁၀၀ အတွင်းမှာ ပိုပြီးဆိုးရွားလာနိုင်တယ်လို့ သိပံပညာရှင်တွေက တွက်ချက်ပြီး ဖြစ်နေပါတယ်။
ဒီကာလကို ပိုလို့အရေးကြီးတဲ့ကာလလို့ သတ်မှတ်လာနေပါပြီ။
ဒါ့ကြောင့် တကမ္ဘာလုံးက အစိုးရတွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်တွေ၊ သုတေသနတွေ၊ ဥပဒေတွေနဲ့ ကျနော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးကို ၀ိုင်းပြီး ကာကွယ်နေကြပါပြီ။

ရည်ရွယ်ကတော့ လက်ရှိဘ၀အတွက်တင်မဟုတ်ပါဘူး။
နောင်မှာမွေးလာမဲ့ ကျနော်တို့သားတွေ၊ သမီးတွေရဲ့ ရင်သွေးတွေအတွက် နောင်အေးစိတ်အေး ရအောင်ဆိုပြီး ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်နေကြတာဖြစ်ပါတယ်။


ကျနော်တို့အားလုံးဟာ ကမ္ဘာမြေပေါ်က သယံဇာတွေကို အမှီပြုပြီး အသက်ရှင်နေကြရတယ်။
မြေကြီးကို အမှီပြုပြီး အပင်စိုက်ရတယ်။ အကောင်ပလောင်တွေကို စားသောက်ပြီး အသက်ရှင်ရတယ်။

ဒါတွေသာ သုံးလို့မရတော့ရင်၊ ဒါတွေကိုထိလာရင် ကျနော်တို့လည်းအသက်ရှင်ဖို့မဖြစ်နိုင်ပါဘူး။
ဒါ့ကြောင့် ကမ္ဘာကြီးကို ထိခိုက်လာနိုင်မဲ့ အခြေအနေတွေမှန်သမျှကို ကြိုတင်ကာကွယ်ကြရပါတယ်။
ဆိုးနေတဲ့အခြေအနေကို ကောင်းအောင် မြှင့်တင်နေကြပါပြီ။

ဒီလိုကာကွယ်တဲ့နေရာမှာ နိုင်ငံတွေ တစ်ခုနဲ့ တစ်ခု ပူးပေါင်းပြီး လုပ်ကြတယ်။
နိုင်ငံတွေ ဆုံတွေ့ ပြီး နိုင်ငံတကာဆိုင်ရာ သဘောတူညီချက်တွေ ပြဌာန်းအတည်ပြုပြီး လိုက်နာကြပါတယ်။
ဒီလိုလုပ်တဲ့နေရာမှာ ငါ့နိုင်ငံနဲ့ မဆိုင်ဘူးဆိုတဲ့အတွေးမျိုးရှိလို့မရပါဘူး။


သဘာဝပတ်ဝန်းကျင်အခြေအနေ၊ ဆိုးရွားမှုနဲ့သက်ရောက်မှုတွေဟာ နိုင်ငံတခုကနေ နိုင်တခုဆီကို ကူးလူးပြန့်ပွားနိုင်တဲ့အတွက် နိုင်ငံတိုင်း ပူးဆောင်ရွက်မှု့ မှာ ပါဝင်ရပါတယ်။
လက်တွေ့  အကောင်အထည်ဖော်ရပါတယ်။ ဒါက တာဝန်တစ်ခုပါ။

ဒီလိုကာကွယ်ဆောင်ရွက်တဲ့နေရာမှာ အရေးကြီးဆုံးက ပြည်သူတွေရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ဗဟုသုတကို ပိုပြီးမြှင့်တင်ဖို့လိုပါတယ်။

သူတို့ တွေဟာ ဒီနေရာမှာ အဓိက မောင်နှင်အားဖြစ်လို့ပါ။ သူတို့မပါပဲနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးလုပ်တဲ့နေရာမှာ အောင်မြင်မှုလုံးဝမရှိနိုင်ပါဘူး။ ဒါ့ကြောင့် နိုင်ငံတွေဟာ သူတို့နိုင်ငံရဲ့  စာသင်ကျောင်းတွေမှာ ပတ်ဝန်ကျင်ဆိုင်ရာ ပညာရေး ဘာသာရပ်တစ်ခုကို မသင်မနေရ သင်ကြားရပါတယ်။

