Sunday, July 10, 2011

မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့်ခရီး Myanmar Challenges and way forward by Rajiv Bhatia

by Ye Myint Thu on Saturday, July 9, 2011 at 10:41pm
(4 July 2011 ရက်စွဲပါ The Hindu မှ Rajiv Bhatia ရေးသားသော Myanmar Challenges and way forward ကို   ဘာသာပြန်ဆိုသည်။)
(စာရေးသားသူသည် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးဟောင်းဖြစ်သည်။)

စစ်အစိုးရအုပ်ချုပ်သော ခေတ်ဟောင်းကုန်ဆုံးခဲ့ပြီး၊ အရပ်သားအုပ်ချုပ်သော ခေတ်သစ်သည် လိုအပ်ချက် များစွာ ရှိသော်လည်း မြန်မာနိုင်ငံ တွင် စတင်ခဲ့ပြီဖြစ်သည်။
  ကျွန်ုပ်တို့တိုင်းပြည်နှင့် ကြီးမားစွာ ဆက်စပ်ပတ်သက်နေသော အိမ်နီးချင်းမြန်မာနိုင်ငံသည် အမြဲတမ်း စောင့်ကြည့်နေရန် လိုအပ်သော နိုင်ငံ ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလက ရွေးကောက်ပွဲကျင်းပပြီးနောက်၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်းကြောင့် မီဒီယာများ၏ အာရုံစူးစိုက်မှု ကိုခံခဲ့ရသည်။ သို့သော် ပြီးခဲ့သည့်လများအတွင်း မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများ ပေါ်ပေါက်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက် အနည်းငယ်သာ ရှိသောကြောင့် စိတ်ဝင်စားမှုလျော့ကျခဲ့ရသည်။
 ထိုသို့သော အချိန်တွင် အစိုးရသစ်ဖွဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် Myanmar and the International Community The way Forward အမည်ဖြင့် နိုင်ငံတကာ ဆွေးနွေးပွဲတစ်ခုသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။ အဆိုပါ ဆွေးနွေးပွဲကို ဇွန်လကုန်ပိုင်းက မြန်မာနိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဂျာမန်ဖောင်ဒေးရှင်းတစ်ခုဖြစ်သော FES တို့ပူးပေါင်းကျင်းပခဲ့ကြပြီး အကျိုးရှိသော ဆွေးနွေးပွဲ ဖြစ်ခဲ့သည်။ ဆွေးနွေးမှု၏ အရန် ဆွေးနွေးမှုများ အဖြစ် အခြေခံဥပဒေသစ် စတင်ခြင်း၊ ပါလီမန်အသစ် ကက်ဘိနက်အသစ်စတင်ခြင်း၊ ဒေသဆိုင်ရာ လွှတ်တော်များ၊ ဝန်ကြီးများ စတင်ခြင်းစသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးများအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိဟု ကန့်ကွက် ရှုတ်ချသော သြဇာရှိသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသံကြောင့် ဝေဖန် သုံးသပ်သူများကြားတွင် အုပ်စုနှစ်စုကွဲသွားစေသည်။ ပြောင်းလဲမှု ဘာမျှမရှိဟု ယုံကြည်သောအုပ်စုနှင့် ပြောင်းလဲမှုများရှိသည်ဟု ငြင်းချက်ထုတ်သော အုပ်စုနှစ်စုဖြစ်သည်။ သို့သော် တဖြည်းဖြည်းနှင့် တစ်စုံတစ်ရာ ပြောင်းလဲခဲ့ပြီးဟူသော အမြင်အပေါ်တွင် ချဉ်းကပ်မှုများထွက်ပေါ်လာပါသည်။

