Sunday, August 21, 2011

အထီးကျန်…သံလွင်“လမ်းခွဲ”


by Win Ko on Sunday, August 21, 2011 at 9:17am

နွေကြိုဥသြတို့၏ တွန်ကြူးသံသည် အတိတ်ကို မေ့နေသော၊ မေ့ရန်ကြိုးစားနေသော ကျနော့်အား အမြဲတစေ ခြောက်လှန့်လျှက်ရှိပါသည်။ တခါတရံ အတိတ်သို့ ခေါ်ဆောင်သွားတတ်ပါသည်။ အတိတ် ၏ပုံရိပ်တို့သည်လည်း တဖြည်းဖြည်းသက်ဝင်လှုပ်ရှားလျှက်……
.
မှတ်မှတ်ရရ…. ၁၉၉၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ကပေါ့…. မြန်မာစစ်အစိုးရနှင့် ကရင်နီတိုးတက်ရေး ပါတီတို့ အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ကာစ။ ကရင်နီတပ်မတော် အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) ခရိုင်မှ ကျနော်တို့ ရဲဘော်တစု ကရင်နီနယ်မြေအရှေ့ဖက်ကမ်း စစ်မြေပြင်တွင် စစ်ဆင်ရေးထွက် ခဲ့စဉ်က ....
နေပူကျဲကျဲအောက်တွင် ကျနော်တို့ရဲဘော်တွေ အတွေးကိုယ်စီဖြင့် ကြမ်းတမ်းလွန်းလှတဲ့ တောတောင်၊ ကျောက်ဆောင်ကြို ကျောက်ဆောင်ကြား၊ လျှိုမြောင်ကြို လျှိုမြောင်ကြားတွင် အားတင်းချီတက်လာကြရင်း ...
“ဟေ့… ဟိုးမှာ သံလွင်မြစ်ကိုတွေ့နေရပြီဟေ့၊ ရောက်ကာနီးပြီကွ...အားတင်းထားကြဟေ့”
ဒါက ကျနော်တို့ရဲဘော်တွေအချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးလိုက်ကြတဲ့ အသံပါ။
သံလွင်မြစ်ကိုကျော်ပြီး အနောက်ဖက်ကမ်းကို  ၃၊၄ ရက်လောက် ဆက်လျှောက်လိုက်ရင် ဒေါတမကြီးကိုရောက်တော့မှာပါ။
“ဟေ့ ရဲဘော်တွေ မြစ်အဆင်းမှာ သတိထားကြနော် စစ်အစိုးရတပ်တွေ ရှိတတ်တယ်၊ သတိ ၀ီရိယနဲ့ ကြည့်ပြီးသွားကြ ...”
ဒါက ကျနော်တို့တပ်မှူး ဗိုလ်တီးနိုက အားလုံးကို သတိပေးလိုက်တဲ့အသံပါ။
ဒီလိုသတိပေးလိုက်တဲ့အတိုင်းလည်း ကျနော်တို့တွေ မြစ်မင်းသံလွင်နားကို တဖြည်းဖြည်းချင်း သတိတမံ ဥာဏ်မြေကတုတ်လုပ်ပြီး ချည်းကပ်ရောက်ရှိသွားပါတယ်။ မြစ်ကမ်းနံဘေးတစ်လျှောက်မှာ တော့ ဧရာမ ငွေသင်းဖြူလွှာကြီးတစ်ချပ် ဖြန့်ခင်းထားလို ဖြစ်နေတဲ့ သဲဖြူဖြူဖွေးဖွေးတွေဟာ နေမင်း ရဲ့တရှိန်ရှိန်တညီးညီး အပူရှိန်ကြောင့် မီးထတောက်မတက် ပူပြင်းနေပါတယ်။

အဲဒီအချိန်လေးအတွင်းမှာပဲ သံလွင်မြစ်ရဲ့တစ်ဖက်ကမ်းကိုရောက်နေတဲ့ ကျနော်တို့ရဲဘော်တွေဆီက စက်ဝင်လာတယ်။ မောကြီးပန်းကြီး ခရီးပြင်းနှင်လာတဲ့ ကျနော်တို့ကို သတင်းလှမ်းပေးတာပါ။ အဲဒါက အခုကျနော်တို့ရောက်နေတဲ့ သူတို့စွန်လွှတ်သွားပြီဖြစ်တဲ့ ပဲလဲလဲ (နန်မွန်း) စခန်းဟောင်းမှာ ၀က်ကြီး တစ်ကောင်ကျန်ခဲ့တယ်တဲ့… သတ်စားလိုက်ကြ.. မင်းတို့မသတ်ရင်လည်း စစ်အစိုးရတပ်တွေလာရင် သတ်စားမှာပဲ လို့အကြောင်းကြားပါတယ်။ ဒီသတင်းလည်းကြားရော ကျနော်တို့ရဲဘော်တွေအားလုံး ၀မ်းသာနေကြတယ်။ ငတ်နေတာကြာတော့ အ၀စားပစ်လိုက်မယ်ပေါ့…….
