Sunday, August 7, 2011

အဲဒါ ရဟန်းတဲ့လား နဲ့ စတဲ့နံနက်ခင်း



[By Dhamma Ganga ]

ဟာ အစောကြီးကို နိုးနေပါရောလား...။ နံနက် ၄း၀၀ နာရီစွန်းရုံလေးရှိသေး၊ ငယ်စဉ်ကတော့ ဆရာဘုန်းတော်ကြီးက အိပ်ရာစောစော ထဖြစ်အောင် အလေ့အကျင့်လုပ်ပေးခဲ့ဖူးပါတယ်။ အိပ်ရာထဘုရားရှိခိုး ပရိတ်ပဌာန်းရွတ်ကြရပါတယ်။ ရဟန်းဆိုတာ လူတွေထက် ပိုပြီး နိုးနိုးကြားကြား ဖြစ်နေရမယ်လို့လည်း သြ၀ါဒလည်း ပေးခဲ့ဖူးပါရော။

ဒကာ ဒကာမတွေက နံနက်အရုဏ်ဆွမ်းလာပို့တာပဲ ဖြစ်ဖြစ် အရုဏ်ဆွမ်းကပ်ဖို့ လာပင့်တာပဲ ဖြစ်ဖြစ် ရဟန်းဆိုတာက အဆင်သင့်ဖြစ်နေရမယ် တဲ့။
ဒကာ ဒကာမတွေက တံခါးခေါက်နှိုးရတာမျိုး ၊ ဒကာ ဒကာမတွေလာမှ ရဟန်းက အိပ်မှုံစုံမွှားနဲ့ မျက်နှာထသစ်တာမျိုးဘယ်တော့မှ မဖြစ်စေနဲ့ ဆိုတာမျိုးတွေလည်း “ ရဟန်းဟူက အိပ်ရာစောစောထရေး” ဆုံးမစာအဖြစ် နာခဲ့ရသေးသပေါ့။

ဒါပေမယ့် ဒါပေမယ့်ပါပဲ အိပ်ရာစောစောထခြင်း အလေ့အထဟာ ဆရာဘုန်းတော်ကြီးရဲ့ ကျေးလက်မြို့ကျောင်းလေးရဲ့ အရိပ်ကလွန်ပြီး မြို့ပြပညာရေးနယ်နိမိတ်ထဲ အ၀င်မှာ ပျယ်လွင့်စပြုခဲ့ပါတယ်။ မြို့ပြပညာရေးမှာ အချင်းချင်းပြုတ်မကျန်ရစ်ခဲ့ဖို့တို့ ရင်ဘောင်တန်းလျှောက်ဖို့တို့ဇွဲတွေနဲ့ စာတွေအလုအယက်ကျက်ခဲ့ရတော့ အိပ်ရာဝင်ညနက်တာမျိုးတွေရှိလာတာက စတာပါ။
ဒါပေမယ့် ပုထုဇဉ်ရဟန်း တွေအတွက်တော့ အခြားအကြောင်းတွေလည်း အများကြီးရှိခဲ့ဖူးသပေါ့။
အိမ်း ညညစာဖတ်တာ အကြောင်းပြ ခုတော့ ကွန်ပြူတာနဲ့ အင်တာနက်ကသိုဏ်းပေါ့လေ ။

