Wednesday, August 17, 2011

"မရှိမဖြစ် ဝေဖန်ရေး"

created the doc: "မရှိမဖြစ် ဝေဖန်ရေး"
Cloud Cuckoo Land created the doc:
ယခုအခါ “စာပေ ဝေဖန်ရေးကို ဘယ်လို မြင်ပါသလဲ။ဘယ်လို သဘော ထားပါသလဲ”ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဖြေတဲ့ သူတွေက “ပုဂ္ဂိုလ်ရေး အာဃာတနဲ့ အပုပ်ချတာတွေ များတယ်။
ဝေဖန်ရေး အတတ်ပညာ အားနည်းတယ်”ဆိုတဲ့ သဘောမျိုးပဲ ပြန်ဖြေနေကြတာကို ကြားနေရပါတယ်။အဲဒီလို အဖြေမျိုးတွေ ကြားရတဲ့ အခါ ကိုယ်လည်း ဒီနယ်ပယ်မှာ ကျင်လည်နေတဲ့သူ တစ်ယောက်အနေနဲ့ စိတ်မလုံမလဲ ဖြစ်ရပါတယ်။


စာပေ ဝေဖန်ရေး အပေါ် အားမရမှုတွေ၊ ဘ၀င် မကျမှုတွေ ရှိနေကြပေမယ့် ဝေဖန်ရေး မလိုအပ်ဘူးလား ဆိုရင်တော့ လိုအပ်တယ်လို့ပဲ အားလုံးက ဖြေကြမှာပါ။ နိုင်ငံရေးနဲ့ လူမှုဆက်ဆံရေး နယ်ပယ် အသီးသီးမှာကော၊ အနုပညာနယ်ပယ် အရပ်ရပ်မှာပါ ဝေဖန်ရေးဟာ မရှိမဖြစ် လိုအပ်ပါတယ်။ စစ်မှန်တဲ့ ဝေဖန်ရေးဟာ တိုင်းပြုပြည်ပြု အလုပ်၊ အမျိုးသား အကျိုးစီးပွားနဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုး စည်ပင်ရေး အလုပ်ဖြစ်ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှု အနုပညာရဲ့ ပင်မကျောရိုး ဖြစ်တဲ့ စာပေဟာ ဝေဖန်ရေးနဲ့ ကင်းကွာလို့ မရပါဘူး။ အဲဒီလို မကင်းကွာ အပ်တာ မှန်ပေမယ့်လည်း စာပေ ဝေဖန်ရေးကို စာရေးဆရာ တိုင်းလိုလိုက လက်ခံ ကြိုဆိုဖို့ ၀န်လေး တတ်ကြပါတယ်။

သူတစ်ပါး ကိစ္စကို စိတ်မ၀င်စား၊ ကိုယ့်ကိစ္စပဲ ကိုယ်စိတ်ဝင်စားတယ် ဆိုတဲ့ လူမျိုး၊ အမုန်း မခံချင်ဘဲ အေးရာအေးကြောင်း နေချင်တဲ့ လူမျိုးတွေက အကျိုးအပြစ်၊ အမှားအမှန် ဆန်းစစ်တဲ့ ဝေဖန် သုံးသပ်မှု အလုပ်မျိုးကို စကားနည်း ရန်စဲဆိုပြီး ဝေးဝေးက ရှောင်ကြတယ်။ စာပေ ဝေဖန်ရေးကို စိတ်စေတနာကောင်းနဲ့ စူးစူးနစ်နစ် လုပ်ခဲ့တဲ့ လူတချို့ကလည်း ဆတ်ဆတ် ထိမခံဘဲ ရိုင်းစိုင်းစွာ တုံ့ပြန်တတ်တဲ့ သူတွေကြောင့် ဝေဖန်ရေးကို စွန့်ပြီး နယ်သစ်ပယ်သစ် ပြောင်းသွားကြပါပြီ။ ဒီအခြေအနေမျိုးမှာ ဝေဖန်ရေးကို လက်ဝါးကြီး အုပ်ထားလို သူတချို့က ဝေဖန်ရေး လုပ်ဖို့ အရှေ့အနောက်ကျမ်း အစုံစုံ၊ ကမ်းကုန်အောင်ပဲ တတ်ထားရမလိုလို၊ ဝေဖန်သူဟာ ဘယ်ဘက်မှာမှ မရပ်ဘဲ စည်းရိုးပေါ် ခွထိုင်ထားရ မလိုလို အမျိုးမျိုး ခြောက်လုံး လှန့်လုံးတွေ သုံးနေတာကလည်း ဒီကနေ့ ဝေဖန်ရေး စာပေ ပါးရှားခြင်းရဲ့ အကြောင်းကြီး တစ်ခု ဖြစ်ပါတယ်။ကျွန်တော်ကတော့ ဆရာအောင်သင်း ပြောခဲ့တဲ့“(၁) လောကအပေါ် စေတနာ ထားလျှင်(၂)အနုပညာ ဖန်တီးမှုကို သုံးသပ် တတ်သော ပညာရှိလျှင် ဝေဖန်ရေး လုပ်တတ်ပြီဟု ယူဆသည်”ဆိုတဲ့ စကားကို လက်ခံ ချင်ပါတယ်။