၂၀၀၃ ခုနှစ်တွင် ဒီမိုကရေစီလမ်းညွှန်မြေပုံခုနှစ်ချက်ကို ရေးဆွဲခဲ့သော စစ်တပ်မှ မဟာဗျူဟာချမှတ်သူ များသည် မြန်မာနိုင်ငံတွင် လမ်းညွှန် ဒီမိုကရေစီ ကျင့်သုံးရန် စီမံခဲ့သည်။ စစ်အစိုးရပြောခွင့် ရပုဂ္ဂိုလ်များသည် အတိတ်မှ အမှားများကို သင်ခန်းစာယူ၍ရွေးကောက်ပွဲကို ကျင်းပမည်ဟု ရှင်းရှင်းလင်းလင်း ပြောထားခဲ့ကြသည်။ ၁၉၉၀ ခုနှစ်ကကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်ပြည်လုံးအနိုင်ရသလိုမျိုးပြန်မဖြစ်ရန် ၎င်းတို့က ဆုံးဖြတ်ထားခဲ့ကြသည်။ အကန့်အသတ်ပြုထားသော ဒီမိုကရေစီကို ယခုဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ စစ်အစိုးရ၏ ရည်မှန်းချက်များ လုပ်ဆောင်ချက်များကို မှားယွင်းအဓိပ္ပါယ် ကောက်ခဲ့ကြသော နိုင်ငံတကာ မီဒီယာအချို့သည် ဒီမိုကရေစီစစ် လာတော့မည်ဟု ယုံကြည်မှု ဖန်တီး ခဲ့ကြသည်။ မျှော်လင့်ကြီးမျှော်လင့်လျက် ဖြစ်မလာသောအခါ မြန်မာခေါင်းဆောင်များအား ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။ အမှန်တကယ်တွင် စစ်အစိုးရ သည် ဒီမိုကရေစီစစ်အတွက် မည်သည့်ကတိမျှပေးခဲ့ခြင်းမရှိပေ။ မြန်မာနိုင်ငံမှ လူအများစုကမူ စစ်တပ်မှ တိုက်ရိုက်အုပ်ချုပ်ခြင်းထက်စာလျှင် ယခု နိုင်ငံရေး အပြောင်းအလဲသည် ပြည့်စုံမှုမရှိသေးသော်လည်း ပိုကောင်းသည်ဟု ခံယူခဲ့ကြသည်။

ယခုပြောင်းလဲမှုဖြစ်စဉ်တွင် ပါဝင်ခြင်းမရှိသော နိုင်ငံရေးအင်အားစုများအနေဖြင့်ရော မည်သို့ရှိမည်နည်း။ အဆိုပါ နိုင်ငံရေးအင်အားစုများ ဆို သည်မှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ဒီမိုကရေ စီလှုပ်ရှားမှုများ၊ သူမ၏ NLD ပါတီ၊ ၎င်းတို့ကို ထောက်ခံသော နိုင်ငံခြားတွင် နေထိုင်သူ များနှင့် ၎င်းတို့၏ အနောက်နိုင်ငံ အင်အားကြီးမဟာမိတ်များကို ဆိုလိုသည်။ အဆိုပါ အင်အားစုများသည် စစ်တပ်အပေါ် ဘက်လိုက်ရေးဆွဲထားသော အခြေခံဥပဒေသစ်ကို ကန့်ကွက်သော အခြေခံအချက်မှာ အတူတူပင်ဖြစ်သည်။ ၎င်းတို့သည် တိုင်းရင်းသားများ ပါဝင်သော ကျယ်ပြန့်သော တွေ့ဆုံ ဆွေးနွေးမှုနှင့် နိုင်ငံရေးအကျဉ်းသားများ ချက်ခြင်းလွှတ်ပေးရန် တောင်းဆို ခဲ့ကြသည်။

ကျွန်ုပ် ရန်ကုန်တွင် စကားပြောခဲ့သူအားလုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားကျော်ကြားမှုနှင့် သူမအပေါ် အများ၏ လေးစားယုံကြည် မှု အပေါ် သံသယရှိသူတစ်ဦးမျှမရှိပေ။ သူမသည် အဆိုပါ ကျော်ကြားမှုနှင့် အများ၏ လေးစားမှုဆိုသည့် စကားလုံးများတွင် ပိတ်မိနေသည်။ သို့သော် အနည်းငယ်ကမူ သူမသည် ထိပ်တိုက် ရင်ဆိုင်လိုသလား သို့မဟုတ် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအရ အာဏာရယူမည်လားဟု ယုံကြည်နေသည်။ အများစုကမူ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးပိုင်းမှ ပါဝင်သော ဆုံးဖြတ်ချက်မှန်သော လှုပ်ရှားမှုမှတစ်ဆင့် အမျိုးသား ပြန်လည်ပေါင်းစည်းရေးအတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ခုဆုံးရှုံးရခြင်းအတွက် နောင်တရလျက်ရှိသည်။

သမတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွင် အမျိုးသားပြန်လည်ပေါင်းစည်းရေးပါဝင်သည်။ သို့သော် ၎င်းတွင် ဖိအားပေးနေသော စိမ်ခေါ်မှုများ ပြည့်နှက်နေသည်။ ၎င်းသည် စီးပွားရေးနှင့် ကမ္ဘာကြီးနှင့် ပြန်လည် ချိတ်ဆက်ရေးကို အာရုံပြုဖွယ်ရှိနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ရှေ့ဆက်သွားမည်ကတော့ အမှန်ဖြစ်သည်။ သို့သော် အဓိကဇာတ်ကောင်နှစ်ဦးက ဘေးမှ အနီးကပ်စောင့်ကြည့်နေမည်ဖြစ်သည်။ တစ်ဦးမှာ အပြင်ထွက် မသွားသေးသူ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်ပြီး၊ နောက်တစ်ဦးမှာ ဝင်မလာသေးသူ ပြည်သူ့အသဲနှလုံး ဒေါ်အောင်ဆန်း စုကြည်တို့ ဖြစ်ကြသည်။

ထိပ်ဆုံးမှ ဦးစားပေးရမည်မှာ စီးပွားရေးသာဖြစ်သည်ဟု ပါဝင်မှုအားလုံးက သဘောတူကြသည်။ ယင်းစစ်အစိုးရသည် ၎င်းတို့၏ အဓိက အောင်မြင်မှုမှာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်ဟု ပြည်သူများယုံကြည်လာအောင် စွမ်းအားကုန်သုံး၍ လူသိအောင် လုပ်ခဲ့ရသည်။ သို့သော် ပြီးခဲ့သည့် မကြာမီက အစိုးရက တရားဝင်ပြုလုပ်သော ဆွေးနွေးပွဲတွင် ဆင်းရဲမွဲတေမှုပပျောက်ရေးကို အာရုံပြုခဲ့ရာ ဝေဖန်သုံးသပ်သူများ ရှုမြင်ခဲ့သော တိုင်းပြည် သည် ဆင်းရဲမွဲတေမှုနှင့် အစာရေစာ ငတ်မွတ်မှုကို ကျယ်ကျယ်ပြန့်ပြန့်ခံစားခဲ့ရသည်ဟူသော အချက်ကို ဝန်ခံလိုက်သလို ဖြစ်ခဲ့ရပေသည်။ ဈေးကွက်စီးပွားရေး ဆိုသည်မှာ မြန်မာနိုင်ငံတွင် ထပ်တလဲလဲအသုံးပြုသော စကားလုံးသစ်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ထိပ်တန်းအစိုးရ တာဝန်ရှိသူဟောင်းတစ်ဦး ငြင်းချက်ထုတ်ခဲ့သလို ဘတ်ဂျက်၊ ငွေရေးကြေးရေး မူဝါဒ၊ ငွေလဲလှယ်မှုနှုန်းများတစ်ခုတည်းဖြစ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍ တို့နှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းနှင့် အလားအလာများမှာ ရှင်းလင်းမှုမရှိခြင်းကိုတွေ့ရသည်။ အခြားအစိုးရ တာဝန်ရှိသူဟောင်း တစ်ဦးက လယ်ယာကဏ္ဍနှင့် ပတ်သက်သော ပြဿနာများကို ရဲရဲဝံ့ဝံ့ တင်ပြခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ပြည်ပဆက်ဆံရေးပြောင်းလဲမှုနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေများကို ရှာဖွေခဲ့ကြသည်။ နိုင်ငံရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က ၎င်း၏ အဖွင့်ကျေညာချက်တွင် မြန်မာနိုင်ငံသည် သမိုင်းတွင် ကဏ္ဍသစ်တစ်ခုကို ပြောင်းလဲခဲ့ပြီဟု အလေးအနက်ပြောခဲ့သည်။ တိုင်းပြည် သည် မတ်လ ၃၀ ရက်နေ့က သမတဦးသိန်းစိန် ပြောကြားသော မိန့်ခွန်းပါ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ဦးတည်သွားရန် ဆုံးဖြတ်ထားပြီး ဖြစ် ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ အစိုးရသည် ဈေးကွက်စီးပွား ရေးစနစ်နှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူငါးချက်ပေါ်တွင် အခြေခံ သော နိုင်ငံခြားရေး မူဝါဒကို  အကောင်အထည်ဖော်မည်ဖြစ်သည်။

 မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်သော အခြေခံအချက်များမှာ အာရှ၊ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတည်းဟူသော ဒေါက်တိုင်သုံးခုပေါ်တွင် ကျောက်ချထားသကဲ့သို့ရှိသည်။ အရေးကြီးသော ဆက်ဆံရေးအများစုမှာ အာဆီယံ၊ တရုတ်နှင့် အိန္ဒိယတို့ပါဝင်သော အာရှနှင့် ဖြစ်သည်။ အံ့သြဖွယ်ရာမှာ စတုထ္တမြောက် အာရှပါတနာ ဂျပန်မှာ ဆွေးနွေးပွဲတွင် မတက်ရောက်သည်မှာ သိသာလှပြီး ၎င်း၏ ရပ်တည်ချက်ကို ထင်ဟပ် စေသည်။

အာဆီယံရှုဒေါင့်အား စင်္ကာပူပညာရှင်ခေါင်းဆောင်က တင်ပြရာတွင် ပြောင်းလဲမှုမှာ ထွက်ပေါ်လာသည်။ သို့သော် အချို့အမြင်တွင် အေးတိ အေးစက် ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်ဟုဆိုသည်။ တိုင်းရင်းသားများ ကိုယ်စားပြုရေးအတွက် ပြုလုပ်ထားသော ဒေသဆိုင်ရာ လွှတ်တော်များ၏ အရေးပါပုံကို ၎င်းက မီးမောင်းထိုးပြခဲ့ပြီး၊ ယခုအချိန်သည် မိုင်ထောင်ချီသော ခရီးအတွက် ပထမခြေလှမ်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ၎င်းသည် အခြား အရေးကြီးသော အချက်သုံးခုကိုလည်း ပြသခဲ့သည်။

 ပထမအချက်အနေဖြင့် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက် ဟု ကတိပြုထားသော်လည်း အဖွဲ့ကြီး အနေဖြင့် စိုးရိမ်ပူပန်မှု၊ သံသယများကိုဖော်ထုတ်နိုင်ပြီး လိုအပ်လျှင် ဝေဖန်မှုပင် ပြုနိုင်ကြောင်း၊ မြန်မာနိုင်ငံအတွက်မူ ပြည်တွင်းရေးကို ဆိတ်ဆိတ်နေ ခြင်း ဒီပလိုမေစီကို ကျင့် သုံးခဲ့သည်ဟု ဆိုသည်။
                ဒုတိယအချက်အနေဖြင့် ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌအတွက် မြန်မာနိုင်ငံ၏ လျှောက်ထားမှုနှင့် ပတ်သက်၍ ဝါဒါကွဲနေမှုများကို ညွှန်းဆို၍ ၎င်းက အကြံပြုရာတွင် မြန်မာနိုင်ငံသည် အကယ်၍ နိုင်ငံရေးအရ ရည်မှန်းချက်များနှင့် ထိုတာဝန်ကို ယူနိုင်သော စွမ်းရည်ရှိပါက အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခု အနေဖြင့် ဥက္ကဋ္ဌနေရာ ယူနိုင်ခွင့်ရှိကြောင်း ဆိုသည်။ တတိယအချက်အနေဖြင့် ၎င်းက မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများအတွက် စွမ်းဆောင်ရည် တည်ဆောက်ရေးတွင် ဒေသတွင်းက အစပြုကူညီမှုပေးရေးကို အကြံပြုပြောကြားခဲ့ပြီး စီးပွားရေး၊ ပညာရေး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေ များ အားကောင်းရေးအတွက် ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် ကူညီနိုင်သည့် အာဆီယံ၏ စွမ်းဆောင်ရည်ကို ထောက်ပြ ပြောဆိုခဲ့သည်။