စင်ကာပူက မင်္ဂလ၀ိဟာရကို ဆွမ်းပို့လာတဲ့ ဒကာမကြီးတစ်ယောက်ကတော့
“ပရိယတ် ပဋိပတ်အပြင် ပရိချတ်(Chatting) တွေနဲ့ အရှင်ဘုရားတို့လည်း အလုပ်ရှုပ်ပေမပေါ့” လို့ ဆွမ်းပို့လာရင်း ခပ်လှောင်လှောင် လျှောက်ဖူးခဲ့သေးတာပဲ။
ဘာပဲဖြစ်ဖြစ် ရဟန်းကတော့ ရဟန်းပါပဲ။ ၀တ်ဖူး နေဖူးရင် သိပါတယ်။ ဒါကြောင့်မို့ပဲ ရွာဦးကျောင်းပုံပြင်တွေမှာ ဒကာက ဆရာဘုန်းကြီးအချိုးမကျတာတွေ ပြုပြင်ဖို့ လျှောက်လေတိုင်း “မင်းနဲ့ ငါ လဲမကွာ” လို့ ဆရာက ကြိမ်းလိုက်တာနဲ့ ဒကာက လစ်ထွက်ရတာမျိုး ခပ်သောသောပြောတတ်လေ့ရှိတာ ကြားဖူးပါရဲ့။
ဆရာ့မှာက ကျောင်းအိုနဲ့ ဇရပ်ပျက် ၊ အော်ဟစ်ငေါက်ငမ်း စာသင်နေရတဲ့ ဘုစုခရုကျောင်းသားကိုရင်တွေပဲ ပိုင်ဆိုင်ရှာတာကလား။ ဒကာမှာက ဇနီးကချောချော သမီးလေးပါ အဆစ်ပါလိုက်သေးတော့ ပြေးပေမပေါ့။

ဆရာဘုန်းတော်ကြီးတွေကတော့ တပည့်ရှင်ငယ် ရဟန်းငယ်တွေကို “သာသနာနောက်ပိုင်းကာလမှာ ရဟန်း သံဃာအနေနဲ့ မင်းတို့မှ မကိုးကွယ်ရင် ကိုးကွယ်စရာမရှိတော့ဘူးပေါ့ကွာ။ မင်းတို့ ဘာလုပ်လုပ်ကိုး ကွယ်ကြရတော့မှာပဲ''တဲ့။  ဒါပေမယ့် ဆက်ပြီးမိန့်တာက
“ သူတို့ ရဲ့ သဒ္ဓါတရားနဲ့ လှူဒါန်းမှုကိုတော့ အားနာတတ်ကြပေါ့ကွာ”တဲ့။ မှတ်ဖွယ်မှတ်ရာပါပဲ။

အင်း ဗာရာဏသီ မိဂဒါဝုန်ဆောင်းကလည်း အေးစိမ့်စိမ့်မို့ မျက်နှာချက်ချင်းသစ်ဖို့ဆိုတာက မလွယ်။ အိပ်ရာက ထပြီး ရေနွေးတစ်အိုးကျိုလိုက်ပါတယ်။ ပြီးတော့ အင်တာနက်စာမျက်နှာထဲ ၀င်လိုက်မိပါတယ်။ နေ့စဉ် ပထမဆုံးဖွင့်ဖြစ်တဲ့ ဦးလောကနာထရဲ့ နေ့စဉ်ရေးသောတရားတော်များလင့်ခ်ကို ကလစ်ပြီး ဓမ္မမိတ်ဆွေများရဲ့ စာတွေ ဟိုတစ်ကွက်ဒီတစ်ကွက် လိုက်ဖွင့်မိတော့ ဒဿနခရီးစဉ် ဘလော့စာမျက်နှာပေါ်က “ အဲဒါ ရဟန်းတဲ့လား ” ဆိုတဲ့ စာလုံးတွေက ဖမ်းစားလိုက်ပါတယ်။ ဘာပါလိမ့် လို့လည်း ထိတ်သွားပါတယ်။ ဘယ်ရဟန်းတွေက ဘာတွေများ လုပ်နေကြပါလိမ့်လို့လည်း အတွေးပွားသွားရပြန်ပါတယ်။

