Monday, July 25, 2011

မြိုင်ထလို့ ပြောပြီး တပင်တိုင်သာ ကခိုင်းကြတဲ့ ပွဲ

by Socretes Athenisian on Monday, July 25, 2011 at 2:17am
Saturday, December 27, 2008

( မြန်မာ့နိုင်ငံရေး အကြောင်းကို ပြန်သုံးသပ်တဲ့ ပို့စ်ရေးနေတုံး ကိုဒီးဒီးနဲ့ ရှမ်းပဲပုတ်ရဲ့ သုံးသပ်ချက် ဆောင်းပါး ရောက်လာလို့ အလှည့်ပေးပြီး တင်ပေးလိုက်ပါတယ်။ ဒီဆောင်းပါးမှာ တစ်ချို့ ကိုယ်ရေး အချက်တွေက ကျွန်တော်တို့ သိတာတွေနဲ့ ကွဲလွဲနေပါတယ် ။ ဥပမာ။ ဗိုလ်မှူးချုပ်အောင်ရွှေက အင်္ဂလန်ဘုရင့် စစ်တက္ကသိုလ် ကျောင်းဆင်း ဆိုတာမျိုး ဖြစ်ပါတယ်။ သိသူများ ပြင်ပေးစေချင်ပါတယ်။ )
လွန်ခဲ့သော လပိုင်း အနည်းငယ်အတွင်းမှာ ခေတ်ပြိုင်သတင်းဂျာနယ် မျိုးချစ်တပ်မှူးကြီးများနဲ့  ပတ်သက် ပြီးရေးတဲ့  အတွဲ ၁-၂စာကို ခေတ်ပြိုင်မှာဖတ်ရလို့  ကျေးဇူးတင်ပါတယ်။ မျိုးချစ် တပ်မှူးကြီးတွေရဲ့ အကြောင်းကို အနည်းငယ် မီးမှောင်းထိုးပြတဲ့ စာကြောင့် ပြောချင်တာလေး ပေါ်လာလို့  အခုမှရေးရတာပါ။


လူရိုသေ၊ ရှင်လေးစား နိုင်ငံရေး ဦသျှောင်ကြီးများကအစ၊ အောက်ခြေ နိုင်ငံရေးသမားများ အဆုံးကို မြန်မာနိုင်ငံရေးရဲ့  နိုင်ငံရေးအနာကို ပျောက်ကင်းအောင် ဘာကြောင့် မကုစားနိုင်သေးတာလည်း ဆိုတာနဲ့ တခြားသောအကြောင်း အရင်းတွေများကိုပါ ထည့်သွင်းစဉ်းစားနိုင်ရန် ဆိုသောစိတ်နဲ့ တင်ပြ ခြင်း ဖြစ်ပါသည်။ ထည့်သွင်း စဉ်းစားတာ၊ မစဉ်းစားတာ၊ဟုတ်တယ်မဟုတ်တယ်၊ ဖြစ်နိုင်တယ် မဖြစ်နိုင်တယ်၊ မှားတယ်၊ မှန်တယ်ကတော့ စာဖတ်သူတို့ အမြင်နဲ့ ကျင်လည်ရာ ပတ်ဝန်းကျင်၊ ဗဟုသုတနဲ့ အခြေခံကဘဲ ထောက်ကူပြုနိုင်မယ် ထင်ပါတယ်။ဘယ်သူကိုမှမနာလိုမှု၊ နစ်နာလို စေတဲ့ အနေနဲ့ ပုတ်ခတ် ရေးသားတာတော့ မဟုတ်ပါ ဆိုတာတော့ အရင်ကြို ပြောချင်ပါတယ်။ စိတ်ဆိုးရင်လည်း မတတ်နိုင်ဘူး၊ မကြိုက်ရင်လည်း မတတ်နိုင်ဘူး၊ ကျွန်တော်လည်း မြန်မာနိုင်ငံသား တစ်ယောက်မို့ နိုင်ငံသား တစ်ယောက် အနေနဲ့  ရှိတဲ့ အမြင်ကို လွတ်လပ်စွာ အသုံးချ တင်ပြတာပါ။ တချို့ သော နားလည်လွယ်နိုင်သော စဉ်းစားစရာအကြောင်းတွေကို ချပြ၊ ထောက်ပြ၊ တင်ပြ၊ သုံးသပ်ပေးခြင်းဖြင့် ကျွန်တော်တို့ချီတက်နေသော နိုင်ငံရေး အပြောင်းအလဲမှာ အမှားအမှန်တွေကို ၀ိုင်းဝန်း၊ စဉ်းစား အဖြေရှာနိုင်သလို ကုန်လွန်ခဲ့တဲ့အီလည်လည်ကြီးနဲ့  အဖြေရှာမရတဲ့ အဖြစ်မျိုးတွေ  နောက်ထပ် မတွေ့  ဖို့ လည်း  အထောက် အကူ ဖြစ်နိုင်တယ်လို့  လည်းယုံကြည်မိပါတယ်။

မဖြစ်မနေ ပြောင်းရမည့် နိုင်ငံရေးအပြောင်း အလွဲ တွင် အတူလက်တွဲ တိုက်သူတွေအကြား တွင်၊ အတွင်း ပယောဂ၊ အပြင် ပယောဂ တို့ က ဒီမိုကရေစီဆိုသော မျက်နှာဖုံးကြီးကို တပ်ကာ မဆလအတွေး ၊ ကွန်မြူနစ် အကျင့်စရိုက် အကြံမျိုးနဲ့  ၀ိုင်းပြီး လုပ်ခဲ့ကြ သလို့ ၊ နောက်ကွယ်ကနေ စိတ်ရင်းမမှန်၊ မြန်မာနိုင်ငံရဲ့ သမိုင်း ဖြစ်စဉ်ကို အတွင်းရေးကို မသိဘဲ လမ်းကြုံလို့ ဒီမိုကရေစီ ၀င်တည်ပေးရင်း စီးပွားရေးနယ်ပယ် ဖြစ်နိုင်မလား ဆိုသော အတွေးနဲ့ ကိုင်တွယ်သော အနောက်ဆရာကြီးများကြောင့် ဘာတစ်ခုမှ အောင်မြင်မှုမရဘဲ အဖြစ်ပျက်များ အားလုံးသည် ဂိမ်းအိုဗာ(Game Over) ဆိုသော အခြေအနေကို ရောက်သွားတယ်လို့ မြင်ပါတယ်။

