Wednesday, July 20, 2011

နိုင်ငံရေးအကျဉ်းသားမရှိတဲ့တိုင်းပြည် မြန်မာပြည် … (မေတ္တာစာ)

by အား မာန် on Thursday, July 21, 2011 at 5:18am
 
မြန်မာပြည်နိုင်ငံရေးကို စောင်းငဲ့ကြည့်လိုက်တဲ့အခါမှာ နှစ်၂၀ကျော်ခဲ့ပြီလို့ ခပ်ရှင်းရှင်း မြင်တာပေါ့။ နိုင်ငံရေးလုပ်တဲ့သူတွေလည်း အချိန်ရဲ့တိုက်စားမူကြောင့် ခပ်ပါးပါးပဲ ကျန်တော့ပြီလို့ ဆိုလိုက်ရင် ဘာပြောမလဲ။ ဘယ်လောက် လွတ်လပ်ခဲ့ပြီလဲလို့ ဆိုလိုက်ရင်တော့ ဖြေချင်ကြမှာပဲ။

        လွတ်လပ်တော့ လွတ်လပ်တာပေါ့။ ခိုးတာ ၀ှက်တာ လူသတ်တာ ဓမြတိုက်တာ မကောင်းတာလုပ်တာ အကုန် “လွတ်လပ်”တာပေါ့။ သည်တော့ သည်လွတ်လပ်ခွင့်တွေကို အသုံးချနေကြတော့ ပြည်သူလူထုတွေ ပျက်စီးတဲ့နေရာမှာ လွတ်လွတ်လပ်လပ်ကို ပျက်စီးခွင့် ရှိကြတာပေါ့။
ပညာရေး၊ စီးပွားရေး၊ လူမူရေး၊ နိုင်ငံရေး လွတ်လပ်ပါတယ်။ သည်လိုပေါ့။ ဟုတ်လား။
လွတ်လပ်စွာ ပြောရေးဆိုခွင့် ရှိပါတယ် တဲ့။ ရှိတာပေါ့။ သူများမကောင်းကြောင်း ပြောတာ။ သူများကို စွတ်စွဲတာ၊ မဟုတ်ဘဲနဲ့ ဟုတ်တယ် ပြောတာ။ သက်သေမရှိဘဲနဲ့ ရေးသားပြီး တရားစွဲတာ။ အကုန် … လွတ်လပ်ပါတယ်။ ဟုတ်လား။ သည်လိုလွတ်လပ်တာကို အမြဲတမ်း ရေဒီယိုမှာ တီဗီမှာ အမြဲပြောဆိုနေတာပေါ့။ လွတ်လပ်ပါတယ် တဲ့ သည်လိုပေါ့။

အဲ… အစိုးရ မကောင်းကြောင်းတော့ လွတ်လွတ်လပ်လပ် ပြောဆိုရေးသားခွင့် ရှိသလား။ ရှိပါတယ်။ သူတို့ ကိုယ်တိုင် တည်ထောင်ထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲတို့၊ ထောင်ထဲက ဆောင်းပါးများ ထည့်ပေးတယ် ဆိုလား … ။ နရသိန်မဂ္ဂဇင်းတို့၊ သတင်းစာရှင်းလင်းပွဲတို့ သိပ်လွတ်လပ်ပါတယ် တဲ့။ ဒါကို လူတွေက အဟုတ်ကြီး ထင်နေတယ် မှတ်တယ်။ သူတို့လူတွေထုတ်တဲ့ ဂျာနယ်တွေ ရှိတာပေါ့။ ဟိုလို သည်လိုလို နဲ့ ပြည်သူ့ဖက်ကပဲ ရှိနေသလိုလို အတင်းအဖျင်းတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး ရေးသားနေကြတာကို လူတွေက ဖတ်ကြ၊ ရယ်ကြ၊ မောကြ။
“အံမယ် … သည်လိုရေးတာ ဘာမှမဖြစ်ဘူးဟဲ့” … တဲ့။
“သည်ဓါတ်ပုံ ပါသတဲ့ … ” တဲ့။
“အစိုးရက သဘောထားကြီး သတဲ့” ။
ပြစရာ အမှတ်တွေ ရနေလိုက်တာ။
တကယ်မှတ်ပြီး ပြည်သူ့သတင်းထောက်တစ်ယောက်ကများ ရေးတာမှားသွားရင် ထောင်နန်းစံသွားရတာ သိကြရဲ့လား။
“စကားလုံးတစ်လုံး မှားမိရင် အနင်းခံရပြီသာ မှတ်ပေါ့ …”
ဆိုတာတွေ ပြည်သူတွေ မသိချင်ယောင်တော့ ဆောင်မနေလောက်ပါဘူး ထင်ပါရဲ့။ ဒါနဲ့များ ပြည်သူလူထုက အစိုးရအကြိုက်တွေ လုပ်နေကြတာတွေ ရှိသေးတယ်။