ဒီကနေ့ အများဆုံး တွေ့နေရတဲ့ ဝေဖန်ရေးကတော့ စာဖတ်သူ (သို့မဟုတ်)စာရေးဆရာ တစ်ယောက်က စာတစ်ပုဒ်ကို ဖတ်ပြီး သူနားလည် ခံစားရသလို လက်ဆင့်ကမ်း မျှဝေ လိုက်တာမျိုး အရေးအသားတွေပဲ ဖြစ်ပါတယ်။ စာပေ ဝေဖန်ရေးဆရာ တချို့ကျတော့ သူယုံကြည်ကိုင် စွဲထားတဲ့ စာပေ ၀ါဒနဲ့ တိုင်းချင်တိုင်းမယ်။ဒါမှမဟုတ် အမျိုးသားရေးတို့၊ လူတန်းစားရေး အမြင်တို့နဲ့ အကောင်းဆိုး စစ်ဆေး ဝေဖန်တတ်ကြတယ်။ တချို့ ကျတော့လည်း ယဉ်ကျေး သိမ်မွေ့တဲ့ စကား အသုံးအနှုန်းလေးတွေ တမင် ရွေးချယ်ပြီး အပြစ်ဆိုရာ မရောက်အောင် ကွေ့ရှောင်ပတ်ရှောင် ရေးတတ်တယ်။

တကယ်တော့ အရေးအသား ပျော့ခြင်း မာခြင်းထက် မှန်ကန်တဲ့စေတနာနဲ့ စနစ်တကျ ချဉ်းကပ်လေ့လာဖို့၊ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အယူအဆ မျိုးမထားဖို့ ၊မောက်မာ ရိုင်းပြတဲ့ အရေးအသားတွေ မပါဖို့က ပိုပြီး အဓိကကျပါတယ်။ အဝေဖန် ခံရတဲ့ စာရေးဆရာများ ဘက်ကလည်း လက်ခံ တုံ့ပြန်ပုံ အမျိုးမျိုး ရှိကြပါတယ်။တချို့က ကိုယ့်အပေါ် ဝေဖန်ရေးသား လာသမျှကို မတုံ့ပြန်ဘူး ဆိုတဲ့မူနဲ့ ဘာမှ ပြန်မရေးဘဲ တုံဏိဘာဝေ ဆိတ်ဆိတ်နေကြတယ်။တချို့က သဘောရိုးနဲ့ ဝေဖန် ထောက်ပြ လာသူကို အဆိုး မမြင်ဘဲ ကိုယ့်ဘက်က အကျိုးသင့် အကြောင်းသင့် ပြန်လည်ရှင်းလင်း ရေးသားတတ်ကြတယ်။ နောက် တစ်မျိုးကတော့ ကိုယ်မှားတာကို တစ်စုံတစ်ယောက်က ထောက်ပြလို့ မှားမှန်း သိသိကြီးနဲ့ မှားတယ်လို့ ၀န်မခံချင်ဘဲ ဝေဖန် ထောက်ပြသူကို မချေမငံ တုံ့ပြန် တတ်တာမျိုးပါ။ အဲဒီ အပြုအမူမျိုးကို ပညာမာန်၊ ဥစ္စာမာန်နဲ့ ၀င့်ကြွားမောက်မာ တတ်သူတွေပဲ ပြုလေ့ပြုထ ရှိပါတယ်။ ဒီလို ပုဂ္ဂိုလ်ကျော်တွေနဲ့ စာရင် ရုပ်ရှင် မင်းသမီးလေး န၀ရတ်ကမှ လေးစားစရာ ကောင်းနေပါသေးတယ်။၂၀၀၉ ဧပြီလထုတ် ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်းမှာ ပါတဲ့ န၀ရတ်ရဲ့ ဝေဖန်ရေး အပေါ် သဘောထားလေးကို ဖတ်ကြည့်ပါ။

