Friday, July 22, 2011

ပြတင်းပေါက်ကို ဖွင့်ချင်တယ်

 

ပြတင်းပေါက်ကို ဖွင့်ချင်တယ်

သရုပ်ဖော်ပန်းချီ ဇော်မောင်

“ဒီပြတင်းပေါက်ကို ဘယ်တော့မှ မဖွင့်ကြနဲ့တော့ ကြားလား။ အမြဲတမ်းပိတ် ထားလိုက် တော့”
           မေမေက ပြောပြီး ပြတင်းပေါက်ကို သူကိုယ်တိုင်ပိတ်ကာ ချက်ထိုးလိုက်သည်။
           ကျွန်မတို့အိပ်ခန်း၏ တစ်ခုတည်းသော ပြတင်းပေါက်၊ သူ့ကို နေ့ရောညပါ ပိတ် ထားလိုက်သည့် အချိန်မှစ၍ ကျွန်မသည် စိတ်ကူး ကမ္ဘာသို့ ညစဉ် အလည်သွားဖို့ အလွန် ခက်ခဲသွားပါသည်။


*****

           ကျွန်မတို့အိမ်သည် သစ်သားအိမ်ဖြစ်သဖြင့် တစ်ခုတည်းသော အိပ်ခန်း၏ ပြတင်း ပေါက်သည် ဘာမှ မထူးခြားပါ။ ရိုးရိုး ပြတင်းပေါက်တစ်ခုသာ ဖြစ်သည်။ ထိုပြတင်းပေါက် သည် ကျွန်မတို့ အိမ်သားများ အတွက် အလွန် အသုံးဝင်ခဲ့၏။ နေ့လယ် အချိန်များ တွင် အစ်ကိုက အင်္ကျီလာချိတ်ချင်သော ပြတင်းပေါက်။
           “ဖယ်စမ်း ငါ့အင်္ကျီခြောက်အောင် နေရောင်လိုတယ်”
           သူ့အင်္ကျီတွေက ချည်ထည် အထူစားတွေ။
           အစ်မက ဟိုဘက်ခြံမှ အပင်ရိုင်းများကို လှမ်းငေးချင်သော ပြတင်းပေါက်။
           “တွေ့လား၊ ဟိုမှာ အဲဒါ စပျစ်သီးပင်တွေပေါ့။ စပျစ်သီးတွေတောင် တော်တော်များ နေပြီ။ လာလည်း မခူးကြဘူး။ ငါတို့ ခူးစား ကြမလား။”
           ကျွန်မတို့အိမ်နှင့် ထိုခြံအကြားမှာ ဘာခြံစည်းရိုး အကာအရံမရှိ။ ထိုခြံသည် ကျွန်မ အသက် ၁၂ နှစ် အရွယ် မနှစ်ကအထိ လူမနေသော ကွက်လပ်တစ်ခု ဖြစ်ခဲ့သည်။ ထို့ ကြောင့် အိပ်ခန်းပြတင်းပေါက်ကို နေ့ရောညရော အမြဲ ဖွင့်ထားခွင့်ရခဲ့သည်။
           မေမေက မိုးရွာနိုင်မလား လေတိုက်နိုင်မလား ကောင်းကင်ကို ကြည့်ပြီး ခန့်မှန်းဖို့ လှမ်းလှမ်းကြည့်ရသော ပြတင်းပေါက်။
           “သမီးတို့ရေ အ၀တ်တွေ ရုတ်ကြစမ်း။ လေနီကြမ်းလာတော့မယ်။ ကောင်းကင်မှာ နီရဲလာနေလိုက်တာ”
           ညီမလေးနှစ်ယောက် အ၀တ်ရုပ်ကလေးတွေနှင့် ခုတင်ပေါ်မှာ ဆော့ကစားသည့်အ ခါ ပြတင်းပေါက်ခန်းဆီးစကို ဇာတ်စင်ပိတ် ကားစ အဖြစ် သုံးဖို့တဲ့။ ဘောင်ကိုမှီပြီး ဇိမ်နှင့် စာအုပ် ဖတ်နေဆဲ ကျွန်မထံမှ ခဏခဏ နေရာလုခံရသည့် ပြတင်းပေါက်။
          ညရောက်လျှင်တော့ ထိုပြတင်းပေါက်ကို ဘယ်သူမှ စိတ်မ၀င်စားကြတော့ပါ။ ကျွန်မ တစ်ယောက်တည်း ပိုင်ဆိုင်သည်ဟု ကျွန်မ ခံစားရသည်။
          ညအချိန်ရောက်လျှင် ထိုပြတင်းပေါက်သည် ကျွန်မအတွက် မှော်အတတ်ဖြင့် ဖန် ဆင်းထားသော တခြားကမ္ဘာတစ်ခုသို့ အလည် သွားစရာ ယာဉ်တစ်စီး ဖြစ်လာတော့ သည်။
          ကြည့်ပါဦး။ ညအမှောင်တွင် ပြတင်းပေါက်မှ တစ်ဆင့် လှမ်းမြင်ရသော မြင်ကွင်း သည် ကျွန်မ ရင်းနှီးနေကျ နေ့ပိုင်း မြင်ကွင်းနှင့် လုံးဝခြားနားသွား၏။ ထိုခြားနားမှုကို ကျွန်မစပြီး သတိထားမိသည့် အချိန်မှာ အဖျားသွေးဖြင့် ရီဝေမူးယစ်လျက် အိပ်ရာမှ လန့် နိုးလာ သည့် ညတစ်ည ဖြစ်သည်။
          ထိုနေ့ နေ့လယ်က ကျွန်မ ဖျားသည်။ ဖျားနေသည့်အချိန်မှာပင် ကျွန်မသည် ဖတ် ပြီးသား ၀တ္ထုဇာတ်လမ်းတစ်ခုကို မေမေ့အား ပြန်ပြောခိုင်းကာ ပုံပြင်သဖွယ် နားထောင်နေ မိသေးသည်။
          “အဲဒါနဲ့ပဲ ငါကိုယ်တော်မြတ်ကို စောင်းလား ချိတ်လားနဲ့ ကဗျာရွတ်တဲ့ သူပုန်ဗိုလ် ငနန္ဒကို ရှေ့တော်မှောက် သွင်းစေလို့ သီဟ ရာဇာဘုရင်ကြီးက အမိန့်ပေးလိုက်တော့ တယ်”
          စာရေးဆရာဓူဝံ၏ ‘မာလာ’၀တ္ထုမှာ ရှင်ဘုရင်ခေတ်က ထီးနန်းညီလာခံများ၊ အာဏာသိမ်းသည့် လူဆိုးစစ်သူကြီးနှင့် ဇာတ်လိုက် သူပုန်တို့၏ မြင်းပေါ်မှ တိုက်ပွဲမြင် ကွင်းများ၊ ညညမှာ စုန်းတောက်စားသည်၊ ဘီလူးစားသည်ဟူသော သည်းထိတ်ဖိုမြင်ကွင်း များနှင့် နောက်ကွယ်က လျှို့ဝှက်ချက်များသည် ကျွန်မအတွက် အသက်ရှူမှားစေလောက် အောင် အံ့သြမိန်းမောစေမည့် ဇာတ်ကွက် များ ဖြစ်သည်။ ကျွန်မ ဖတ်ပြီးသားဖြစ်သော် လည်း မေမေပြောပြသည့်အခါ ငေးမောနားထောင်နေမိသည်။