ဥပမာ … အစိုးရအလိုတော်ရိစာရေးဆရာတွေကို အခုထိ လက်ခံ ဖတ်ရူနေကြတာတွေ၊ အစိုးရအလိုတော်ရိဂျာနယ်မှန်း သိရက်နဲ့ ၀ယ်ဖတ်နေလိုက်ကြတာတွေ၊ အစိုးရအပြကောင်းအောင် ရောင်းနေတဲ့တပ်မတော်ပြခန်းကို အားပေးနေလိုက်ကြတာတွေ။ မပြောတော့ဘူး။ မပြောတော့ဘူး။
“အီးမေးများ ပိတ်မလေး …” ဘာလေးနဲ့၊ ကောလဟာလများ ထုတ်လိုက်ကြတာ … ။ ပိတ်ပေါ့။ သက်တောင် သာသေးတယ်။ “အင်တာနက် ပိတ်တော့မတဲ”့။ ပိတ်စမ်းပါ။ လူငယ်တွေ ဖေတော့ မောင်တော့တွေ မချက်ရတော့ ပျက်စီးမှု အားနည်းသွားမှာပေါ့။ လူငယ်တွေ ပျက်စီးအောင် လုပ်ပေးနေတဲ့ အင်တာနက်ကို အစိုးရက ပိတ်ပါလိမ့်မယ် … အားကြီးကြီး။ သူတို့အတွက် အကျူိးကြီးကြီး ရနေလို့ “ဖုတ်လှိုက် ဖုတ်လှိုက်” အင်တာနက် မပိတ်ဖူး မှတ်ထား။ ကောလဟာလဖြန့်ဖို့၊ လူငယ်တွေ လမ်းမှားဖို့၊ စိတ်လေဖို့ ဆိုတဲ့ အကြံကြီးနဲ့ ဖွင့်ပေးထားတာများ မသိဘူး မှတ်နေတယ်။ ဒါနဲ့များ ဘာပျက်တယ် ဆိုသေး။ ပြင်မှာပါ။ စိတ်မပူနဲ့။ မျက်စိပွင့် နားဖွင့်တဲ့ ဗဟုသုတနဲ့ သတင်း၊ စာပေ၊ အနုပညာဟူသမျှကို ပိတ်ဆို့ပြီး ကျန်တာတွေကို ဟောင်းလောင်းကြီး ဖွင့်ပေးထားတဲ့ မြန်မာအင်တာနက်က သူတို့ကို အကျိုးအများကြီး ပေးနေတာ။

