Sunday, August 21, 2011

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်

 
by Wai Maw on Saturday, August 20, 2011 at 9:55pm
မြန်မာ့လွတ်လပ်ရေးပိသုကာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် အမည်သည် တိုင်းပြည်က ချစ်ခင်လေးစားအားထားခြင်းခံရသည်။ ငယ်စဉ်က မြောင်းမြအမျိုးသားကျောင်း စေတနာ့ဝန်ထမ်း ဆရာမ၊ ဂျပန်ခေတ် ဘီဒီအေဆေးရုံကြီး သူနာပြုဆရာမအဖြစ် ဆောင်ရွက်ခဲ့သည်။
ဗိုလ်ချုပ်ကျဆုံးပြီး လွတ်လပ်စမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး ၊ကျန်းမာရေး နယ်ပယ်များ တွင် စေတနာနှင့် တာဝန်အရစွမ်းစွမ်းတမံ ထမ်းရွက်ခဲ့သည်။ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်နေစဉ် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လျက် နယူးဒေလီ၊ ကိုလံဘို ဒေသဆိုင်ရာနှင့် ဂျီနီဗာ ကမ္ဘာ့ကျန်းမာရေး ညီလာခံများသို့ တက်ရောက်ခဲ့သည်။ ကိုလံဘိုညီလာခံတွင် သဘာပတိအဖြစ် ရွေးချယ်ခံခဲ့ရသည်။ တိုင်းပြည်၏အရေးကြီးသော ကာလ ဖဆပလအဖွဲ့ကြီးနှစ်ခြမ်းကွဲပြီး သန့်ရှင်းတည်မြဲ အားပြိုင်ပွဲတွင် သန့်ရှင်း(ပြည်ထောင်စုပါတီ) ဘက်ကစည်းရုံးရေးပါဝင်ဆောင်ရွက်ခဲ့ရာ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်အချို့၏ ပုဂ္ဂိုလ်ရေးစွပ်စွဲမှုကြုံခဲ့ရသည်။ ကိုယ်ကျင့်သိက္ခာရိုးသားတည်ကြည်မှုအရာတွင် ထင်ရှားရုံမျှမက မြန်မာအမျိုးသမီးလောက၏ ပထမဆုံးနှင့် တစ်ဦးတည်းသော အမျိုးသမီးသံအမတ်ကြီးအဖြစ် ဂုဏ်ပြုခံရပါသည်။ 

          ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်တွင် မြစ်ဝကျွန်းပေါ် မြောင်းမြမြို့၌ ဖွားသည်။ အဖ ဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစု ဖြစ်သည်။ ဖခင်မှာ ပြည်သူ့လုပ်ငန်းဌာန ၀န်ထမ်းဖြစ်သည်။ မွေးချင်း ၁၀ ယောက်တွင် အဌမမြောက်၊ အမည်ရင်း မခင်ကြည်ဖြစ်သည်။ အစ်မဖြစ်သူ မခင်ကြီးမှာ ဂျပန်ခေတ်လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ ဖဆပလ အထွေထွေအတွင်းရေးမှူးဟောင်း ၊ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ သခင်သန်းထွန်း၏ ဇနီးဖြစ်သည်။
          မြောင်းမြမြို့တွင် ၇ တန်းအထိ ပညာသင်ခဲ့သည်။ ရန်ကုန်ကြည့်မြင်တိုင် အေဘီအမ် မိန်းကလေး ကျောင်းမှ ၉ တန်းအောင်သည်။ ထို့နောက်မော်လမြိုင် အေဘီအမ်ကျောင်း (မော်တင်လိန်း ဆရာဖြစ်သင် ကျောင်း) မှ မူလတန်းဆရာဖြစ်လက်မှတ်ရသည်။
          မြောင်းမြအမျိုးသားအထက်တန်းကျောင်း၌ စေတနာ့ဝန်ထမ်း ဆရာမအဖြစ် နှစ်အတန်ကြာ ဆောင် ရွက်သည်။ ထို့နောင်ဝါသနာအရ ရန်ကုန်ဒပ်ဖရင် (ဗဟိုအမျိုးသမီးဆေးရုံကြီး) ၌ သားဖွားဆရာမသင်တန်း ၊ ရန်ုကန်ဆေးရုံကြီး၌ သူနာပြုဆရာမသင်တန်းများ တက်ရောက်ခဲ့သည်။ စစ်မဖြစ်မီရန်ကုန်ဆေးရုံကြီး၌ သူနာပြု အဖြစ် အမှုထမ်းသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ဗုံးချခံရပြီး ဒဏ်ရာရလူနာများ ကာလကတ္တားပို့ဆောင်ရေးတွင် သူနာပြုအဖြစ်စေတနာ့ဝန်ထမ်း ဆောင်ရွက်သည်။ အိန္ဒိယမှ မြန်မာနိုင်ငံသို့ နောက်ဆုံးထွက်သည့် သင်္ဘောနှင့် ပြန်လာသည်။

