Friday, August 12, 2011

နိုင်ငံခြားငွေကြေး လဲနှုန်းကိုနှုန်းရှင် (သို့) နှုန်းသေ သတ်မှတ်မလား


မြန်မာနိုင်ငံ၏ ဆိုရှယ်လစ်ခေတ်က သတ်မှတ်ခဲ့သည့် တစ်ဒေါ်လာလျှင် ခြောက်ကျပ် ငွေလဲလှယ်နှုန်းကို 'မကြာမီ'ကာလ၌ ခေတ် စနစ်နှင့် လျော်ညီ အောင် ပြင်ဆင်ပြောင်းလဲသတ်မှတ်ရန် သက်ဆိုင်ရာက စီစဉ်နေရာ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ကြိုဆိုကြပြီး ဖြစ်ပေါ်လာဖွယ်ရှိသည့် ငွေလဲလှယ်နှုန်းထားသစ်နှင့် ပတ်သက် ၍ အကြံဉာဏ်အမျိုးမျိုးပေးကြသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက နေပြည်တော်တွင် ဇူလိုင်လ ၂၂ ရက်နေ့ ကပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် "နိုင်ငံခြားငွေကြေးများလဲလှယ် ရောင်းဝယ်ရာတွင် မိမိနိုင်ငံအတွက် အကျိုးရှိပြီး တည်ငြိမ်သည့် ငွေလဲလှယ် နှုန်း သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်း လျက်ရှိကြောင်း" ပြောကြားခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ဦးဆောင်၍ သက်ဆိုင်ရာ လုပ်ငန်းအလိုက် တွေ့ကြုံနေရသည့် အခက်အခဲများ၊ သတင်းအချက် အလက်များကို စုဆောင်းပြီး နိုင်ငံတော် ထိပ်တန်းပုဂ္ဂိုလ်များထံ အကြံပြုတင်ပြ ထားသည်ဟု အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာမျိုးသက်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"နိုင်ငံတော်ကလည်း ဒီကိစ္စကို အလေးထားပြီးစဉ်းစားနေတာဖြစ်လို့ မကြာခင်ကာလအတောအတွင်းမှာ ရလဒ်ကောင်းတဲ့အဖြေ ထွက်လာမယ် လို့ကျွန်တော်တို့လည်းမျှော်လင့်နေပါတယ်။ ဒါကြောင့် currency exchange rate ကိုပြောင်းလဲသတ်မှတ် တဲ့နေရာ မှာလည်း workable rate (အလုပ်ဖြစ်တဲ့နှုန်း)ရှိလိမ့်မယ်လို့ သုံးသပ်ရတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေ အဆင်ပြေမှပဲ သွင်းကုန် လုပ် ငန်းတွေ အဆင်ပြေမှာပါ" ဟု ၎င်းက ပြောသည်။

နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား ပြင်ဆင်သတ်မှတ်ရေးတွင် ပါဝင် ဆောင်ရွက်နေသည့် ထိပ်တန်း စီးပွားရေး ပညာရှင် တစ်ဦးက ယခုကိစ္စသည် ချက်ချင်းလက်ငင်း အကောင်အထည် ဖော်၍ရသည့်ကိစ္စမျိုး မဟုတ်သဖြင့် စနစ်တကျ သုတေသနပြုလေ့လာနေ ကြောင်း ပြောသည်။
"ဒါကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ ရှိတဲ့စီပွားရေးဆိုင်ရာ ပညာရှင်တွေ သာမက ပြည်ပက စီးပွားရေး ပညာရှင်တွေဖြစ်တဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ (IMF) က ပညာရှင်တွေရဲ့ အကူအညီနဲ့ပါ စတင်ဆောင်ရွက်နေပါတယ်။ ဒီအတွက် ကျွန်တော်တို့ လိုအပ်တဲ့ သုတေသနတွေကိုလုပ်ရမှာပါ။ ဒါမှလည်း အမှားမရှိမှာ ဖြစ်တယ်" ဟု ၎င်းပညာရှင်က ပြောသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်း ပြင်ဆင်ရာတွင် ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်အဖြစ် သတ်မှတ်မည်လော၊ သို့မဟုတ် သင့်တင့်သည့် ဈေးနှုန်းတစ်ခုကို အသေထားသတ်မှတ်ပေးမည်လော သဲသဲကွဲကွဲမသိရသေးချေ။ ထိုင်း နိုင်ငံ ရမ်ခမ်ဟင်း တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံမဟာဘွဲ့ဖြင့် ကျောင်းဆင်းထားသူ၊ ယခု ရန်ကုန်ရှိ အင်န်ဂျီအို တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ဦးကျော်လင်းဦးကမူ အစိုးရအနေဖြင့် ငွေလဲလှယ်နှုန်းကို နှုန်းရှင်သတ်မှတ် သင့်သည်ဟု ပြောသည်။