အင်တာနက်ကွန်ရက်ကြီးထဲမှာ ငါလည်း ဖြစ်နိုင် သူလည်း ဖြစ်နိုင်နေတာကိုး။ ချက်ချင်းပဲ ကောက်ဖတ်မိတော့တယ်။ ဓမ္မရတနာမဂ္ဂဇင်းက အရှင်သုဇာတ( သရက်တောကျောင်း)ရဲ့ စာမူပါ။ မဂ္ဂဇင်းစာဖိုင်တွေကို တင်ထားတာမို့ တစ်ရွက်ချင်း ကလစ်ခ်ရတာပလေ။ ဖတ်ပြီးတဲ့အခါမှပဲ ပြုံးချင်သလို ရီချင်သလို သရော် တော်တော်ဖြစ်သွားရတာပါ။ တော်တော်နောက်တဲ့ ကိုယ်တော်။ ရေးလည်း ရေးတတ်ပလို့ ချီးမွမ်းမိပြန်တယ်။

အရှင်သုဇာတက သူ့ရဲ့ စာကို “ သားသမင်သည် မိမိသွားလိုရာသို့ ပေါ့ပါးလျင်မြန်စွာ သွားနိုင်သကဲ့သို့ ငှက်တို့သည် အလိုရှိရာ ပျံသန်းသောအခါ အတောင်သာလျှင် ၀န်ရှိသကဲ့သို့ ထို့အတူ ရဟန်းတို့သည် ပေါ့သောတာဝန်ရှိရာ၏၊ နည်းသောအမှုကိစ္စရှိရာ၏၊ အသက်မွေးမှု လွယ်ကူစေရာ၏” ဆိုတဲ့ ဘုရားရှင်ရဲ့ စကားတော်နဲ့ ဖွင့်ပါတယ်။

ရဟန်းတစ်ပါးရဲ့ တကယ့်ဖြတ်သန်းရမှုကို ရိုးရိုးစင်းစင်းဖွဲ့ထားတာပါ။ လေးလေးပင်ပင်ကြီးတွေ မပြောဘဲနဲ့ လှအောင်ခြယ်သွားပါတယ်။ သူရေးပြတဲ့ ရဟန်းကလည်း ရွာကျောင်း မြို့ကျောင်းတွေနဲ့ မဆိုင်တဲ့ တောင်ပေါ်ကျောင်းလေးမှာ နေတဲ့ရဟန်းတဲ့။ သမထအလုပ်လုပ်ဖို့ဆိုပြီး ရွာနီးချုပ်စပ်က တောင်ပေါ် ကျောင်းလေးဆီ ပေါ့ပေါ့ပါးပါး တက်သွားတဲ့ ရဟန်းတစ်ပါးတဲ့ ။

သင်္ကန်းလေးထည်( တိစီဝရိတ်သင်္ကန်းသုံးထည်အပြင် ရေလဲသင်္ကန်းလေးပါ ပါလို့ စတုစီဝရိတ်လို့ ရယ်သွမ်းသွေးလိုက်ပါသေးတယ်)သပိတ်တစ်လုံး။ ဖတ်စရာစာအုပ်တစ်အုပ်၊ ရေးဖို့ ကော်ပီစာရွက်အချို့၊ ဘောလ်ပင်နှစ်ချောင်း၊ ရေချိုးခွက် ဆပ်ပြာ အခြားလိုအပ်တဲ့ ပစ္စည်းလေးအချို့တဲ့ ။ တကယ့်ပေါ့ပေါ့ပါးပါး ရဟန်းတစ်ပါးဘ၀။ ရပ်ရွာ မြို့ပြနဲ့ ကင်းလွတ်တဲ့ တောင်ပေါ်ကျောင်းရဟန်းတစ်ပါးရဲ့ ပုံရိပ်တဲ့။ကြည့် သူနေမယ့် ကျောင်းလေးက အင်ဖက်မိုး အင်ဖက်ကာကျောင်းလေးတဲ့။ဒါပေမယ့် အဲဒီအင်ဖက်ကျောင်းလေးနဲ့ မလှမ်းမကမ်းတစ်ဖာလုံအကွာမှာ သွပ်မိုးကျောင်းလေးရှိပေမယ့် ရာသီဥတုနဲ့ သပ္ပါယဖြစ်မယ့် အင်ဖက်ကျောင်းလေးကိုပဲ ရွေးချယ်ခဲ့ပါသတဲ့..။