ဦးအောင်ရွှေ သည် အောင်ရွေ/ ကျော်ဇော် ဆိုပြီး မြန်မာပြည်မှာ နံမည်ကြီးစွာနဲ့  အုပ်ချုပ်လာခဲ့တဲ့  စစ်တိုင်းမှူးကြီး ဖြစ်ပါသည်။ နောက်ပြီးတော့ အင်္ဂလန်ဘုရင် စစ်တက္ကသိုလ် ကျောင်းဆင်းပါ။ ထို့ အတူ အခြားသော မျိုးချစ်တပ်မှူးကြီးဟောင်း အများစုသည် သာမာန် ပုဂ္ဂိုလ်၊ သာမန် ပြန်တမ်းဝင် အရာရှိပေါက်စ ဘ၀က လာတာ မဟုတ်ပါဘူး။ နိုင်ငံရဲ့ သံအမတ်ကြီးဘ၀၊ နိုင်ငံရဲ့ တပ်မတော် အရာရှိချုပ်ဘ၀၊ အမြင့်ဆုံး ဆိုသော အာဏာပိုင် အဖွဲ့ အစည်းတို့တွင် ဦးဆောင် လုပ်ဆောင်လာခဲ့ကြသော သူများဖြစ်ပါသည်။
လူတိုင်းတွင် အမှားနှင့် အမှန်ဆိုတာ ရှိပါသည်၊ မည်သို့ပင်ဆိုစေကာမူ ထို မျိုးချစ်တပ်မှူးကြီးများ နိုင်ငံရဲ့ ဖြစ်ပျက်သမျှ အတိတ်က အကြောင်းများတွင် တိုင်းပြည်အတွက် နေရာပေါင်းစုံမှာ သူတို့ တာဝန်ယူခဲ့ရပြီး စိမ်ခေါ်မှုနှင့် အတွေ့ အကြုံ အထိုထို ကို ကိုင်တွယ် ဖြတ်သန်းခဲ့သူများ ဆိုကလည်း မှားမည်မထင်ပါ။ ( တပ်မှူးကြီးများ အားလုံးဟာ နိုင်ငံရေးဗျူဟာကို ကောင်းကောင်း နားလည်ပါတယ်။ တပ်မတော် အရာရှိအဆင့်တိုင်းမှာ သူအဆင့်လိုက် နိုင်ငံရေးမဟာဗျူဟာ ဘာသာရပ် သင်ယူကြ ရပါတယ်၊ သိရှိ နားလည် တတ်မြောက်ရပါတယ်၊) 

အက်ကြောင်းတွေ၊ သဘောထားတွေ ကွဲကြပြီ ၊ ဘာကြောင့်လည်း၊ ဘယ်သူတွေက လုပ်တာလည်း။

အခုလို အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ပါတီအတွင်းမှာ ကွဲပြဲ၊ ထွက်ခွာ ကျောခိုင်းကြရတဲ့ အဖြစ်တွေ ကြားရတာ အလွန် စိတ်မကောင်းစရာပါ၊ မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ကို မြင်ပါသည်။ တနေ့နေ့တွင် ထိုသို့  ဖြစ်လာမယ် ဆိုတာကိုလည်း တွေးမိခဲ့တဲ့ ၁၉၈၈ နှောင်းပိုင်း ကာလကတည်းက ရင်ထိပ်စွာနဲ့ စိုးရိမ်နေခဲ့ကြ ရတာပါ။ ဘာကြောင့်လည်း ဆိုသော ယနေ အခြေအနေ ဖြစ်တည် လာနိုင်သည်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာက၀ါရင့် နိုင်ငံရေး သမားကြီး တချို့ ကသုံးသပ်ထားတာကို ကြားဖူးသောကြောင့်ဖြစ်ပါသည်။ ဒီတော့ထိုသို့ ဖြစ်သွားအောင်နဲ့ ကျွန်တော်တို့ နိုင်ငံရေး ဘာကြောင့် ကြန့်ကြာ နေရသည်ကို ကြည့်သော် ၊ န၀တ ဆိုသော စစ်အာဏာရှင် တစ်စုကြောင့် မဟုတ်ပေ၊ အနည်းဆုံးတစ်စု သို့မဟုတ် တစ်စုမက ရှိရမည်။