"နိုင်ငံတစ်ခုရဲ့ စီးပွားရေးဟာ ကမ္ဘာ့ စီးပွားရေးနဲ့အချိတ်အဆက်များလာတာနဲ့အမျှ သူ့ရဲ့ပြည်တွင်း ငွေကြေး ဈေးကွက်ထဲမှာ အနှုတ်အသိမ်းများ လာမှာဖြစ်ပါတယ်။ အဲဒီလို အခြေအနေမှာ ငွေလဲနှုန်းကို နှုန်းသေထားလိုက်ရင် ဈေးကွက်ထဲမှာရှိတဲ့ ငွေကြေး၊ ရောင်းလိုအား၊ ၀ယ်လိုအားအလိုက် ပြောင်းလဲသွားနိုင်တဲ့ နှုန်းထားကို အစိုးရက ၀င်ပြီးထမ်းရမယ့် သဘော ဖြစ်နေပါတယ်။ ဒါတွေက ရေရှည် အတွက်မကောင်းနိုင်ဘူး။ နှုန်းရှင် ထားခြင်းအားဖြင့် ဈေးကွက်ထဲမှာ ရှိတဲ့ ငွေကြေးပေါက်ဈေးကို ကြည့်ပြီး စီးပွားရေး ညွှန်ကိန်းအဖြစ်နဲ့ စောင့် ကြည့်လို့ရပါတယ်။ ငွေဈေးတက်ရင် တက်သလို၊ ကျရင် ကျသလို မူဝါဒတွေ ချမှတ်သူတွေက လိုအပ်တဲ့ အရေးယူ မှုတွေ လုပ်လို့လည်း ရပါတယ်"ဟု ၎င်းက ပြောသည်။