          အို သိပ် ကောင်းတာပဲ။
          ထိုဝတ္ထုကို အဖျားသွေးဖြင့် အိပ်ရာမှာ လှဲကာ နားထောင်ရင်း အိပ်ပျော်သွားခဲ့ သည်။
          ထိုည...၊ အိပ်ပျော်ရာမှ နိုးလာသည်။ အဖျားသွေးဖြင့် ကျွန်မမျက်စိတို့ ပြာဝေ လျက်ရှိသည်။ ကျွန်မ မျက်စိဖွင့်လျှင်ဖွင့်ချင်း ကျွန်မသည် ထူးဆန်းသော နေရာတစ်ခုသို့ ရောက်နေသည်ဟု သိလိုက်သည်။
          ကျွန်မ မြင်ရသည်က မြင်နေကျ ခြင်ထောင်အမိုး၊ တွဲလွဲကျနေသည့် အင်္ကျီ အဲဒါ တွေမဟုတ်။ အမှောင်ကြောင့် မည်းနက်နေ သည့် တောင်ကုန်းတောင်တန်း၏ ဘေးတိုက် မြင်ကွင်းတစ်ခု။ ဟင် ဘယ်လိုလုပ်ပြီး ကျွန်မက တောင်တန်းတစ်ခု အောက်ခြေ မှာ ရောက် နေရတာလဲ။ တောင်တန်းခပ်စောင်းစောင်းတွင် သစ်ပင်တွေ တန်းစီနေသည်။ ကျွန်မ မျက်စိတွေက ကပ်စေးကပ်စေးဖြင့် မြင်ကွင်းကတော့ေ၀၀ါးနေ၏။ မျက်စိတွေကို လက်ဖြင့် ပွတ်သပ်ကြည့်တော့ မျက်တောင်တွေမှာ ကပ်နေသည့် မျက်ချေးတို့ ကင်းစင်သွားသဖြင့် နည်းနည်း ပိုကြည့်ကောင်းလာသည်။ နေပါဦး။ သစ်ပင်တွေဘေးမှာ မြင်းတွေရော၊ လူတွေ ရောပါလား။ ဟိုးအဝေး မြင်ကွင်းနှင့် တူပါရဲ့။ ခပ်မှုန်မှုန်မသဲမကွဲ။ ရုပ်ပုံတွေက ခပ်သေး သေး ကျွန်မ ကြည့်ဖူးသည့် နိုင်ငံခြားရုပ်ရှင် တချို့၏ အဝေးပြကွက်နှင့် တူသည်။ ထို့ နောက် ကျွန်မအာရုံထဲသို့ မြင်ခွာသံ တဖြောင်းဖြောင်း၊ ၀င်လာတော့သည်။ အော်သံဟစ် သံများ၊ ဓားခုတ်သံများ၊ ညာသံပေး၍ လိုက်ကြသည့် အသံများ၊ မြင်ဟီသံများ၊ အို တကယ့် တိုက်ပွဲအသံတွေပါပဲ။
         အဲသည်တော့မှ ကျွန်မ သိလိုက်သည်။ ကျွန်မ မာလာဝတ္ထုထဲကို ရောက်သွားတာ ပေါ့နော်။
         ကျွန်မလှမ်းမြင်နေရသည့် သစ်ပင်တွေ လူတွေ မြင်းတွေက လှုပ်နေသည်။ လှုပ် တာမှ ယိမ်းခါနေအောင် လှုပ်၏။
         “မပြေးပါနဲ့ ဘုရင်မ၊ ဘုရင်မ စန္ဒာဒေ၀ီ”
         မိုးသံတွေ ကြားရသည်။ မိုးစက် မိုးပေါက်များ လွင့်ခနဲ လွင့်ခနဲ ကြမ်းတမ်းစွာ ဖျန်း ပက်နေသည့် အသံ။ စန္ဒာဒေ၀ီဘုရင်မနှင့် ဗိုလ်နန္ဒတို့ ပြေးရင်းလွှားရင်း ပုန်းအောင်းစရာ နေရာကို ရှာနေသည်။
        “ဟောဟိုမှာ ဘုရားငုတ်တိုလေးတစ်ခု အဲဒီမှာ ကျွန်တော်တို့ ခဏ ပုန်းခိုနေရင် ကောင်းမယ် ဘုရင်မ”
        “အို ပြန်တိုက်မှာပေါ့။ ရှင်နဲ့ကျွန်မနဲ့ နှစ်ယောက်အတူ ရှိနေရင် ကျွန်မ ဘာကိုမှ မကြောက်ဘူး”
        ဗိုလ်နန္ဒပြောသည့် ဘုရားငုတ်တို။ နေဦး အဲဒါကို ကျွန်မ မမြင်ရသေးဘူး။
        “လူအင်အားများတယ်၊ ကျွန်တော်တို့က နှစ်ယောက်တည်း၊ ခံသွားရမှာပေါ့”
        “အို နှစ်ယောက်အတူ ရင်ဆိုင်မယ်။ သေတော့ကော ဘာဖြစ်သေးလဲ။ ရှင်နဲ့အတူ သေရတာ ရဲရဲသေမယ်။ ဘာလဲ ရှင်က ဘုရင်မ နဲ့အတူ လိုက်မသေရဲဘူးလား”
        ဗိုလ်နန္ဒ ဘာမှ မပြောမီ ကျွန်မ ရင်တလှပ်လှပ် ခုန်နေသည်။ အဲဒီဘုရင်မကလေ သိပ်မိုက်တာပဲ။ ဟိုက သူ့ကို မိန်းမအဖြစ် လိုချင် တာ သူမသိဘူးလား။ ကျွန်မ အားမလို အားမရ တွေးမိသည်။
        “ဘုရင်မကလည်း သိပ်ခက်တာပဲ။ ကျွန်တော်က သေရဲပါတယ်။ ဘုရင်မအတွက် ဆို အသက်တောင် စွန့်ဝံ့တယ်လို့   ကျွန်တော် ပြောပြီးပြီပဲ။ ဒါပေမယ့် အခုဟာက နှစ် ယောက်လုံး သေမှာ မဟုတ်ဘူး။ ကျွန်တော့်ကို သတ်ပြီးတော့ ဘုရင်မကို ကြက် ကလေး ငှက်ကလေး ကောက်ယူသလို ဖမ်းယူသွားကြမှာ”