ဖြစ်စဉ်ကို ဖန်တီးသူ၊ သိုင်းဝိုင်း လုပ်ခဲ့ကြတဲ့ သူတွေ ကတော့ ဒီမိုကရေစီ ဆိုပြီးတွင်တွင် အော်နေကြသော အတိုက်အခံမှ မဟာပါတီဝါဒကြီးနဲ့ ထိုပါတီကို ၀င့်ကြွားစွာ မြေပေါ်ထောင်ချင်တဲ့ ဆရာကြီးတွေရယ်၊နောက်ကွယ်ကနေ စီးပွားရေး၊ နိုင်ငံရေးကို ၀င်ရောက် ကိုင်ချင်ကြသော ဆူပါဆရာကြီး အန်ကယ်ဆမ် ( အမေရိကန်)၊ ဥရောပနိုင်ငံတို့မှ နိုင်ငံရေး ဖဲကလန်ဖန်ကြောင့် ရယ်၊ တပင်တိုင် ပါဝါဖြစ်အောင် သိုင်းဝိုင်း တင်မြှောက် မွေးဖွားခြင်းနှင့် ထိုတပင်တိုင်ပါဝါကို လိုအပ်သော ကိုယ်လိုရာကို အဆင်ပြေရန် ကင်းရိုက် ကွက်များကို မတိုင်ပင်ဘဲ၊ တိုင်ပင်ထားသကဲ့သို့ပင် စည်းဝါးချက်ညီစွာ လုပ်ဆောင်ခဲ့ကြလို့ ကျွန်တော် တည့်တည့်ကြီးကို စွပ်စွဲရင်တော့မမှားပါဘူးလို့ ထင်ပါတယ်။
( န၀တက ဒီအပိုင်းမှာ အဓိက ၀င်ခလောက်တဲ့သူ နေရာမှာဆိုပြီးတော့ မရမ်းကြပါနှင့်၊ န၀တ က
အဆင်း မှာပိုင်နိုင်စွာ ချောဆီထည့်ပေးလိုက်သော အနေအထားရှိသွားတာကိုကြည့်ရင်တွေ့ ပါတယ်)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ အတွင်းဝိုင်းမှာဖြစ်သော အနာကို တူးဆွပေးနေခဲ့ကြတဲ့ အခင်းအကျင်း ကကြာပါပြီ၊ အနာကို သိုင်းဝိုင်းပြီး ကုသဖို့ မကြိုးစားကြဘူးဆိုတာကို အသေအချာပြောလို့ ရပါသည်။ ဦးကြည်မောင်၊ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးတင်ဦး အစရှိသူတို့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီရဲ့ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ ဗဟိုကော်မတီဝင်လို့သာ ပြောတာပါ။ များသောအားဖြင့် စစ်တပ်က လာခဲ့တယ် ဆိုတဲ့ အမြင်၊ မဆလ ခေါင်းဆောင်များနဲ့ အတူတွဲပြီး လုပ်ဖူးသူ၊ လုပ်ခဲ့ရသူ၊ ရေခံ မြေခံ အနေအထားမှာ ရှိခဲ့ကြလို့ ဆိုသော အမြင်အတွေး ဖြစ်ပါသည်။ န၀တနှင့် တချိန်တွင် လက်တွဲပြီး ဒီမိုကရေစီ လိုလားသောသူတွေကို ချေမှုန်းသွားမည် ဟူသော သံသယ အမြဲ ရှိနေကြပါတယ်။ထိုသံသယကို အမြဲ နောက်ကနေ သွင်းနေသော အုပ်စုကလည်း ရှိနေသည်။  ဒီလို သံသယ အခြေခံနှင့် လုပ်ဆောင်ခဲ့သောကြောင့် အောက်ခြေမှ ဖေါ်ဆောင်ရသော ပါတီရဲ့ လုပ်ငန်းတိုင်းသည်လည်း မတွင်ကျယ်ခဲ့ပါ။ ပါတီရဲ့မူနှင့်  ဘောင်တွေ လွတ်သွားခဲ့ရ သော အပြုအမှုတွေ၊ အမှားတွေ အများကြီးရှိခဲ့သလို၊ အုပ်စု၊ ဂိုဏ်းအဖွဲ့ သည်လည်း ကြီးထွားခြင်းလာပါသည်။

သည့်အတွက်ကြောင့် ကျွန်တော်တိုသည် အတူတူ သွားသော ခရီးတွင်တစ်ခုမှ အပေးအယူ မမျှခဲ့ကြပေ။
အမှန်တကယ်တော့ အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ပါတီရဲ နိုင်ငံရေး လမ်းစဉ်များတွင် နိုင်ငံတော် လက်ရှိ အစိုးရကို လက်နက်နှင့် သော်လည်း၊ အကြမ်းဖက် မသမာနည်းနှင့်သော်လည်း၊ တုတ်ပြခဲပြနှင့် မီးဇာတဖက်၊ ရေမှုတ်တဖက်လုပ်ကာ ဆက်ဆံလုပ်ဆောင် သွားမည့်မူလည်း မရှိပါ။ ချလည်း မချမှတ်ထားပါ။
နောက်ကွယ် ကြိတ်ဝိုင်းလည်း မရှိပါ ဆိုတာကိုတော့ ဗဟိုကော်မတီဝင်များမှ ကြုံကြိုက်တိုင်း ဖွင့်ဟပြောဆို တာကို့ အမြဲတမ်း ကြားရပါသည်။ နိုင်ငံရေးကို နိုင်ငံရေး နည်းနဲ့ သာရအောင် ဖြေရှင်းမည် ဆိုသော ခံယူချက်သာ ရှိသောကြောင့် နောက်ကွယ်မှ မြှောက်ပေးသောမှုကိုလည်း တပ်မှူးကြီးတွေလည်း မလုပ်သလို အခြားသော တပ်မှူးမဟုတ်သော ဗဟို ကော်မတီဝင်နဲကော်မတီဝင်တွေလည်း မလုပ်ပါ။