လူတွေ တကယ် အင်တာနက်မကိုင်တော့ဘူးလို့ သပိတ်မှောက်လိုက်ရင် အရင်ဆုံး ဒုက္ခရောက်မှာ အစိုးရပဲ။ မယုံရင် စမ်းကြည့်လိုက်စမ်းပါ။ ဟောသည်ဘက်က အချိန်တွေ ပိုလာလိုက်မှာ။ အင်တာနက်ခန်းထဲ ချိန်းတွေ့ကြ၊ အမြင်မတော်တာတွေ တော်တော်လျော့သွားမယ့်ဟာ။ အစိုးရက လူတွေ၊ လူငယ်တွေ ဘယ်လိုပျက်စီးအောင် လုပ်မလဲ ဒါပဲ စဉ်းစားနေတာ။ လူတွေ ဥာဏ်မရှိရင် သူတို့စားသာမှာပေါ့။ စားဖို့ သောက်ဖို့ ပျက်စီးဖို့ ဒါပဲ စဉ်းစားအောင် လုပ်ထားတာ အစိုးရနည်းလမ်း တစ်ခုပဲ။
လွတ်လပ်ပါတယ်။ အဟဲ။ အစိုးရအကြိုက်ပေါ့။ ဆက်သာ လုပ်ပါ။ အစိုးရအကြိုက်။
ဟောဆို…. အစိုးရ အသစ်တဲ့။ မိုးပေါ်က ကျလာတာလည်း မဟုတ်။ မျက်စိရှေ့က အစိုးရပဲ အသစ်ဖြစ်သွားတာ။ အစကတည်းက သိနေသားပဲ။ အရှက်ကလည်း မရှိလိုက်တာ။ “ပြည်သူတင်မြှောက်တဲ့ အစိုးရ”လည်း ဆိုသေး၊ တရုတ်နဲ့ ဘာနဲ့ ညာနဲ့ တိုင်းပြည်စီးပွားရေးအကြောင်းပြပြီး လက်မှတ်တွေထိုးကြ ဘာကြ။ “ပြည်သူ့သဘောထား”လည်း မမေးပဲနဲ။ သူတို့မို့လို့ အရှက်မရှိ လုပ်နေကြတာ။ မျက်နှာပြောင်တိုက်တဲ့ နေရာမှာတော့ ပေါလစ်တောင် အရှုံးပေးရမယ်။ ဒီလိုမျက်နှာမျိုးနဲ့ နေနိုင်ကြတယ်။
ပြည်သူလူထုကတော့ အစိုးရမကောင်းကြောင်းတော့ သိပါတယ်။ ဒါပေမယ့် ခက်တာက ခုနက ဆိုသလိုပေါ့။ ကိုယ်လုပ်နေတာတွေက အစိုးရအကြိုက်တွေ ဖြစ်နေတယ်။ အင်တာနက်ကနေ သတင်းဖြန့်ပေးကြ၊ ကောလဟလ ဖြန့်ပေးကြ၊ အရည်မရအဖတ်မရတွေ ဖြန့်ပြီးဖတ်ခိုင်းကြ၊ ဖေ့ဘွတ်တဲ့။ အသစ်ပေါ်လာတဲ့ ကောလဟာလဖြန့်ကိရိယာ။ အစိုးရအကြိုက်တွေ။  ဒါတွေများ တစ်လလောက် ငြိမ်ပြီး နေကြည့်လိုက်စမ်းပါ။ နည်းလမ်းအသစ်တွေ စဉ်းစားမိကြမှာကို အစိုးရက မလိုလားဖူးလေ။ သည်တော့ ဖေ့ဘွတ်ကိုမပိတ်ဖူး။ ဖွင့်ထားပေးတယ်။