       စန္ဒာဒေ၀ီဘုရင်မက ဗိုလ်နန္ဒကို ချစ်နေသည်။ သို့သော် ချစ်နေသည်ကို ဖွင့်မပြော။ အို ဘာထူးလဲ။ ဗိုလ်နန္ဒကလည်း ချစ်နေတာပါ ပဲ။ ချစ်နေလို့သာ ဘုရင်မကို ဖမ်းပြီး သီဟ ရာဇာဘုရင်ကြီးလက်ထဲ ထည့်လို့ရရက်နဲ့ မထည့်ဘဲ ဘုရင်မရဲ့ ရန်တွေကိုတောင် ကာ ကွယ်ပေးနေတာ မဟုတ်လား။ သူပြောတာကတော့ အဲဒီလို မဟုတ်။ မိန်းမသား အုပ်ချုပ် တဲ့နိုင်ငံကို အားလုံးက ၀ိုင်းပြီး အနိုင်ကျင့် ချင်တာမို့ အားနည်းသူကို အားတောင့်တင်း အောင် တည်ဆောက်ပေးမယ်တဲ့။ အဲဒီလိုလုပ်ရင် ဗိုလ်နန္ဒအတွက် သေလမ်းပဲ။ ရန်သူတွေ ရဲ့ ဓားချက်နဲ့ မသေရင်တောင် သီဟရာဇာဘုရင်ရဲ့ အပြစ်ဒဏ်နဲ့ သေမှာပဲ။ ဘာလို့ မ ကြောက်တာလဲ။
      အချစ်။
      အချစ်ဆိုတာ အသက်ကို စွန့်ရဲလောက်အောင် တွန်းအားကြီးမားတယ်။ အဲဒီ အချစ်ဆိုတာ ဘယ်လိုဟာမျိုးပါလိမ့်။
        ကျွန်မသည် မမ၏ ရည်းစားစာတွေကို ခဏခဏ ခိုးဖတ်ဖူးသည်။ အဲဒီမှာ အချစ်ဆို သော စကားလုံးတွေ ပါတတ်၏။
       မကိုချစ်လွန်းလို့ ဒီကကောင်မှာ ရူးရတော့မယ် သိလား။ ဟင် ချစ်တာနဲ့ ရူးရတယ် တဲ့လား။ ဘယ်လို ရူးမှာပါလိမ့်။ ကျွန်မသိသော မမ၏ရည်းစားကို စိတ်မနှံသည့် လူအသွင် ဖြင့် မြင်ယောင်ကြည့်မိတော့ ကျွန်မ ခစ်ခနဲ ရယ်မိသည်။ ပုဆိုးကွင်းသိုင်း ဆံပင်စုတ်ဖွား ကြီးနှင့်လေ။
        “ခါချဉ်ကောင်မာန်ကြီးပေမယ့် ခါးမသန်တဲ့အဖြစ်ပါ မမရယ်။ ခါးမသန်တဲ့အဖြစ်တွေ ပါ။”
       အို ရည်းစားစာထဲမှာ ခါချဉ်ကောင်ကလည်း ပါသေးတယ်တဲ့။ ပါတဲ့ ခါချဉ်ကောင် ကလည်း ခါးမသန်ဘူးတဲ့။ ကျွန်မသည် ညီမလေးနှစ်ယောက်ကို ပြန်ဖောက်သည်ချမိ၏။
        ခါချဉ်ကောင်က ခါးမသန်ဘူးတဲ့တော့။
        အို
        ကျွန်မတို့အာရုံထဲမှာ ခါချဉ်ကောင်တစ်ကောင် ချည့်နဲ့နဲ့နှင့် ၀ါးလုံးတန်းပေါ်က ပြုတ်ကျသွားပုံကို မြင်လာမိသည်။
        ဘာဖြစ်လို့ စာထဲမှာ ခါချဉ်ကောင် အကြောင်းပါတာလဲ။
        ညီမအလတ်က မေးသည်။
        မသိဘူးလေ။
        ကျွန်မတို့ ညီအစ်မသုံးယောက် တစ်ယောက်ကို တစ်ယောက် တွန်းထိုးပြီး ရယ် လိုက်ကြတာ မပြောပါနဲ့တော့။
        “သမီး ဘာတွေ သဘောကျပြီး ရယ်နေတာလဲ။ ဆေးသောက်ရအောင်ထ”
        မေမေက ဆေးလေးတစ်တောင့်နှင့် ရေခွက်နှင့် ကျွန်မအနားသို့ ရောက်လာသည်။ ရေနံဆီမီးခွက်၏ မီးတောက်က လှုပ်နေသဖြင့် အလင်းခပ်မှိန်မှိန်ကလည်း လှုပ်နေသည်။ မေမေ့မျက်နှာပေါ်ရှိ အလင်းကလည်း လှုပ်နေပါသည်။ ညဆယ့်တစ်နာရီ သောက်ရ မည့် ဆေး ဖြစ်သည်။ ကျွန်မ ပျင်းရိပျင်းတွဲထလိုက်သည့် အချိန်တွင် ရေခွက်ထဲက အရည်မှာ ရေမဟုတ်ဘဲ အစိမ်းရောင်တွေ ဖြစ်နေ သည်ကို မြင်ရသည်။ ကရင်ဆိုဒါ။ ကရင်ဆိုဒါဟု ခေါ်သည့် အချိုရည်ခပ်ရှရှကို ကျွန်မတို့ မောင်နှမတွေ ဖျားသည့်အခါမှာ သောက်ခွင့်ရ သည်။ သောက်ရေအိုးစင်၏ အောက်မှာ အစိမ်းရောင် ပုလင်းလေး နှစ်ခုသုံးခု တန်းစီပြီး ချထားသည့်နေ့ဆိုလျှင် မောင်နှမထဲက တစ်ယောက်ယောက်တော့ ဖျားပြီးဟု သိနိုင်ပါ သည်။
        အစိမ်းရောင် အရည်လေးထံမှ စူးရှရှမွှေးရနံ့တစ်ခုကို ရသည့်အခါ ကျွန်မ၏ က တုန်ကရင် အဖျားငွေ့တွေ လွင့်စင်သွား သည်။ မေမေပေးသည့် ဆေးတောင့်ကို အာခေါင် ထဲထည့်ပြီး ရေခွက်ထဲမှ အချိုရည်ကို မော့ချလိုက်သည်။ ဆေးတောင့်လေးက တစ်ခါ တည်း လည်ချောင်းထဲသို့ ကျမသွားဘဲ အာခေါင်စွန်းမှာကပ်ပြီး တစ်နေ၏။
       မကျသေးဘူး။
       မေမေစိတ်ပူသွားသည်။
       ရော့ရော့ ဒီအရည်လေးနဲ့ မျှောချကြည့်ပါဦး။ များများငုံ့သောက်လိုက်။
       သည်တစ်ခါတော့ ကပ်နေသည့်ဆေးက အရည်ဖြင့်ကွာသွားသော လည်ချောင်းထဲ အထိ ဆင်းသွားသည်။ ဖန်ခွက်ထဲက အရည်တွေကို ကျွန်မ အကုန်သောက်ချလိုက်၏။ ကောင်းလိုက်တာ။
      “ရပြီ”
      “နောက်ထပ်သောက်ဦးမလား သမီး”
      “တော်ပြီ”
     ကျွန်မ ပြန်လှဲချလိုက်၏။ ကျွန်မ၏ ပြတင်းပေါက်ကို ကျွန်မငေးရဦးမှာ မဟုတ်လား။
     “အို တံခါးကြီးက ပွင့်လို့ပါလား။ လေစိမ်းတွေ တိုက်လို့မဖြစ်ဘူး။ မှန်းစမ်း”
     မေမေက ကျွန်မအပေါ်မှ ကိုယ်ကိုကိုင်းကာ ပြတင်းပေါက်ကို ပိတ်ပစ်လိုက်သည်။