 တရုတ်-မြန်မာဆက်ဆံရေးကိုလည်း ခန့်မှန်းတင်ပြမှုများပြုခဲ့သည်။ နှစ်နိုင်ငံသည် ဆွေးမျိုးပေါက်ဖော် ဆက်ဆံရေးရှိခဲ့သည်။ မေလက သမတ ဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် အလုံးစုံပါဝင်သော မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်သော ပါတနာဆက်ဆံရေး အဖြစ် အသွင်ပြောင်းခဲ့သည်။ နှစ်နိုင်ငံသည် နယ်စပ်စီမံခန့်ခွဲမှုကို ပိုမိုပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ပြီး၊ ကုလသမဂ္ဂနှင့် အာဆီယံတို့ ဆက်ဆံရေး တွင် ပိုမိုပူးပေါင်း လုပ်ဆောင်ရန်လည်း သဘောတူခဲ့သည်။ ဦးသိန်းစိန်က အရင်းနှီးဆုံးနှင့် အရေးကြီးဆုံး သံတမန် ဆက်ဆံရေးအတွက် တရုတ်အား တောင်းဆိုခဲ့သည်။

အိန္ဒိယ-မြန်မာဆက်ဆံရေးကို အသေးစိတ်တင်ပြရာတွင် ကျွန်ုပ်သည် ရှေးယခင်မှစ၍ ကိုလိုနီခေတ်မှ လွတ်လပ်ရေးလွန်ကာလအထိ ကြွယ်ဝ သော သမိုင်းကြောင်းကို အကျဉ်းတင်ပြခဲ့သည်။ အိန္ဒိယသည် ဒီမိုကရေစီ တန်ဖိုးများအတွက် ကတိကဝတ်များနှင့် အမျိုးသား အကျိုးစီးပွား ကာကွယ် ရန် လိုအပ်ချက်ကြားတွင် ချိန်ခွင်လျှာညီအောင် လုပ်ဆောင်နိုင်မှုကိုလည်း ဖော်ပြခဲ့သည်။ ကျွန်ုပ်သည် အရေးကြီးသောအချက်နှစ်ခုကို အလေးအနက် ပြောခဲ့သည်။ အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော မူဝါဒသည် ဝေဖန်မှုများကို ရင်ဆိုင်နေရရာ မူဝါဒ ဆုပ်ကိုင်ထားသူများက နယူးဒေလီသည် ဒီမိုကရေစီဖြစ်ပေါ်ရေးကို မျက်ကွယ်ပြုသည်ဟုလည်းကောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ်ပိုမှီခိုလာခြင်းအပေါ် စိုးရိမ်မှုများကို ဖော်ထုတ်မှုများနှင့် လည်းကောင်း ဝေဖန်မှုများ ကြုံတွေ့နေရသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးသည် အနာဂတ်တွင် မြန်မာအစိုးရသစ် ဘာလုပ်ရမည်နည်း ဆိုသည့် အချက်၏ သက်ရောက်မှု များကို ကြုံတွေ့ရမည်ဖြစ်သည်။

 မြန်မာနိုင်ငံ၏ တရုတ်နှင့် အိန္ဒိယတို့ဖြင့် ဆက်ဆံရေးကိုတင်ပြရာတွင် မြန်မာအစိုးရ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောရာတွင် သူမ၏ တိုင်းပြည်သည် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် နယ်စပ်ဒေသ လုံခြုံရေးအတွက် အိမ်နီးချင်း နှစ်နိုင်ငံစလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေး လိုအပ်ကြောင်း အလေးအနက်ထား ပြောခဲ့သည်။