အထူးသဖြင့် မှုလတန်းကနေ အထက်တန်းအထိ ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ် သင်ရိုးညွှန်းတမ်းတွေကို အစိုးရက ဖန်တီးပေးပါတယ်။ ဒါမှ ခလေးတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဗဟုသုတ နဲ့ အသိပညာ ရရှိမယ်လို့ဆိုတယ်။

သူတို့နားလည်လေ ပိုပြီး ထိန်းသိမ်းစောင့်ရှောက်ရကောင်းလေပါပဲ။

ဒီလို ဘာသာရပ်မျိုး ဗမာပြည်မှာ လုံးဝမရှိသေးပါဘူး။
လက်ရှိအနေအထားမှာ မရှိပေမဲ့ နောင်မှာရှိလာအောင်ဆိုတဲ့စေတနာနဲ့ ဒီစာကို ရေးပါတယ်။
အားလုံးသိတဲ့အတိုင်း ကျနော်တို့ တိုင်းပြည်ဟာ လက်မှုနိုင်ငံအဆင့်အတန်းမှာပဲရှိပါသေးတယ်။
စက်မှုနိုင်ငံဖြစ်ဖို့ အများကြီးလိုပါသေးတယ်။

သဘာဝပတ်ဝန်းကျင် ပျက်စီးအောင် အဓိက လုပ်တဲ့နိုင်ငံတွေကတော့ စက်မှုနိုင်ငံကြီးတွေဖြစ်ပါတယ်။
ဥပမာ အမေရိကန်လိုနိုင်ငံမျိုးတွေဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာ စက်မှုနိုင်ငံကို ကူးပြောင်းနေတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံလိုမျိုး၊ အိန္ဒိယလိုနိုင်ငံမျိုးတွေက ပိုပြီး ကြောက်စရာ ကောင်းပါတယ်။
လူဦးရေအရမ်းထူထပ်လို့ဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ မြို့ ကြီးတွေမှာ ကောင်းကင်က တိမ်ကိုတောင် မမြင်ရတော့ဘူး။ မြင်ရတဲ့ မြို့ တော့ရှိပါတယ်။
ကောင်းကင်မှာ တိမ်တွေအစား Smog လို့ခေါ်တဲ့ မီးခိုငွေ့ တွေနဲ့ ပြည့်နေပါတယ်။
ဒါက အင်မတန်ကြောင်စရာကောင်းတဲ့ အရာပါ။ အက်ဆစ်မိုးတွေရွာနိုင်ပါတယ်။

နောက်ပြီး မြေကြီးတွေကလည်း အပင်စိုက်လို့မရအောင် အက်ဆစ်ဓာတ်များမှု ရှိနေပါတယ်။
အက်ဆစ်ဓာတ်များတဲ့ မြေကြီးကနေပေါက်လာတဲ့အပင်တွေကို လူတွေစားသုံးမိရင် အက်စစ်တွေကို စားသုံးနေရတာနဲ့ သိတ်မကွာပါဘူး။
ဒီအခြေအနေတွေက ပတ်လည်ဖြစ်နေတဲ့ အခြေအနေပါ။



မြန်မာနိုင်ငံဟာ သူများနိုင်ငံတွေနဲ့ယှဉ်ရင် သဘာဝပတ်ဝန်းကျင်အခြေအနေ အရမ်းမဆိုးသေးပါဘူး။
စက်မှုနိုင်ငံကြီးမဟုတ်တော့ စက်ရုံအလုပ်ရုံကထွက်တဲ့ အဆိပ်ငွေတွေကိုလည်း အများကြီး မစားသုံးရသေးဘူး။

သို့သော် ဒီနေရာမှာ တစ်ခုကြောက်စရာကောင်းတာက နိုင်ငံတွင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေ၊ ပညာရပ်တွေ၊ အခြေခံအဆောက်အအုံတွေ အရမ်းအားနည်းနေတော့ နိုင်ငံခြားCompany တွေက စွန့် ပစ်တဲ့ အညစ်အကြေးတွေကို ကောင်းကောင်း မထိန်းနိုင်ဘူး။

ကောင်းကောင်းစီမံခန့် ခွဲမှု မလုပ်နိုင်ဘူး။ ဥပမာ မုံရွာက အိုင်ဗင်ဟိုး ကုမဏီက တူးနေတဲ့ ကြေးတူး လုပ်ငန်းကနေ ထွက်တဲ့ အညစ်အကျေးတွေကို ကြည့်ပါ။