မေး။ ။ အစ်မကို ဝေဖန်လာတဲ့ အပေါ်မှာ ဘယ်လို တုံ့ပြန်ပါသလဲ။

ဖြေ။ ။အားလုံး လက်ခံတယ်။ဝေဖန်တာ အစ်မကို ကောင်းတယ်။ ဆိုးတယ်ပေါ့။ မကောင်းတာကို ဝေဖန်ရင် ပိုကြိုက်တယ်။ မကောင်းတာကို ဝေဖန်ရင် ကိုယ်ပြင်လို့ ရတယ်လေ။

(၂)
တကယ်တော့ ဝေဖန်ရေး ဆိုတာ ကောင်းတာတွေချည်း ရွေးနုတ်ပြီး ချီးကျူးနေဖို့ မဟုတ်ပါဘူး။ “ချွတ်ယွင်းချက်ကို ထောက်ပြ၍ အပြစ်ပြောခြင်း၊ ခွဲဝေ စိတ်ဖြာ၍ သင့်လျော်စွာ ပြုလုပ်ခြင်း”လို့ ပါဠိသက် အဘိဓာန်မှာ အဓိပ္ပာယ် ဖွင့်ဆို ထားပါတယ်။ ဝေဖန်သူမှာ မှန်တာကို မှန်တယ်လို့ ပြောဖို့ တာဝန်ရှိသလို မှားတာကိုလည်း မှားတယ်လို့ ထောက်ပြဖို့ တာဝန် ရှိပါတယ်။ အဲဒီ အမှန်နဲ့ အမှားဟာ အများ လက်ခံနိုင်တဲ့ စံနှုန်းဖြစ်ဖို့ လိုပါမယ်။

အကြောင်းနဲ့ အကျိုးလည်း လိုက်လျောညီထွေ ရှိရပါမယ်။ မှန်ကန်တဲ့ သဘောထားနဲ့ ဆွေးနွေးကြ၊ငြင်းခုန်ကြတာဟာ ဝေဖန်ရေးရဲ့ တရားကိုယ်ပဲ ဖြစ်ပါတယ်။
ဆရာဒဂုန်တာရာက “ကျွန်တော်က အငြင်းသန်သူ ဖြစ်၍ ငြင်းရခုန်ရ သည်ကို နှစ်သက်သည်။ငြင်းကြခုန်ကြမှ အမှန်တရားကို သိရှိရမည်မဟုတ် ပါလား” လို့ ငြိမ်းချမ်းရေးနဲ့ မငြိမ်းချမ်းရေး ဆောင်းပါး (ကလျာ၊မတ် ၂၀၀၇)မှာ ရေးသားခဲ့ပါတယ်။ ဆရာ မြသန်းတင့်ကလည်း “အယူအဆ တစ်ခုဟာ ငြင်းခုန်ရင်း၊ တိုက်ပွဲဆင်ရင်း၊ ဆွေးနွေးရင်းဖြင့်သာ အမှန်ကို ရောက်လာ နိုင်တယ်လို့ ကျွန်တော် ယူဆတယ်။အယူအဆ တိုက်ပွဲ ဆင်တာဟာ အထက်တန်း ကျတဲ့အလုပ် ဖြစ်တယ်”လို့ ဆရာ ၀င်းငြိမ်းနဲ့ အင်တာ ဗျူး (ပေဖူးလွှာ ဒီဇင်ဘာ ၁၉၈၈)မှာ ပြောခဲ့တယ်။အချေအတင် ငြင်းခုန်ခြင်း သက်သက်ကြောင့်တော့ ဝေဖန်ရေးဟာ အကျည်းတန် အရုပ် ဆိုးသွားဖို့ အကြောင်း မရှိပါဘူး။ ပုဂ္ဂိုလ်ရေး ထိုးနှက် တိုက်ခိုက်မှုတွေ မပါဘူး ဆိုရင်ပေါ့။