လူငယ်တွေ စိတ်လေ၊ စိတ်လွင့်အောင် အစိုးရက သိတာပေါ့။ သတင်းပေါက်ကြားမှာစိုးလို့ ဆိုတာက နောက်ဆက်တွဲ၊ သူတို့ဖမ်းချင်တဲ့သူတွေ ဖမ်းဖို့ လုပ်ထားတဲ့ အီးဥပဒေဆိုတာ၊ အင်တာနက်နဲ့မျှားပြီး ထောင်နန်းစံသွားရသူတွေဟာ အစိုးရရဲ့လက်ကိုင်ဒုတ် မြန်မာအင်တာနက်ကြောင့်ပါပဲ။
တီဗီကိုကြည့်လိုက်ဦး။ အကျင့်စာရိတ္တ ပျက်ပြားစေတဲ့ ကိုရီးယားယဉ်ကျေးမူများကို ဖောဖောသီသီ ပြခိုင်းထားတယ်။ “ရင်လျား ပေါင်ပေါ် ယဉ်ကျေးမှု” ပါတဲ့။ ဒါ့အပြင် “ပညာတတ်ဖို့ မလိုဘူး …” ဆိုတဲ့ အသိကို လူတွေကြားထဲ ပို့ပေးနေတဲ့ ရုပ်ရှင်များကို ဦးစားပေး ပြနေတာတွေ တွေ့ရတယ်။
လူငယ်တွေ သီချင်းဆိုပြိုင်ပွဲတွေ၊ မိတ်ကပ်လိမ်းနည်းတွေ၊ အ၀တ်အစားလော်လီဖို့ အားပေးတာတွေ၊ မေးခွန်းများ မေးတယ် ဆိုပြီး ကြောငြာများကိုသာ ဦးစားပေးတာတွေဟာ ဒီအစီအစဉ်များကို အပေါ်စီးကနေ ကြည့်မယ်ဆိုရင် သိသိသာသာ မြင်ကြမှာပါပဲ။

အကျင့်စာရိတ္တပျက်နေတဲ့သူတွေက ကိုရီးယားမင်းသား မင်းသမီးတွေ လုပ်ထားတယ်။ တွေ့တယ် မဟုတ်လား။ အင်း … သို့သော် လူငယ်တွေက လွတ်လပ်ပါတယ်၊  သီချင်းများဆိုကြ၊ ပြောကြ ဆိုကြ၊ ဟန်ရေးပြကြ၊ လွတ်လပ်ပါတယ်။ ဟုတ်လား။ ဒါတွေဟာ အစိုးရအကြိုက်၊ အစိုးရတည်မြဲအောင် လုပ်ပေးနေတာ တွေဖြစ်တယ်။ သူတို့ကို အပြစ်တင်လို့ကို မရဘူး။ သူတို့ကိုယ် သူတို့လည်း အပြစ်လို့ မမြင်ဘူး။ အစိုးရကို ကျေးဇူးတင် ရှိခိုးဦးတိုက်ကာ ငါတို့လွတ်လပ်လေခြင်းလို့ အမှတ်ပေးနေကြလေရဲ့။ အစိုးရအကြိုက်တွေနော်။ အစိုးရ အကြိုက်တွေ။
ဘာအစိုးရကိုမုန်းတယ်လေး ဘာလေး လူရှေ့ကြားကောင်းအောင် ပြောမနေနဲ့။ ကိုယ်လုပ်နေတဲ့ အလုပ်တွေက အစိုးရတည်မြဲအောင် လုပ်နေတာဖြစ်နေပြီလား။ စဉ်းစားကြ။ စဉ်းစားကြ။ သူများကို လက်ညိုးတချောင်း မထိုးခင် ကိုယ်ကရော ဘာတွေလုပ်မိနေလဲ ဆိုတာ ဆင်ခြင်ဦး။
အကျင့်စာရိတ္တပျက်ပြားရေး ဆိုတာ အစိုးရက အကွက်ကျကျ ဖန်တီးထားတဲ့ လမ်းပါဗျား။ ဒါလောက်လေးများ ရယ်တာပေါ့။ လုပ်သာလုပ်။ လူသတ်မှုတောင် ထောင် ၅ နှစ် ၆ နှစ် အများဆုံး။ အမယ်လေး … လွတ်ဦးမှာ။ မစေ့ခင် လွတ်အုံးမှာ။ အစိုးရ မျက်စိစပါးမွှေး စူးလို့ ဆိုပြီး ထောင်နန်းစံရရင်တော့ အလိုလေး … ၆၅ နှစ် ပါတဲ့။ အနှစ် ၁၀၀ ပါတဲ့။ ရယ်ချင်တယ်ဗျား။
အမယ်လေး ပြောလို်က်သေးတယ်။ နိုင်ငံရေးအကျဉ်းသား မရှိဘူးတဲ့။ ပြောတဲ့ပုဂ္ဂိုလ်ကြီးကို ကြည့်ပြီး ရယ်ချင်လိုက်တာ။ မရှက်ဘူး။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်ကို သိပုံတောင် မရဘူး။
ခင်ဗျားတို့က နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး ဆိုလိုက်ရင် ခင်ဗျားတို့လုပ်နေတဲ့အလုပ်ဟာ နိုင်ငံရေးမဟုတ်ဘဲ ဓါးပြအလုပ် သူခိုးအလုပ်လို့ ၀န်ခံလိုက်တာနဲ့ အတူတူပဲ။ ခင်ဗျားတို့က သူခိုး၊ ဓါးပြတွေမို့ အပြစ်မဲ့တဲ့သူတွေကို ဖမ်းပြီး ထောင်တွေချ၊ အဝေးတွေကို ပို့ထားတာ။