မိုင်းလုပ်ငန်းက အဓိက မြေနေရာ၊ လေထုညစ်ညမ်းမှုကို အကြီးအကျယ်ဖြစ်စေတယ်။
ဒါတွေကို ထိထိရောက်ရောက်မကိုင်တွယ်နိုင်သေးဘူး။ ဥပဒေရှိပြီး အတက်ပညာအားနည်း၊ ငွေကမရှိ၊ အခြေခံအဆောက်အအုံတွေက မပြည့်စုံရင်တော့ ကျနော်တို့ နိုင်ငံဟာ ဘယ်လိုမှ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်မှာမဟုတ်ပါဘူး။

လူတွေက ယနေ့ အချိန်အထိ မြေကြီးနဲ့ လက်ကို ပဲ အဓိကအသုံးပြုပြီး အသက်ရှင်နေရတာဆိုတော့ ဒီမြေကြီးနဲ့ ဒီလေထုကိုသာ ထိ ရင်တော့ ကျနော်တို့ ကိုယ့်ကိုယ်သက်သေသလိုနဲ့ တူနေပါတယ်။

ယနေ့ ကာလမှာ အခြားတိုင်းပြည်တွေဟာ သူတို့နိုင်ငံရဲ့ သဘာဝသယံဇာတွေဖြစ်တဲ့ မြစ်ချောင်းအင်အိုင်တွေကို မထိစေတဲ့ ဖွံ့ ဖြိုးတိုးတက်မှုတွေကို အကောင်အထည်ဖော်ပါတယ်။

ထိလာမယ်ဆို့ ယူဆရင် သူတို့ ဘယ်တော့မှအကောင်အထည်မဖော်ပါ။
ဥပမာ သြစတျေးလျနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစောင့်ရှောက်မှုကို လေ့လာကြည့်ပါ။ သူတို့မြစ်တွေကို ရွှေထက်တောင် တန်ဖိုးထားပါတယ်။


ဒီနေ့ မြန်မာပြည်ဟာ ဖြစ်သလိုစောင့်ရှောက်နေတဲ့ နိုင်ငံအဆင့်မှာပဲရှိပါသေးတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်တွေ၊ အခြေခံအဆောက်အအုံတွေ၊ ဥပေဒေတွေ၊ ကျွမ်းကျင်မှု့ အတတ်ပညာတွေကို အကောင်အထည်ဖော်က အချိန်အတော်ယူရပါတယ်။

အလွယ်ကူဆုံးကတော့ စာသင်ကြောင်းတွေမှာ အခြေခံကာကွယ် မြှင့်တင်တဲ့ ဗဟုသုတကို အဓိက ဦးစားပေးလုပ်ရင် ဖြစ်နိုင်ပါတယ်။
ငွေကြေးကုန်ကျမှုနဲ့ အချိန်ကာလ သိတ်ပြီး မယူရတော့ ဖြစ်နိုင်ခြေရှိပါတယ်။
ဒါ့ကြောင့် လက်ရှိအစိုးရအနေနဲ့ အလွယ်ကူဆုံးဖြစ်တဲ့ မှုလတန်းကနေ အထက်တန်းထိသင်တဲ့ ကျောင်းတွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်ကို စတင်သင်ကြားဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆက်လက် ဖော်ပြပါဦးမည်-

ဘုန်းကျော်
(လေးစာလျှက်ပါ။)

၁၄ -သြဂုတ် - ၂၀၁၁

---------------------------------------------
www.hittaing.org
www.hittai.org
www.hittai.net     
----------------------------------------------------------------------------------------------------------

Friday, August 19, 2011

ကျေးလက်ဗဟိုပြု ပညာရေး ဖြစ်ဖို့လို

ပညာရေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာမျိုးတင့်နှင့် တွေ့ဆုံခြင်း
(၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ထုတ် ကုမုဒြာ သတင်းဂျာနယ်မှာ ပါတဲ့ တွေ့ဆုံမေးမြန်းခန်း ဖြစ်ပါတယ်။ ပညာရေးကဏ္ဍ အခြေအနေ သိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ )

ရန်ကုန်၊ ဇူလိုင် ၁၈ - ပုဂ္ဂလိက ကျောင်းတွေ ဖွင့်လှစ်ခွင့် ပေးလိုက်သလို ပုဂ္ဂလိက ကျောင်းတွေကို အပ်နှံတဲ့ ကျောင်းသား ဦးရေလည်း များလာပါတယ်။ အစိုးရကျောင်းတွေ အနေနဲ့ ပြည်သူလူထု ပိုမို အားကိုးလာဖို့ အတွက် ပညာရေးစနစ်ကို ပြောင်းလဲဖို့ လိုအပ်လာတယ်လို့ ပညာရှင် အချို့က သုံးသပ်ခဲ့တယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ် တိုးတက်လာဖို့နဲ့ လိုအပ်ချက်တွေကို သိရှိနိုင်ဖို့အတွက် ပညာရေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာမျိုးတင့်နဲ့ တွေ့ဆုံ ဖြစ်ခဲ့ပါတယ်။