 မြန်မာနိုင်ငံ၏ အီးယူ၊ အမေရိကန်တို့နှင့် ဆက်ဆံရေးတွင် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ပြင်းထန်စွာ ဖိစီးမှုများရှိခဲ့သည်။ ဒီမိုကရေစီ လှုပ်ရှားမှုများအား ချေမှုန်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှု များနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားမှုများကြောင့် အရေးယူမှုများ ပြုလုပ်ခံ ခဲ့ရသည်။ အီးယူ၏ မူဝါဒသည် ယခုအခါ ပြောင်းလဲနိုင်သည်။ အဆိုပါ သတင်းစကားကို ဥရောပတာဝန်ရှိသူများက သယ်ဆောင်လာသည်။ အစိုးရသစ် သည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ရန်စဉ်းစားပါက ရုတ်တရက် ရိုက်ခတ်မှုကောင်းဖြစ်နိုင်ကြောင်း ၎င်းတို့က အကြံပြုကြသည်။ မြန်မာအစိုးရ တာဝန်ရှိသူများကမူ အရေးယူ မှုများ ရုတ်သိမ်းရန် လိုအပ်ချက်ကို ပြောခဲ့ပြီး၊ ၎င်းသည် မြန်မာအီးယူဆက်ဆံရေးအတွက် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို အားကောင်းစေမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ ကလည်း ဥရောပအရင်းအနှီးများနှင့် နည်းပညာများ ရနိုင်ကြောင်း ဆိုသည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့်လည်း Obama အစိုးရသည် မြန်မာနိုင်ငံမူဝါဒကို ပြန်လည်သုံးသပ်ပြီး၊ စစ်အစိုးရဟောင်းနှင့် ဆက်ဆံရေး ပြုခဲ့သော်လည်း သတိထား၍ ဆက်ဆံခဲ့ပါသည်။ ယခုဆွေးနွေးပွဲတွင် ပါဝင်သော အမေရိကန်ပညာရှင်က Sanction ကို ဆန့်ကျင့်ကြောင်း အသံပြုခဲ့ပြီး၊ Sanction များကို ရုတ်သိမ်းရန်အတွက်မူ သမတ Obama အနေဖြင့် နိုင်ငံရေးအရ ကြီးများသော အရင်းအနှီးများ ပေးဆပ်ရ ဖွယ်ရှိကြောင်း ရှင်းပြ ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည် ကွန်ဂရက်တွင် ကြီးမားသော ထောက်ခံမှုရရှိထားခြင်းကြောင့် ဖြစ်သည်။ ကွန်ဂရက် အမတ်တစ်ဦးက ပြောကြားရာတွင် ကွန်ဂရက်မှတ်တမ်းများအရ ဒေါ်အောင်ဆန်းစုကြည်အား ဖော်ပြမှု ၁၅၉၈ ကြိမ်ရှိခဲ့သည်ဟုဆိုသည်။

 ဆွေးနွေးပွဲအနည်းဆုံးနေ့တွင် နာမည်ကြီး ဗြိတိသျှပညာရှင်တစ်ဦးက မြန်မာနိုင်ငံတွင် ပြောင်းလဲမှု လာနေပြီဖြစ်သည်ဆိုသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု၍ သင့်တော်သော တုန့်ပြန်မှုများ ပြုလုပ်ကြရန် တောင်းဆိုခဲ့သည်။

ပညာအရရော မျိုးရိုးအရပါ လေးစားဖွယ် မြန်မာလူငယ်ပညာရှင်တစ်ဦးက မြန်မာနိုင်ငံသည် ပြောင်းလဲမှု အတွက် အရေးပါသော အဖြစ်အပျက် (သို့)အချိန်ကို ကြုံတွေ့ရလျက်ရှိသည်ဟု ဖော်ပြခဲ့သည်။ မြန်မာ့အရေးနှင့် သက်ဆိုင်သူအားလုံးသည် လက်တွေ့ကျပြီး ပြုပြင်လွယ်သော ချဉ်းကပ်မှုများ ပြုနိုင်ရန် မျှော်လင့်ကြောင်း ထုတ်ဖော်ခဲ့သည်။ မြန်မာနိုင်ငံ ၂၀၅၀ တွင် ဘယ်ရောက်နေမည်ဆိုသည်မှာ ထိုသို့ ချဉ်းကပ်မှုမျိုးပေါ်တွင် မူတည်နေသည်။

အပြန်လမ်းတွင် ကျွန်ုပ်သည် ရှင်းရှင်းလင်းလင်းယုံကြည်မှုတစ်ခုရှိခဲ့ရာ မြန်မာနိုင်ငံသည် အားလုံးဆက်စပ်ပါဝင်နေသော အသွင် ကူးပြောင်း ရေး ကာလကို ဖြတ်သန်းနေပြီဖြစ်ပြီး၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ခေတ်ဟောင်းကုန်ဆုံးကာ မပြည့်စုံသေးသော်လည်း အရပ်သား အုပ်ချုပ်မှုခေတ်သစ်ကို စတင်နေပြီ ဆိုသည်ပင် ဖြစ်ပါတော့သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...