Thursday, July 28, 2011

"မှန်ရာကို ပြောဆိုခြင်း"

created the doc: "မှန်ရာကို ပြောဆိုခြင်း"
Cloud Cuckoo Land created the doc:
လူတို့သည် အမှန်တရားကို တန်ဖိုးထားကြသည်။ သို့ဖြစ်၍ ပြောဆိုငြင်းခုံကြရာတွင် “အမှန်အတိုင်း ပြောပါ။ အမှန်အတိုင်းပြောတာပါ”ဟု ပြောဆိုကြခြင်းဖြစ်သည်။ မဟုတ်မမှန် ပြောဆိုသူများကပင်လျှင် မိမိသည် အမှန်တရားကို မြတ်နိုးသူဖြစ်၍ အမှန်တရားဘက်ကသာ ရပ်တည်ကြောင်း ပြောဆိုတတ်ကြသည်။  
အမှန်တရားကို လက်ကိုင်ထားသူများအား လူအများက လေးစားကြသည်ဖြစ်၍ အမှန်တရားနှင့် ကင်းကွာသူများကပင် အမှန်တရား၏ ဘက်တော်သားဖြစ်သည်ဟု ပြောဆိုကြခြင်းဖြစ်သည်။
အမှန်ကို ဆိုရသော် သီလသမာဓိဂုဏ် ပြည့်စုံသူနှင့် ရိုး သားဖြောင့်မတ် တည်ကြည်သူတို့ သာလျှင် အမှန်တရားကို လက် ကိုင်ထားနိုင်ကြသည်။ ပညာရှိပင် ဖြစ်သော်လည်း မိမိ၏ဆန္ဒအတိုင်း ပြီးမြောက်ရေးအတွက် အမှန်တ ရားနှင့် ကင်းကွာတတ်ကြသည်။ ရံဖန်ရံခါတွင် မှန်သည့်ဘက်က ရပ်တည်သည့်အတွက် အပြစ်တင် ခြင်းနှင့် မုန်းတီးခြင်းတို့ကို ခံရ တတ်သည်။ သီလသမာဓိဂုဏ်နှင့် ပြည့်စုံသူတို့ကမူ ကဲ့ရဲ့ခြင်းနှင့် ချီး မွမ်းခြင်းတို့ကြောင့် စိတ်တွင် ခံစား မှုတစ်စုံတစ်ရာ မရှိကြချေ။
ရေးကြပြောကြရာတွင် အမှန်ဆိုသည့်စကားကို သဲသဲကွဲကွဲ သဘောပေါက်နားလည်ရန်လိုအပ် သည်။ လူအများက အကြောင်းအ ရာတစ်ခုကို မှန်သည်ဟုယူဆလျှင် ယင်းအကြောင်းအရာသည် အမှန် ဖြစ်သည်ဟု လွယ်ကူစွာလက်ခံသူများရှိသည်။ အများ က မှန်သည်ဆိုရုံမျှနှင့်မှန်သည်ဟု လှေနံဓားထစ်လက်ခံ ၍ မရချေ။ လူအများစုလည်း မှားတတ်သောအခါများ ရှိတတ်သည်မဟုတ်ပါလား။ သို့ဖြစ်၍ အမှန်ဆိုသည် မှာ အဘယ်နည်းဟု ဆင်ခြင်သုံးသပ်သင့်ပါသည်။

