Monday, August 1, 2011

"ပညာရေး... အရေးကြီးသည်။"

[By Zeyar Htun ]

၁၁-၆-၂၀၁၁ နေ့က ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ကျင်းပသော ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ The Wise Leader ဟောပြောပွဲသို့ တက်ရောက် နားထောင်ခဲ့ပါသည်။ ဆရာသည် တစ်ခါက တက္ကသိုလ် ဆရာတစ်ဦး ဖြစ်ခဲ့ပါသည်။ တက္ကသိုလ် စာသင်ခန်းများတွင် စာပေပို့ချပေးခဲ့သူ ဖြစ်ပါသည်။
ယခုထက်တိုင် ဆရာသည် ပြင်ပ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် ပညာရေး တာဝန်များ ထမ်းဆောင်နေဆဲ ဖြစ်ပါသည်။ ပညာဟူသည် မည်သည့် ဘာသာရပ်မှ ဆုံးသည် မရှိ၊ အမြဲရှာနေရသည်ဟု ဆိုပါသည်။ နားထောင်သူများလည်း ပညာရှာသူများ ဖြစ်ဖို့ ပြောပါသည်။ သို့ဖြစ်၍ Life Long Learning သက်ဆုံးတိုင် ပညာရှာခြင်း ဖြစ်သည်။ ပညာရေး၏ အနှစ်သာရပင် ဖြစ်ပေမည်။ ကိုယ့်ရင်ထဲက ပညာရေး ဆိုသည်မှာ မိမိအလုပ်နှင့် ပတ်သက်သော လေ့လာစရာများ မိမိ စိတ်ဝင်စားသော လေ့လာစရာများ သက်ဆုံးတိုင် ပညာရှာခြင်းပင် ဖြစ်ပေသည်။



(၁) သစ်ပင်တစ်ပင်၏ပုံ
ဟောပြောပွဲ အစမှာပင် ဆရာက ပရိသတ်ကို သစ်ပင်တစ်ပင်ပုံ ဆွဲဖို့ ပြောပါသည်။ စာရွက်နှင့်ဘောပင် မပါသူများလည်း စိတ်ကူးနှင့် ဆွဲကြည့်ဖို့ ပြောပါသည်။ ထို့နောက် ဆရာက သူ၏သစ်ပင်ပုံကို ပြသပါသည်။ ပရိသတ် ရေးဆွဲသော ပုံများမှာ မြေကြီးပေါ်၌ မြင်တွေ့ရသော သစ်ပင်ကို ရေးဆွဲကြပါသည်။ ဆရာ ပြသသော ပုံမှာ မြေကြီးပေါ်၌ မြင်တွေ့ရသော သစ်ပင်နှင့်တစ်ကွ မြေကြီးအောက်က အမြစ်များ၊ ရေသောက်မြစ်များကိုပါ ရေးဆွဲထားပါသည်။ ရေသောက်မြစ်သည် အဓိက ကျသော အကြောင်းတရား ဖြစ်သည်။ မြင်အောင် ကြည့်တတ်ရမည်ဟု ဆိုပါသည်။ ပညာရှိသော ခေါင်းဆောင် တစ်ဦး၏ အလုပ်အကိုင် စွမ်းရည်များသည် မြေကြီးပေါ်က သစ်ပင်ပမာ မြင်တွေ့နိုင်ပါသည်။ သူ၏ အကျင့်စရိုက် လက္ခဏာ ဖြစ်သော ကိုယ်ကျင့်တရား စွမ်းရည်ကိုလည်း ပညာရှိသော ခေါင်းဆောင် အောင်မြင်သော ခေါင်းဆောင် တစ်ဦး၏ အဓိက ရေသောက်မြစ် အကြောင်းတရားအဖြစ် မြင်အောင် ကြည့်တတ်ရမည်ဟု ဆိုပါသည်။ သို့ဖြစ်၍ ကိုယ့်ရင်ထဲက ပညာရေး ဆိုသည်မှာ ဤကဲ့သို့ ဉာဏ်မျက်စေ့ကို ဖွင့်ပေးခြင်းပင် ဖြစ်ပေသည်။