စာတစ်ပုဒ်ကို ဝေဖန်ရာမှာလည်း ဝေဖန်သူ တစ်ယောက်နဲ့ တစ်ယောက် အကောက်အယူ၊ အပိုင်းအဖြတ် မတူညီ တတ်ကြပါဘူး။ ဝေဖန်သူဟာ မိမိရဲ့ ယုံကြည် ယူဆချက်နဲ့ အတ္တနောမတိကို အခြေခံပြီး ကူးညှိ ခံစားလေ့ ရှိကြလို့ ဖြစ်ပါတယ်။ကုန်းဘောင်ခေတ် စာဆိုတော် စိန္တကျော်သူ ဦးသြရဲ့ ရတု လက်ရာများကို ခေတ်အဆက်ဆက် ဝေဖန် အကဲဖြတ်ခဲ့ကြရာမှာ ဝေဖန်သူ ပုဂ္ဂိုလ်အလိုက် ကွဲပြားမှုများ ရှိနေခဲ့ပါတယ်။ စာရေးဆရာ နှစ်ဦးရဲ့ ဝေဖန်ချက် မူကွဲနေပုံကို နမူနာ ထုတ်ပြပါမယ်။“စိန္တကျော်သူသည် အကြောင်းအရာ တစ်ခုခုကို စီကုံး ဖွဲ့နွဲ့ရာ၌ စကား ကျဲလှသည်။စကားစိပ်စိပ်နှင့် အဓိပ္ပာယ်ကို များစွာထိခိုက် စွဲမြဲသွားအောင် မစပ်ဆိုနိုင်ချေ။ ရတု ရေးသားရာတွင် ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလ၀ံသတို့ ရေးသားပုံ၊ တောင်ငူဘုရင် နတ်ရှင်နောင်တို့ ရေးသားပုံ စည်းမျဉ်းကို လိုက်၍ ရေးသားဟန် ရှိသော်လည်း အဆိုပါ ပုဂ္ဂိုလ်များ၏ အဖွဲ့အနွဲ့၊ ဂုဏ်၊ရသတို့ကို မမီချေ”
ဦးဖေမောင်တင်၊ မြန်မာစာပေသမိုင်း ၁၉၃၈

“စိန္တကျော်သူ ကဗျာရဲ့ ထူးခြားချက်ကတော့ သမားရိုးကျ ကဗျာ စကားတို့ကို ရှောင်နိုင်သမျှ ရှောင်ပြီး ခေတ်သုံး စကားကို ယူကာ ကဗျာမြောက် အောင် ဖွဲ့ဆိုတာပါပဲ။ ခေတ်သုံး စကားကို ယူရာမှာ တစ်ခါတလေ အရပ်သုံး စကားတို့ကိုတောင် ထည့်တယ်။ စကား ပြောဟန်ကို ပိုမို ပေါ်လွင်ပြီး ကဗျာဟာ ပိုမို အသက်ဝင်သွားတယ်။ အမှန်ကတော့ စိန္တကျော်သူဟာ အဲဒီခေတ်က ပညာရှိတွေက တော်မ၀င်လို့ အထင် သေးခဲ့ကြတဲ့ ခေတ်သုံး၊ အရပ်သုံး စကားကို ယူပြီး ထိမိတဲ့ အတွေးတွေ၊ ကိုယ်ပိုင် အဖွဲ့တွေ၊ အလင်္ကာ တွေ၊ နိမိတ်ပုံတွေကို ဖန်ဆင်းနိုင်ခဲ့တယ်။ ရတုခေတ်ရဲ့ တီထွင်ဥာဏ် အရှိဆုံး စာဆိုကြီး တစ်ဦးဖြစ်ခဲ့တယ်”
မောင်သာနိုး၊ စာပေဂျာနယ် အတွဲ၃၊ အမှတ် ၉

ဒါကို ကျွန်တော် ဖော်ပြတာက စာတစ်ပုဒ်ကို တစ်စုံတစ်ယောက်က ဝေဖန်လာရင် ကိုယ်ကျိုးစီးပွား ထိခိုက်သလို ကျွန်တော်တို့တတွေ မခံမရပ်နိုင် မဖြစ်ဖို့ပါ။ ဝေဖန်ရေးကြောင့် စာတစ်ပုဒ်ရဲ့ နဂိုရှိရင်းစွဲ အနှစ်သာရတွေ ပျက်ယွင်း သွားတာမှ မဟုတ်ဘဲ။ ယိုးစွပ်မှု တစ်ခုကြောင့် အမှန်ဟာ အမှား ဖြစ်မသွားနိုင်သလို အကောင်းဟာလည်း အဆိုး ဖြစ်မသွား နိုင်ပါဘူး။ ဒါကို သတိချပ်နိုင်မယ် ဆိုရင် တင်းနေတဲ့ ကျွန်တော်တို့ မျက်နှာကြောတွေ လျော့သင့်သလောက်တော့ လျော့သွားလိမ့်မယ် ထင်ပါတယ်။