          ၁၉၄၂ တွင် ရန်ုကုန်မြို့ဂေါ်ရာကုန်းခြေ ဒိုင်အိုစီဇင် မိန်းကလေးကျောင်း၌ ဒေါက်တာဘသန်း ဦးဆောင်၍ ဆေးရုံဖွင့်လှစ်သည်။ ထိုဘီဒီအေ ဆေးရုံတွင် တစ်၏၏ အစ်မဖြစ်သူ မခင်ကြီးနှင့်အတူ သူနာပြု အဖြစ် အစောဆုံးဆောင်ရွက်သည်။ မခင်ကြီးမှာ စစ်မဖြစ်မီ သူနာပြု ၂ နှစ်သင်တန်းဆင်းဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးကို ဂျပန်တပ်များ တပ်စွဲထားရာ ဘီဒီအေ ဆေးရုံသည် ဒေါက်တာဘမော် အုပ်ချုပ်ရေး ခေတ်တွင် ရန်ကုန်ဆေးရုံကြီးဖြစ်လာသည်။ ဒေါက်တာဘသန်း၏ ဦးဆောင်မှုအောက်တွင် ဒေါက်တာလှရွှေ (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြ်ာ၏ညီ၊ ၁၉၃၈ ကျောင်းသားခေါင်းဆောင် အာဏာရှင် လှရွှေ)၊ ဒေါက်တာ ကြည်ပေါ၊ ဒေါက်တာ ဦးအေး၊ ဒေါက်တာမြင့်ဆွေ၊ ဒေါက်တာ ဒေါ်ရင်မေ၊ သူနာပြုဆရာမ ကယ်လီ၊ မတင်ထွေး၊ (ဒေါက်တာမြင့်ဆွေ၏ဇနီး) တို့နှင့်အတူ၊ သူနာပြုချုပ်အဖြစ်အမှုထမ်းနေစဉ် ဘီဒီအေ စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်း ဆေးရုံလာတက်ရာမှ တွေ့ဆုံခဲ့သည်။ ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗိုလ်ချုပ်နှင့် လက်ထပ်သည်။ လက်ထပ်ပြီးသူနာပြုအလုပ်မှ နှုတ်ထွက်ကာ အိမ်ရှင်မတာဝန် ထမ်းဆောင်သည်။

          ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်နှင့်လုပ်ဖော်ကိုင်ဖက် ၀န်ကြီးများ ကျဆုံခဲ့ရာ ဒေါ်ခင်ကြည်သည် သားကြီးအောင်ဆန်းဦး၊ သားငယ်အောင်ဆန်းလင်း(၁၉၅၃ ကွယ်လွန်) နှင့် သမီး အောင်ဆန်းစုကြည်တို့အတွက် ဦးဆောင်တာဝန်ယူခဲ့ရသည်။ ဖဆပလအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်၏ ပါလီမန်အမတ်နေရာတွင် ၀င်ရောက်ရွေးချယ်ခံသည်။ ၁၉၄၇ သြဂုတ် ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်သည် အဓိဌာန်ပြုချက်နှင့် လူထုပန်ကြားလွှာကို ထုတ်ပြန်၍ လွတ်လပ်ရေးကြိုးပမ်းမှုတွင် သမိုင်းပေး တာဝန်ကိုထမ်းဆောင်ခဲ့သည်။
          ဒေါ်ခင်ကြည်၏ပန်ကြားလွှာတွင်
          “ကျွန်မရဲ့ ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်တွင် ကျဆုံးခဲ့ရပါပြီ။ အခု သူကွယ်လွန်သွားတော့ သူ့ကိုပြုစုရမယ့်အစား သူချခဲ့တဲ့ လမ်းစဉ်တွင် ပါဝင်နိုင်တဲ့ဘက်တွင် ပါဝင်ပြီး သူချန်ခဲ့တဲ့ သူ့သွေးသူ့သား မိမိရဲ့ရင်သွေးကလေးများကို အဖေ့သားများပီပီ အဖေ့ခြေရာနင်းနိုင်အောင် ပျိုးထောင် ပေးတော့မယ်လို့ ဆုံးဖြတ်ပါတယ်။ လူထုကို ကျွန်မပြောလိုတာကတော့ မိမိတို့ အားကိုးယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်စက်စွာ လုပ်ကြံမှုကြောင့် ဒေါသထွက် စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်ကိုင်မှုကိုရှောင်ကြဉ်၍ သူချခဲ့သော လမ်းစဉ်အတိုင်း တစ်သွေမတိမ်း လိုက်နာ ကျင့်ဆောင်ကြပါ။ သူပျိုးထောင်ခဲ့သော ဖဆပလ အဖွဲ့ကြီးကို ဆထက်ထမ်းပိုး အားပေးထောက်ခံကြပါ။ သူရည် မှန်းခဲ့သော  လွတ်လပ်ရေးကို မရမနေကြိုးပမ်းကြပါ” ဟု တိုင်းပြည်ကို တိုက်တွန်းထားသည်။

          ၁၉၄၇-၅၃ တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ညွှန်ကြားရေးဝန်၊ ၁၉၅၃-၅၈ တွင် လူမှုဝန်ထမ်း စီမံကိန်း ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုသို့တာဝန်ယူ ဆောင်ရွက်နေစဉ် ပြည်ထောင်စု မြန်မာနိုင်ငံ လူမှုဝန်ထမ်း ကောင်စီ ဥက္ကဌ။ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဌ၊ ကလေးသူငယ် စောင့်ရှောက်ရေးကောင်စီ ဥက္ကဌ၊ ကျန်းမာရေးနှင့် ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုး သမီး အသင်းများကောင်စီ ဥက္ကဌ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန့်ပွားရေး အသင်းဥက္ကဌ၊ မြန်မာနိုင်ငံ အမျိုးသမိးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံသူနာတင်ကား တပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ် ရေးမှူး၊ ရာမာခရစ်ရှ်နာ သာသနာပြု ဆေးရုံနှင့် စာကြည့်တိုက် ဒုတိယဥက္ကဌ အဖြစ်ရွေးချယ်တင်မြှောက် ခံရ သည်။
          ကျန်းမာရေး လူမှုရေးလုပ်ငန်းများ ထမ်းဆောင်နေစဉ် ၁၉၄၉ တွင် နယူးဒေလီ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ဒေသဆိုင်ရာ ညီလာခံ၊ ၁၉၅၀ တွင် ကိုယ်လံဘို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏  ဒေသဆိုင်ရာညီလာခံများကို မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့သည်။  ကိုလံဘိုညီလာခံတွင် ညီလာခံသဘာပတိအဖြစ် ရွေးချယ် တာဝန်ပေးအပ်ခံရသည်။ ၁၉၅၀၊ ၁၉၅၁၊ ၁၉၅၂ နှစ်များတွင် ဂျီနီဗာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ညီလာခံ များကို မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်၍ အနောက်ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း ဗီယက်နမ် နိုင်ငံများသို့  လေ့လာရေးခရီးများ သွားရောက်ခဲ့သည်။
          ၁၉၅၁ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရက “မဟာသီရိသုဓမ္မ” ဘွဲ့။ ၁၉၅၅ တွင် ယူဂိုဆလားဗီးယား နိုင်ငံက “ ယူဂိုဆလပ်ကြယ်တာရာဘွဲ့ (ဒုတိယအဆင့်)။ ထိုင်းနိုင်ငံက “နိုဘယ် အော်ဒါ” ဘွဲ့တံဆိပ်များ ချီးမြှင့် ခံရသည်။