ဒါနဲ့ကျနော်လည်း လက်စွဲတော် M 16 သေနတ်ကို လှမ်းကိုင်ပြီး သူတို့ပြောတဲ့ဝက်ကို အရှာထွက်ခဲ့ တာပဲ။ ဟော…..မကြာပါဘူး တွေ့ပါပြီ.. နည်းတဲ့အကောင်ကြီးလားဗျာ၊ တောထဲမှာမွေးထားတယ်ဆို ပေမယ့် အစာနိုင်ထားတော့ ကျွဲပေါက်တစ်ကောင်လောက်မကတတ်တဲ့ အချိန်သုံးလေးဆယ်အောက် မလျော့တဲ့ဝက်ကြီး။
ကျနော်လည်း အချိန်ဆွဲမနေတော့ဘဲ သေနတ်နဲ့ထိုးချိန်ပြီး ပိုင်ပြီဆိုတာနဲ့ ပစ်ချလိုက်ပါတော့တယ်။ ဒါပေမယ့် ကျည်ဆံကမထွက်ဘဲ ဂျမ့်ဖြစ်သွားတယ်။ ဒီတော့ ကျည်အသစ်လဲပြီး ထပ်ပစ်……ဒိုင်း….. မမှန်ဘူး၊ မောင်းတင်တယ် ထပ်ပစ်တယ် ကျည်မထွက် ကျနော်ကြောင်သွားတယ်။ လက်ထဲကသေ နတ်ကိုလည်း ကြောင်စီစီနဲ့ငုံ့ကြည့်မိတယ်.. တကယ်လို့များ တောဝက်ကြီးသာဆိုရင် ကျနော့်ဆီကို တရူးထိုးဝင်လာပြီး အစွယ်နဲ့ပက်လို့ သေလောက်ပြီ။ အင်း…….မဟုတ်တော့ဘူး ဘာကြောင့်လဲ…. ၀က်မကြီးနားအသာတိုးကပ်ပြီး အနီးကပ်ပစ်ဖို့ချိန်လိုက်တော့……..။

ဘုရား…ဘုရား.. ၀က်ကြီးက ကျနော့်ကို မျက်ထောက်နီကြီးနဲ့ ကြည့်နေပါပကော။ စူးစူးဝါးဝါး ကြီးကို စိုက်ကြည့်နေတယ်။ ကျနော်သေချာကြည့်လိုက်တော့မှ မွေးခါနီးပေါက်ခါနီး ကိုယ်ဝန်လွယ်ထားရတဲ့ ၀က်မကြီးမှန်းသိလိုက် ရတယ်။ သူ့ဗိုက်ကြီးက ပူတင်းပြည့်ဖောင်းပြီး  တွဲကျနေတာမှ မြေကြီးနဲ့ တရွတ်ဆွဲမတတ်ဖြစ်နေတာ ပါ။ အဲလိုသတိထားလိုက်မိတော့မှ မောင်းတင်ထားတဲ့သေနတ်ကို မြေပေါ် စိုက်ချရင်း ကျနော့်စိတ် တွေလေးလံသွားခဲ့တယ်။ မှန်တာပြောရရင် သားမွေးဖို့အဆင့်သင့် လောက်နီးနီးဖြစ်နေတဲ့ ၀က်မကြီးရဲ့ အကြည့်အောက်မှာ တိုက်ပွဲတွေကြား အသက်ကိုပဓာန မထားဘဲ နေသားကျလာတဲ့ ကျနော့်စိတ်ဟာ တစ်ခါမှမဖြစ်ဖူးတဲ့  ကိုယ်ကိုယ်တိုင်လည်း နားမလည် နိုင်တဲ့ စိတ်တစ်မျိုး ကြက်သီးမွှေးညှင်းနဲ့အတူ စီးဝင် လာသလိုပါပဲ။ ကြောက်စိတ်နဲ့ အလားသဏ္ဍာန် ဆင်တူလို့လားမသိဘူး။ ကျနော့်တစ်ကိုယ်လုံး နတ်ကျ သလို ကတုံကယင် ရင်တစ်လှိုက်လှိုက်ဖြစ်လို့ ပေါ့ဗျာ။

အဲဒီလို မောလှိုက်လှိုက်ဖြစ်နေရာက ကိုယ့်ကိုယ့်ကို မနဲ့သတိထားပြီး စေ့ငုံကြည့်လိုက်တော့ မွေးခါနီး ဖွားခါနီး တိရစ္ဆာန်တစ်ကောင်ရဲ့ သားဇောမွှန်နေတဲ့ မိခင်မေတ္တာအဟုန်ကြောင့် သေမင်းတမန်ဖြစ်တဲ့ သေနတ်က ကျည်မထွက်တာများလား ဆိုတဲ့ အသိတစ်ခုကျနော့်ခေါင်းထဲ ၀င်လာပါတယ်။ အဲဒါနဲ့ တစ်ပြိုင်နက်တည်း ကျနော်ဟာဝမ်းနည်းခြင်း၊ ဂရုဏာသက်ခြင်းဆိုတာတွေ ရောပြွန်းခံစားမိပြီး ၀က်ကြီးကိုမသတ်ရက်တော့တာမို့ နောက်ကိုကျောခိုင်းလှည့်ထွက်မိခဲ့ပါတယ်။ အော်….မိခင်မေတ္တာ ဆိုတာ တိရစ္ဆာန်ဖြစ်သော်ငြားလည်း စူးရှထက်မြက်လှပါလား….အဲဒီအသိလေးဟာ အိမ်မှာကျန်ခဲ့တဲ့ ကျနော့်သား သမီးနဲ့ ဇနီး ကို တစ်ချက်တည်းပြေးမြင်မိပါတယ်။ ကျနော့်မျက်ဝန်းမှာလည်း မျက်ရည် တွေစို့လို့ပေါ့။
ကျနော်မှားပြီ…ဆိုတဲ့အသိကိုပိုက်ရင်း တပ်စုရှိရာကိုပြန်လာခဲ့တယ်ဆိုပါတော့ ...။
“မင်းဝက်ကိုပစ်ခဲ့ပြီးပြီလား…..ဘယ်နားမှာလဲကွ.. သွားဖျက်ကြမယ်” လို့ ၀ိုင်းမေးကြတယ်။ ကျနော် သူတို့ကိုအေးအေးလေးပဲ ပြန်ပြောလိုက်မိတယ်။ မပစ်ရက်တော့လို့ထားခဲ့ပါကြောင်း………..