ကုမုဒြာ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကို သိချင်ပါတယ်။

မျိုး။ ။ မြန်မာနိုင်ငံရဲ့ ပညာရေး ရည်မှန်းချက်က ၂၀၀၀-၂၀၀၁ ခုနှစ်ကနေ ၂၀၃၀-၂၀၃၁ ခုနှစ် အထိ အနှစ် ၃၀ စီမံကိန်းပါ။ အဲဒါကို ငါးနှစ် စီမံကိန်း ခြောက်ခုနဲ့ အကောင်အထည် ဖော်နေတယ်။ ရည်မှန်းချက်ကတော့ တစ်မျိုးသားလုံး အစဉ်လေ့လာ သင်ယူနေတဲ့ learning society ဖြစ်ရမယ်လို့ စီမံထားပါတယ်။

ကုမုဒြာ။ ။ နိုင်ငံတကာမှာလည်း ပညာရေးနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို အလေးထားပြီး ဆောင်ရွက်နေသလို မြန်မာနိုင်ငံရဲ့ နှစ် ၃၀ စီမံကိန်းကရော ဘယ်လောက်အထိ အောင်မြင်မှု ရနေပြီလဲ။

မျိုး။ ။ နှစ် ၃၀ စီမံကိန်းရဲ့ လိုအပ်ချက်တွေ၊ အစီအစဉ်တွေကိုတော့ လုပ်ဆောင်နေတာ ရှိပါတယ်။ စီမံကိန်း အောင်မြင်ဖို့ အတွက်တော့ စီမံကိန်းနဲ့ အကျုံးဝင်နေတဲ့ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ၊ မိဘတွေ၊ ကျောင်းက ဆရာ ဆရာမတွေရဲ့ သင်ကြားမှုကို ခံယူရတဲ့ ကျောင်းသားတွေကို ပြန်လည် အသုံးချမယ့် ကုမ္ပဏီတွေ၊ ပုဂ္ဂလိက အဖွဲ့ အစည်း တွေ၊ တစ်နည်းအားဖြင့် မြန်မာပြည်မှာ ရှိတဲ့ လူတိုင်း သည် နှစ် ၃၀ စီမံကိန်း အောင်မြင်ဖို့ တာဝန်ရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်က အားလုံးနဲ့ သက်ဆိုင်ပါတယ်။

ကုမုဒြာ။ ။ အစိုးရ ကျောင်းတွေ အပြင် ဘုန်းတော်ကြီး ပညာသင် ကျောင်းတွေရဲ့ အခန်းကဏ္ဍ ပံ့ပိုးမှုကိုလဲ သိချင် ပါတယ်။

မျိုး။ ။ အစိုးရ ကျောင်းတွေကတော့ formal education ဖြစ်ပြီး ဘုန်းတော်ကြီး ပညာသင် ကျောင်းတွေက non-formal education ပါ။ Formal education ကျတော့ ပုံစံအရ ကျောင်းတွေက ပုံစံတစ်ခုတည်း။ ပညာရေး ပြက္ခဒိန် တစ်ခုတည်းနဲ့ အကုန်လုံးကို ပုံစံတကျ၊ စာမေးပွဲစစ်ရင် ဘယ်နေ့၊ ဘယ်အချိန် ဆိုတာကို တစ်သတ် မတ်တည်း သွားတယ်။ Non-formal ကျတော့ ပုံစံတကျ မရှိဘူး။ ကျောင်းမှာ တက်နေတဲ့ ကျောင်းသားတွေ အပေါ် မူတည်ပြီး လုပ်ကြတယ်။ အစိုးရကျောင်း မတက်နိုင်တဲ့ နေရာတွေ အတွက် non-formal education က မရှိမဖြစ် လိုအပ်ပါတယ်။

ကုမုဒြာ။ ။ မူလတန်းကို အခမဲ့ ပညာ သင်ကြားရေး စနစ် ကျင့်သုံး ထားပေမဲ့ ဘာကြောင့် non-formal education ကို အားကိုးနေရလဲ သိချင်ပါတယ်။

