Wednesday, August 3, 2011

ဘုတ်ရိုသေ၊ ကျီးရိုသေ

by Comrade Eagle on Wednesday, August 3, 2011 at 2:10am
ဒီအကြောင်းလေးကို ရေးဖြစ်တာက ခုတလော ဖေ့ဘွတ်ပေါ်မှာ ပြည်ထောင်စုအရေး၊ အတူယှဉ်တွဲနေထိုင်ရေးတွေနဲ့ ပက်သက်ပြီး ဆွေးနွေးမှုလေးတွေ၊ ငြင်းခုံမှုလေးတွေကို ဖတ်မိရာက ကျွန်တော့် ဆန္ဒကိုလည်း တင်ပြချင်လို့ ရေးဖြစ်တာပါ။ တကယ်တော့ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသား လူမျိုး အားလုံးဟာ ချစ်စရာ ကောင်းတဲ့ ဓလေ့စရိုက်တွေ ယဉ်ကျေးမှုတွေ ကိုယ်စီရှိကြတဲ့ လူမျိုးချည်းပါ။
ဒါပေမယ့် တခါတရံ ကတောက်ကဆ ဖြစ်တာတွေ၊ သူနိုင်ကိုယ်နိုင် စကားနိုင်လုရာကနေ အခြေအတင် ဖြစ်တာတွေ အိမ်တစ်အိမ်ထဲက မိသားစုဝင် အချင်းချင်း ကြားမှာ ဖြစ်တတ်သလိုပါပဲ အဆင်မပြေတာလေးတွေ ရှိတတ်ပါတယ်။ တကယ်တော့ ညီအစ်ကို မောင်နှမရင်းတွေပဲမို့ ချစ်သောမျက်စိနှင့်သာ ကြည့်ဖို့ လိုအပ်နေတာပါ။ ချစ်သော မျက်စိနဲ့သာ ကြည့်ကြမယ်ဆိုရင် အရာအားလုံး လူပုဂ္ဂိုလ်အားလုံးဟာ မုန်းစရာမရှိ၊ ချစ်စရာချည်းပဲ မဟုတ်လား။ ကျီးငှက်ကလည်း ဘုတ်ငှက်ရဲ့ အမောက်အရောင်ကို ထုတ်ဖေါ်ချီးကျူးတယ်၊ ဘုတ်ငှက်ကလည်း ကျီးငှက်ရဲ့ အမွှေး အရောင်ကို ထုတ်ဖေါ်ချီးကျူးတယ်။ ချစ်စရာတွေကိုပဲ ကောင်းတဲ့စိတ်နဲ့ ထုတ်ဖေါ်ကြ ပြောဆိုကြမယ်ဆိုရင် ဘယ်သူမှ အကျိုးမယုတ်ပါဘူး။ အားလုံးမှာလည်း ချီးကျူးစရာ ဓလေ့ နဲ့ အစဉ်အလာတွေ ကိုယ်စီ ရှိပြီးသားပါ။