အာဟာ… ဒီလောက်ရိက္ခာငတ်နေတာ ငါသွားပစ်မယ်ဆိုပြီး ရဲဘော်ဦးရယ် ထထွက်သွားတာကို တွေ့လိုက်ရတယ်။. သိပ်မကြာခင်မှာပဲ သေနတ်သံနဲ့အတူ ၀က်ကြီးရဲ့စူးစူးဝါးဝါးအော်သံကြီးကို ကြားလိုက်ရပါတယ်။ ၀က်မကြီးကို တစ်ယောက်တစ်လက် စစ်သားလက်နဲ့ ၀ိုင်းဖျက်ကြတာ။ ဗိုက်ခွဲလိုက်တော့ ၀က်ကလေးခြောက်ကောင်က ဗိုက်ထဲမှာ တစ်လှုပ်လှုပ်…၊ ကျနော်မကြည့် ရက်တော့တာနဲ့ ခပ်ဝေးဝေးမှာ သွားနေလိုက်မိပါတယ်။
သံလွင်မြစ်ကိုကူးဖို့အတွက် လတ်တလောအခြေအနေအရ ပလဲလဲ (နန်းမွန်း)စခန်းက ဘားတိုက် ဟောင်းရှိ ၀ါးတွေကို ဖေါင်လုပ်ပြီးကူးဖို့ပဲရှိတာမို့ ဖေါင်ဖွဲ့ဖို့ တချို့ကပြင်နေချိန်မှာ ရဲဘော်တချို့ကတော့ ၀က်မကြီးကို ခုတ်ထစ်ပြီး ချက်ပြုပ်နေကြပါပြီ။ ကျနော်တို့ ဖေါင်ဖွဲ့ပြီးလို့ အမောမပြေခင်လေးမှာပဲ….
ဝုန်း……
ဒိုင်း……
ဝုန်း….ဒိုင်း…နဲ့ တောင်ကြောပေါ်ကို ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ စစ်အစိုးရတပ်တွေက မော်တာတွေ၊ စက်လတ်တွေ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်ပါတော့တယ်။
ရုတ်တရက်မို့ ကျနော်တို့အားလုံး ကစင့်ကလျှားဖြစ်ကာ တချို့က ပြန်လည်ပစ်ခတ်မှုကို လုပ်နိုင် ပေမယ့် အများစုမှာ မိမိတို့လွတ်မြောက်ရာကို ရှာဖွေနေကြရပါတယ်။ ကျနော်တို့ ဖေါင်ဖွဲ နေတဲ့ အစုကတော့ နောက်ဆုံး ပြေးလမ်းမရှိတော့တဲ့အနေအထားမို့ ဖေါင်ကို ရေထဲတွန်းချပြီး ဖေါင်ပေါ်ကို အတင်းပြေးတက် လိုက်ကြရပါ တော့တယ်။ ကျနော်တို့အားလုံး ၆ ယောက်။
ရေစီးအရှိန်နဲ့ဆိုတော့ တော်တော်ဝေးဝေးကိုမျောသွားတယ်။ ပြဿနာက ခုမှ စပါတော့တယ်။ ကျနော်တို့စီးသွားတဲ့ဖေါင်က၀ါးတွေက ပိုးထိုးထားတဲ့ဝါးတွေဆိုတော့ ကြာလေ ရေ၀င်လေဖြစ်ပြီး တဖြည်းဖြည်းနစ်လာပါတော့တယ်။ ၀ါးဖေါင်ပေါ်နေလို့မရတော့ဘူး။ ကျနော်တို့အားလုံး ဖေါင်ပေါ် ကဆင်းပြီး ဖေါင်ကိုကိုင်ရုံကိုင်ပြီးလိုက်လာရပါတော့တယ်။