အဲဒါကြောင့် ရယ်ချင်တယ်။ ကျွတ်ကျွတ်။ သနားတယ်။ နိုင်ငံရေးအကျဉ်းသမားတွေကို နိုင်ငံရေးအရ ဖြေရှင်းရတယ်။ နိုင်ငံရေးအရ ဖြေရှင်းတာမျိုးမလုပ်ဘဲ ဂုတ်ဆွဲပြီး ထောင်ထဲ ထည့်ပစ်လိုက်တော့ ခင်ဗျားတို့က သူခိုး ဓါးပြမို့လို့ပေါ့။ ဒါကြောင့် တဖက်ကနေ နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ ပြောတိုင်း ကိုယ်နဲ့နှိုင်း နှိုင်းပြီး မရှိဘူးချည်း “ဘူးခံ” တော့တာကိုး။ သူတို့ကိုယ် သူတို့ သိပုံရရဲ့လား မသိဘူး။
အဲသည်အဖြေဟာဖြင့် ငါတို့ဟာ သူခိုး ဓါးပြတွေပါလို့ ၀န်ခံနေတာနဲ့ တူတူနေတယ်။ ဒါကြောင့် သူတို့အဖေက ဖြေခိုင်းသလို ရင်ကော့ပြီး ဖြေနေတော့တာ။ “နိုင်ငံရေးအကျဉ်းသားမရှိဘူး …” တဲ့။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်သွားပြီလဲ ဆိုတာ သိပုံမရဘူး။ ဒီအဖြေကို နိုင်ငံတကာကိုတောင် ရင်ကော့ပြီး ဖြေနေတယ်။ တဖက်က အားနာလို့ ပြန်မပြောတာ။ ခင်ဗျားတို့ကို အခုလို ကောင်းကောင်းမွန်မွန် မေးတာကို အဲသည်လိုဖြေတာဟာ ခင်ဗျားတို့သိက္ခာ ပိုကျသွားပြီလို့ ပြောချင်မှာပဲ။ နိုင်ငံတကာက ကြိတ်ပြီးတော့ ရယ်နေမှာပေါ့။ သနားတယ်။

လွှတ်တော့ လွှတ်ရှာသား။ သမ္မတကြီးအသစ်က ထောင်ထဲ “တစ်နှစ်လျော့စီမံကိန်း” ဆိုပြီး လွှတ်ပေးသတဲ့။ လွတ်လပ်တယ်ပေါ့လေ။ စကတည်းက လွှတ်သင့်သူတွေကိုတော့ မလွှတ်ပဲ။ ဟိုလိုလို သည်လိုလို။ နားတောင် မလည်နိုင်ဘူး။ သမ္မတကြီးလုပ်ရပ်က ရှက်စရာပါ။ လက်နက်ရှိတယ်ဆိုတော့လည်း ခံပေါ့။ ပြည်သူလူထုကလည်း ဘာမှ မတတ်နိုင်ဘူးပေါ့။ သူများခံနေရတာကိုလည်း သနားတာပေါ့။ အစိုးရမကောင်းမှန်းလည်း သိတာပေါ့။ အစိုးရအကြိုက်တွေ မလုပ်မိအောင်လည်း နေကြဦး။ အဲဒါပဲ ပြောချင်တာ။
မိုးမခ၀င်း
ဇူလိုင် ၂၀၊ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...