ဒါဆိုရင်တော့ ဘယ်သူတွေက ဘယ်လို စတာလည်း၊ ဘယ်သူတွေက ထိုသို့သော အခင်းအကျင်း ထင်ယောင် ထင်မှား ဖြစ်အောင်၊ မယုံသင်္ကာ ဖြစ်အောင် ပိရိစွာ ဖန်တီးနေကြသလည်း ဆိုတာကို ရှာဖွေကြ ရတာမည် ဖြစ်ပါသည်၊ NLD သည် ၁၉၉၀ ပြည့် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ပါတီတွင်း ဇာတ်လမ်း အတိုအထွာ၊ ပေါ်လစီ၊ မ၀ါဒနှင့် ဆန့်ကျင်သော အပြုအမူများ၊ “ဟေ့ ငါတို့ ကို ပြည်သူ့ ကိုယ်စားလှယ် ခန့်လိုက်ပြီ တွေ့မယ်ဒင်းတို့  ဆိုသော” ဘာမှမပိုင် သေးတဲ့ အချိန်မှာ မြှောက်ကြွကြွ လုပ်သော အခင်းအကျင်းများ၊ ဂဘောက်တိ ဂဘောက်ချာနှင့် ထင်ယောင် ထင်မှား ဇာတ်လမ်းများတွင် တော်တော် များများသော မသိနားမလည်၊ ရိုးသားသော ပါတီဝင်များ၊ ကလပ်စည်းများ၊ ခေါင်းဆောင် တော်တော် များများသည်၊ “စိတ်၏ ခံစားမှုတစ်ခုပေါ်တွင် အခြေခံကာ” နောက်ကွယ် ဆရာကြီးများ ရိုက်သော ဇာတ်လမ်းတွင် ဇာတ်ပို့တွင်ကော၊ ဇာတ်ရံ တွင်ကော အသုံးတော် ချခဲ့ရ ရှာသည်။
သည့်အတွက်လည်း ကိုယ့်အတွက် ကိုယ်ကြည့်သည် ဆိုသောမူကို အမြဲတမ်း ကိုင်ထားသော စစ်အစိုးရသည် စွပ်စွဲချက်နဲ့ တန်ပြန် တုန့်ပြန်မှု တွေကို ပြင်းထန်စွာ လုပ်ဆောင် လာတော့သည်။ ထိန်းသိမ်းခြင်း တွေကလည်း ဆိုးဝါး ရက်စက်မှု အပေါင်းနဲ့ အတူ၊ မရှင်းမလင်းနှင့် အလွန်ရောထွေးသော ပဋိပက္ခတွေကလည်း “မ စွန်းခင် ကဇွန်းခင်းက ညှိ” ဆိုသလိုအခင်းအကျင်းများကလည်း ဖြစ်လာ ပါတော့သည်။

ထိုသို့ ဖြစ်အောင်ကို နောက်ကွယ်ကနေ ဆရာကြီးများက ၄င်းတို့ ဆဲ(လ်)များနှင့် လုပ်ဆောင်နိုင်ခဲ့ကြသည်။
သည့်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ပါတီရဲ့ တာဝန်ရှိသူ များဖြစ်သော ဗဟိုကော်မတီမှ စစ်အစိုး ရ နှင့် ရင်ဆိုင် ဖြေရှင်းခံရသလို၊ အထိန်းသိမ်းလည်း ခံကြရသည်။ အင်အားချိနဲ့အောင် နှိပ်ကွတ်ခြင်းကို ခံရသည်။ ဒီလိုဖြစ်တာတွေက ဘယ်သူက စတာလည်း ဆိုတာတော့ ကွင်းဆက် ကြည့်ကြစေချင်ပါသည်။ ထိုအကြောင်း အရာများကို သေသေချာချာ ခြုံငုံမိမှာသာ နှစ် ၂၀ လုံးလုံး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှု တွေဟာ ဘာကြောင့် ရှေ့ တိုးမရ၊ နောက်ဆုတ်မရ အခြေအနေ ဖြစ်သွားရသလည်း၊
စစ်အစိုးရနှင့် ပတ်သက်သော ဒိုင်ယာလော(ခ်) များသည်လည်း ဘာကြောင့် ထိရောက်၊ တိုးတက် ခြင်း တစုံတစ်ခုမရှိခဲ့ဘဲ မအောင်မြင်ဖြစ်ခဲ့ရသည့် အကြောင်းရင်း များကို ရှာဖွေတွေ့ နိုင်မည်ဟု မြင်ပါသည်။ ( စစ်အစိုးရမှ အားလုံးသော အတိုက်အခံအပေါင်း ( ဒီမို၊ ဒီနီ၊ ဒီဝဲ၊ ဒီတိုက် အစစသော) အား အဓိက ကျသော တန်ပြန်အခင်းအကျင်းကတော့ အထွေအထူး ကျွန်တော်မမြင်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထိမ်းသိမ်းလိုက်၊ ပြန်လွတ်လိုက်ခြင်းသာ ဖြစ်ပါသည်၊ အရမ်းကို အရေးပါအရာ ရောက်သလို တကယ်လည်း ထိရောက်ပါသည်၊ ဥပမာ ပါတီရှိ လူငယ်နှင့် ထောက်ခံသူတွေရဲ့ တက်ကြွ လုပ်ဆောင်မှုနဲ့ အခြေအနေနှင့် နောက်ကွယ် ဆရာကြီးများရဲ့ နိုင်ငံရေး ကစားခြင်းသည်ဒေါ်အောင်ဆန်းစုကြည် အပြင်မှာရှိတာနဲ့ အထိန်းသိမ်းခံထား ရတဲ့အချိန်တွေနဲ့ မတူပါ၊ ကွာခြားပါသည်။ ဒေါ်အောင်ဆန်းစုကြည် အပြင်တွင် ရှိသောကာလတွင် ပြည်သူလူထုအားလုံးကို ဒေါ်အောင်ဆန်း စုကြည်ရဲ့ န၀တကို ဝေဖန်ပြောဆို ထောက်ပြခြင်းနဲ့ စည်းရုံးရေး ကိစ္စများတွင် အချိန်ကုန်ခိုင်းစေခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကို အလုပ်ရှုပ်နေစေခြင်းဖြင့် အချိန်ကို ကုန်လွန်စေခဲ့ပြီး၊ ပါတီစည်းရုံးရေး အနည်းငယ် ပြေပြစ်ကာ ခေါင်းပြန်ပြီး ပြူတစ်စွာရှိတော့မဲ့ အချိန်ကျမှာတော့ ကျွံလာသော အခင်းအကျင်းဘဲ ဖြစ်စေ၊ မကျွံလာသော နိုင်ငံရေး အခင်းအကျင်း ဖြစ်စေ ခေါ်ယူ ထိန်းသိမ်းလိုက်ခြင်းဖြင့် ပါတီကို ပြန်လည်ပြီး ငြိမ်သက်စေ အောင် စစ်အုပ်ချုပ်ရေး ဆိုသော ဖဲချပ်နှင့် မတရား လုပ်ဆောင်သလို ၊ တက်ကြွသော လူငယ်များကို ပြည်တွင်းမှ ပြည်ပသို့ နည်းပေါင်းစုံနဲ့ ထွက်စေရန် အတွက်ချောက်ထုတ်ပါတော့သည်။ သို့မဟုတ် နှစ်ရှည် ထောင်ချပြီး သိမ်းဆည်းထား လိုက်ပါသည်။ )