လူအများက အမှန်ဟု ထင်မြင်သည့် အကြောင်းအရာသည် အမှန်ဖြစ်သည်ဟူသော အယူ အဆမှာ အမှန်ဆိုသည့်သဘောတရား၏ ရှင်းလင်း ချက်မဟုတ်ချေ။ အကြောင်းအရာတစ်ခုမှန်သည်ဆို သည့်အမှတ်လက္ခဏာတစ်ရပ်မျှသာဖြစ်သည်။ လူ အများ၏ ထင်မြင်ချက်ဖြစ်သဖြင့် အကောင်းဆုံး အမှတ်လက္ခဏာဖြစ်သည်ဟု ဆိုနိုင်သည်။ ကိစ္စတစ် ရပ်တွင် အများစုက မှန်သည်ဟု သတ်မှတ်သည့်အခါ ဟုတ်မှန်ရန် အလားအလာရှိကြောင်း ဖော်ညွှန်းချက်တစ်ခုမျှသာဖြစ်သည် ဟုဆိုနိုင်သည်။ ယင်းဖော်ညွှန်းချက် က အကြောင်းအရာတစ်ခုသည် အမှန် ဖြစ်ကြောင်း ထင်ရှားပေါ်လွင်စွာ မဖြေရှင်းနိုင်ချေ။

လူအများ ရေးကြပြောကြရာ တွင် အမှန်၏ သဘောသဘာဝကို ရှင်းလင်းစွာ သဘောပေါက်နားလည် နိုင်စေရန် လိမ်လည်ခြင်းဆိုသည်မှာ အဘယ်နည်းဟု စဉ်းစားသင့်သည်။ လူတစ်ယောက်သည် အမှန်တရား ကို တစ်ကြိမ်တစ်ခါမျှ လိုက်နာကျင့်သုံးခြင်းမရှိဘဲ၊ မိမိ သည် အမှန်တရားကို မြတ်နိုးစွာလက်ခံကျင့်သုံးကြောင်း ပြောလျှင် ထိုသူလိမ်လည်ပြောဆိုခြင်းဖြစ်သည်။ ထို့ထက် လွယ်ကူသော ဥပမာတစ်ခုကိုကြည့်ပါဦး။ မုန့်ပုံးထဲမှ မုန့်များကို ယူစားခဲ့ပါသလားဟု မိခင်က သားငယ် အားမေး၏။ သားငယ်သည် မုန့်များကို ယူစားခဲ့ပါ လျက် မစားခဲ့ပါဟုဖြေ၏။ မိမိစားခဲ့ပါလျက် မစားခဲ့ပါ ဟုဖြေခြင်းသည် လိမ်လည်ပြောဆိုခြင်းဖြစ်၏။

ယခုလိမ်လည်ပြောဆိုခြင်းကို ရှင်းလင်းစွာ သဘောပေါက်နားလည်နိုင်ပြီဖြစ်သည်။ မိမိအမှန် တကယ်လုပ်ခဲ့ပါလျက် မလုပ်ခဲ့ပါဟု ပြောဆိုခြင်းသည် လိမ်လည်ပြောဆိုခြင်းဖြစ်၏။ အလားတူပင် မိမိ အမှန် တကယ်မလုပ်ခဲ့ဘဲ လုပ်ခဲ့သည်ဟု ပြောဆိုခြင်းသည် လည်း လိမ်လည်ပြောဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ဆိုရသော် မိမိအမှန်တကယ်သိခြင်း သို့မဟုတ် လုပ် ခြင်းနှင့်ဆန့်ကျင်ဘက်ကို ပြောဆိုခြင်းသည် လိမ်လည် ပြောဆိုခြင်းဖြစ်သည်။
လိမ်လည်ပြောဆိုခြင်းသည် ရိုးသားစွာ မှားယွင်းပြောဆိုခြင်းမဟုတ်ချေ။ လိမ်လည်ပြောဆို ခြင်းသည် မိမိ၏လိုအင်ဆန္ဒပြီးမြောက်စေရန် ရည်ရွယ် ချက်အမှန်၏ဆန့်ကျင်ဘက်(အမှား)ကို ပြောဆိုခြင်းဖြစ် သည်။ ရိုးသားစွာ မှားယွင်းခြင်းဆိုသည်မှာ မိမိကိုယ် တိုင် အမှန်ကို အမှားဟူ၍၊ အမှားကို အမှန်ဟူ၍ လွဲမှားစွာ ယုံကြည်နေရာ ယုံကြည်သည့်အတိုင်း ပြော ဆိုခဲ့ခြင်းမျှသာဖြစ်သည်။ ဥပမာ-ဘောလုံးပွဲတစ်ခုတွင် ရှုပ်ထွေးနေသောအခြေအနေ၌ ဒိုင်လူကြီးသည် ပြိုင်ပွဲ ၀င်ကစားသမားတစ်ဦးအား အပြစ်ရှိသည်ဟု အမှန်တ ကယ်ယုံကြည်ပြီး ပြိုင်ပွဲမှ ထုတ်ပစ်လိုက်သည်။ အမှန် စင်စစ် ထိုကစားသမားသည် အပြစ်တစ်စုံတစ်ရာ ကျူး လွန်ခဲ့ခြင်းမရှိချေ။ ဤနေရာတွင် ဒိုင်လူကြီးသည် မှား ယွင်းခဲ့၏။ ယင်းသည် ရိုးသားစွာ မှားယွင်းခဲ့ခြင်းဖြစ် သည်။