အဲဒီတောင်ပေါ်မှာကလည်း ရေမရှိပြန်တော့ သောက်ရေ ချိုးရေအတွက် တောင်အောက်ကို ဆင်းရမယ်တဲ့။
ီကဲတောင်အောက်ကို ဆင်းပါပြီ၊ ရေချိုးပြီး သပိတ်လေးနဲ့ သောက်ရေခပ်လာတော့ မညီမညာတောင်တက်လမ်းတွေမို့တောင်ပေါ်လည်းရောက်ကရော ရေလည်း ကုန်သလောက်ဖြစ်တော့တာတဲ့..။ အဲဒီတော့ နှစ်ဂါလံပုံးလေးတစ်လုံးဝယ်ရရှာပါသတဲ့..။ သင်္ကန်းလျှော်ဖို့အတွက်တော့ အ၀ကျယ်သွပ်ပုံးတစ်လုံး ၀ယ်ရပြန်ပါသတဲ့..။
အဲဒီလိုဝယ်ဖို့လည်း ရွာနီးချုပ်စပ်က အလှူအတန်းလေးတွေ ဆွမ်းစားလေးတွေကြွလို့ ၀တ္ထုငွေလေးတွေ ရတာ တဲ့..။ အမှန်တကယ်က အဲဒီကိုယ်တော်လေးက သမထဘာဝနာအလုပ်ကို တသမတ်တည်း နှစ်ပြီး အားထုတ်ချင်လို့ ဆွမ်းစားတွေ မလိုက်ဘဲ ရှောင်ခဲ့ပေမယ့် ကျေးရွာဆရာတော်ကြီးတွေက သံဃာ့အဖွဲ့အစည်းနဲ့ ကင်းကွာပြီး မနေနဲ့ လို့ သြ၀ါဒပေးတဲ့အတွက် ဖတ်ချင်တဲ့ စာအုပ်လေး ၀ယ်ရတာပေါ့လေ အတွေးနဲ့ ဆွမ်းစားကွမ်းစားတွေ လိုက်ဖြစ်ခဲ့တာ ဆိုပဲ..။ စာအုပ်လေးတွေလည်း ၀ယ် လိုအပ်တဲ့ တိုလီမိုလီလေးတွေလည်း ၀ယ်နဲ့ တောရကျောင်းလေးထဲမှာ ပစ္စည်းဝတ္ထုတွေ လိုအပ်တာရော မလိုအပ်တာရော ပြည့်လာခဲ့ပါသတဲ့..။
ဝါဆိုသင်္ကန်းကပ် ကထိန်သင်္ကန်းကပ်လို ပွဲတွေက သင်္ကန်း၊ထီးဖိနပ်တွေ၊စောင်ခြင်ထောင်တွေကလည်း အပုံလိုက်ကြီးဖြစ်လာပါရော တဲ့..။