ဒေါ်အောင်ဆန်းစုကြည်အား အာဏာ အရှိဆုံး အဖြစ်နှင့် ဆုံးဖြတ်ချက်ပေးရမည်သူ အဖြစ် သိုင်းဝိုင်းခြင်း
အတိုက်အခံ တော်တော် များများသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဆိုတာနဲ့ တပ်မှူးကြီးတွေကိုမျက်မှန်လေး တပ်ပြီး ပြောတတ်သလို၊ ကြည့်တတ်ကြပါသည်။ ပြည်သူ အားလုံးကို ဒေါ်အောင်ဆန်း စုကြည် တစ်ယောက်သာလျှင် ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ အမျိုးသား ပြန်လည် စေ့စပ်ရေးကို ရနိုင်တယ်လို့ မြင်အောင် ပြည်ပကလည်း သိုင်းဝိုင်း ပြောဆိုသလို၊ ပါတီတွင်းထဲမှာလည်း လုပ်ယူ ကြပါတယ်။ နောက်ကွယ် ဆရာကြီးများကလည်း ခင်းကျင်းသည်။ အကြောင်းအရာကို တစ်ခုခု ဆိုလျှင် ပါတီ ဗဟိုအလုပ် အမှုဆောင်ရဲ့ အာဘော်၊ လုပ်ကိုင်ခြင်းမျိုး ဆိုတာထက် ဒေါ်အောင် ဆန်းစုကြည်မှ ချမှတ်သည် ဆိုသည့် အကြောင်းအရာ ဆိုပြီးတော့ ထိုစကားစုကိုသာလျှင် ဗဟိုထားပြီး ပြောဆို သည့် အခင်းအကျင်းများ၊ အလုပ်များ ကိုသာ ဦးစား ပေးခဲ့ကြပါသည်။

ထိုသို့သော လုပ်ဆောင်ခြင်းဖြင့် ၁၉၈၉ နောက်ပိုင်းမှ စပြီးတော့ ယနေ့ကာလ အချိန်ထိ တိုင်အောင် ပြည်တွင်း၊ ပြည်ပ အတိုက်အခံဘက် ခေါင်းဆောင်များကလည်း၊ အန်ကယ်ဆမ်တို့ကလည်း ထိုမူကို လက်ကိုင်ထားပြီး စစ်အာဏာရှင် (နအဖ/န၀တ) ကို တိုက်ကြ ပါတယ်။
( ဒါကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊လွတ်လပ်ရေးကို ရအောင် ယူပေးသွားသော် အမျိုးသား နိုင်ငံရေး သူရဲကောင်းရဲ့သမီးဆိုသော မြန်မာလူမျိုးတို့ရဲ့ သူရဲကောင်း ကိုးကွယ်ခြင်း၊ ပုဂ္ဂိုလ်ရေးခင်တွယ်ခြင်း၊ လေးစား ချစ်ခင်ခြင်းလည်း ပါဝင်သည်ဟု မြင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆို လုပ်ဆောင်ချက်တွေနဲ့ ခံယူချက်ကိုလည်း ကြိုက်လို့၊ ယုံကြည်လို့ ဆိုတာ ယုံကြည်ပါသည်။)
မြန်မာနိင်ငံမှာ ဒီမိုကရေစီ စနစ်ထွန်းကားပြီး ပြည်သူ အများဆန္ဒ ပြည့်စေရမယ် ဆိုတဲ့ ယုံကြည်ချက် တစ်ခု အတွက် ပြည်တွင်းက မြေပေါ်တွင် ရဲရင့်စွာ တစိုက်မှတ်မှတ် တကယ် အလုပ်လုပ်နေတဲ သူတွေက ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်များ၊ ထို လွတ်တော် အမတ်များ အများစုရဲ့ မိခင်ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ် အမှုဆောင်နဲ့ တခြားသော တိုင်းရင်သား

ပါတီတွေ ၊ ယုံကြည်မှုကို ကိုင်စွဲ ထား သော ပြည်သူ ပြည်သားတွေပါ၊ စိတ်မကောင်းတာကဗျာ ကျွန်တော်တို့ အတိုက်အခံဘက်မှာ ရှိသော ခေါင်းဆောင်များ၊ အထူးသဖြင့် အပြင်က ခေါင်းဆောင်များ ပေါ့ဗျာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ကို ၀ိုင်းရံ ကြဆိုတာသာ ပြောတာ လေ။ တကယ်တန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်း အတွင်းကို စည်းခြား၊ သပ်လျှိုခြင်း အခင်းအကျင်းတွေက အနှစ် ၂၀ လုံးလုံး သိုင်းဝိုင်း ခင်းကျင်းခဲ့ကြတာပါ၊ မြင်လည်း မြင်သာပါတယ်။ (ဒီလို အခင်းအကျင်းက အတိုက် အခံအားလုံးက လုပ်သလို့ အန်ကယ်ဆမ်တို့လို ဒီမိုကရေစီ လိုလားတဲ့ အုပ်စုကြီး ကလည်း လုပ်ကြ ပါတယ်) ပြည်ပမှ ကြိုးကိုင်ချင်သော ဆရာကြီးများ က အတွင်းအုပ်စု ဗိုလ်လုပ်ချင်သူများ၊ ၄င်းတို့ ၏ အမာခံဆဲ(လ်) များ မှတဆင့်၊ သိုင်းဝိုင်း ခင်းကျင်းကြသည့်မှာ မျိုးချစ်တပ်မှူးဟောင်းကြီးများနှင့် ဆက်ဆံကြသော၊ လုပ်ဆောင် ကြသော အလုပ်တိုင်းတွင်မျက်မှန်စိမ်း တပ်ကာ ကြည့်စေတတ်သော အကြောင်း အရာများကို ဆိုက်ဝါး ပေါင်းစုံဖြင့်ေ၀၀ါးရှုပ်ထွေးအောင် စနစ်တကျလုပ်ဆောင်ခဲ့ကြပါသည်။