     သွားပါပြီ။
     အဲသည်နောက်မှာတော့ တစ်ညလုံးပိတ်ထားသော ပြတင်းပေါက်ကိုသာ ကျွန်မ စူး စူးစိုက်စိုက် ငေးကြည့်ခဲ့ရ၏။ အရိပ်အရောင်မပါ အတွေးသက်သက်။
     နောက်တစ်နေ့ မိုးလင်းတော့ ကျွန်မ အဖျားပျောက်သွားခဲ့ပြီ။ မနက် မိုးလင်းလင်း ချင်း “မေမေ၊ ပြတင်းပေါက်ဖွင့်မယ်” ဟု ပူဆာမိ သည်။ မေမေက နေရောင်လာသည့် အ ချိန်တွင် ဖွင့်ပေးပါသည်။
      ပြတင်းပေါက် ပွင့်သွားသောအခါ ကျွန်မ သဲကြီးမဲကြီး စူးစိုက်ရှာဖွေမိသည်။ ကျွန်မ မြင်ရသမျှမှာ ကောင်းကင်တစ်ဝက်တစ်ပျက်၊ ခြံထောင့်က ဂွေးသီးပင်ကြီး၏ အကိုင်းတချို့။ မဟုတ်သေးပါဘူး။ ညက ကျွန်မ မြင်ရသည့် တောင်တန်းတွေနှင့် သစ်ပင်တွေ လူတွေ မြင်းတွေက ဘယ်မှာလဲ။ ဟိုးဝေးဝေးမှာ လမ်း၏ ဟိုဘက်က အိမ်တွေ၏ ခေါင်မိုးစွန်းကို မြင်ရသည်။ ဟင့်အင်း။ အဲဒါတွေ မဟုတ်ဘူး။
ညက အိပ်မက် မက်နေခဲ့တာလား။ အို အဲဒါ အိပ်မက်မဟုတ်ဘူး။ ကျွန်မ သေချာ သည်။ ဒါဖြင့် စိတ်ထဲက ထင်ရာမြင် ရာတွေ လျှောက်တွေးပြီး မြင်မိနေတာလား။ အဖြေမရ။ မတင်မကျနှင့်ပင် ကျွန်မ၏ နာလံထနေ့က ကုန်ဆုံးသွားသည်။
       ည...။ ကျွန်မ မျှော်နေသည့်ည။ ပြတင်းပေါက်ကို ဖွင့်ထားသည်။ မေမေက ပိတ် ဖို့မလာတော့ ခဏလေးပါမေမေဟု တားမြစ် ခွင့်တောင်းလိုက်သည်။ ကျွန်မက ဘေးဆုံးမှာ အိပ်သည်။ ကျွန်မ၏ ကပ်လျက်က ညီမလတ်၊ သူ့ဟိုဘက်က ညီမလေး။ သူ့ဟိုဘက် က မေမေ။ မေမေက ခုတင်အဖျားမှာ အိပ်သည်။ ခုတင်က မြင့်တော့ ကျွန်မတို့ ညီအစ်မ သုံး ယောက်ကို လိမ့်မကျအောင် မေမေက ကာပေးထားခြင်း ဖြစ်သည်။
        အားလုံး တိတ်ဆိတ်အိပ်မောကျသွားသည့် အချိန်အထိ ကျွန်မ ငြိမ်သက်ကာ ပြ တင်းကို လှမ်းကြည့်နေသည်။ မြင်ရသော မြင်ကွင်းမှာ နေ့ခင်းတုန်းကနှင့် ဘာမှမထူးခြား။ အပင်ကိုင်းက အောက်စိုက်ကျနေသည်။ ကောင်းကင်နက်ပြာရောင် ခပ်ဝေးဝေးမှာ လျှပ် စစ်မီးတိုင် ဓာတ်ကြိုးတွေလား။ ခဏလေး။ ယိမ်းလှုပ်သွားသော . . .
       အရွက်တစ်ခု။
       ကြွေကျသွားသည်။
      ကျွန်မ မျက်တောင်တွေ စင်းလာသည်။
      ထို့နောက် ကျွန်မ အိပ်ပျော်သွားသည်။
      အိပ်မက်ထဲမှာ ကျွန်မသည် ကျောင်းက စာသင်ခန်းထဲသို့ ရောက်နေသည်။ အ နက်ရောင် စာသင် သင်ပုန်းပေါ်မှာ ပုံတစ်ခု၊ မြစ်တစ်စင်း။ ခါးလယ်ကနေ ပစောက်ပုံဖြစ် အောင် ကွေးပြီးမှ ဆက်လက် စီးဆင်းသွားသည်။ အဲဒီအကွေးနေရာမှာ တဖြည်းဖြည်းနှင့် ဆက်သွားမှာ။ ပြီးရင် အလယ်မှာ ရေတွေက ကျန်ရစ်ခဲ့မှာ။ ပြီးရင် မြစ်က အစွန်းနှစ်ခုဆီက နေ ဖြတ်ပြီးစီးသွားမှာ။ အဲဒါကို ဘာခေါ်ပါလိမ့် ကျွန်မ သိပါသည်။ နင် ပထ၀ီ မတော်ပါဘူး။ တစ်ယောက်ယောက်က ပြောလိုက်သည်။ ကျွန်မ ငြင်းလိုက်သည်။ ကျွန်မ ပထ၀ီ ကို စိတ် မ၀င်စားလို့ပါ။ မတော်တာမဟုတ်ဘူး။ ထို့နောက် ဆရာမက ကျွန်မတို့ဆီသို့ ရောက်လာ ပြီး မှတ်စုစာအုပ်တွေကို လိုက်ကြည့်သည်။ ကျွန်မ မှတ်စုစာအုပ်ကို ဆရာမ ငုံကြည့်လိုက် ၏။
       ဘုရားရေ။ ကျွန်မ စာအုပ်ထဲမှာ ကျွန်မ ဆွဲထားသောပုံမှာ မြစ်မဟုတ်။ ဘာပုံကြီးပါ လိမ့်။ မြင်းနှစ်ကောင်နှင့် လူနှစ်ယောက်။ လူတစ်ယောက်က မြင်းပေါ်မှာ မတ်မတ်ထိုင် လျက်။ မြင်းတစ်ကောင်က အနားမှာ တုံးလုံးလဲလျက်။ ထိုတုံးလုံးလဲနေသည့် မြင်း၏ဘေး မှာ လူတစ်ယောက်က မြေပြင်ပေါ်မှာ ထိုင်တစ်ဝက်လဲတစ်ဝက်။
      “ဒါ ဘာလဲ”
      ဆရာမက မေးသည်။
      မြစ်ပုံ မဟုတ်သဖြင့် စိတ်ဓာတ်ကျသွားခဲ့သော ကျွန်မသည် ချက်ချင်း စိတ်လှုပ်ရှား တက်ကြွသွားလေသည်။
      “မြင်းပေါ်က အဖေ၊ ဟော ဒါက သား”
      ဆရာမ မျက်မှောင်ကြုတ်သွားလေသည်။
      “သူတို့ ဘာဖြစ်လို့ ...”
      “သားက သူတို့ နိုင်ငံရဲ့ ရန်သူ ခေါင်းဆောင်သမီးကို ကြိုက်သွားလို့ အဲဒီ ရန်သူ တွေနဲ့ ပူးပေါင်းလိုက်တာ။ ပြီးတော့ လျှို့ဝှက်    လမ်းကနေ ရန်သူတပ်တွေကို ခေါ်လာတာ ဆရာမ”