(၃)
စကားကြုံတုန်း လေးစား အတုယူဖို့ ကောင်းတဲ့ဝေဖန်ရေး အပေါ် တုံ့ပြန် သဘောထားပုံ အဖြစ်အပျက် လေးနှစ်ခုကို တင်ပြချင်ပါတယ်။ ပထမ တင်ပြချင်တာ က ဗြိတိန်နိုင်ငံက အဖြစ်အပျက်ပါ။ အားလုံး သိကြတဲ့ အတိုင်း ဗြိတိသျှ စွယ်စုံကျမ်းဆိုတာ အများက ယုံယုံကြည်ကြည်နဲ့ အကိုးအကား ပြုရတဲ့ ကျမ်းကြီးဖြစ်ပါ တယ်။ အဲဒီ စွယ်စုံကျမ်း နောက်ဆုံးထုတ်မှာ အမှားတချို့ ပါရှိနေကြောင်းကို လန်ဒန်မြို့က ၁၂နှစ်အရွယ်သာ ရှိသေးတဲ့“ဂျော့လူရှန်” ဆိုတဲ့ ကျောင်းသားလေး တစ် ယောက်က ထောက်ပြတယ်။စွယ်စုံကျမ်း အယ်ဒီတာ များက ပြန်လည် စစ်ဆေးပြီး ကျောင်းသားငယ်က အခုလို ထောက်ပြတဲ့ အတွက် ကျေးဇူးတင်ကြောင်း တလေးတစားနဲ့ စာပြန်လိုက်ကြတယ်။ စွယ်စုံကျမ်းပြော ခွင့်ရပုဂ္ဂိုလ် “တွမ်မနီးလပ်စ်”ကလည်း အခုလို အမှားကို ထောက်ပြပေးလို့ ကျေးဇူးတင်ကြောင်း ဘယ်စာဖတ်သူ ကမဆို အမှားကို တွေ့ရင် ထောက်ပြနိုင်ပါကြောင်း ပြောပါတယ်။

အဲဒီလိုပါပဲ။ ကျွန်တော်တို့ ရိုသေ လေးစားရတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာလည်း သူ့ရဲ့ အရေးအသား မှားယွင်းနေမှု တစ်ခုကို ထောက်ပြတဲ့ အတွက် ဝေဖန် ထောက်ပြသူကို ကျေးဇူးတင်တဲ့ အကြောင်း သူရိယ သတင်းစာမှာ လေးချိုးတစ်ပုဒ် ရေးပြီး တုံ့ပြန် ခဲ့ဖူးပါတယ်။ဝေဖန် ထောက်ပြသူက “တပည့်မကေ သာဝတီကေလာသ”လို့ အမည်ခံထားတဲ့ ဆရာကြီး ဒီးဒုတ် ဦးဘချိုပါ။ ဆရာကြီးမှိုင်း ပြန်လည် ရေးသားတဲ့ လေးချိုးမှာ အမှားကို ၀န်ခံထားတဲ့ အပြင် အမှား ပြင်ဆင်ချက်ပါ ထည့်သွင်း ရေးသားခဲ့ပါတယ်။

ကျွန်တော် အထက်မှာ ဖော်ပြခဲ့တဲ့ အဝေဖန်ခံ ပညာရှင်များဟာ ကိုယ်ထက် ငယ်ရွယ်နိမ့်ကျတဲ့ ဝေဖန် ထောက်ပြသူများကို ဘာကြောင့်များ ပြစ်တင်မောင်းမဲ မပြု ကြပါလိမ့်၊ ပညာရှိ သတိဖြစ်ခဲ ဆိုသလို မှားတာဟာ ရှက်စရာ မဟုတ်၊ အမှားကို သိပါလျက် နည်းမျိုးစုံနဲ့ ဖုံးကွယ်ဖို့ ကြိုးစားတာကသာ ရှက်စရာလို့များ ခံယူ ထားကြလေရော့သလား။ အဲဒီလို ခံယူတာဟာ ရိုးသား မြင့်မြတ်တဲ့ ပညာရှိတွေရဲ့ အမူအကျင့်မှန်တယ် ဆိုရင် ဒီအမူအကျင့်မျိုး ရှိနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ ဆရာဇော်ဂျီ ပြောခဲ့သလို စာကောင်းဖို့ အတွက် စိတ်ကောင်းအောင် အရင် ပြုပြင်ရပါမယ်။ဝေဖန်ရေး လုပ်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆွေး နွေးပြီး အမှန်တရားကို ရှာဖွေတာပဲ မဟုတ်ပါလား။

written by လေးလွင်လတ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...