နောက်ကွယ် ဆရာကြီး များ ၏ နိုင်ငံရေး တန်ပြန် တိုက်ခိုက် နည်းဗျူဟာတွေကို စစ်အစိုးရ မှ ဖြစ်ချင်ရာဖြစ် ပြတ်ပြတ် သားသား နှိပ်ကွပ်သော အခါနှင့် ကြုံတိုင်း ဖြစ်ပေါ်လာသော အကြပ်အတည်းကို မျိုးချစ် တပ်မှူးကြီးများပေါ်တွင် ပုံချ ရန်အတွက် ကလန်ဖန် ထိုးကြတော့သည်။ အဌားဗိုက်ထိုးပွဲတွေ၊ ထိပ်တိုက် ရင်ဆိုင်ပွဲ တွေကို အသွင်ပေါင်းစုံနှင့် ဖန်တီးပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်နေတဲ့ မျိုးချစ် တပ်မှူးကြီးများ အပေါ်သို့ လုပ်ဆောင်ခဲ့တဲ့ အခင်းအကျင်းတွေက အမှန်တကယ်ကို အိုဗာ အိုဗာတွေ ဖြစ်ခဲ့ကြပါသည်။ အဲ့ဒီလို အရာရာတိုင်းမှာ အိုဗာဖြစ်မှု တွေကြောင့်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့  စစ်အစိုးရတို့ ကြားမှာ တိုင်းပြည်၏ နိုင်ငံရေး ပြောင်းလဲဖို့ နဲ့ အာဏာ လွှဲပြောင်းဖို့တို့သည် အလွန်ခက်ခဲတဲ့ လမ်းကို ပိုပြီးကြန့်ကြာအောင် လျှောက်လှမ်းနေ ကြရတယ်လို့  မြင် ပါ တယ်။

နှစ်၂၀ အတွင်းအတိုက်အခံတွေက မီဒီယာတွေကို အသုံးချပြီး ဘယ်နှစ်ခါများ ပြည်သူလူထုနဲ့ အတိုက်အခံ ဗဟို အလုပ်မှုဆောင်နဲ့ ဥက္ကဌ တို့နဲ့  တိုင်းရင်းသား ပြည်သူတွေ၊ တိုင်းစည်းတို့နဲ့ တိုင်း ရင်းသား ပြည်သူတွေရဲ့ ကြားမှာသိသင့်သော နိုင်ငံရေး အမြင်တွေ၊ ဒီမိုကရေစီ အမြင်၊ လိုက်နာ ကျင့်သုံးရမှာတွေ၊ နိုင်ငံသား တာဝန်တွေ၊ နိုင်ငံသား ရပိုင်ခွင့်တွေ၊ ခံစားပိုင်ခွင် တွေကို ပေါင်းကူး ဖြစ်အောင် မလုပ်ခဲ့ပေး နိုင်ခဲ့ ကြပါဘူး၊ ဒါတွေက တကယ်တော့ ပါတီတစ်ခုရဲ့  လုပ်ပိုင်ခွင့်ရှိရမဲ့ အလုပ်ပါ၊ သိုပေမဲ့ ဒီလိုမျိုး အခင်းအကျင်းကို အမြဲရန်လိုပြီး၊ မယုံသင်္ကာနဲ့ ဒေါက်ထောက် ကြည့်နေတဲ့  စစ်အစိုးရရဲ့ ဖိနှိပ်မှုအောက် မှာရှိတဲ့ပြည်တွင်းမှာ အပြည့်အ၀ကို မလုပ်နိုင်ပါဘူး၊ ဒါကိုပြင်ပ နိုင်ငံရေး အတိုက်အခံ အဖွဲ့အစည်းတွေက အပြင်ကနေ မီဒီယာ တွေကို လုပ်ဆောင် ပေးခြင်းဖြင့် သိုင်းပေးလို့ ရပါတယ်၊ မီဒီယာတွေကို အပြစ် ပြောတာ မဟုတ်ပါ ။ မီဒီယာကို လွန်ခဲ့သော နှစ် ၂၀မှစပြီး၊ ပြည်တွင်းပြည်ပ နိုင်ငံရေး အတိုက်အခံ အဖွဲ့အစည်း အားလုံးက၊ ပြင်ပမီဒီယာ တွေကို ကောင်းမွန်စွာ အသုံးချခွင့် ရနေတာဘဲ မဟုတ်ပါလား။

ဒီထက်ပို ထူးခြားသော အလွန်ထူးခြားချက် တစ်ခုမှာ မြန်မာပြည်သူ ပြည်သား အားလုံးနှင့် နိုင်ငံ အဖွဲ့ အစည်း အားလုံးသည် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကား အပေါ်မှာဘဲ သက်ဝင် စေချင်ကြတာကိုသာ အထူးအာရုံပြု လုပ်ဆောင်ခြင်းသည်ု နောက်ကွယ် ဆရာကြီများရဲ့ ဘုံသဘောတူချက် သွားဖြစ်နေသည်ကို တွေ့ ရသည်။
ဒါကြောင့်လည်း မည့်သည်အခါမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ဗဟိုအလုပ် အမှူဆောင် လူကြီးများကို ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ချထားသော ကာလအတွင်းမှာကော၊ အပြင်ရောက်နေသော ကာလတွင်
ကော လူထုခေါင်းဆောင် အနေနဲ့ သိုင်းဝိုင်း တင်မြှောက်ကာ န၀တကို တချက်မှ နိုင်ငံရေး ဖြေရှင်းရန်အတွက်
မည်သည့်အခါမှ အားသွန်ခွန်စိုက် မသိုင်းဝိုင်းခံပါ၊ ၀ိုင်းဝန်းလိုက်နာ မဆောင်ရွက်ခဲ့ကြပါ။

