Friday, July 22, 2011

ပုံပြင်တစ်ပုဒ် အတွေးတစ်စ

by Wai Maw on Friday, July 22, 2011 at 6:50am

- ဝေမော် -18,7, 2011။-

မိတ်ဆွေကြီးတစ်ဦး အမှတ်တမဲ့ပြောပြဖူးတဲ့ စကားဥပမာလေးတစ်ခုက ကျနော့ခေါင်းထဲမှာ ဒီနေ့ဒီအချိန် အထိ နေရာယူလွှမ်းမိုးနေဆဲ… အတွေးနယ်ချဲ့လို့ကောင်းနေဆဲ ပဟေဠိတစ်ခုလိုဖြစ်နေတယ်…။


သူက-
“မြေခွေးနဲ့ငှက်ကျား အပြန်အလှန်ရေတိုက်တဲ့ပုံပြင်ကို မင်းကြားဖူးသလား” တဲ့။ ဆက်ပြီးတော့“ ငှက်ကျားက မြေခွေးကို သူသောက်နေကျ ကျည်တောက်ထဲရေထည့်ပြီး ဧည့်ခံတယ်။ မြေခွေးကလည်း သူစားနေကျ ပန်းကန်ပြားထဲကို ရေထည့်ပြီး ငှက်ကျားကိုဧည့်ခံပြန်ရော။

အပြန်အလှန်ဧည့်ဝတ်ပြုကြတာလေ။
ဒါပေမယ့်… သူတို့နှစ်ဦးလုံး ရေ၀အောင် သောက်လို့မရကြဘူးကွ။ မြန်မာ့နိုင်ငံရေးက အဲ့လိုဖြစ်နေတယ်” တဲ့။


သူပြောလိုက်တဲ့စကားကရှေ့နောက်အဆက်အစပ်မရှိ၊ ရုတ်တရက် ဘာကိုဆိုလိုမှန်း ကျနော်နားမလည်ခဲ့ဘူး…
စဉ်းစားလေ ဦးနှောက်ရှုပ်လေ ခေါင်းပူလာလေ ဖြစ်ရတယ်။

နောက်တော့ (ယခုအချိန်မှဆိုပါတော့) နည်းနည်း သဘောပေါက် မိလာတယ်။
ဖြစ်တတ်တဲ့ သဘောကို ခိုင်းနှိုင်းတင်စားထားတာလို့ မှန်းဆမိလာတယ်။

ငှက်ကျားရေသောက်တဲ့ ကျည်တောက်ဆိုတာက ခပ်ရှည်ရှည် ဇောက်နက်နက် ပုံစံမျိုးနေမှာဆိုတော့ ရေနည်းနည်းလောက်လျော့ သွားတာနဲ့ မြေခွေးရဲ့နှာခေါင်း မီဖို့ခပ်ခက်ခက်…
မြေခွေးစားနေကျ ပန်းကန်ပြားကျပြန်တော့ ခပ်ပက်ပက် ဗျက်ကျယ်ကျယ်၊
ငှက်ကျားရဲ့ နှုတ်သီးရှည်ရှည်ကြီးနဲ့ ဘယ်လို အဆင်ပြေနိုင်ပါ့မလဲ…

မြေခွေးထက်ပိုပြီး ဒုက္ခရောက်နေမှာ သေချာတယ်။ ဒီတော့ အပြန်အလှန် စေတနာ ထားပြီး ဧည့်ဝတ်ပြုကြပေမယ့်.. တစ်ဦးရဲ့ လိုအပ်ချက်နဲ့ အခက်အခဲကို ကျန်တစ်ဦးက နားမလည်တော့.. ပေးကားပေး၏ မရ။
ကျွေးကားကျွေး၏ မ၀… ဆိုသလိုဖြစ်နေပါလေရော…

နှစ်ဦးနှစ်ဖက်ပြေလည်ရေးဆိုရာမှာ… ကိုယ့်ဖက်က လောဘတွေ မာန်မာနတရားတွေ ဖယ်ရှားပစ်လိုက်ရုံနဲ့ မလုံလောက်သေးဘူးလို့ယူဆပါတယ်..
သူ့ဖက်က လိုလိုချင်ချင် ဖြစ်လာအောင်၊ အပေးအယူ အတိုးအလျှော့နဲ့ ဈေးဆစ်လို့ရလာအောင်၊ ပြေလည်ရေးကိုဦးတည်လို့ရအောင်… သူ့ဖက်မှာဘာတွေ အခက်အခဲရှိနေလဲ… သူ့လိုအင်ဆန္ဒနဲ့ လိုအပ်ချက်က ဘာတွေလဲ ဆိုတာ.. ကိုယ်ကသိအောင် လုပ်ထားဖို့လည်း လိုအပ်လိမ့်မယ် ထင်ပါတယ်။