သံလွင်မြစ်ရေစီးကလည်းကြမ်း၊ စုတ်ဝဲ၊ မှုတ်ဝဲတွေကလည်းများတော့ သိပ်မကြာလိုက်ခင်မှာပဲ ဖေါင်က မခံနိုင်တော့ပဲ တစစီကွဲသွားပါတယ်။ ကံကောင်းချင်တော့ ကျနော်က ၀ါးလုံးတလုံးကို မိမိရရကိုင်မိထားပါတယ်။ အခြားရဲဘော်တွေကတော့ တနေရာစီမှာ ကူးခပ်နေကြတာကို မြင်နေ ရပါတယ်။ တယောက်ကိုတယောက် မကူနိုင်ခဲ့ကြပါဘူး။ သံလွင်မြစ်ရေအေးထဲ စိမ်နေကြရတော့ အရမ်းလည်းချမ်းနေကြပါပြီ။ အကြောတွေလည်းတောင့်တင်းနေပါပြီ။ ဆာလောင်မှုတွေကြောင့် အားအင်တွေကလည်းကုန်ခမ်းလုလုပေါ့။
တယောက်တော့ အရင်ဆုံး သံလွင်မြစ်ရဲ့ဝါးမျိုခြင်းကိုခံလိုက်ရပါပြီ။ သူကတော့…ညီညီ။ သူက ကယားပြည်နယ်ရဲ့ မောင်ဗမာ တစ်ဦး သူ့အဖေနဲ့ သူ့ဦးလေးကလည်း တော်လှန်ရေးသမားတွေ တဲ့…ဒီသံလွင်မှာပဲ နှစ်ယောက်စလုံး သေခဲ့ရတယ်။ အခုတော့ သူလည်း ဖခင်နှင့်ဦးလေးနောက်ကို လိုက်သွားပြီလားမသိ….. သံလွင်မြစ်ရဲ့ စုပ်ဝဲမှုတ်ဝဲထဲမှာ မြုပ်လိုက်ပေါ်လိုက်… မြုပ်လိုက်ပေါ်လိုက် …နဲ့။ နောက်ဆုံး သူလွယ်ထားတဲ့ တရုတ်ရေဘူးလေးပဲ ပြန်ပေါ်လာတော့တယ်လေ။ ဒီလိုနဲ့ တယောက်ပြီးတယောက် သံလွင်မြစ်က အနိုင်ယူသွားလိုက်တာ ကျနော်တယောက်ပဲ ကျန်တော့ တယ်လေ။ အသက်ရှင်ရေးက အဓိက မဟုတ်ပေမယ့် ကျနော်တတ်ထားတဲ့ ဘုရားစာတွေလည်း ရွတ်လိုက်တာ အကြိမ်ဘယ် လောက်ရှိမလဲတောင်မသိတော့ပါဘူး။ တဖက်ကလည်း ဘုရားစာ ရွတ်လိုက်။တဖက်ကလည်း ကိုယ်ခေါင်းထဲရှိတဲ့အကြံတွေကို လက်တွေအကောင်အထည်ဖော် ကြည့်လိုက်နဲ့ အသက်ရှင်ရေးအတွက် လုံးပန်းနေရတာပေါ့။
ကျနော်လည်းဦးနှောက်ထဲရောက်လာတဲ့အတွေးတွေအတိုင်း ၀ါးလုံးကို ကမ်းဖက်ကို လှမ်းထိုးလိုက်၊ ပြီးရင် ရေနဲနဲကူးလိုက်၊၊ အနားယူလိုက်၊ အားတင်းလိုက်၊ ၀ါးလုံးကို ကမ်းဖက်ကိုထိုးလိုက်၊ ကူးလိုက်နဲ့ ၁၅ ပေအကွာလောက်ရောက်တော့ ကျနော့်ရှိသမျှခွန်အားတွေကို စုစည်းလိုက်ပြီး မျက်လုံးကိုစုံမှတ် ကမ်းဖက်ကို အားကုန်ကူးလိုက်ပါတယ်။ ကမ်းဘေးက ကျောက်ဆောင်နဲ့ လက် ရိုက်မိမှပဲ ကျောက်စွန်းကိုအားနဲ့ဆွဲထားပြီး ကုန်းပေါ်ကို အတင်းတက်လိုက်ပါတယ်။ တနေကုန်ရေထဲမှာ ပင်ပန်းခဲ့တယ်ဆိုတော့ ထမင်းကလည်းအရမ်းဆာနေပါပြီ။ ဗိုက်ထဲမှာလည်း ရေတွေချည်းပဲဆိုတော့ ရေတွေကိုအရင် အန်ထုတ်ပစ်လိုက်ရပါတယ်။ ခန္ဒာကိုယ်တစ်ခုလုံးလည်း တနေကုန်ရေထဲမှာဆိုတော့ ရေခဲမတတ်ခိုက်ခိုက်တုန်နေပါပြီ။