ဒေါ်အောင်ဆန်းစုကြည် မရှိလျှင် မပါလျှင်၊ မပြောလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လည်းကောင်း၊ အခြား သော နိုင်ငံရေးပါတီများ သည်လည်းကောင်း၊ တော်လှန်ရေးသည် လည်းကောင်း ဘာမှလုပ်လို့ မရအောင်ကို စနစ်တကျနဲ့  သိုင်းဝိုင်းထားလိုက်နိုင်ကြသည်။

တကယ်တမ်းဖြစ်ရမည်မှာ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလနှင့် လွတ်လပ်ရေး ရယူသာ ကာလများတွက် မြန်မာနိုင်ငံတွင် နိုင်ငံရေး ခေါင်းဆောင်များ ပြိုင်ဆိုင်စွာ ထွက်ပေါ်လာခဲ့သည်။ ဗိုလ်ချုပ်ကို အမျီုးသား ခေါင်းဆောင် အဖြစ်ဝိုင်း တင်မြှောက်ကြပေမဲ့ သခင်နု၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင် သန်းထွန်း၊ ဦးစော၊ သခင်ကိုယ်တော်မှိုင်း၊ ဦးဘဖေ၊ ဦးချစ်မောင်၊ ဦးပု၊ ဦးရှိန်၊ သခင်စိုး၊ စသော နိုင်ငံရေး ခေါင်းဆောင်များ ရှိခဲ့ကြသလို ပြည်သူအားလုံးကလည်း လေးစား လိုက်နာကြသည်၊ ထိုအတွက်ကြောင့် လွတ်လပ်ရေးမရခင် စပ်ကြား ဗိုလ်ချုပ် ကျဆုံးသွားသော်လည်း လွတ်လပ်ရေးကို ရအောင် လမ်းကြောင်းမှန်စွာ ယူသွားနိုင်ခြင်းကဲ့သို့ ဖြစ်စေရပါမည်။

ဒါကိုကြည့်ခြင်းအားဖြင့် အနောက်နိုင်ငံနဲ့ ဒီမိုကရေစီ လိုလားသော အသိုင်းဝိုင်းတို့ရဲ့ နိုင်ငံရေးဗျူဟာသည်
မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေး အတွက် ကြန့် ကြစေသော ဟန့် တားမှုများတွင်အဟန့် တားများသဖွယ် ဖြစ်လာတော့သည်။

လော့ဂျစ်အရ ကြည့်လျှင် အဖြေထုတ်လို့ မရအောင် ၀ိုင်းဝန်းကာ နိုင်ငံရေး ကစားခြင်းဟုလည်း သုံးသပ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ပြောင်းကို ပြောင်းလဲရတော့မည်

ယခုလက်ရှိ အနေအထားတွင် ရှင်းရှင်းကြီး ထင်ရှားနေတာ ကတော့ အခုဖြစ်ပျက်နေတဲ့ အရာတွေ၊ အခြေ အနေတွေ ပေါင်းစုံကစစ်အစိုးရ ယုတ်မာ၊ပက်စက်အနိုင်ကျင့်တာကိုစောင့်ပေးပြီး နိုင်ငံရေးအနေနဲ့  တိုက် ခိုက် ပြောဆိုနေတဲ့ အနေ အထားသားဖြစ်ပြီး စစ်အစိုးရရဲ့ အခင်းအကျင်းအောက်မှာ တကောက် ကောက်နှင့် လိုက်ပါနေရသော အခြေအနေ ဖြစ်ပါသည်။
ဒီအတွက် ပြည်သူတွေ ကြားထဲမှာကော၊ အတိုက်အခံတွေ အချင်းချင်း ကြားထဲမှာကော နဂိုကမှ အမြင်မကြည် တကြည်ရှိတဲ့သူတွေကော၊ မရှိသူ တွေရဲ့ ဘ၀တွေရဲ့  ယုံကြည်ရာ ဖြစ်သော၊ လိုချင်တောင်းတသော ပါလီမန် ဒီမိုကရေစီစနစ်ကို သွားရန်ဝေးကွာ သွားအောင် လုပ်လိုက်တဲ့ အဖြစ်လို့ ယူဆပါတယ်။

အနှစ်၂၀အတွင်းမှာ ပြည်သူ့အတွက် ၊ပြည်သူကလည်း လက်ခံတဲ့ အဆင်သင့် ဒုတိယ သို့မဟုတ် လူငယ်ခေါင်း ဆောင်တွေကို သေသေချာချာ ဖေါ်ထုတ် ရွေးချယ် မိတ်ဆက် ပြသခြင်းတွေကို မလုပ်နိုင်ခဲတဲ့  အတွက်ကြောင့် ခေါင်းဆောင် ကောင်းတွေ ဘယ်သူလည်း ဆိုတာကိုလည်း မသိရသလို၊ အလွန် ကို တန်ဖိုးရှိသော အချိန်တွေ အလကား ဆုံးရှုံးသွားခဲ့တယ်။
ပိုပြီးဆိုးတာက ထိရောက်သော အင်အားစုများ မဖြစ်သလို အင်အားတွေသာ ပိုပိုပြီး တစ်စဆီကို ပြန့်ကျဲသွား နေတယ်လို့ မြင်ပါ တယ်။ မညီမျှသော အတွေ့အကြုံနဲ့ လှစ်ဟချက်၊ အတွေးအခေါ် မညီမျှ မှုတွေက ပိုပိုပြီး များသွားစေ ခဲ့ တာတွေကတော့အသေအချာ ဖြစ်ခဲ့ပါသည်။ ထိုသို့ ဖြစ်ရခြင်းကလည်း အဓိက အင်အား တစ်ခုဖြစ်သော ပြည်ပအတိုက်အခံ ခေါင်းဆောင်အားလုံးသည် ကောင်းမွန်သော နိုင်ငံရေး ဗျူဟာ မချမှတ် နိုင်သလို၊ ပြုလုပ်ခဲ့သော အခင်းအကျင်းသည် တိုးတက်မှုမရှိတဲ့ အပြင် ဆုတ်ယုတ်မှုသာ ဖြစ်သွားခဲ့ကြ သည်။ တလက်ကိုင် တစ်ယောက်ကောင်း ၀ါဒကို တွန်းပြီး လုပ်ခဲ့ကြတဲ့ ဆိုးကျိုးတွေကြောင့် ဖြစ်ပါသည်။

