တစ်နှစ်ဆိုတဲ့ အချိန်
by Wai Maw on Friday, July 22, 2011 at 1:24pm
ပြည်သူ့ခေတ်ဂျာနယ်ရဲ့ တစ်နှစ်ပြည့်ထုတ်ဝေမည့် ဂျာနယ်အတွက် စာမူတောင်းပါတယ်။ ပြည်သူ့ခေတ်ဂျာနယ် ဟာ အမျိုးဂျာနယ်/မိတ်ဆွေဂျာနယ်လို့ပြောရင်ရနိုင်တာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ အယ်ဒီတာချုပ်၊ အယ်ဒီ တာတွေ နှင့် ထုတ်ဝေသူအားလုံးဟာ မောင်မိုးသူရဲ့ အရင်းနှီးဆုံး ရဲဘော် မိတ်ဆွေတွေ ဖြစ်လို့ပါပဲ။ ဒါကြောင့် လည်း ပြည်သူ့ခေတ်ဂျာနယ် ဖွင့်ပွဲ အခမ်းအနားကို မောင်မိုးသူလည်း တက်ရောက်ပြီး အခမ်းအနားမှာ ဦးသက်ထွန်း၊ ဒေါ်မြင့်မြင့်ခင်တို့နဲ့အတူ ကြိုဆို စကားပြောခဲ့ပါတယ်။ သြော်… အခုတော့ တစ်နှစ်တောင် ရှိခဲ့ပါပြီကော။
ဒီတစ်နှစ်အတွင်းမှာ မောင်မိုးသူ ဘာလုပ်နိုင်ခဲ့သလဲဆိုတာကို စဉ်းစားသုံးသပ်ရင်း ပြည်သူ့ခေတ် ဂျာနယ်ကကော ဒီတစ်နှစ်အတွင်းမှာ ဘာတွေလုပ်နိုင်ခဲ့ကြသလဲဆိုတာ သုံးသပ်ကြည့်ရအောင်ပါ။
မောင်မိုးသူကိုယ်တိုင်ကတော့ ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ အမြဲရေးနေကျမဂ္ဂဇင်းတွေမှာ ပင်တိုင် ဆောင်းပါးများရေးသားခဲ့ခြင်းနှင့် အိမ်တိုင်ရာရောက်စာမူလာတောင်းသူများကို အတတ်နိုင်ဆုံး စာမူရေးပေးတာ လောက်ပဲ လုပ်နိုင်ပါတယ်။ အရင်ကလို လွယ်အိတ်တစ်လုံးနှင့် ရွာရိုးကိုးပေါက် ရွာစဉ်မလည်နိုင်တော့ပါ။ အသက်ကလည်း ၇၄ နှစ်ပြည့်လို့ ၇၅ နှစ်ထဲရောက်မှကိုး။
ပြည်သူ့ခေတ်ဂျာနယ်ဟာ ရွေးကောက်ပွဲအကြိုကာလမှာ ထုတ်ဝေတဲ့ဂျာနယ်ဖြစ်ပါတယ်။ သတင်း ထက် နိုင်ငံရေးနဲ့ အတွေးအခေါ်ဆိုင်ရာများကို ဦးစားပေးဖော်ပြတာကို တွေ့ရပါတယ်။ နိုင်ငံရေးတို့ အတွေးအခေါ်တို့ဆိုတာ သူမှန်တယ်၊ ငါမှန်တယ် ပြောလို့ ရတာမျိုးမဟုတ်ပါဘူး။ မိမိတို့အယူအဆကို တင်ပြကြရတာပဲဖြစ်ပါတယ်။
စာနယ်ဇင်းကို ကမ္ဘာက စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုကြပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော်)၊ တရားစီရင်ရေးမဏ္ဍိုင်(တရားရုံးများ)၊ အုပ်ချုပ်ရေးမဏ္ဍိုင်(အစိုးရအဖွဲ့)နှင့် စာနယ်ဇင်းကို စတုတ္ထ မဏ္ဍိုင် အဖြစ်သတ်မှတ်ကြတာဖြစ်ပါတယ်။
စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းရဲ့ တာဝန်က ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ ကို မှန်ကန်စွာဆောင်ရွက်ခြင်း ရှိ/မရှိ စောင့်ကြည့်ထိန်းသိမ်းရသော မဏ္ဍိုင်ဖြစ်သည်ဟု ဆိုကြပါတယ်။ ဒီသဘောတရားအရပဲ စာနယ်ဇင်းများရဲ့တာဝန်ဟာ တိုင်းပြည်ရဲ့အဖြစ်အပျက်များ အမှန်အမှားများကို ထောက်ပြပြောဆိုကြရတာဖြစ်ပါတယ်။
ရွေးကောက်ပွဲအကြိုကာလအတွင်း နိုင်ငံရေးပါတီများရဲ့ အယူအဆအတွေးအခေါ်များကို ဖော်ပြခဲ့တဲ့ ပြည်သူ့ခေတ်ဂျာနယ်ဟာ ရက်ပေါင်း ၁၀၀ ကျော်လာပြီဖြစ်တဲ့ အစိုးရသစ်မှာ နိုင်ငံရေးပါတီများရဲ့ လှုပ်ရှားမှု၊ အစိုးရ၏လုပ်ဆောင်ချက်များကို ဆန်းစစ်ထောက်ပြဖို့ လိုအပ်လှပါတယ်။ အစိုးရအဖွဲ့သစ်ရဲ့ ရက်ပေါင်း ၁၀၀ ကာလအတွင်း ပြောဆိုချက်များ လုပ်ဆောင်ချက်များကို ထောက်ခံသင့်သည်ကိုထောက်ခံ ဝေဖန်သင့်သည်ကို ဝေဖန် ထောက်ပြဖို့လိုအပ်လှပါတယ်။ ဒါဟာ စာနယ်ဇင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
သတင်းရေးသားကြရာမှာလည်း စာနယ်ဇင်းကျင့်ဝတ်ဆိုတာ ရှိပါတယ်။ သတင်းအချက်အလက် မှန်ကန်တိကျမှု လိုအပ်သလို ရေးသားကြရာမှာလည်း ဘက်မလိုက်ဘဲ မသာစေရ၊ မနာစေရ စိတ်စေတနာနှင့် မှန်မှန်ကန်ကန် ရေးသားဖော်ပြဖို့လိုပါတယ်။ အဓိက စာနယ်ဇင်းရဲ့တာဝန်က စာဖတ်သူပြည်သူလူထုရဲ့ အကျိုး စီးပွားကိုကြည့်ကြရမှာ ဖြစ်ပါတယ်။ စာဖတ်သူပြည်သူလူထုရဲ့ တိုးတက်ရာ တိုးတက်ကြောင်းများကို လမ်းညွှန် ပြသပေးနိုင်ကြဖို့ လိုအပ်သလို စာဖတ်သူပြည်သူလူထု ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခများ အခက်အခဲများကို ရေးသားကြရမှာ ဖြစ်ပါတယ်။
အခါလည်သား ပြည်သူ့ခေတ်ဂျာနယ်ဟာ ဘယ်ပုံဘယ်နည်း စာနယ်ဇင်းတာဝန်ကို ဆောင်ရွက်နိုင်ခဲ့ တယ်၊ မဆောင်ရွက်နိုင်ခဲ့ဘူး ဆိုတာကို ဂျာနယ်တာဝန်ရှိသူများနဲ့ ဂျာနယ်ဖတ်ရှုတဲ့ စာဖတ်ပရိသတ်က ဆုံးဖြတ် ကြတာဖြစ်ပါတယ်။
စာဖတ်သူဆိုတာ စားသုံးသူပါပဲ။
စားသုံးသူဆိုတာ နှစ်ခြိုက်မှုရှိမှ စားသုံးတာပါ။
သူတို့ နှစ်ခြိုက်ကြတာလည်း သူတို့အတွက် ကောင်းမှ စိတ်ကျေနပ်မှုရမှ ဖြစ်ပါတယ်။
ပြည်သူ့ခေတ်ဂျာနယ် ဘယ်လောက်လုပ်နိုင်ခဲ့ကြပြီလဲ။
တစ်နှစ်တာကာလ လုပ်ရပ်များကို ပြန်လည်ဆန်းစစ် ဝေဖန်သုံးသပ်၍ လိုတာဖြည့် ပိုတာနှုတ်ပြီး စာဖတ်သူ တိုင်းသူပြည်သားများအတွက် ဆောင်ရွက်နိုင်ကြပါစေလို့ တိုက်တွန်းအားပေးစကား ပြောလိုက်ရ ပါတယ်။ ။
မောင်မိုးသူ
ပြည်သူ့ခေတ်ဂျာနယ် ၁ နှစ်ပြည့် အထူးထုတ်
၂၁ ဇူလိုင် ၂၀၁၁
0 comments:
Post a Comment