အမှန်နှင့်အမှားကို ပြန်၍ကောက်ရမည်ဆို လျှင် လူတို့ရေးသားပြောဆိုကြရာ၌ မှန်သည်ဆိုသည့် အကြောင်းခြင်းရာသည် အမှန်တကယ်ဖြစ်ပျက်နေ သည့် အကြောင်းအချက်နှင့်ညီညွတ်ရမည်ဖြစ်သည်။ တစ်နည်းဆိုရသော် ရေးသားပြောဆိုသည့်အတိုင်း အမှန်တကယ်ဖြစ်ပျက်နေရမည်ဖြစ်သည်။ ယင်းသို့ မဟုတ်ပါက မှားယွင်းသည့် ရေးသားပြောဆိုချက်ဖြစ် ကြောင်း မှတ်ယူရမည်ဖြစ်သည်။
အမှန်၏ ဆိုလိုရင်းကို သဘောပေါက်နား လည်လောက်ပြီဟု ယူဆပါသည်။ အမှန်၏ အဓိပ္ပာယ် ကို ရှင်းလင်းရသည်မှာ လွယ်ကူသည်ဟုဆိုနိုင်ပါသည်။
ရှင်းလင်းချက်ကို သဘောပေါက်နားလည်ရန်လည်း မခက်လှကြောင်း တွေ့ရမည်ဖြစ်သည်။ အမှန်၏ အဓိ ပ္ပာယ်ကို လွယ်ကူစွာ ရှင်းလင်းဖော်ပြနိုင်သော်လည်း ရေးသားထားသည့် အကြောင်းအရာတစ်ခု သို့မဟုတ် နှုတ်မှပြောဆိုသည့်အကြောင်းအရာတစ်ခုမှန်ကန်ကြောင်း မည်သို့သိရှိနိုင်မည်နည်း။

ဤမေးခွန်းကို ပြောဆိုရန် အားထုတ်ရာ၌ နည်းလမ်းသုံးမျိုးရှိသည်ဟု ဆိုပါသည်။ ပထမနည်းမှာ ရေးသားပြောဆိုသည့်အချက်သည် အလိုအလျောက် ပေါ်လွင်ခြင်းရှိမရှိ စိစစ်ရန် ဖြစ်သည်။ ဥပမာ-စက်ဝိုင်း တစ်ခုသည် ယင်း၏ အစိတ်အပိုင်းတစ်ခုထက်ကြီး သည်ဆိုသည့် ရေးသားပြောဆိုမှုမျိုးဖြစ်သည်။ စက် ၀ိုင်းသည် ယင်း၏ အစိတ်အပိုင်းထက် ကြီးသည်ဆို သည့် အချက်ကိုထူးထူးခြားခြားစဉ်းစားရန်မလိုဘဲ သိ ရှိနိုင်သည်။ အမှန်ကို တိုက်ရိုက်ဖော်ပြထားသည်ဖြစ် ၍ ထူးထူးခြားခြားစဉ်းစားရန် မလိုတော့ကြောင်း တွေ့ ရှိနိုင်သည်။
ဒုတိယနည်းမှာ အတွေ့အကြုံရှိခြင်းသို့မဟုတ် လေ့လာမှတ်သားထားခြင်းဖြင့် စိစစ်သည့်နည်းဖြစ်သည် ဟု ဆိုပါသည်။ ဥပမာ-ကုန်ခဲ့သည့် မိုးတွင်းက မြို့တစ် မြို့တွင် ရေသုံးကြိမ်ကြီးခဲ့သည်ဆိုသည့် ရေးသားပြော ဆိုမှုမျိုးကို စိစစ်ရန်ဖြစ်သည်။ ကုန်ခဲ့သည့် မိုးတွင်းက ရေကြီးသည့်မြို့များကို စနစ်တကျမှတ်တမ်းတင်ထား ခဲ့မည်ဆိုလျှင် ဖော်ပြပါရေးသားပြောဆိုချက်မှန်မမှန် အလွယ်တကူစိစစ်နိုင်မည်ဖြစ်သည်။ 

