Friday, July 22, 2011

"အဆက်မပြတ်စီးဆင်းနေတဲ့ Reggae ဂီတ "


Cloud Cuckoo Land created the doc:
သံစဉ် မြူးမြူးကြွကြွ လေးတွေကိုမှ ကြိုက်တတ်တဲ့ ဆယ်ကျော်သက် လူငယ်တွေအတွက် အလွမ်းအဆွေး မပါဘဲ၊ နူးညံ့တဲ့ အချစ် စာသားလေးတွေကိုသာ သံစဉ်မြူးမြူးလေးတွေနဲ့ ပေါင်းစပ်ထားတဲ့ Reggae (ရက်ဂေး)လို့ ခေါ်တဲ့ ဂီတတစ်ခု အကြောင်းကို နဖူးကနေ ခြေဖျားအထိ တင်ဆက်ပြသ ပေးလိုက်ရပါတယ်။

Reggae ဂီတဆိုတာ ၁၉၆၀ ပြည့်နှစ်အတွင်း ဂျမေကာ နိုင်ငံမှာ စတင် ပေါ်ပေါက်ခဲ့တဲ့ ဂျမေကာ နိုင်ငံသားတွေရဲ့ ရိုးရာဂီတ တစ်မျိုးပဲ ဖြစ်ပါတယ်။ Reggae  Rock Steady ဂီတနဲ့ SKA ဂီတတို့ကို ပေါင်းစပ် အခြေခံပြီး ထွက်ပေါ် လာခဲ့တာပါ။ Reggae သီချင်း သံစဉ်တွေဟာ အခြားဂီတ သံစဉ်တွေနဲ့ အနည်းငယ် ကွဲပြားပါတယ်။ Reggae သီချင်းတွေဟာ များသောအားဖြင့် အဆွေး မပါဘဲ မြူးမြူးကြွကြွ သီဆိုရတဲ့ ပုံစံတွေသာ များပါတယ်။ ဒါပေမယ့် Reggae သီချင်းတွေရဲ့ ဖွဲ့စည်းပုံတွေကတော့ အရမ်း ရိုးရှင်းပါတယ်။

တချို့ Reggae သီချင်းတွေမှာ Chord တစ်မျိုး (သို့မဟုတ်) နှစ်မျိုးတည်းကိုသာ သီချင်း တစ်ပုဒ်လုံးမှာ သုံးထားတာကို တွေ့ရတတ်ပါတယ်။ အဲဒီတော့လည်း တစ်ခါတလေမှာ Reggae သီချင်းတွေက ပျင်းစရာ ကောင်းတတ်ပါတယ်။ ဒါကို ဂရုစိုက်မိတဲ့ Reggae အနုပညာရှင်တချို့ ကတော့ Reggae သီချင်းတွေကို မြူးကြွစေဖို့ အတွက် Jazz ဂီတမှာ သုံးလေ့ရှိတဲ့ “ဆက်ဆိုဖုန်း”လို့ခေါ်တဲ့ လေမှုတ် တူရိယာ တစ်မျိုးကို သုံး လေ့ရှိ တတ်ပါတယ်။ တချို့ကလည်း နှဲကို သုံးတတ်ကြပါတယ်။ ဒါကတော့ ဟိုအရင်တုန်းကပေါ့။ အခု အချိန်မှာတော့ Reggae ဂီတ တီးဝိုင်းတွေမှာလည်း အခြားဂီတ တီးဝိုင်းတွေလိုပဲ ကီးဘုတ်၊ လိဒ်ဂစ်တာ၊ ဒရမ်နဲ့ ဘေ့စ်ဂစ်တာ အစရှိတဲ့ တူရိယာ ပစ္စည်းတွေကိုသာ အသုံး ပြုကြပါတော့တယ်။


Reggae ဂီတမှာ ပါဝင်လေ့ ရှိတဲ့ ထူးထူး ခြားခြား တူရိယာ ပစ္စည်း တစ်မျိုးကတော့ ပက်ကားရှင်းပဲ ဖြစ်ပါတယ်။ Reggae သီချင်း တစ်ပုဒ်မှာ ပက်ကားရှင်း သံစဉ်တွေသာ ပါမယ် ဆိုရင်တော့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပရိသတ်တွေကို မြူးကြွ လန်းဆန်းစေမှာပါ။