ကျွန်တော်အနေနဲ့ ဆောင်ပုဒ်တွေ စိုက်ထူပြီး ကြွေးကြော်တာမျိုးကို သဘောမကျပေမယ့် ကြားဖူးတဲ့ထဲက သဘောကျမိတဲ့ ဆောင်ပုဒ်လေး တစ်ခုတော့ ရှိတယ်။ " တွေ့ဖန်များတော့ ရင်းနှီး၊ မြင်ဖန်များတော့ ချစ်ခင် ” ဆိုတာလေးပါ။ ဆောင်ပုဒ်ထဲမှာ ပါတဲ့ အတိုင်း အမှန်ပဲဆိုတာလည်း ကိုယ်တိုင်ကြုံမှ ခံစားနားလည်ခဲ့ဖူးပါတယ်။ တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံးဟာ အရိုးခံ နှလုံးသားနဲ့ သိပ်ကို ခင်မင်စရာ ကောင်းတဲ့ လူတွေပါ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားတွေ အချင်းချင်း လူမျိုး တစ်မျိုးနဲ့ တစ်မျိုး အထိအတွေ့ အဆက်အဆံ နည်းခဲ့ကြတယ်။ ကိုယ့်ဒေသတွင်းမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်းသာ အပြောအဆို အဆက်အဆံ ရှိကြပေမယ့်၊ ရပ်ဝေး တနေရာကို သွားရောက်လည်ပတ်ပြီး လေ့လာကြတာ အားနည်းနေဆဲပါ။ ကိုယ့်နိုင်ငံတနံတလျား ခရီးသွားတာမျိုးတွေလည်း အားနည်းပါတယ်။ ပြည်တွင်းမှာ ခရီးထွက်တယ် ဆိုရင် ဘုရားဖူးခရီး နဲ့ ပင်လယ် ကမ်းခြေ တွေလောက်သာ အသွားများကြတယ်။ လူတွေ၊ ဘဝတွေ၊ သဘာဝ အလှတွေကို လေ့လာဖို့ သွားတာ နည်းပါတယ်။ ခရီးထွက်တာ ကုန်ကျစရိတ်များပြီး လူလည်း ပင်ပန်းတဲ့ အလုပ်တစ်ခုပါ၊ ဝါသနာပါပြီး ဆန္ဒရှိပေမယ့် ငွေကြေး မတတ်နိုင်လို့ မသွားနိုင်တဲ့ သူတွေလည်းရှိတယ်။ ဒါပေမယ့် တတ်နိုင်သူများ ကျတော့လည်း နိုင်ငံခြားကို ခရီးထွက်ဖို့သာ ပိုအားသန်ကြတယ်။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ သဘာဝအလှတွေကို ကိုယ်တိုင် တွေ့ဖူးမြင်ဖူးတာကလည်း နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုစိတ်ကို အားပေးပါတယ်။ ဟိုးတောင်ပေါ်ဒေသတွေက ညီအစ်ကို မောင်နှမတွေကို မြေပြန့်ဒေသတွေ ဖြစ်တဲ့ အထက်အညာ ကျေးလက်တွေ၊ အောက်ပြည်အောက်ရွာ ဒေသတွေ အထိ လူငယ်တွေစုပြီး အဖွဲ့လိုက် လာရောက်လည်ပတ် စေချင်တယ်။ မြေပြန့်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေလည်း တောင်ပေါ်ဒေသအစုံအနှံ့ ရောက်အောင် သွားစေချင်ပါတယ်။

ခုရက်ပိုင်း ဖေ့ဘွတ်ပေါ်မှာ အားတက်စရာ တစ်ခုလည်း တွေ့မိတယ်။ လူမှုကွန်ယက် တွေပေါ်ကနေ ချိတ်ဆက်မိပြီး လူငယ် ပရဟိတ အသင်းလေးတွေ အများကြီး ပေါ်ပေါက်လာကြတာပါ။ ပရဟိတ အသင်းများ ကွန်ယက် ဆိုတဲ့ အဖွဲ့လေးမှာ စိတ်ဝင်စား စရာ ဘာတွေ့မိသလဲ ဆိုတော့ ...”donation groups တွေ၊ charity groups တွေကနေ development organization ဖြစ်တဲ့ အထိ ထူထောင်သွားမယ်” ဆိုတာပါ။ သိပ်ကောင်းတဲ့ စိတ်ကူးပါ၊ ဖြစ်မြောက်အောင် လုပ်နိုင်လိမ့်မယ်ဆိုတာလည်း ယုံကြည်မိတယ်။ လူငယ်တွေ စုပေါင်းပြီး အတူတူ အလုပ်လုပ်တတ်၊ စီမံခန့်ခွဲတတ်လာကနေ development organization မျိုးဖွဲ့စည်း လုပ်ဆောင်လာနိုင်တာဟာ community base organizations တွေ၊ civil society organizations တွေ ဖွံ့ဖြိုးလာမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လို့ အင်မတန်ကြိုဆိုအပ်ပါတယ်၊ ဒါဟာ ကျွန်တော်တို့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခုကို ဦးတည်နေတာပါပဲ။ တဆက်တည်း စဉ်းစားမိတာက ဒီ လူငယ်တွေ ဦးဆောင်တဲ့ ဖွံဖြိုးရေး အဖွဲ့လေးတွေရဲ့ ပြည်ထောင်စု စိတ်ဓါတ်ပေါ် အကျိုးသက်ရောက်မှုပါ။ အခုတော့ အဖွဲ့လေးတွေ စတင်ထူထောင်စ၊ လုပ်ကိုင်စ ဖြစ်တဲ့ အတွက် နီးစပ်ရာ လိုအပ်တဲ့ နေရာတွေမှာ တတ်နိုင်သလောက် အကူအညီ ပေးမှုတွေ လုပ်ဆောင်နေကြတယ်။ development organizations မျိုး ဖြစ်လာရင်တော့ ပိုပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ လိုအပ်ချက်တွေကို အခြေခံကနေစပြီး ကူညီပေးလာ နိုင်ပါလိမ့်မယ်။ ပြည်ထောင်စုတွင်းမှာ ပိုပြီးဖွံ့ဖြိုးနေတဲ့ ဒေသ တစ်ခုက လူငယ်အဖွဲ့တွေဟာ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဒေသတွေကို သွားရောက်ကူညီပေးခြင်းဟာ ပြည်ထောင်စု စိတ်ဓါတ်ပါပဲ။ ဒေသတစ်ခုမှာ သဘာဝဘေးအန္တရာယ်ခံလိုက်ရတယ် ဆိုရင်လည်း တနိုင်ငံလုံး ဒေသအသီးသီးက လူငယ်အဖွဲ့အစည်းတွေဟာ လာရောက်ကူညီနိုင်ကြပါလိမ့်မယ်။ လာရောက်ကူညီသူတွေနဲ့ ဒေသခံတွေကြားမှာ အပြန်အလှန်နားလည်မှုတွေ ချစ်ခင်မှုတွေ၊ ယုံကြည်အားမှုတွေဟာ ထင်းစည်းကြီးနဲ့ ပုံနှိုင်းပြလေ့ရှိတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးကို ခိုင်မြဲအောင် တုပ်နှောင်ပေးမယ့် မေတ္တာကြိုး၊ သံယောဇဉ်ကြိုး တွေပါပဲ။