(၂) ပခုံးပေါ်တက်ကြည့်ခွင့်
ထို့နောက် ဆရာက ပုံတစ်ပုံ ပြောပါသည်။ တစ်ယောက် ပခုံးပေါ်ကို တစ်ယောက်ရပ်နေသည့်ပုံ ဖြစ်ပါသည်။ တစ်ယောက်ပခုံးပေါ် တစ်ယောက် ရပ်ကြည့်ရခြင်းဖြင့် ဝေးဝေးကို ပိုမြင်နိုင်သည်။ မိမိ ဝေးဝေးကိုမြင်နိုင်ခြင်း အောင်မြင်စွာ ရပ်တည်နေနိုင်ခြင်း စသည် တို့သည် မိမိ တစ်ဦးထဲကြောင့် မဟုတ်၊ မိမိကို ပခုံးပေါ် တက်ကြည့်ခွင့်ပေးသော ဆရာသမားများနှင့် အခြား ပုဂ္ဂိုလ်များကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ အခြားသူတို့၏ အကြောင်းတရား အထောက်အပံ့ကြောင့် ဖြစ်သည်ကို သိနားလည်ရမည်။ မှန်ပါသည်။ လူ့သမိုင်းတွင် ပညာရှင်များ ဆင့်ကဲဆင့်ကဲ တစ်ဦး ပခုံးပေါ် တစ်ဦး တက်ကြည့်ခွင့် ရခဲ့ကြ၍ ပညာရပ်များ ဖွံ့ဖြိုးခဲ့ကြသည်။ အောင်မြင်သော လူ့အဖွဲ့အစည်းများ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့ကြပါသည်။ သို့ဖြစ်၍ ကိုယ့်ရင်ထဲက ပညာရေး ဆိုသည်မှာ အနာဂတ် မျှော်မှန်းချက်များကို ပေးစွမ်းနိုင်ပြီး တစ်ဦးပခုံးပေါ် တစ်ဦး ရပ်ကြည့်ခွင့် ရှိသော ပညာရေး ဖြစ်မည်ဟု ယူဆမိပါသည်။

(၃)ပညာရှိသော ခေါင်းဆောင်များ
ခေါင်းဆောင် ဆိုတာ ရာထူးရှိတာကို ဆိုလိုတာ မဟုတ်ဘူး အပြုအမူနဲ့ ဆောင်ရွက်ချက်တွေ ရှိတာကို ဆိုလိုတာပါ။  Leader is not position but action ဟု ပြောပါသည်။ အပြုအမူနှင့် ဆောင်ရွက်ချက်သည် ရလဒ်ကောင်းများ ထွက်လာခြင်း ဖြစ်ပေမည်။ ရလဒ်ကောင်း ရှိခြင်းသည် အလုပ်လုပ်သည်ဟု ဆိုပေမည်။ မည်သည့် ရလဒ်ကောင်း မရှိဘဲ အချိန်ကာလ ကြာရှည်စွာ ဆောင်ရွက်နေခြင်းကို အလုပ်လုပ်သည်ဟု မဆိုနိုင်ပါ။ လူတိုင်း မိမိအလုပ်ကို စိတ်ပါလက်ပါဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အကောင်းဆုံး လုပ်ဆောင်နေကြရမည်။ သို့မှသာ မိမိအလုပ်တွင် မိမိသည် ခေါင်းဆောင် တစ်ယောက် ဖြစ်သည်ဟု ဆိုနိုင်သည်။ စိတ်မပါ လက်မပါ ၀တ်ကျေတမ်းကျေ ဆောင်ရွက်နေလျှင် မိမိ အလုပ်တွင် မိမိသည် ခေါင်းဆောင် တစ်ယောက်ဟု မဆိုနိုင်တော့ပါ။ လီကွမ်ယုသည် စင်ကာပူနိုင်ငံကို အောင်မြင်သော နိုင်ငံ၊ အောင်မြင်သော လူ့အဖွဲ့အစည်းဖြင့် စွမ်းဆောင်ပေးခဲ့သော ပညာရှိ ခေါင်းဆောင် အဖြစ် ကမ္ဘာ အသိအမှတ် ပြုကြသည်။ သူ့လို ပညာရှိ ခေါင်းဆောင် တစ်ယောက် ပေါ်ပေါက်လာဖို့ မျှော်လင့်နေသည်ထက် လူတိုင်းလူတိုင်း မိမိ အဖွဲ့အစည်းတွင် ပညာရှိသော ခေါင်းဆောင်များ ဖြစ်အောင် ကြိုးစားသင့်သည်ဟု ဆရာက ဆိုပါသည်။ သို့ဖြစ်၍ ကိုယ့်ရင်ထဲက ပညာရေး ဆိုသည်မှာ ပညာရှိသော ခေါင်းဆောင်များ ဖြစ်ထွန်း ပေါ်ပေါက်လာရေး ဖြစ်မည်ဟု ယုံကြည်မိပါသည်။

ဘွဲ့ရပညာတတ် ဆိုသည်မှာ ဘွဲ့ရပြီး ပညာကို ဆက်လက် ရှာနေသူများ ဖြစ်ပြီး ဘွဲ့ရပညာမတတ် ဆိုသည်မှာ ဘွဲ့ရပြီး ပညာကို ဆက်လက် မရှာသူများ ဖြစ်ပေမည် .  .  .
 
