"ဂျာနယ်လစ်ဇင်နှင့် သတင်း (Journalism and the News)"
Linn Yaung created the doc:
နိဒါန်း
သတင်းသမားတွေနဲ့ ပတ်သက်ပြီး ပြောတဲ့အခါ သတင်းစာဆရာဆိုတဲ့ စကားဟာ ကျယ်ပြန့်မှု မရှိလှဘူးလို့ ဆိုနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ယနေ့ ခေတ်မှာ သတင်းဖြန့်ဖြူးတာဟာ သတင်းစာ တစ်ခုတည်းက မဟုတ်တော့လိုပါပဲ။
ရေဒီယိုတွေ .. ရုပ်သံတွေ... အင်တာနက်တွေကလည်း သတင်းတွေမှာ ပါဝင်လာတယ်။ တစ်ခါ တစ်ခါ အဲဒီ ရေဒီိယို၊ တီဗွီ ၊ အင်တာနက် (Online) က ပုံမှန်သတင်းတွေထက်တောင် အားကောင်းနေတတ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့မှာက သတင်းဦးတွေ ပါတတ်လို့ပဲ ဖစ်ြပါတယ်။ ပြီးတော့ အဲဒီသတင်းဌာနတွေက စဉ်ဆက်မပြတ် သတင်းဖြန့်ဖြူးနိုင်တယ်။
ဒါကြောင့် သတင်းသမား၊ သတင်းထောက်နဲ့ သတင်းစာဆရာအစား.. ဂျာနယ်လစ်ဆိုတဲ့ အခေါ်အဝေါ်ကို သုံးပြီး စောစောက ပြောတဲ့ သတင်းဖြန့်ဖြူးတဲ့ သတင်းစာ၊ တီဗွီ၊ အင်တာနက် စတာတွေကိုလည်း မီဒီယာ (Media) လို့ သုံးစွဲ ဖော်ပြသွားပါ့မယ်။
ဂျာနယ်လစ်တို့ရဲ့ ကဏ္ဍ
ဂျာနယ်လစ်ဆိုတာ လူမှုအသိုက်အ၀န်းရဲ့ ဘယ်ကဏ္ဍမှာ မဆို အရေးကြီးတဲ့ အလုပ်ကို ဆောင်ရွက်သူတစ်ယောက်အဖြစ် ပါဝင်ပါတယ်။ ဂျာနယ်လစ်တွေရဲ့ အခြေအနေနဲ့ အနေအထားကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘူးပေါ့။ တချို့ နိုင်ငံတွေမှာ အစိုးရ..ဒါမှ မဟုတ်၊ နိုင်ငံရေးပါတီတွေက မီဒီယာတွေကို ပိုင်ဆိုင်ကြတယ်။ (ဥပမာ.. မြန်မာ့အလင်းနဲ့ ..ကြေးမုံ) ။ တစ်ချို့နိုင်ငံမှာတော့ မီဒီယာကို ပုဂ္ဂလိက ပိုင်ဆိုင်ကြတယ်။
ဘယ်လိုအနေအထားမှာ ဖြစ်ဖြစ် ဂျာနယ်လစ်ကောင်းတစ်ယောက်ဟာ အခြေခံကျတဲ့ တာဝန်တွေကိုတော့ ထမ်းဆောင်ရတာပါပဲ။ သူတို့ဟာ လူတွေ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပေးရတယ်။ လူတွေ သိလိုတဲ့ သူတို့ ပတ်ဝန်းကျင်ကမ္ဘာရဲ့ အကြောင်းတွေ ..၊ အစိုးရ အကြောင်းတွေ၊ လုပ်ငန်းအကြောင်း၊ ကျန်းမာရေး၊ အာကစား .. စတဲ့ သတင်းအချက်အလက်တွေကို လူထုဆီကို ပို့ပေးရတယ်။
ဒီသတင်းအချက်အလက်တွေကနေ ပြည်သူတွေဟ မိမိတို့ ဘ၀မှာ ဘာတွေလုပ်ချင်လဲ ဆိုတာကို ဆုံးဖြတ်နိုင်ကြတယ်။ တီဗွီမှာ ဘယ်အစီအစဉ်ကောင်းတယ်ဆိုတာက အစ သတင်းအချက်အလက်တွေကို ဂျာနယ်လစ်တွေဆီက ရတယ်။ ဘယ်စားသောက်ဆိုင်က ဘာတွေရောင်းတယ်။ ဘယ်မော်တော်ကားက ပိုကောင်းတယ်။ ဘာတွေဝယ်ရင် သင့်တော်တယ်။ မိမိကလေးကို ဘယ်ကျောင်းအပ်ရင်ကောင်းမလဲ စတဲ့ ကိုယ့်အတွက် အသုံးဝင်တဲ့ အလုပ်တွေကို ဂျာနယ်လစ်တွေ ဆီကရတဲ့ သတင်းအချက်အလက်ကနေ ပြည်သူက ဆုံးဖြတ်နိုင်တယ်။