ဦးကျော်လင်းဦးက ၁၉၉၇ ခုနှစ် မတိုင်မီက ထိုင်းငွေလဲလှယ်နှုန်းမူဝါဒ ဖြင့် ဥပမာပေးသည်။
"ဥပမာအားဖြင့် ၁၉၉၇ မတိုင်မီတုန်းက ထိုင်းမှာ ငွေလဲနှုန်းကို နှုန်းသေထားခဲ့ဖူးတယ်။ တစ်ဒေါ်လာကို ၂၅ ဘတ်နဲ့။ ထိုင်း စီးပွားရေး သမားတွေဟာ အဲဒီ အပေါ်မှာ ကျေနပ်နေပြီး စီးပွားရေးကလည်း တိုးတက်နေတယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒါက အစစ် အမှန်တိုးတက်တာမဟုတ်ဘဲ၊ ပူစီဖောင်းစီးပွားရေး ဖြစ်နေတာကို စီးပွားရေးသမားတွေရော နိုင်ငံရေးသမားတွေပါ မသိခဲ့ဘူး။ "အဲဒါ ကနေ ၁၉၉၇ ခုနှစ်မှာ အစိုးရက တစ်ဒေါ်လာ ၂၅ ဘတ်နှုန်းကို ဆက်ထမ်းမထားနိုင်တဲ့အခါ နှုန်း ရှင်ထားလိုက်ရရော စီးပွားရေး က လည်း ဇောက်ထိုးကျသွားလိုက်တာ မနည်းကို ပြန်ထိမ်းလိုက်ရတယ်။ အဲဒီ သင်ခန်းစာကိုယူပြီး မြန်မာ့ငွေကြေးကိုလည်း နှုန်းရှင်ထား သင့်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ လောလောဆယ် အစိုးရထမ်းတာက ရေရှည် အမြင်အရ မကောင်းဘူးလို့ ကျွန်တော် ထင်ပါတယ်"ဟု ၎င်း က ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်ပြီး တစိုက်မတ်မတ်လေ့လာနေ သည့် ဩစတြေးလျနိုင်ငံ မက်ကွဲရီ တက္ကသိုလ် စီးပွားရေးဌာနမှ တွဲဖက် ပါမောက္ခ ဒေါက်တာ ရှောင်တာနဲလ် (Sean Turnell) ကလည်း ငွေလဲနှုန်း ကို ဈေးကွက်ပေါက်ဈေး အတိုင်းသာ သတ်မှတ် သင့်သည်ဟု ပြောသည်။
"ဒါမှ တစ်နွယ်ငင်တစ်စင်ပါလာမယ့် ပြဿနာတွေကို ရှောင်ရှားနိုင်မှာပါ။ ၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေး အကြပ်အတည်းမှာ တွေ့ခဲ့တဲ့ ငွေလဲလှယ်နှုန်းမတူညီမှု ပြဿနာမျိုးတွေပေါ့။ နှုန်းရှင်ထားထားတဲ့ ငွေလဲလှယ် နှုန်းထားအတွက် ဘဏ္ဍာရေးအာဏာ ပိုင်အဖွဲ့တွေ ၀င်ပြီးကွပ်ကဲဖို့ဆိုတာ နည်းနည်းလေးပဲ လိုတာပါ။ ပြောရရင် လိုတောင် မလိုပါဘူး"ဟု ဒေါက်တာ တာနဲလ်က သုံးသပ်သည်။
သို့ရာတွင် ပေါက်ဈေးအတိုင်း သတ်မှတ်မည်ဆိုပါက ယင်းပေါက်ဈေးသည် ယုံကြည်စိတ်ချထိုက်သော ဈေးဖြစ်ရန် လိုကြောင်း၊ မဟုတ်လျှင် ဈေးကွက်အတွင်း တခြားပေါက်ဈေးတစ်ခု အပြိုင်ထပ်ထွက်လာနိုင်ကြောင်း၊ ယင်း ယုံကြည်စိတ်ချနိုင်မှုအတွက် နိုင်ငံခြား အရန်ငွေပမာဏ လောက်လောက် လားလားရှိဖို့လိုကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် လတ်တလောတွင် ယင်း အရန်ငွေရှိသည်ဟု ထင်ကြောင်း၊ ထို့ ပြင် ကောင်းမွန်သည့် မူဝါဒများနှင့် ချောချောမွေ့မွေ့ လုပ်ငန်းလည်ပတ် နေသည့် ငွေကြေးဆိုင်ရာနှင့် ဘဏ် လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများလည်း ရှိဖို့လိုကြောင်း ဒေါက်တာ တာနဲလ်က ပြောသည်။

လတ်တလောတွင် ဈေးကွက်ထဲတွင် မြန်မာငွေတန်ဖိုးမာနေပြီး ဒေါ်လာသည် ရှိသင့်ရှိထိုက်သည်ထက် ပိုမို ကျဆင်းနေသဖြင့် အစိုးရက လောလောဆယ်တွင် ယင်းထက်ပိုမြင့်သည့် ဈေးတစ်ခု (ဥပမာ ကျပ် ၈၀၀ သို့ ၉၀၀ စသည်) သတ်မှတ်ပြီး ၀န်ကို ၀င်ထမ်း ပေးပြီး နောက်ပိုင်းကျမှ ဈေးကွက် အတိုင်း ပြန်လွှတ်ပေးမည်ဆိုပါလျှင် မည်သည့်အချိန်တွင် လွှတ်ပေးမည်ကို သိဖို့လိုအပ်သည်ဟု ဦးကျော်လင်းဦးက ပြောသည်။
"အဲဒါက ဘယ်အချိန်ကျ ပြန်လွှတ်ပေးမလဲ ဆိုတာက အရေးကြီးတယ်။ right time ကို မသိယင် အကျိုးရှိတာထက် အကျိုးယုတ်တာ ပိုဖြစ်နိုင်တယ်။ လောလောဆယ်မှာ ပို့ကုန်သမားတွေ နစ်နာနိုင်ပါတယ်။ အဲလို မနစ်နာအောင် သွင်းကုန်တွေကိုလည်း ဖွင့်ပေးဖို့လို အပ်တယ်။ "အစိုးရပိုင်းက အဓိက လုပ်နိုင်တဲ့ ကိစ္စက နှုန်းရှင်ထားပြီး အဲဒီ နှုန်းရှင်ကို တည်ငြိမ်အောင် ထိန်းဖို့လိုတယ်။ အဲလို ထိန်းဖို့ အတွက် ဈေးကွက်ထဲမှာ ငွေဈေး တက်သွားရင် အစိုးရရဲ့ ဗဟိုဘဏ်ကနေ ဒေါ်လာတွေ ဈေးကွက်ထဲ ချပေးခြင်းအားဖြင့် မြန်မာငွေ တန်ဖိုးကို လျှော့ ချလို့ရတယ်။ ဒီလိုပဲ မြန်မာငွေ တန်ဖိုး တက်လာရင်လည်း ဈေးကွက်ထဲကို ကျပ်ငွေတွေချပေးပြီး ဈေးကို ဆက်ထိန်း လို့ရတယ်။ ဒီလိုနည်းဟာ ဈေးနှုန်းကို နှုန်းသေထားခြင်းထက် ပိုပြီးဖြစ်နိုင်ချေ ရှိပြီး ဈေးကွက်တည်ငြိမ်ဖို့ ပိုပြီးဖြစ်နိုင် ပါလိမ့်မယ်"ဟု ၎င်းက ပြောသည်။