          ၁၉၅၈ ခုနှစ် ဖဆပလ အဖွဲ့ကြီးနှစ်ခြမ်းကွဲပြီးနောက် သန့်ရှင်း (ပြည်ထောင်စုပါတီ) ၏ စည်းရုံးရေးလုပ် ငန်းများ ၀င်ရောက်ဆောင်ရွက်ပေးခဲ့သည်။ ရွေးကောက်ပွဲကိုဝင်ရောက် အရွေးမခံခဲ့ချေ။ ရွေးကောက်ပွဲတွင် ဦးနုဦးဆောင်သော သန့်ရှင်း (ပြည်ထောင်စုပါတီ) က အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲအပြီးတွင် အတိုက်အခံ ဘက် အချို့ပုဂ္ဂိုလ်တို့၏ ပုဂ္ဂိုလ်ရေး စွပ်စွဲချက်များပေါ်ထွက်လာသည်။ ဦနုဦးဆောင်သော ပြည်ထောင်စုအစိုးရ အဖွဲ့သည် ၁၉၆၀ မေ ၁၉ တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်ခန့်အပ်ခဲ့သည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခံခဲ့ရသည်။ မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့် ယနေ့အချိန်ထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီး သံအမတ် ကြီးအဖြစ် မော်ကွန်းတင် ခံရသည်။

          တော်လှန်ရေးအစိုးရလက်ထက် ၁၉၆၇ ခုနှစ်တွင် သံအမတ်ကြီး ရာထူးမှ အငြိမ်းစားယူခဲ့သည်။
          အငြိမ်းစားယူပြီး ၁၉၆၇ ခုနှစ်မှ စတင်၍ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၅၄-၅၆ နေအိမ်၌  ရိုးရိုးကုပ်ကုပ် နေထိုင်သည်။ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ညွှန်ကြားရေးဝန်လုပ်သက်၊ သံအမတ် ပင်စင်များကို မယူဘဲ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဇနီး ထောက်ပံ့ငွေတစ်ထောင်ကျပ်ကိုသာ ခံစားသည်။ ခြံဝင်းအတွင်း ပန်းမန်စိုက်ပျိုးပြုပြင်လျက် ဘ၀ကိုအေးချမ်းငြိမ်သက်စွာ ကုန်ဆုံးနေစဉ် ၁၉၈၇ ခုနှစ် ဇန်န၀ါရီလ ၁၀ရက်နေ့တွင် အမျိုးသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမိုက်ကယ်အဲရစ်လ် (Dr. Michael Aris) တို့မှ မွေးဖွားသော မြေးနှစ်ယောက် မောင်မြင့်ဆန်းအောင် (Alexander)၊ မောင်ထိန်လင်း (Kim) ကို ဗုဒ္ဓသာသနာအစဉ်အလာအရ ရှင်ပြုမင်္ဂလာ နေအိမ်၌ အကျဉ်းချုံးပြုလုပ်ခဲ့သည်။ ကမ္ဘာ့သာသနာပြု အဂ္ဂမဟာ မဏ္ဍိတ အရှင်သေဠိလက အင်္ဂလိပ်ဘာသာဖြင့် တရားဟောကြားပြီး သာမဏေနှစ်ပါးကို တာဝါလိန်းလမ်း ရွှေကြက်ယက် ကျောင်း၌ သီးတင်းသုံးစေခဲ့သည်။ ထိုနှစ် ဧပြီလတွင် နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် အင်္ဂလန် နိုင်ငံတွင် ခွဲစိတ်ကုသသည်။

          ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၇ နှစ်နာရီ ၁၇မိနစ်တွင် ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်တွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ လက်ပေါ်၌ ကွယ်လွန်ခဲ့ပါသည်။
          ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာသီရိ သုဓမ္မဒေါ်ခင်ကြည်၏ ဈာပနကို ရွှေတိဂုံဘာရားလမ်းရှိ ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဂူဗိမာန်နှင့် သီပေါမင်း၏ မိဖုရားခေါင်းကြီး စုဖုရားလတ် ဂူဗိမာန်အကြား မြေကွက်လပ်၌ ဂူဗိမာန် တည်ဆောက် သင်္ဂြိုလ်ခဲ့ပါသည်။

မောင်ဇေယျာ
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂  အမှတ် ၅၆
၁၈-သြဂုတ်-၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...