တကယ်တော့ ကျွန်တော်တို့ နိုင်ငံ့ဝန်ထမ်းတွေ ဆိုတာလည်း  ပြည်သူထဲက ပြည်သူတွေပဲမို့ ကိုယ့်ရင်ထဲက ဆန္ဒတွေကို ထုတ်ဖေါ်ရေးသားတာမျိုးပဲ တတ်နိုင်တာပါ။ အစိုးရတာဝန် ရှိသူလည်း မဟုတ်၊ နိုင်ငံရေး ခေါင်းဆောင်လည်း မဟုတ်တဲ့ အတွက် နိုင်ငံကို ဘယ်လိုကောင်းအောင် လုပ်မယ်၊ ဘယ်အချိန် အတွင်း ဘယ်လိုပြောင်းလဲအောင် လုပ်မယ် ဆိုတာမျိုး ရည်မှန်းချက်ချမှတ်ပြီး၊ လုပ်ရမယ့် နည်းဗျူဟာတွေလည်း ချမပြတတ်ပါဘူး။ ယေဘုယျဆန်တဲ့ မေတ္တာကို အခြေခံပြီး ဆက်ဆံကြပါ၊ ချစ်သောမျက်စိဖြင့် ကြည့်ကြပါ၊ ကောင်းကွက်ကိုပဲ ရှာဖွေ ချီးကျူးကြပါ ဆိုတာမျိုးပဲ ပြောတတ်ပါတယ်။ ပထမဆုံး ခြေလှမ်းအနေနဲ့ လူငယ်တွေ အုပ်စုလိုက် အဖွဲ့လိုက် နိုင်ငံ တနံတလျား ခရီးသွားကြပါ၊ ဒေသ အသီးသီးက တိုင်းရင်းသား ညီအစ်ကို မောင်နှမ အသီးသီးနဲ့ ထိတွေ့ဆက်ဆံကြပါလို့သာ အားပေးချင်ပါတယ်။

ဖြည့်စွက် ဆွေးနွေးပေးကြစေချင်ပါတယ်၊ ကျွန်တော် တယောက်တည်း အမြင်ဟာ ဘယ်တော့မှ မပြည့်စုံနိုင်ပါဘူး။

လေးစားလျက်
Comrade

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...