မျိုး။ ။ မြန်မာနိုင်ငံမှာ တစ်နှစ်ကို မူလတန်း ကျောင်းသား ငါးသန်း၊ အလယ်တန်း ကျောင်းသား နှစ်သန်း၊ အထက်တန်း ကျောင်းသား ငါးသိန်းနဲ့ ခြောက်သိန်း ကြားမှာ ရှိတယ်။ စုစုပေါင်း ကျောင်းသား ဦးရေ ခုနစ်သန်းခွဲ ရှိတယ်။ အဲဒါက formal education ပါ။ အကြောင်း ကြောင်းကြောင့် သူငယ်တန်းကနေ တစ်တန်းကို ကူးတဲ့အချိန်မှာ ကျောင်းသား အများဆုံး ထွက်ကြတယ်။ အဲသည် ထွက်သွားတဲ့ ကျောင်းသားတွေကို တစ်ဖက်ကနေ non-formal education က ပြန်သင်ပေး နေရတယ်။ ကျောင်းကနေ ထွက်သွားတဲ့ ကျောင်းသားအများစုရဲ့ မိဘတွေမှာ တစ်နေ့ဝင်ငွေ ကျပ်တစ်ထောင် အောက်ပဲ ရှိကြတယ်။ အဲလို လူဦးရေ မြန်မာနိုင်ငံမှာ ၃၁ ရာခိုင်နှုန်း ရှိခဲ့တယ်။ အခု ၂၆ ရာခိုင်နှုန်းပဲ ကျန်တယ်။ ထောင်စုနှစ် ရည်မှန်းချက်အရ ၁၆ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရမယ်။

ကုမုဒြာ။ ။ သူငယ်တန်းနဲ့ တစ်တန်းကြား ကျောင်းထွက်နှုန်းများတဲ့ အပေါ်မှာ ဘယ်လိုမျိုး ဖြေရှင်းသင့်ပါသလဲ။

မျိုး။ ။ ကျောင်းနေမြဲရေး ဆိုတဲ့ စီမံချက်တော့ ရှိတယ်။ ကျောင်း မထွက်အောင် ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ကျောင်းထွက်သွားတဲ့ ကလေးတွေ ကျောင်းမထွက်ဖို့ မိဘတွေကို စည်းရုံးဖို့၊ မိဘတွေရဲ့ စီးပွားရေးကို မြှင့်တင်ပေးဖို့ ဆောင်ရွက်တာတွေ ရှိပါတယ်။ ရပ်ရွာ ပဒေသာ ဌာနတွေက မိဘတွေ ဝင်ငွေတိုးရေး အတွက် လုပ်ငန်းတွေ သင်ပေးတယ်။ Micro financing အသေးစား ချေးငွေ လုပ်ငန်းလေးတွေပါ လုပ်ပြီး စီးပွားရေးအရ သက်သောင့်သက်သာ ဖြစ်လာမယ် ဆိုရင် ကလေးတွေ ကျောင်းနေမြဲရေး အတွက် အထောက်အကူ ပြုလာမှာပါ။

ကုမုဒြာ။ ။ လက်ရှိ အစိုးရအနေနဲ့ရော ပညာရေးနဲ့ ပတ်သက်တဲ့ ဘတ်ဂျက်ကို ဘယ်လို ကဏ္ဍတွေမှာ ပိုပြီး သုံးသင့် တယ်လို့ ဆရာ ယူဆပါသလဲ။

မျိုး။ ။ ပညာရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍဆိုရင် အခုလက်ရှိလည်း သုံးနေတဲ့ မူလတန်းမှာ အများဆုံး သုံးသင့်တယ်။ အခုချိန်ထိ မူလတန်းကျောင်းတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က လိုအပ်ချက်တွေ ရှိနေသေးတယ်။ သည်နှစ်မှာ မူလတန်း ကျောင်း တစ်ကျောင်းရဲ့ တစ်နှစ်အတွက် ထိန်းသိမ်းစရိတ် သုံးသောင်းပေးတယ်။ ကျေးရွာပေါင်း ခြောက်သောင်းခွဲ ရှိတယ်။ ငါးရွာကို မူလတန်းကျောင်း တစ်ကျောင်းရှိတယ်။

ကုမုဒြာ။ ။ ပညာရေးစနစ်ကို ပြည်သူတွေ ပိုပြီး အားကိုးလာဖို့ ဘယ်လို အပြောင်းအလဲတွေ လိုအပ်နေပါသလဲ။