ကံကောင်းချင်တော့ ကျနော်ရပ်နေတဲ့နေရာမှာရှိတဲ့သဲတွေက ညနေပိုင်းဆိုပေမယ့်တနေကုန်ပူထားတဲ့ နေအရှိန်ကြောင့် ပူနေပါသေးတယ်။ စဉ်းစားမနေတော့ပါဘူး။ ကျနော်သဲတွင်းတတွင်းကိုအမြန် လက်နဲ့ယက်တူးလိုက်ပါတယ်။ သဲတွင်းထဲမှာဝင်နေလိုက်ပြီး ကျနော့်ကိုယ်ကို သဲတွေနဲ့ပြန်ဖုံးလိုက်ပြီး အနွေးဓါတ်ကိုယူလိုက်ပါတယ်။ သွေးသားတွေကို သဲအပူငွေ့ဓာတ်နဲ့ ပြန်လည်ပတ်စေလိုက်တာပေါ့။
ကျနော်ကပက်လက်အနေအထားနဲ့ဆိုတော့ ရုတ်တရတ် မျက်လုံးကိုအားယူပြီး ကောင်းကင် ကြီးကို မော့ကြည့်လိုက်မိတဲ့အခါ….
နေညိုညိုတိမ်တွေကြားမှာ ကျနော်နဲ့သံလွင်မှာနောက်ဆုံးလမ်းခွဲသွားတဲ့ ရဲဘော်တစ်ယောက်ချင်းရဲ့ မျက်နှာတွေကို တရိပ်ရိပ်မြင်ယောင်နေမိတယ်။  ညီညီပြောသွားတဲ့ နောက်ဆုံးစကားသံလေး ကို လည်း ထပ်ခါထပ်ခါ ကြားယောင်နေမိတယ်…. “အကို.. ကျနော် လွိုင်ကော်နောင်ယားကိုရောက်ရင်  အမေ့အတွက်လက်ဆောင် ပိတောက်ပန်းတွေ တစ်ပွေ့ကြီးပေးမယ်”… လို့ ပြောသွားရှာတာ။ သံလွင်ကမ်းနဖူးကိုရောက်တော့လည်း “အကိုရာ……ကျနော့်အဖေနဲ့ ဦးလေးက တော်လှန်ရေးသမား တွေဗျ။ သူတို့နှစ်ယောက်လုံးဒီသံလွင်မှာပဲအသက်ဆုံးရှုံးခဲ့ရတာ..ကျနော်ရင်လေးလိုက်တာ”….တဲ့။ သူပြောခဲ့တဲ့စကားသံလေးတွေ..။
ခုချိန်မှာ… ညီညီကိုယ်တိုင်ရော ဘယ်ဆီဘယ်ဝယ်များ ရောက်နေပြီလဲ… သိခွင့်ရချင်လိုက်တာ။ ကျနော်ကတော့ မလှုပ်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေဆဲ ခန္ဓာကိုယ်ကြီးကို တရွေ့ရွေ့  သယ်ပိုးရင်း   ပျော်ရွှင်ခြင်း၊ ရယ်မောခြင်းတွေ ဝေးလွင့်ပျောက်ဆုံးနေတဲ့ ၀မ်းနည်းကြေကွဲဖွယ်ရာ အိမ်အပြန် ကန္တာရခရီးကို တစ်ကိုယ်တည်း တိတ်ဆိတ်ငြိမ်သက်စွာ ဆက်လက်လျှောက်လှမ်းရပေ အုံးတော့မှာ….။
အားလုံးမျှဝေခံစားနိုင်ကြပါစေ….

အုပ်ကြီးဖေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...