Reggae ဂီတဟာ ရိုးရှင်းတဲ့ ပုံသဏ္ဌာန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဂီတဖြစ်တဲ့ အတွက် ဘယ်လိုဂီတ သီချင်း ပုံစံမျိုးကိုမဆို Reggae နဲ့ ပေါင်းစပ်တီထွင် လိုက်လို့ ရပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့ Punk ဂီတနဲ့ Reggae ဂီတကို ပေါင်းစပ်ပြီး ဖျော်ဖြေခဲ့ကြဖူးပါတယ်။ Punk ဂီတနဲ့ Reggae ဂီတကို ပေါင်းစပ်ပြီး ဖျော်ဖြေခဲ့ကြတဲ့ ၁၉၈၀ ပြည့်နှစ်များရဲ့ အကျော်ကြားဆုံး အနုပညာရှင် တွေကတော့ Third World, Black Uhuru နဲ့ Sugar Minott အစရှိတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။
Reggae ဂီတရဲ့ရှေ့ပြေးဂီတ အဖြစ် သတ်မှတ်ခြင်း ခံရတဲ့ ဂီတ တစ်ခုကတော့ Rap ပါပဲ။ Rap နဲ့ Reggae ရဲ့ကွာခြားချက်ကတော့ Rap ဂီတဟာ စကားပြော စာသားတွေ များပြီး စာသားတွေဟာလည်း ကြမ်းတမ်းပါတယ်။ Reggae ဂီတကတော့ သံစဉ်များပြီး စာသားတွေ မြူးကြွပါတယ်။

ဒါပေမယ့် စည်းချက်တွေ၊ သီချင်း ဆိုဟန်တွေ ၀တ်စား ဆင်ယင်ပုံတွေကတော့ Reggae အနု ပညာရှင်တွေနဲ့ Rapper တွေနဲ့က အတော်လေး ဆင်တူနေတာကို တွေ့ရပါတယ်။ Reggae သီချင်းတွေထဲမှာ များသော အားဖြင့် အချစ် အကြောင်းတွေနဲ့ လူမှုရေး ပြဿနာတွေကို ဖော်ညွှန်းတဲ့ စာသားတွေကိုသာ တွေ့ရလေ့ ရှိတတ်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ Reggae ဂီတ ပေါ်ထွက်လာပြီး သိပ်မကြာ ခင်မှာဘဲ Reggae အနုပညာရှင်တွေဟာ Regga သီချင်းတွေထဲမှာ အသားရောင် ခွဲခြားခြင်းကို ဆန့်ကျင်တဲ့ အကြောင်းတွေနဲ့ လိင်တူ ဆက်ဆံခြင်းကို ရှုတ်ချတဲ့ အကြောင်းတွေကို ရေးစပ်ပြီး ပရိသတ်တွေကို ထုတ်ဖော်ပြသ ခဲ့ကြပါတယ်။

လိင်တူ ဆက်ဆံခြင်းကို ရှုတ်ချ ကန့်ကွက်တဲ့ သီချင်းတွေကို အများဆုံး သီဆိုခဲ့ကြတဲ့ အနုပညာရှင်တွေကတော့ Elephant Man, Bounty, Killer နဲ့ Beenie Man အစရှိတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်နောက် ပိုင်းကို ရောက်တဲ့ အချိန်မှာတော့ လိင်တူ ဆက်ဆံသူတွေကို စာနာထောက် ထားတဲ့အနေနဲ့ သူတို့ကို ဝေဖန်ရှုတ်ချတဲ့ သီချင်းတွေကို မရေးသင့်ဘူးလို့ Reggae အနုပညာရှင်တွေက ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။ အဲဒီ အချိန်က စပြီး လိင်တူ ဆက်ဆံခြင်းကို ကန့်ကွက်တဲ့ သီချင်းတွေကို ရပ်တန့် ပစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ရပ်တန့်လိုက်တာကို လက်မခံတဲ့ အနုပညာရှင် တချို့လည်း အခု အချိန်ထိ ရှိနေကြပါသေးတယ်။

နောက်ဆုံးတစ်ခု အနေနဲ့ Reggae ဂီတရဲ့ အခြား ဂီတတွေနဲ့ မတူဘဲ ထူးခြားနေတဲ့ အကြောင်းအရာ တစ်ခုကို ပြောပြချင်ပါသေးတယ်။ အဲဒါကတော့ Reggae ပွဲတော်တွေပါပဲ။ တချို့နိုင်ငံတွေမှာ Reggae ပွဲတော်တွေကို တစ်နှစ်တစ်ခါ ကျင်းပ တတ်ကြတယ်လို့ သိရပါတယ်။ ဆွီဒင် နိုင်ငံမှာ ဆိုရင် ဟိုးအရင်ကတည်းက Reggae ဂီတ ပွဲတော်တွေကို ကျင်းပလေ့ ရှိကြပြီး အဲဒီ ပွဲတော်တွေကို လာရောက် လေ့လာတဲ့ နိုင်ငံခြားသား ဧည့်သည် အပေါင်းကလည်း လူဦးရေ ၁၅၀၀၀၀ ကျော်လောက်ရှိတယ်လို့ မှတ်သား ရဖူးပါတယ်။ Reggae ဂီတဟာ အဲဒီလို ဂျမေကာ နိုင်ငံကနေ အစပြု မြစ်ဖျားခံပြီး နိုင်ငံ အနှံ့အပြားမှာ ရှိတဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဆက်လက် စီးဝင် လာခဲ့ပါတယ်။

 စိမ့်စိမ့်လွင်ဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...