      ကျွန်မက ဆရာမကို လူတတ်ကြီးလုပ်ပြီး ရှင်းပြလိုက်သည့်အခါ ဆရာမက အံ့သြမှု ဖြင့် ပါးစပ်ဟ သွားသည်။
      မြင်းပေါ်က လူက မြေပြင်ပေါ်မှလူကို သေနတ်နှင့် ချိန်လိုက်သည်။ မြေပြင်ပေါ်က လူက တောင်းပန်သော မျက်နှာထားဖြင့် မော့ ကြည့်သည်။ မဟုတ်ဘူး။ တောင်းပန်တာ မ ဟုတ်ဘူး။ အဖေက ငါ့ကို သတ်မှာ မဟုတ်ပါဘူးဟူသော မျှော်လင့်မှုဖြင့် ကြည့်ခြင်းဖြစ် သည်။
      မသတ်နဲ့။ အဲဒါ သားအရင်းလေ။ ကျွန်မ စိတ်ထဲက အော်ပြောလိုက်မိ၏။
      သို့သော် မြင်းပေါ်က လူက ဒိုင်းကနဲ ပစ်ချလိုက်သည်။
      အမေ့။
      ကျွန်မ ကြက်သီးဖျန်းခနဲ ထသွားသည်။
      ထို့နောက် အိပ်ရာမှ နိုးလာခဲ့ပါသည်။
      ကျွန်မ ရှေ့တွင် ပြတင်းပေါက်က ပွင့်လျက်သား။ လေတဖြူးဖြူး တိုက်ခတ်နေ သည်။ ခုတင်ခြေရင်းတွင် ရေနံမီးအိမ်က  မီးစာ တော်တော်ကုန်နေပြီ။ အားဖျော့တော့စွာ လင်းသည်ဆိုရုံလေး လင်းနေသည်။ အပြင်ဘက်မှာတော့ အမှောင်ကောင်းကင်က အလင်း သဲ့သဲ့တွင် ကျွန်မ မြင်နေရသည်က ဟိုနေ့ကလိုပင် တောင်းစောင်းမှာရှိနေသော ထိုးထိုး ထောင်ထောင် အရောင်တွေ၊  ဘာတွေပါလိမ့်။ ရွက်ထည်တဲတွေလား။ မြင်းတွေလား။ အ မည်းရောင်တွေက ငြိမ်သက်နေကြသည်။
      သို့သော် ခဏအတွင်းတွင် သူတို့လှုပ်လာသည်။ အို တိရစ္ဆာန်လေးတွေပါလား။ ပြေးကြလွှားကြ ခုန်ပေါက်ကြနှင့် ပျော်စ ရာကောင်း လိုက်တာ။ နားရွက် ထောင်ထောင်နှင့် အကောင်လေးက ယုန်ကလေး မဟုတ်လား။ သူ့အရှေ့ကရော ကျားကြီးတစ်ကောင် အ မှောင်ထဲမှာမို့ သူ့အစင်းကျားတွေကို မမြင်ရ။ သို့သော် ကျားကြီးပါပဲ။ သေချာပါသည်။ ဘာကြောင့်လဲဆိုတော့ ရွှေယုန်က သူ့ကျောပေါ်မှာ သက်ကယ်တွေကို တင်ပြီး မီးရှို့ဖို့ လုပ်နေလို့ပါပဲ။ ကျွန်မ စိတ်အာရုံထဲမှာ ကျားကြီးကို လှမ်းသတိပေးနေသည်။ ခါချလိုက်။ အခုနေ ခါချလိုက်။ မဟုတ်ရင် နင့်ကျောပေါ်မှာ မီးစွဲလောင်ပြီး နင်ပြေးရတော့မယ်။ ရွှေ ကျားသည် ကျွန်မ သတိပေးတာကို ကြားသွား၏။ သူ့ကျောကို ခါချပစ်လိုက်သည်။ ကျွန်မ မျက်စိအောက်က အရိပ်တွေက အပြင်းအထန် လှုပ်သွားသည်။ လေပြင်း တိုက်လိုက်သော ကြောင့် ဖြစ်သည်။ လေပြင်းကြောင့် မြင်ကွင်းထဲက ထိုးထိုးထောင်ထောင် အရိပ်တွေ လှုပ်သွားသောအခါ ကျွန်မ မြင်နေရသော ရွှေယုန်နှင့် ရွှေကျားက ပျောက်သွားပြီး ဘာမှန်း မသိသော အမည်းရိပ်ပြောက်များသာ ကျန်ရစ်ခဲ့သည်။
        ဟင်။ ကျွန်မ အနည်းငယ် မကျေမနပ် ဖြစ်သွား၏။ ကျွန်မ အာရုံပျက်သွားသော ကြောင့် ဖြစ်သည်။ လေသိပ်တိုက်လာသောအခါ ပြတင်းပေါက်ကို ပိတ်မှဖြစ်မည်ဟု သိ လာ၏။ အရိပ်တွေ လှုပ်နေဆဲ။ ခါယမ်းအောင် လှုပ်နေသည်။ ရွှေယုန်လည်း မဟုတ်။ ရွှေ ကျားလည်း မဟုတ်။ စန္ဒာဒေ၀ီလည်း မဟုတ်။ ဗိုလ်နန္ဒလည်း မဟုတ်၊ သူတို့ဆိုလျှင် အဲ သည်လောက် ယိမ်းခါလှုပ်ရမ်းနေမှာ မဟုတ်။
ယိမ်းခါနေသော အရာတို့သည် ကြည့်ရင်းကြည့်ရင်းမှာပင် သဲကွဲလာသည်။ ကျွန်မ တို့ မီဖိုဆောင်၏ ခေါင်မိုးစွန်းမှာ တွယ် ကပ်ပေါက်နေသော နွယ်ပင်တို့၏ အရွက်အညွန့် အခက်များ ဖြစ်သည်။ ခေါင်းမိုးစွန်းသွပ်တန်းက ခပ်စောင်းစောင်း။ သူ့အပေါ်က နွယ် ပင် တွေကလည်း ခပ်စောင်းစောင်း။ ဘာပင်တွေလဲ။ လေက တ၀ုန်းဝုန်းတိုက်လာသည်။
        “သမီး ပြတင်းပေါက်ကို ဖွင့်ထားပြန်ပြီ။ ပြန်ဖျားနေဦးမယ်။ မှန်းစမ်း”
        အိပ်ချင်မူးတူး မေမေ့အသံ၊ မေမေက ကျွန်မကို ကိုယ်ပေါ်မှ ကျော်ကာ ပြတင်းကို လှမ်းပိတ်ပေးသည်။ တံခါးရွက်နှစ်ခုပိတ်မသွား မီ ကျွန်မ မြင်လိုက်ရသည့် ခေါင်မိုးစွန်းမှ အ ရွက်လေးတွေကို မှတ်မိသွားသည်။
         လေဖြင့် ယိမ်းခါလှုပ်ရမ်းနေသည့် အရုပ်လေးတွေမှာ ကင်းပုံပင်၏ အညွန့်အခက် အရွက်တွေ ဖြစ်လေသည်။