မျိုး။ ။ ပညာရပ်တွေက အရမ်းကို အပြောင်းအလဲ မြန်နေတယ်။ အခုလက်ရှိ သင်နေတဲ့ ပညာရပ်တွေက မြို့ပြကိုပဲ အခြေခံထားတယ်။ ကျေးလက်ဒေသကို လက်စွဲထားတဲ့ သင်ရိုးတွေ မဟုတ်ဘူး။ ပြည်သူတွေ ပိုအားကိုးဖို့၊ ကျေးလက် ဒေသ ဖွံ့ဖြိုးဖို့ဆိုရင် ကျေးလက်ကို ဗဟိုပြုတဲ့ သင်ရိုးသက်သက် ရှိသင့်တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အကုန်လုံး အလိုက် သင်ရိုးတွေဖြစ်ဖို့ လိုလာမယ်။ အခြေခံကျောင်း ပညာရေးမှာ အတန်းတင်ပေး စနစ်ကိုလည်း ပြောင်းလဲပေးဖို့ လိုတယ်။ တကယ် ပညာတတ်တဲ့ ကျောင်းသားတွေ ထွက်ပေါ်လာမယ်။ လက်ရှိ အခြေအနေအထိ ဆရာ ဆရာမ မလုံ လောက်တဲ့ အခြေအနေကို ကြုံတွေ့ နေရတုန်းပဲ။ အဲသည် အခြေအနေတွေ မရှိဖို့ လိုတယ်။

ကုမုဒြာ။ ။ ပညာရေးကို ကျောင်းသားတွေ လက်တွေ့ လုပ်ငန်းခွင်မှာ ပြန်ပြီး အသုံးချနိုင်ဖို့ ဘယ်လိုစနစ်တွေ လိုအပ် ပါသလဲ။

မျိုး။ ။ အခု ပညာသင်တဲ့ ပုံစံက ၁၉ ရာစု စာသင်ခန်းလို့တောင် ပြောလို့ရတယ်။ တကယ်တမ်း ကျောင်းသားတွေကို သင်တဲ့ပုံစံက ကိုယ်ပိုင် အတွေးအခေါ်နဲ့ တွေးခေါ်နိုင်အောင် လေ့ကျင့်ပေးဖို့ လိုတယ်။ တကယ် ပညာတတ်ဖို့ လိုအပ်နေတဲ့ သင်ထောက်ကူ ပစ္စည်းတွေ ပံ့ပိုးဖို့ လိုတယ်။ စာသင်နည်း စနစ်တွေ အထောက် အပံ့တွေ လိုအပ်တယ်။
ကျောင်းပညာက လက်တွေ့မှာ အသုံးတည့်ဖို့ အတွက် ကျောင်းသားတွေကို ကျောင်းခန်းထဲသွင်း၊ စာသင်ရုံနဲ့ မရဘူး။

ကုမုဒြာ။ ။ မြန်မာနိုင်ငံ ပညာရေးစနစ်မှာ ဘယ်လို အပြောင်းအလဲတွေ ရှိဖို့လိုအပ်နေပါသလဲ။

မျိုး။ ။ ပညာရေး အစွမ်းထက်ဖို့ ပိုပြီး ရင်းနှီးမြှပ်နှံရမယ်။ ဆရာအတတ်သင် ပညာရေးကို ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။ နိုင်ငံတကာမှာ ဆရာ ဆရာမတွေရဲ့ ပညာအရည်အချင်းကို တစ်နှစ်တစ်ခါ စာမေးပွဲ စစ်သလိုပြန်ပြီး မြှင့်တင် တယ်။ သည်မှာလည်းပဲ မွမ်းမံ သင်တန်းတွေ ရှိပေမဲ့ သည်ထက်ပိုပြီး ရှေ့ကိုပြေးရမယ့် သဘော ရှိတယ်။ ဆရာ၊ ဆရာမ တွေရဲ့ အတွေးအခေါ် ကောင်းဖို့၊ ခေတ်မီ နည်းပညာတွေကို အချိန်နဲ့ တပြေးညီ တတ်ကျွမ်းနေဖို့ အတွက် ပံ့ပိုးပေးရမယ်၊ ဆရာ၊ ဆရာမတွေအဖြစ် လုပ်ကိုင် ချင်အောင် အခွင့်အလမ်းတွေ ပေးဖို့လိုတယ်။

ကုမုဒြာ။ ။ အချိန်ပေး ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

နန်းလွင်
Posted by ပိတောက်မြေ at 12:18:00 AM
Labels: ဆောင်းပါး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...