( မိတ်ကောင်းဆွေကောင်း အပြုသဘောဆောင်တဲ့ စေ့စပ်ဆွေးနွေးမှုမှာ ဒီလိုလုပ်ဟန်တွေ လိုအပ်သလို ယှဉ်ပြိုင်အနိုင်ယူရမယ့်နေရာမှာတော့ တဘက်လူရဲ့ အားနည်းချက်၊အားသာချက်ကို သိထားဖို့ အရေးကြီး ပါတယ်။)

ဒါကြောင့်မို့.. အောင်ဆန်း-အက်တလီစာချုပ် မချုပ်ဆိုခင်မှာ အင်္ဂလိပ်အစိုးရက သူတို့လက်ထက်မှာ အမှုထမ်းခဲ့ သူတွေအတွက် ပင်စင်လစာပေးဖို့ကိစ္စနဲ့ အချို့လျော်ကြေးတွေပေးဖို့ကိစ္စတွေ ဈေးဆစ်တောင်းဆိုလာတာကို ဗိုလ်ချုပ်ကလိုက်လျောပေးခဲ့တာဟာ တိုင်းပြည်လွတ်လပ်ရေး ရဖို့ ငြိမ်းငြိမ်း ချမ်းချမ်း ဆောင်ရွက်လိုတဲ့ အမြော် အမြင်တွေကြောင့် ဖြစ်နိုင်ပါတယ်…။

ဒါဟာ ဗိုလ်ချုပ်ရဲ့စံနမူနာပြုဖွယ် ခေါင်းဆောင်မှုအင်္ဂါရပ်များစွာ ထဲက တစ်ခုဖြစ်ပါတယ်။

ဗိုလ်ချုပ်က စေ့စပ်ဆွေးနွေးရမယ့်အချိန်မှာ အပေးအယူအလျှော့အတင်းသဘောကို ကောင်းစွာနားလည်ပြီး သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်ရမယ့် အခါမျိုးမှာတော့ တစ်ဘက်ရဲ့ အားနည်းချက်ကိုမြင်အောင်ကြည့်တတ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပွဲအစမှာ အင်အားကြီးတဲ့ကိုလိုနီအင်္ဂလိပ်ကို မောင်းထုတ်ဖို့ ဖက်ဆစ်ဂျပန်နဲ့ ပေါင်းခဲ့တာ၊ ဖက်ဆစ်ဂျပန်ကိုပြန်တွန်းလှန်ဖို့ အင်္ဂလိပ်တွေနဲ့ မဟာမိတ်ပြုနိုင်ခဲ့တာတွေဟာ တိုင်းပြည်လွတ်လပ်ရေး အတွက်ကြိုးပမ်းရာမှာ ကိုယ့်ထက် အင်အားကြီးသူနဲ့ ယှဉ်ပြိုင်နိုင်ဖို့ လက်တွေ့ကျကျ ဖော်ဆောင်ခဲ့တဲ့ နည်းပရိယာယ် များပဲ ဖြစ်ပါတယ်။

နောက်ဆုံး အင်္ဂလိပ်နဲ့ လွတ်လပ်ရေးကိစ္စဆွေးနွေးချိန်မှာ ဗြိတိသျှအစိုးရဟာ ဒုတိယကမ္ဘာစစ်ပမ်းနေတဲ့တိုင် မြန်မာတွေထက်များစွာ အင်အားကြီးမားနေဆဲပါ။

ဒါကြောင့်မို့လည်း ပြီးသင့်တဲ့ကိစ္စမြန်မြန်ပြီးပြတ်အောင် ဗိုလ်ချုပ်က လိုက်လျောအလျှော့ပေးခဲ့တာပါ။
ဆွေးနွေးရာမှာ တန်းတူ ရည်တူ မဟုတ်သော်လည်း ကိုယ့်ဖက်က ပါးနပ်လိမ္မာသလောက် ကိုယ့်ရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်တာတွေ့ရပါတယ်။