(၄)နောင်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်မှာ
ဟောပြောပွဲ ပြီးသောအခါ မေးခွန်းများ မေးကြပါသည်။ တစ်ခုသော မေးခွန်းမှာ ''ဆရာကြီး တစ်ဦးက ပြောပါတယ်။ နောင်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်မှာ မြန်မာနိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ်ဟာ အခြား နိုင်ငံတွေနောက်မှာ ပြတ်ကျန်ရစ်မယ်လို့ ပြောပါတယ် ဟုတ်ပါသလား ဆရာ'။ ဆရာက ဒီမေးခွန်းထဲက ဆရာကြီးဆိုတာ ပညာရေးစနစ် နိမ့်ကျနေတာကို ပြောချင်တာနဲ့ တူပါတယ်။ ဆရာကတော့ အဲဒီ ဆရာကြီးနဲ့ သဘောမတူပါဘူး။ ပညာရေးဆိုတာ တက္ကသိုလ်တွေမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ ပုဂ္ဂလိက အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိပါတယ်။ ဆရာအနေနဲ့ကတော့ ဒီနေ့ လူငယ်တွေရဲ့ အရည်အချင်းကို ယုံကြည်ပါတယ်။ နောက်ကျ မကျန်နိုင်ပါဘူး။ ဒီနေ့ခေတ်မှာ ပညာရေး အခွင့်အလမ်း ဆိုတာ အများကြီး ရှိနေပါပြီ။ အင်တာနက်တွေ ရှိနေပြီ။ နိုင်ငံတကာ အတွေ့အကြုံတွေ ရှာနိုင်ပြီ။ နိုင်ငံတကာ ပညာလည်း ရှာနိုင်ပါပြီ။

တစ်ချို့လုပ်ငန်းရှင်တွေ ကိုယ့်လုပ်ငန်းထဲ ရောက်လာကြတဲ့ ဘွဲ့ရလူငယ်တွေ ဘာမှမတတ်ကြဘူး ပြောပြီး ပညာရေးစနစ်ကို အပြစ်တင်ကြသည်ကို ဆရာစကား နားထောင်ရင်း စဉ်းစားမိပါသည်။ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်များသည် လုပ်ငန်း အတတ်သင် အသက်မွေးဝမ်းကျောင်း သင်တန်းများ မဟုတ်ကြသည်ကို မေ့လျော့နေကြသည်ဟု ထင်ပါသည်။ ဘွဲ့ရပညာတတ် ဆိုသည်မှာ ဘွဲ့ရပြီး ပညာကို ဆက်လက် ရှာနေသူများ ဖြစ်ပြီး ဘွဲ့ရ ပညာမတတ် ဆိုသည်မှာ ဘွဲ့ရပြီး ပညာကို ဆက်လက် မရှာသူများ ဖြစ်ပေမည်။ ပညာရှာ ဆိုသည်မှာ မိမိ လုပ်ကိုင်နေသော အလုပ်ကို ကျွမ်းကျင်အောင် လေ့လာနေခြင်း ဖြစ်ပါသည်။ ထိုသို့ လေ့လာနိုင်ရန် လုပ်ငန်းရှင်များ၌လည်း တာဝန်ရှိပါသည်။ ကိုယ့်ရင်ထဲက ပညာရေး ဆိုသည်မှာ တက္ကသိုလ်များ၏တာဝန် သာမက ပုဂ္ဂလိက အဖွဲ့အစည်းများ၌ တာဝန် ရှိသည်ဟု ယူဆမိပါသည်။

ဟောပြောပွဲက အပြန် ကိုယ့်ရင်ထဲက ပညာရေးကို စဉ်းစားမိသည်။ ပညာရေး ဒဿနပညာရှင် ဒီဒီရွန်းက ''ပညာရေးသည် ယဉ်ကျေးမှုတန်ဖိုး ဖြစ်သည်''ဟု ဆိုသည်။ ပညာရေးမြင့်မှ ယဉ်ကျေးမှု မြင့်ပါသည်။ အောင်မြင်သော လူ့အဖွဲ့အစည်း ဖြစ်နိုင်ပါသည်။ အနာဂတ် ရှိသော လူ့အဖွဲ့အစည်း ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍ ကိုယ့်ရင်ထဲက ပညာရေး ဆိုသည်မှာ ''အနာဂတ် ရှိသော နိုင်ငံသားများ'' ဖြစ်ထွန်း ပေါ်ပေါက်ရေး ဖြစ်သည်ဟု ယုံကြည်မိသည်။

Written by ဆန်းထွန်းသောင်
Shared by ဇေယျာထွန်း
thanks to ဥာဏ်မင်းစိုး for this post.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...