ငွေလဲလှယ်နှုန်းဆိုင်ရာ သတ်မှတ်ချက်များ ပြင်ဆင်ခြင်းဖြင့် ရလာနိုင်သည့် အကြီးဆုံးအကျိုးမှာ အနာဂတ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ ချမှတ်ခြင်းသည် ပိုပြီးလက်တွေ့ကျလာလိမ့်မည်ဟူ၍ အချက်ပြနိုင်ခြင်း၊ စီးပွားရေးအသိုင်းအ၀ိုင်းကလည်း လိုလို လားလားလက်ခံနိုင်သည့် အနေအထားဖြစ်လာခြင်း တို့ဖြစ်သည်ဟု ပါမောက္ခ ဒေါက်တာရှောင်တာနဲလ်က ပြောသည်။
ငွေလဲလှယ်နှုန်းထားကိစ္စ ပြင်ဆင်ခြင်းသည် စီးပွားရေးကဏ္ဍကြီး တစ်ခုလုံးကို ပြုပြင်ပြောင်းလဲရေး လုပ်ခြင်း၌ အရေးပါသော အဆင့် တစ်ခုဖြစ်ပြီး စီးပွားရေးကဏ္ဍတစ်ခုလုံး ပြုပြင် ပြောင်းလဲရေးအတွက် ဓာတ်ကူပစ္စည်း ဖြစ်ကြောင်း၊ ဈေးနှုန်းသတ်မှတ်ခြင်း၊ စာချုပ် ချုပ်ဆိုခြင်းများ၌ ပိုပြီး ပွင့်လင်း မြင်သာမှုရှိလာကာ ခန့်မှန်းတွက်ချက်ရန်လည်း လွယ်ကူလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဦးကျော်လင်းဦးကမူ ငွေလဲလှယ်နှုန်း ပြင်ဆင်ခြင်းအတွက် အစိုးရက လိုအပ်သည့် ရင်းမြစ်နှင့် အစွမ်းအစများ ဖြည့်ဆည်းထားရန် လိုအပ်သည် ဟု ပြောသည်။

"လောလောဆယ် လုံလုံလောက်လောက် ရှိချင်မှ ရှိလိမ့်မယ်။ ဒါပေမယ့် ဒါတွေကို မဖြစ်မနေ ဖြည့်တင်းရမှာပဲဗျ။ လက်ရှိ အခြေ အနေမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးလဲလှယ်နှုန်းကို နှုန်းရှင်ဖြစ်စေ၊ နှုန်းသေဖြစ်စေ တိတိကျကျတော့ သတ်သတ်မှတ်မှတ် ထားရတော့ မယ့် အချိန်ဖြစ်နေပြီ။ ဒါကြောင့် နှုန်းသေကိုထားမယ်ဆိုလည်း အဲဒီ capacity နဲ့ resources တွေ ရှိရမှာဖြစ်သလို၊ နှုန်းရှင် ထားမယ် ဆိုလည်း ဒါတွေရှိရမှာပါ"ဟု ၎င်းကပြောသည်။

posted by myanmar times

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...