ဒါကို မှန်မှန်ကန်ကန် နားမလည်ခဲ့တဲ့ လက်ဝဲစွန်းအတွေးသမားတွေကြောင့် တိုင်းပြည်နစ်နာခဲ့ရပါတယ်။
ဗိုလ်ချုပ်ခမျာ အတွေးအခေါ်စွဲ၊ ဂိုဏ်းဂဏစွဲကြီးမား သူတွေအကြား လက်ဝဲညီညွှတ်ရေး ရဖို့ကြိုးပမ်းရင်း လမ်းခုလတ်မှာ ရေတိမ်နစ်ခဲ့ရ ရှာပါတယ်။

(မြန်မာ့နိုင်ငံရေးလောကကိုလည်း အယူအဆချင်း မတူကြပေမယ့် လက်ဝဲအင်အားစုများကသာ လွှမ်းမိုးထားနိုင်ခဲ့တာကိုး) တောင်အာဖရိကနိုင်ငံက နယ်လ်ဆင် မင်ဒဲလား လူဖြူသမ္မတ ဒီကလပ်နဲ့ဆွေးနွေးခဲ့စဉ်က ဗိုလ်ချုပ်လိုကံကြမ္မာမျိုးကြုံတွေ့ခဲ့ရဖူးပါတယ်။

ဒါပေမယ့် ANC ပါတီ တွင်းက သူ့ရဲဘော်တွေကိုအချိန်ယူပြီး အကျေအလည် ညှိနှိုင်းဆွေးနွေးနားချနိုင်ခဲ့တာမို့ သမ္မတအဖြစ်နဲ့ နိုင်ငံကို ဦးဆောင်လမ်းညွှန် နိုင်ခဲ့တာပါ။

ဖြစ်ပေါ်လာတဲ့ အခွင့်အလမ်းကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ပြီး အခြေအနေအချိန်အခါနဲ့ လျော်ညီတဲ့ လက်တွေ့ လုပ်ငန်းစဉ်တွေ ချမှတ် အကောင်အထည်ဖော် ကျင့်သုံးနိုင်တဲ့နေရာမှာ ဗိုလ်ချုပ်ကို မီတဲ့သူ မြန်မာပြည်မှာ မပေါ် ပေါက်သေးပါဘူး။

လက်ရှိအချိန်မှာ အမေရိက၊ဥရောပသမဂ္ဂတို့နဲ့ မြန်မာအစိုးရအကြား နိုင်ငံရေး ဈေးဆစ်မှုတွေ ရှိနေတယ်။

နှစ်ဘက်စလုံးက မှန်မှန်ကန်ကန်မြင်တတ်မယ်၊ အပေးအယူအလျှော့အတင်း လုပ်နိုင်မယ် ဆိုရင်တော့ မြန်မာပြည်သူတွေ အတွက် ကောင်းကျိုးတွေ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိပါတယ်။

ပြည်တွင်းမှာလည်း ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှစ်ဦးနှစ်ဘက်၊ သုံးဦးသုံးဘက်၊ အလွှာစုံပါဝင်တဲ့ ဆွေးနွေး ညှိနှိုင်းစရာ ပြဿနာတွေက အများကြီး ရှိနေတာပါ။

ဒီနေရာမှာ မျက်မှန်စိမ်းတွေ အပြိုင်ဖြုတ်ကြဖို့ တိုက်တွန်းနေသူတွေလည်း ရှိပါတယ်။
ကျနော်တွေးမိသလောက် တော့ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် ပုတ်ခတ်စွပ်စွဲ အမြင်လွဲနေကြမှ မျက်မှန်စိမ်း တပ်တယ်လို့ ပြောနိုင် တာမဟုတ်ဘဲ အပြန်အလှန် အကောင်းမြင် စေတနာထားကြတယ်ဆိုရင်တောင်မှ အခြားတစ်ဘက်ရဲ့ လိုအပ်ချက်၊လိုလားချက်နဲ့ ကွဲပြားတဲ့ အတန်းအစား တွေကို မြင်အောင်ကြည့်ဖို့ သိအောင်လုပ်ဖို့ ပျက်ကွက် နေတယ်ဆိုရင် ကိုယ့်ရဲ့အမြင်က မျက်မှန်စိမ်းတပ်ထားသလို ဖြစ်နေနိုင်ပါသေးတယ်။