တစ်ခါတစ်ရံ တစ်ချို့ သတင်းအချက်အလက်တွေဟာ လူတွေရဲ့ '' သေရေး ရှင်ရေး'' နဲ့ ပါတ်သက်နေတာကို တွေ့နိုင်တယ်။
ဥပမာ.. ယိုးဒယားနိုင်ငံရေးသမားတစ်ယောက်ဟာ မိုးလေ၀သဆိုင်ရာ သတင်းသမားတွေကို အပြစ်တင် ဝေဖန်ဖူးတယ်။ ဘာလို့လဲ ဆိုတော့ ယိုးဒယားမြောက်ပိုင်းပြည်နယ်မှာ ကျရောက်မယ့် မုန်တိုင်း သတင်းကို အချိန်မီလူတွေဆီရောက်အောင် ပို့ မပေးနိုင်ခဲ့လို့ပဲ။ အဲဒီမုန်တိုင်းကြောင့် လူ (၃၀) အသက်ဆုံးရှုံးရတာဟာ အချိန်မီ သတင်းမပေးနိုင်တဲ့ မိုးလေ၀သနဲ့ မီဒီယာမှာ တာဝန်ရှိတယ်လို့ ပြစ်တင်ဝေဖန်ခဲ့ဖူးတယ်။
မြန်မာနိုင်ငံမှာလဲ .. တိကျသေချာတဲ့ သတင်းမပေးနိုင်မှုနဲ့ .. သတင်းနောက်ကျမှု၊ နည်းပညာအားနည်းမှုတွေကြောင့် .. နာဂစ်မုန်တိုင်း အန္တရာယ်မှာ ပြည်သူတွေ အသက်ဆုံးရှုံးဖူးတယ်။ အဲဒါကလဲ အစိုးရမီဒီယာနဲ့ .. ပြည်တွင်းမီဒီယာတွေမှာ တာဝန်ရှိတယ်လို့ ဆိုနိုင်တယ်။
လူတွေဟာ သတင်းစာ ဂျာနယ်တွေရဲ့ သတင်းအချက်အလက်တွေကို ယုံကြည်စိတ်ချကြတယ်။ ဒါကြောင့် ဂျာနယ်လစ်တွေဟာ သူတို့ ရေးတဲ့ သတင်းကို ''တာဝန်ယူနိုင်ရမယ်"
ဂျာနယ်လစ်ကောင်း တစ်ယောက်ရဲ့ တာဝန်ဟာ ပြည်သူအတွက် ဖြစ်တယ်။
ဒီတော့ ဂျာနယ်လစ်ရဲ့ ကဏ္ဍက ဘာတွေလဲ ။
အဲဒါကို ကွဲပြားသေချာသိဖို့ လိုအပ်တယ်။
ဂျာနယ်လစ်တွေဟာ....
၁။ အမှန်ကို တင်ပြရမယ်။
၂။ အစိုးရနဲ့ ပြည်သူအကြား ပေါင်းကူးအဖြစ် ဆောင်ရွက်ပေးရမယ်။
၃။ သတင်းအချက်အလက်တွေကို ပြည်သူကို (မထိန်မချန်) တင်ပြရန် ဖြစ်တယ်။
၎။ လူတွေကို ပညာပေးခြင်း။ ဖြေဖျော်ပေးခြင်းနဲ့ ရှင်းပြခြင်းတွေကို လုပ်ပေးရမယ်။
၅။ ပြည်သူတွေရဲ့ ရပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ရမယ်............................ လို့ ဆိုတယ်။
(ဆက်လက်ဖော်ပြပါမည်)
သတင်း၊ စာနယ်ဇင်းကို ၀ါသနာပါတဲ့ သူငယ်ချင်းများအတွက် ဖြစ်ပါသည်။ မှတ်သားလေ့လာသင်ယူခြင်းဖြင့် အရည်အချင်းပြည့်မီသော သတင်းထောက်ကောင်း၊ အယ်ဒီတာကောင်းများအဖြစ် ပြည်သူကို အလုပ်အကျွေး ပြုစေချင်ပါသည်။
ခင်မင်စွာဖြင့်
လင်းရောင်
(ဒေါက်တာခင်မောင်ညို၏ သတင်းစာပညာ၊ ဂျာနယ်လစ်ဇင်နှင့် မီဒီယာ.. ) စာအုပ်မှ ကိုးကားတင်ဆက်ပါသည်။

0 comments:
Post a Comment