တစ်နေ့ မိုးကြီးလေကြီးကျမည့်ဟန်မြင်ရတော့ သင်္ကန်းပရိက္ခရာတွေ၊ တိုလီမိုလီပစ္စည်းတွေ မိုးရေမစိုအောင် မလှမ်းမကမ်းကသွပ်မိုးကျောင်းလေးဆီ ရွှေ့ဖို့ ပြင်ပါသတဲ့..။ ရှင်သုဇာတရေးထားတာလေး ဖတ်ကြည့်ပါဦး..။
''ပထမတစ်ခေါက် ဖျာနှစ်ချပ်နှင့် စာအုပ်များကို သယ်၏။ ဒုတိယတစ်ခေါက် အိပ်ရာလိပ်နှင့် တိုလီမိုလီအချို့သယ်၏။
လေကလည်း ပြင်းလိုက်လာသည်မှာ ဧကသီကို ပုံမှန်ဝတ်ထား၍ မရ..။စုပြီး စလွယ်သိုင်းပတ်ထားရ၏။ တတိယတစ်ခေါက် သင်္ကန်းထုပ်နှင့် တိုလီမိုလီတစ်ချို့ သွပ်ပုံးထဲ စုထည့်ပြီး သယ်၏၊ သို့ဖြင့်လည်း မကုန်သေး။
တောင်စောင်းတစ်ဖက်သို့ တစ်ဖာလုံခန့် ဆင်းချည်တက်ချည်ဖြင့် ရွှေ့ရပြောင်းရသည်မှာ အဆင်း၌ ကျောက်တုံးများပေါ်မှ ခြေချော်မကျအောာင် ဂရုစိုက်ရ၏၊ အတက်၌ကား မော၏၊ တစ်ခါလေက လူကိုပါ တိုက်လွှင့်တတ်သေးရာ မနည်းထိန်း၍ ဆင်းရတက်ရ၏။
လေးခေါက်မြောက်သယ်မိသောအခါ လူမောရုံသာမက စိတ်ပါညစ်လာ၏။ သယ်စရာကား မကုန်သေး၊ ဘာတွေ ဘာတွေမှန်းလည်း မသိ၊ သည်အတိုင်းနေစဉ်က သည်လောက်များသည်ဟု မထင်မိ၊ သယ်ရရွှေ့ရပြီဆိုမှ များလိုက်သည့်ဖြစ်ခြင်း..''

အိမ်း အိမ်း မူရင်းအရသာအတိုင်းဖတ်ချင်ရင်တော့ အရှင်သုဇာတစာကိုသာ ဆက်ဖတ်ကြည့်ကြပေတော့။
http://www.lknt11.com/2009/12/blog-post_3367.html

အော် ရဟန်းဆိုတာ ပေါ့ပေါ့ပါးပါး ရှိရမယ်ဆိုပါကလား။ ဒါပေမယ့် လေးလေးလာတာကိုးနော်။

ဗာရာဏသီက ရွှေပြည်ကြီးကို ပြန်ရင် သူ့နာမည်နောက်မှာ လေးလေးလာတဲ့ ဘွဲ့တွေနဲ့ လိုက်ဖက်အောင် လေးလေးပင်ပင် အလုပ်တွေလုပ်ရမယ်။ ဓမ္မဂင်္ဂါပါဠိအင်စတီကျု(တ်)ကြီး တည်ထောင်ရဦးမယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ် သာသနာအတွက် သူ့ရဲ့ အတွေးသစ်တွေနဲ့ ပရိယတ္တိပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ချပြရမယ်။ ပင်မကျောင်းဆောင်ကြီးကိုတော့ ကိုးန၀င်းကြေအောင် ကိုးထပ်ဆောင်ကြီးဆောက်ရမယ်။ စင်ကာပူက တပည့်ကျော်အင်ဂျင်နီယာတွေကို ခေါ်ပြီး အကြံဉာဏ်တောင်းရမယ်။
အော် တွေးတာတောင် လေးနေရသေးတယ်။ ဒုက္ခ။

ဓမ္မဂင်္ဂါ
(၂၂-၁၂-၂၀၀၉)

စာက အဟောင်းလေးပါ.. ဒါပေမယ့် မနေ့က အခန်းပြောင်းရတော့ သယ်ရပိုးရတဲ့ ပစ္စည်းပုံကြီးကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မကျေနပ်....၀ိုင်းဝန်းပြီး သယ်ပေးကြတဲ့ မိတ်ဆွေရဟန်းတော်များကို အားနာ....။ တစ်ခါတစ်ခါ လေဆိပ်မှာ ကီလိုတွေ ပိုတတ်တဲ့ ခေတ်ထဲက ရဟန်းတစ်ပါးဘ၀..။ ၀န်စည်စလွယ်တွေ များလွန်းတဲ့ ကိုယ့်မျက်နှာကို ကိုယ်တိုင်လက်ညှိုးထိုးပြီး သရော်လိုက်ပါတယ်..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...