*****

         ကျွန်မသည် နေ့ခင်းတွေမှာတော့ စိတ်ကူးကမ္ဘာက မြင်ကွင်းကို သေသေချာချာ မ မြင်နိုင်။ ခေါင်မိုးစွန်းကလည်း သိသာသည်။ ကင်းပုံရွက်နှင့် အညွန့်အကွေးတွေကလည်း ပုံစံစုံလှပေမယ့် မြင်းတွေ လူတွေ ကျားတွေ ဖြစ်မလာ။ ညတွေမှာတော့ အမှောင်သည် ကျွန်မကို ကိုယ့်ကိုယ်ကို လှည့်စားဖို့ ကောင်းကောင်း ကူညီနိုင်လေသည်။
         အိမ်က လျှပ်စစ်မီတာကို ရောင်းပစ်လိုက်သဖြင့် ရေနံဆီမီးအိမ်၊ မီးခွက်တို့၏ အလင်းမှိန်မှိန်သာရှိသည့်အပြင် ညဥ့်နက်လျှင် မီးစာကို လျှော့နိုင်သမျှ လျှော့ချထားလို့ အ လင်းလျော့နေသည့် ညအခါ။ အိမ်နောက်ဘက်ပိုင်းမှာမို့ အိမ်ရှေ့လမ်းဆီက လမ်းမီးရောင် မရောက်လာသော မီးဖိုဆောင်ခေါင်မိုးစွန်း၏ ကင်းပုံပင်နွယ်တို့သည် တရေးနိုးလာသော ကျွန်မကို စိတ်ကူး ဖြန့်ကျက်ဖို့ ကူညီခဲ့သည့် သူငယ်ချင်းများ ဖြစ်သည်။
        ထိုပြတင်းပေါက်မှ တစ်ဆင့် ကျွန်မသည် တောင်တန်း တောင်စောင်းတစ်ခုကို အ ကြိမ်ပေါင်းများစွာ တွေ့ရသည်။    ထိုတောင်စောင်းတွင် ကျွန်မသည် ဇာတ်ကောင်ပေါင်းများ စွာ၏ လှုပ်ရှားမှုကို မြင်တွေ့ခဲ့ရသည်။
        တားရက်စ်ဘူလ်ဘာဝတ္တုထဲက ဇာတ်ကောင်များ၊ ပုံပြင်ထဲက ဇာတ်ကောင်များ၊ ရူပ နန္ဒီထဲက ဇာတ်ကောင်များနှင့် ဇာတ်ကွက် များ၊ ပန်ထွာဘုရင်မနှင့် ရေတံခါးမှ ရေလွှတ်ပြီး ရန်သူကို ရေလွှမ်းသွားစေသည့် နန်းမြင့်ဗဟိုစည် ရုပ်ပုံများသည် ညစဉ် တစ်မျိုးပြီး တစ်မျိုး ကျွန်မကို ကိုယ်ထင်ပြနေခဲ့၏။
        နောက်ပိုင်းမှာတော့ ဖတ်ထားသည့် ၀တ္ထုထဲက ဇာတ်ကောင်တွေ အပြင် ကျွန်မ ဖတ်မထားဖူးဘဲ အာရုံထဲမှာပင် စီစဉ်နေဆဲ ဇာတ်ကောင်တွေ၊ မြင်ကွင်းတွေ ရောက်လာခဲ့ သည်။
         မီးဖိုဆောင်သွပ်တန်းစွန်းသည် တောင်စောင်း မဟုတ်တော့ဘဲ ရေတံခွန် ဖြစ်သွားခဲ့ ဖူးသည်။ ရေတံခွန်သည် ကာတွန်းကားတွေ ထဲကလိုပင် သက်တံရောင်စုံ ဖြာနေအောင် ရေပန်းရေဖွားတွေဖြင့် အံ့မခန်း လှပလေသည်။ အိမ်တစ်အိမ်၏ လှေကားထစ်များ ဖြစ်သွား ခဲ့ဖူးသည်။ ကျွန်မ သူငယ်ချင်းတစ်ယောက်ကို ရည်းစားစာ လိုက်ပေးသော အတန်းဖော် တစ်ယောက်၏ စက်ဘီးဖြစ်သွားဖူးသည်။  ညီမလေး နှစ်ယောက်နှင့်အတူ ၀ါဆိုပန်းခူးသွား ဖို့ လှေကလေးလည်း ဖြစ်သွားခဲ့ဖူးသည်။ ကျွန်မတို့မြို့က ၀ါဆိုပန်းခူးသွား ခြင်းမှာ တောင် ကမ်းပါးယံတွေဆီမှာ လမ်းလျှောက်သွားရခြင်း ဖြစ်သော်လည်း ထိုညက ကျွန်မ စိတ်ကူး ကမ္ဘာထဲမှာတော့ ရေကန်ပြင် ကျယ်ကြီးမှာ လှေကလေးကို လှော်လျက် ပန်းခူးသွားရခြင်း ဖြစ်သည်။ ကျွန်မ လှေလည်း မလှော်တတ်။ ရေလည်း မကူးတတ်ပါ။
         တချို့ညတွင် ကျွန်မသည် တစ်ခါမှ မမြင်ဖူးသောသူတွေကို တွေ့ရသည်။ အဘွား ကြီးတွေ အဘိုးကြီးတွေ၊ ကလေးလေးတွေ၊ ကုလားအုတ်တွေဖြင့် သဲကန္တာရကိုဖြတ်လျက် ခရီးသွားနေကြသည်။ အင်း... ကုလားအုတ်လည်း ကျွန်မ နိုင်ငံခြားကားတွေထဲမှာပဲ မြင်ဖူး သည်။ ရန်ကုန်ရောက်လျှင်တော့ တိရစ္ဆာန်ရုံသို့ သွားကြည့်မည်ဟု အားခဲထားသည်။ ကျွန်မ ကုလားအုတ်ကို မြင်ဖူးချင်လေ သည်။
         သည်လိုနှင့် ညညမှာ ကင်းပုံပင် အရွက်အခက်အနွယ်တို့သည် ပုံသဏ္ဌာန် အမျိုး မျိုးပြောင်းလျက် ဇာတ်ကောင်အမျိုးမျိုးအဖြစ် ကျွန်မဆီသို့ အလည်ရောက်လာကြသည်။
         တဖြည်းဖြည်းနှင့် ညတွေ များလာသည်။ တဖြည်းဖြည်းနှင့် ပြတင်းမှတစ်ဆင့် မြင် တွေ့ရသော မှော်ကမ္ဘာသည် ကျယ်ပြန့်လာ သည်။
         တစ်ရက်မှာတော့ ကျွန်မတို့ အိမ်ဘေး ကွက်လပ်မှာ လူတွေရောက်လာကြသည်။ အပင်ရိုင်းတွေကို ခုတ်ထွင် ရှင်းလင်းကြသည်။
         “ခြံဝိုင်းကို ၀ယ်လိုက်ကြတယ်” ဟု ဖေဖေက ထမင်းစားပွဲမှာ ပြောသည်။
         နောက်နေ့တွေမှာ လူတွေက ပေကြိုးဖြင့် တိုင်းတာကြပြီးနောက် သစ်တွေ၊ ၀ါးတွေ အုတ်ခဲတွေ အပုံလိုက် ရောက်လာသည်။  မျက်စိအောက်မှာပင် ကွက်လပ်သည် အိမ် တစ်လုံး ဖြစ်သွား၏။ ကျွန်မတို့အိမ်က ၀င်းအပြည့် အုတ်သံမံတလင်း စင်္ကြံခင်းပြီးသားမို့ ကျွန်မတို့ဘက်ခြမ်းသည် အုတ်ရိုးကာထားသလို စည်းတားထားပြီးသား ဖြစ်သည်။ သူတို့ အတွက် ခြံစည်းရိုးမလို၊ ကျွန်မတို့အိမ်နှင့် ကပ်လျက် နှစ်ပေလောက်ခွာပြီး အိမ်ဆောက် လာသည်။ ထိုအိမ်သည် ကျွန်မတို့လို တစ်ထပ်တည်းမဟုတ်၊ နှစ်ထပ် ဖြစ်သည်။    ထို့ ကြောင့် ကျွန်မတို့ အိမ်ထဲတွင် မူလထက် မှောင်သွားသည်။