ဟိုတလောတုန်းက ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တာလည်းရှိပါတယ်။
အစိုးရနဲ့ဆွေးနွေးရေးကိစ္စမှာ “ဘယ်သူ့ဘက်က ဘယ်လောက်လိုက်လျောပေးနိုင်သလဲ၊ အလျှော့ပေး နိုင်တာချင်း ပြိုင်ကြရအောင်”တဲ့။

ဒါဟာဘယ်သူကပြည်သူလူထုအကျိုးစီးပွားကို ဘယ်လောက်ထိမျက်နှာမူနိုင်လဲဆိုတာ ကိုယ်နဲ့ဆွေးနွေး ဘက် အပေါ် သတ္တိရှိရှိ အကဲစမ်း စိန်ခေါ်လိုက်တာ ဖြစ်ပုံရပါတယ်။

ခုချိန်မှာ ဒေါ်စုရဲ့ကမ်းလှမ်းချက်ကို တပ်မတော် ထဲက ခိုင်လုံတဲ့အင်အားစုတစ်ရပ်ကသာ ကျေနပ်လက်ခံလိုက်ရင် ဆွေးနွေးပွဲစကားဝိုင်းပေါ် ရောက်လာနိုင် ပါတယ်။

မြန်မာပြည်က အာဏာရှင်အစိုးရအဆက်ဆက်ဟာ တပ်မတော်ကိုအမာခံကျောရိုး ပြုပြီး ဖိနှိပ် ချုပ်ချယ်တာမို့ တပ်မတော်တွင်းကို ထိုးဖောက်စည်းရုံးနိုင်မှသာ ကိုယ့်ဖက်က အင်အားရှိမှာဖြစ်တယ်လို့ ယူဆမိပါတယ်။

ခေါင်းမာသူတွေ နှစ်ဘက်လုံးမှာရှိနိုင်ပါတယ်။ သူတို့ကို ကျော်လွှားပစ်နိုင်မှ အကျိုးရှိတဲ့ ဆွေးနွေးမှုဆီကို ဦးတည်နိုင်မှာပါ။
ဒေါ်စုရဲ့ဦးဆောင်မှုအောက်မှာ ပြတ်သားတဲ့ပြောင်းလဲမှုတွေ မြင်တွေ့ရလိမ့် မယ်လို့ မြန်မာပြည်သူတွေ ယုံကြည်မျှော်လင့်နေပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်ခေါင်းဆောင်တွေဦးစီးတဲ့ အင်အားစုက တိုင်းပြည်အာဏာကို နည်းအမျိုးမျိုးသုံးပြီးရယူ လာတာ နှစ်ပေါင်း(၅၀)ရှိပါပြီ။ ဒါပေမယ့် ပြည်သူလူထုထောက်ခံမှုကို ဘယ်တုန်းကမှ ပြောပလောက်အောင် မရခဲ့ပါဘူး။

ပြည်သူ့အကျိုးစီးပွားကို အလေးထားမဆောင်ရွက်သမျှ ပြည်သူတွေက ထောက်ခံမှာ မဟုတ်ပါဘူး။
အတိုက်အခံ တွေဘက်ကကျတော့ ပြည်သူလူထုရဲ့ နှလုံးသားကို အမိအရဖမ်းယူဆုပ်ကိုင်ထားနိုင်တယ်။
အာဏာကိုတော့ ရအောင်မယူနိုင်ပြန်ဘူး။

လွန်ခဲ့တဲ့ငါးနှစ်လောက်က ဒေါက်တာတင်မောင်သန်း( ယခု VOA ) ပြောခဲ့ဖူးတဲ့ “ပြားငါးဆယ် နိုင်ငံရေး” ဆိုတဲ့ အသုံးအနှုန်းတစ်ခုကို သွားသတိရမိပါတယ်။
အာဏာနဲ့လူထုထောက်ခံမှု ဘက်တစ်ဘက်စီမှာ တကယ်ပဲ အညီအမျှရှိနေတာလား..။

ကျနော်ဥာဏ်မီသလောက် ရောက်တတ်ရာရာတွေးကြည့်မိတာပါ….။

လေးစားလျှက်
ရေးသူ...ဝေမော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...