မိမိကိုယ်တိုင်မှတ် တမ်းမတင်ခဲ့လျှင်လည်း သက်ဆိုင်ရာ မိုးလေ၀သဌာန နှင့်ညှိနှိုင်းခြင်းဖြင့် သိရှိနိုင်သည်။
တတိယနည်းက ပထမနှင့် ဒုတိယနည်းတို့ ထက်ပို၍ခက်သည်။ ဥပမာ-ယခုနှစ်ကျင်းပမည့် တက္က သိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တက္ကသိုလ် အသင်းဗိုလ်စွဲနိုင်မည်လားဆိုသည့် ရေးသားပြောဆို မှုမျိုးဖြစ်သည်။ မည်သူမျှ တိတိကျကျပြောနိုင်မည့် ကိစ္စမျိုးမဟုတ်ချေ။ ဤနေရာတွင် လူတစ်ယောက်၏ အလေ့အကျင့်နှင့် ၀ါသနာထုံမှုတို့က အရေးပါသည်။ ဘောလုံးဝါသနာအိုးတစ်ယောက်သည် သက်ဆိုင်ရာ ဘောလုံးအသင်းများ၏ ဇွဲလုံ့လနှင့်ကြိုတင်ပြင်ဆင် ထားမှုများကို လေ့လာသိရှိထားမည်ဖြစ်သည်။ အခြား လေ့လာထားသူများထံချဉ်းကပ်၍ မေးမြန်းမည်လည်း ဖြစ်သည်။ ကျွမ်းကျင်သူအများစုက ရန်ကုန်တက္ကသိုလ် အသင်း ဗိုလ်စွဲမည်ဟု ယုံကြည်ကြလျှင် ယင်းအတိုင်း အမှန်ဟူ၍ မှတ်ယူသင့်သည်။ သို့ရာတွင် အများ၏ ယူဆချက်သည် အမှန်ဖြစ်သည်ဟု မှတ်ယူ၍မရချေ။ ဤကိစ္စမျိုးတွင် ပွဲပြီးမှ ရေးသားပြောဆိုချက်မှန်မမှန် ကို သိနိုင်မည်ဖြစ်သည်။

မည်သည့်အနေအထားမျိုးကို အမှန်ဟု ခေါ်ဆိုကြောင်း ရှင်းလင်းချက်ပေးရသည်မှာ လွယ်ကူ သော်လည်း ရေးသားပြောဆိုချက်တစ်ခု မှန်မမှန်စိစစ် ရသည်မှာ အလွန်ခက်ကြောင်း ပညာရှိများ အသိအမှတ် ပြုကြသည်။ အမှန်တရားကို လက်ကိုင်ထား၍ ကိုယ်တိုင် လိုက်နာကျင့်သုံးရန်မှာ အခက်ဆုံးဖြစ်သည်ဟုလည်း ပညာရှိများက ဆိုပါသည်

ဘုန်းလူလှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...