         ထိုအိမ်သစ်တွင် ယောက်ျားလေးတွေ များလှသည်။ ကျွန်မတို့ အိပ်ခန်း ပြတင်းမှ ခပ်ကွယ်ကွယ် စပ်စုကြည့်သမျှ အရွယ်စုံ အသက်စုံ ယောက်ျားလေးတွေကို မြင်ရသည်။ အကြီးတွေ အငယ်တွေ ကျွန်မတို့ ခွဲခြားလို့ မတတ်။ ဆံပင်နည်းနည်းတိုတာ၊ ဆံပင် နည်း နည်းရှည်တာ၊ ပိန်တာ၊ နည်းနည်းဝတာ၊ အို အများကြီးပဲ။ ငါးယောက် ခြောက်ယောက် တော့ရှိမှာဟု ညီအစ်မ တစ်တွေ ပြော မိကြသည်။
        ထိုအိမ်မှာ လူသစ်တွေ ပြောင်းလာကတည်းက မေမေက ပြတင်းပေါက်ကို ပိတ်ပစ် လိုက်သည်။
        “သမီးတို့ ဒီပြတင်းပေါက်ကို မဖွင့်နဲ့တော့။ ကြားလား”
        ကျွန်မသည် တစ်ခုခု ဆုံးရှုံးသွားသလို လှိုက်ခနဲဟာသွားသည်။
        “ညတွေမှာရော”
        “ညတွေမှာ ပိုတောင် မဖွင့်ရသေးတယ်”
        မေမေက မျက်နှာထားဖြင့် ကျွန်မကို တားမြစ်သည်။
        သွားပါပြီ။
        ကျွန်မတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဘာဆိုင်လဲနော်ဟု စောဒ ကတက်ဖို့ ကြံစည်ကြသေးသည်။ သို့သော် ဟိုအိမ်ဘက်က ပြတင်းတွေ အမြဲဖွင့်ထားပြီး အသံမျိုးစုံကို ကြားရ၊ လူမျိုးစုံကိုလည်း မြင်ရသည့်အခါ ကျွန်မတို့ လက်လျှော့လိုက် သည်။ မေမေ့စကား နားထောင်တာ ကောင်းပါတယ်။
        ထိုပြတင်းပေါက်ကို မဖွင့်ရတော့သဖြင့် ကျွန်မတို့ မောင်နှမတွေမှာ အခွင့်အရေး တွေ တော်တော်ဆုံးရှုံးရ၏။ သို့သော် အဆုံးရှုံးရဆုံးသူမှာ ကျွန်မ ဖြစ်သည်ဟု ကျွန်မ ၀မ်း နည်းနေသည်။
       ထိုပြတင်းပေါက် မဖွင့်ဘဲ ကျွန်မသည် ညစဉ် စိတ်ကူးကမ္ဘာသို့ ခရီးထွက်ရသည်။ သိပ်မနိပ်ပါဘူး။ ကျွန်မ မျက်စိရှေ့မှာက ပိတ်ထားသော ပျဉ်တံခါးချပ်ကြီးတွေ၊ ရေနံရည်ဝ ပြီး ညိုမှောင်နေသော ထိုတံခါးရွက်ချပ်ကြီးတွေကို အမှောင်ထဲမှာ စိုက်ကြည့်နေရသည့် အရသာကို ကျွန်မ မကြိုက်ပါ။
       ခဏခဏပါပဲ။ ညသန်းခေါင်တွေမှာ မမြင်ရတာ ကြာသော တောင်စောင်းလေးနှင့် တောတန်းလေးကို ကြည့်ချင်စိတ်ဖြင့် ပြတင်းကို ထဖွင့်ကြည့်ရလျှင် ကောင်းမှာပဲဟု တမ်း တမိသည်။ တစ်ခါလောက်တော့ ဖွင့်ကြည့်ဦးမှ။ သို့သော် မဖွင့်မိပါ။
       ထိုအခါ အနက်ရောင်အမှောင်တွင် အကွင်းကွင်းလေးတွေ၊ ရောင်စုံအပြောက် အစက်လေးတွေ မြင်လာသည်အထိ မျက်စိကို စုံမှတ်ပစ်လိုက်ရတတ်သည်။ ထိုအစက် အပြောက်လေးတွေသည် တော်တော်ကြာအောင် အာရုံစူးစိုက်နေပြီးမှ ကျွန်မအား ပုံ သဏ္ဌာန်တို့ဖြင့် ထင်ဟပ်ပြတတ်သည်။ သို့သော် ကျွန်မ၏ တောင်စောင်းတောတန်း လေးလောက် ပုံရိပ် မထင်ရှား။ မပီပြင်ပေ။
       မှိတ်ထားသော မျက်စိအောက်တွင် ကြေးဖလားနှစ်ခု အပြည့်အမောက် မြတ်လေး ငုံလေးတွေက ဖွေးနေသည်။ မွှေးလိုက်တာ။ အဲဒါ ကျွန်မတို့ အိမ်ရှေ့ မြတ်လေးရုံတွေ ဆီ ကပါ။ ပြတင်းကိုသာဖွင့်လိုက်ရလျှင် တောင်စောင်းဆီမှာ မြတ်လေးပန်းခူးနေသော ဇာတ် လိုက်မင်းသမီးလေးနှင့် မြင်းပေါ်မှာ ထိုင်ပြီး ချစ်ရေးဆိုနေသော ဇာတ်လိုက်ကောင်လေးကို သဲသဲကွဲကွဲ မြင်ရမှာ။ ခုတော့။
      အို အခုလည်း မြင်ရတာပါပဲလေ။
      ဒါပေမယ့် အကောင်အထည်တော့ မဟုတ်ဘူး။
      ထို့နောက် မှိတ်ထားသော မျက်စိထဲတွင် စိမ်းစိုနေသော စပါးခင်းလေးများကို တွေ့လာရ၏။ စပါးပင်တွေက ကျွန်မ ဒူး ဆစ်လောက် မြင့်နေပြီ။ ယိမ်းနွဲ့နေသလား။ စပါး ပင်တစ်ခု၏ အရွက်ချွန်ကလေး ထိပ်ဖျားကို ကျွန်မ မြင်ကြည့်ချင်သည်။ ဘယ်လိုပါ လိမ့်။
       ပြတင်းကိုသာ ဖွင့်လိုက်ရလျှင် နက်ပြာရောင် ကောင်းကင်နောက်ခံဖြင့် ကြယ် ရောင်လရောင်တစ်ဝက် အလင်းတွင် စပါးရွက်အ ဖျားလေး သာမက တွဲလွဲခိုနေသော ရေ စက်မှုန်မှုန်လေးကိုပင် မြင်ရမှာ။
       ကျွန်မ ပြတင်းပေါက်ကို ဖွင့်ချင်သည်။ ဖွင့်ချင်လိုက်သည်မှ အသည်းအသန်၊ သို့ သော်။
      ဒေါင်ခနဲ နာရီထိုးသံတစ်ခု ကြားလိုက်ရသည်။ ဖေဖေရှိရာ ဧည့်ခန်းဆီက တိုင်ကပ် နာရီတစ်ခုခု၏ အသံဖြစ်သည်။ ဒါက နာရီဝက် မို့ ထိုးလိုက်တဲ့ တစ်ကြိမ်တည်းသော အသံ ဖြစ်မလား။ ဆယ့်တစ်ခွဲတာလား။ ဆယ့်နှစ်နာရီ ခွဲတာလား။ သို့မဟုတ် တစ်နာရီထိုးသွား တာလည်း ဖြစ်နိုင်သည်။
      ပြတင်းပေါက်ကို ကျောပေးလျက် ကျွန်မသည်ဘက်သို့ စောင်းအိပ်လိုက်၏။
      မှိတ်ထားသော ကျွန်မ မျက်စိထဲတွင် အရိပ်နှင့် အရုပ်တို့ လှုပ်ခုန်စ ပြုလာပြီ။