ဒီဆိုးကျိုးရဲ့ ရလဒ်တွေဟာ ဆက်တိုက်ကို အကြောင်းရင်း တစ်ခုအနေနဲ့ ဆက်လက် ရင်ဆိုင် ဖြေရှင်းကြရ တော့မည် ဖြစ်ပါသည်။
ဒါတွေကို ပြန်လည် ပြင်ဆင်ဖို့ ခင်ဗျားတို့ မှာလည်း တာဝန်ရှိသလို ၊ကျွန်တော်တို့ အားလုံးမှာ တာဝန် ကိုယ်စီ
ရှိပါတယ်လို့ ထင်ပါတယ်၊ တကယ်ကဗျာ။ ကျွန်တော်တို့ အားလုံးနဲ့၊ တိုင်းပြည်မှာ နေကြသော တိုင်းရင်းသား ပြည်သူအများစု အားလုံးက ဥပဒေအောက်မှာ တရားမျှတခြင်းနဲ့ ကျောသား ရင်သား မခွဲနေလိုခြင်း၊ လွတ်လပ်ခြင်း၊ မွေးရာပါ အခွင့်အရေးတွေကို တန်းတူ၊ ရည်တူ၊ ဘာသာမရွေး၊ လူမျိုးမရွေး ရချင်ကြတယ်၊ မက်မက် မောမောကို တောင်းနေကြတယ်။ လိုချင်ကြတယ်။ ဖြစ်ချင်ကြတယ်။
ကျွန်တော်တို့ လိုချင်တာ၊ တန်ဖိုးထားတာကို ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်၌ က ကျွန်တော်တို့နဲ့ ထိစပ်ဟတ်မှု ရှိနေကြောင်း သက်သေပြနိုင်အောင် အရင်လုပ်ရပြမယ်၊ ကျင့်ကြံရမယ်၊ လေးစားရမယ်။

ကိုယ်ကျင့်ကြံသလို၊ သူများကို ကျင့်ကြံတတ်အောင်၊ စိတ်ရှည်စွာနဲ့ လုပ်ဆောင်ရမယ်လို့ ကျွန်တော်တို့ မြင်မိ ပါတယ်။ ဒီလို ကျွန်တော်တို့ တွေ လိုချင်တဲ့ အကြောင်းရာတွေ ၊အခွင့်ရေးတွေ ကို တန်ဖိုးထား လိုက်နာ ကျင့်သုံး လုပ်ဆောင်မှ၊ လုပ်ဆောင်ပြမှတော့မှ လက်မခံချင်သူများကို လက်ခံလာအောင် သိမ်းသွင်း စည်းရုံးလို့ ရတော့မှပါ။ ၁၉၄ရ ကတည်းဘဲ ဆိုဆို ၊ ၁၉၆၂ ကဘဲ ဆိုဆို ၊ ကျွန်တော်တို့သည် အာဏာရှင် စနစ်အောက် တွင် နေထိုင်ခဲ့ကြရပြီးဒီပုတ်ထဲမှာဘဲ ကြီးပြင်း ပေါက်ဖွားလာသူ အချင်းချင်း ကိုယ်ကဘဲ ဒီမိုကရေစီ ကျင့်စဉ်နဲ့ စရိုက်တွေကို သွားပြောနေပြီး၊ ကိုယ့်ကိုယ်တိုင် ပြောဆို ကျင့်ကြံတာတွေက ဒီမိုကရေစီကို လက်မခံသော သူတွေရဲ့ အမူအကျင့် စိတ်ထားအတိုင်း ပြန်လှန်ပြောဆို လုပ်နေသ၍ မြန်မာနိုင်ငံတွင် ကျွန်တော်တို့ လိုချင် သော ဒီမိုကရေစီ ဆိုတာကတော့ လိုက်လေ ဝေးလေပါဘဲ၊ ဘာမှဖြစ်လာမှာ မဟုတ်ဘူး ဆိုတာက အခု အနှစ် ၂၀ ပြည့်ပြီးသည့် နောက်ပိုင်း သိသိသာသာ ရှင်းရှင်းကြီးကို မြင်ကြရပါသည်။

ဒီတော့ ဒီတာဝန်၊ ဒီအလုပ်တွေကို ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးက ဂိုဏ်းတွေ ၊အဖွဲ့ တွေကွဲ မနေဘဲ ၊ ပြည်ပ၊ ပြည်တွင်း မြန်မာနိုင်ငံသားတိုင်း ဒီတာဝန်တွေကို ကျေပြွန်အောင်၊ စုပေါင်း ဆောင် ရွက် ကြရင် ဖြင့်၊ အောင်မြင်မှု ပန်းတိုင်ဆိုတာက မနက်ဖြန်လို့ ပြောလို့ရမယ်လို့ ယုံကြည်ပါသည်။

ရှမ်းပဲပုတ် + ဒီး ဒီး 
Posted by ပိတောက်မြေ at 1:25:00 AM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...