ဂျူး
IDEA၊(ဇန်န၀ါရီ၊ ၂၀၀၆)

Admin မှတ်ချက်

ဝတ္ထုတို ပါဝင်သော စာအုပ်အကြောင်း

        ယခု ၀တ္ထုတိုလေးကို စိတ်ကူးချိုချိုစာအုပ်တိုက်မှ ၂၀၀၈၊ သြဂုတ်လတွင် ထုတ်ဝေခဲ့သော မြန်မာဝတ္ထုတို (၂၀၀၆) ဆိုသော စာရေးဆရာစုံပါဝင်သော ၀တ္ထုတိုစုစည်းမှုစာအုပ်ထဲမှ ထုတ်နှတ်ဖော်ပြသည်။ ၂၀၀၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် မြန်မာမဂ္ဂဇင်းများ တွင် ဖော်ပြခဲ့သော ဝတ္ထုတိုများမှ ကောင်းနိုးရာရာ ရွေးချယ်စုစည်း တင်ဆက်သော စိတ်ကူးချိုချို စာအုပ်တိုက်၏ အစီအစဉ် အဖြစ် ထုတ်ဝေသော ထိုစာအုပ်တွင် စာရေးဆရာ၂၉ ယောက်၏ ဝတ္ထုတို ၂၉ ပုဒ်ပါဝင်သည်။ မျက်နှာဖုံးပန်းချီ မှာ အောင်ကျော် ဖြစ်သည်။ အတွင်းသရုပ်ဖောင်ပန်းချီများကို ဇော်မောင်က ရေးဆွဲသည်။ ၂၀၀၈ ခုနှစ်၊ သြဂုတ်လတွင် တန်ဖိုး ၂၃၀၀ ကျပ် ဖြင့် ပထမအကြိမ် ထုတ်ဝေသည်။

ဝတ္ထုတိုထဲမှ ဝတ္ထုအကြောင်း

        ဝတ္ထုတိုထဲတွင် ပါဝင်သော မြင်းနှစ်ကောင်နှင့် လူနှစ်ယောက် ဇာတ်ကွက်သည် ရုရှားစာရေးဆရာ Nikolai Gogol ၏ Taras Bulba ဝတ္ထုထဲမှ ဇာတ်ဝင်ခန်းဖြစသည်။
       Taras Bulba ကို ဗန်းမော်တင်အောင်က သေလျှင်မြေကြီး အမည်ဖြင့် ဘာသာပြန်ဆိုခဲ့ပြီး ၁၉၆၄ ခုနှစ် ယမုံနာစာပေမှ ပထမအ ကြိမ် ထုတ်ဝေခဲ့သည်။  ထိုစာအုပ်ကိုပင် တားရက်စ်ဘူလ်ဘာ အမည်ဖြင့် ပဿဒိစာပေ မှ ၂၀၀၄ ခုနှစ် နိုဝင်ဘာလ တွင် ဒုတိယအကြိမ် အဖြစ် အုပ်ရေ ၅၀၀ ထုတ်ဝေခဲ့သည်။ မျက်နှာဖုံးပန်းချီမှာ မုတ်သုံဖြစ်သည်။ တန်ဖိုး ၆၅၀ ကျပ်ဖြစ်သည်။
       Taras Bulba ကို နိုင်ဇော်မှလည်း တားရပ်စ်ဘူလ်ဘာ အမည်ဖြင့် ဘာသာပြန်ဆိုခဲ့ပြီး သီရိဝစ္တစာပေ မှ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ တွင် ပထမအကြိမ်အဖြစ် အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့သည်။ မျက်နှာဖုံးပန်းချီမှာ ဝသုန် ဖြစ်သည်။ တန်ဖိုးမှာ ၁၅၀၀ ကျပ် ဖြစ်သည်။

ဂျူး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...