Friday, July 29, 2011

ကျွန်မသိတဲ့ အချစ်စစ်ဆိုတာ...

by ဆောင်း နှင်းပွင့် on Friday, July 29, 2011 at 1:56am

ကျွန်မအရင်က ဒီခေါင်းစဉ်လေးနဲ့ ပို့စ်တစ်ပုဒ်ရေးဖူးပါတယ်။ အဲဒီတုန်းက ရေးခဲ့တဲ့ အကြောင်းအရာတွေက အရင်ကဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးကို ရေးသားထားတာဖြစ်ပြီး အခုရေးသားမယ့် အကြောင်းအရာကလည်း တကယ့်ကို လက်တွေ့မှာဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။  အကြောင်းအမျိုးမျိုးကြောင့် စာမရေးနိုင်ဘဲ ကြန့်ကြာခဲ့တဲ့ အချိန်တွေကို စိတ်ရှည်သီးခံစွာ စောင့်ဆိုင်းပြီး အားပေးခဲ့ကြတဲ့ Rukia ကိုချစ်တဲ့ စာဖတ်ပရိတ်သတ်တွေကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။


          “ဖြူဖြူ……မပြီးသေးဘူးလား မြန်မြန်လာလေ။  ကျောင်းနောက်ကျတော့မယ်။”
အသံကိုကြားလိုက်ရတည်းက လင်းထိုက် အသံမှန်း  ဖြူစင် တစ်ယောက်သိလိုက်သည်။
“လာပါပြီ…..နင်ကလည်း ခဏစောင့်တာမဟုတ်ဘူး။  အိမ်ရှေ့ကနေ အသားကုန်အော်နေတယ်။”
“ငါအော်တယ်ဆိုတာက ငါရောက်နေတာ နင်မကြားမှာဆိုးလို့……ဟီ..ဟီး”
လင်းထိုက်က စပ်ဖြီးဖြီးနှင့် ပြန်ဖြေတယ်။
“အော်တယ်ဆိုလည်း နင့်ဟာ တော်ရုံပေါ့ဟ၊ အခုဟာ အော်ရုံတင်မကဘဲ ဆိုင်ကယ်လီဗာသံကြီးကလည်း ဟိန်းနေတာပဲ”
  ဟုပြောပြီး ဖြူဖြူက လင်းထိုက်ကို မျက်စောင်းထိုးလိုက်တယ်။ ဖြူဖြူတို့နေတဲ့ မြို့လေးက တောဘက်နည်းနည်း ကျတယ်။ နယ်ဖြစ်ပြီး တောစပ်နားနည်းနည်းရောက်တာက တစ်ကြောင်း၊ သိပ်ပြီး ပြည့်စုံလှတဲ့ မြို့လည်း မဟုတ်တာက တစ်ကြောင်းမို့လို့  ကျောင်းသွားကျောင်းတက်ကို စက်ဘီး၊ ဆိုင်ကယ်က များသည်။ သာမာန်လူတန်းစားအဖို့ ကျောင်းကို စက်ဘီးဖြင့်သာ တက်နိုင်တယ်။ ဖြူဖြူနှင့် လင်းထိုက်တို့က ငယ်ငယ်ကတည်း သူငယ်ချင်းတွေဖြစ်ပြီး အိမ်က လူကြီးချင်းတွေကလည်း သူတို့နှစ်ယောက်ကို အရွယ်ရောက်ရင်ပေးစားကြဖို့ အားလုံးက ပြောပြီးဆိုပြီးသား။  ဒါကြောင့်မို့လို့ သူတို့အတွဲကို အမြဲတမ်းသွားအတူလာအတူ တွေ့ရသည်က များသည်။ မြင်သူတိုင်းလည်း အားကျလောက်အောင်ကို သူတို့အတွဲက သိပ်ကို လိုက်ဖက်သည့် နတ်ဖက်သည့်စုံတွဲလိုပင်။  မိဘဆွေမျိုး အသိုင်းအ၀ိုင်းကလည်း နှစ်ဖက်စလုံးက ပြေပြေလည်လည်ရှိကြသည်။ ဒါတင်မကသေး သူတို့အတွဲက ပညာရေးဘက်မှာလည်း မညံ့ခဲ့ပေ။ နှစ်ယောက်သားက အမြဲတမ်း စာသင်ခန်းရဲ့ အဆင့်တစ်ကနေသုံးအတွင်းက ဘယ်တော့မှမကျခဲ့ပေ။ ထို့ကြောင့် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းသာမက ကျောင်းရှိဆရာဆရာမများရဲ့ အချစ်ကိုပါရရှိကြသည့် လူတိုင်းအားကျလောက်သည့် စုံတွဲဖြစ်ခဲ့သည်။
          လင်းထိုက်နှင့်ဖြူဖြူက ငယ်ငယ်ကလေးတည်းက အတူတူသွား၊အတူတူစားပင်။ သူတို့နှစ်ဦး ရန်ဖြစ်သည်ဆိုတာကလည်း မကြားရသလောက်ကိုပင် သိပ်ကိုတည့်ကြသည်။ နှစ်ယောက်စလုံးကလည်း ပွင့်ပွင့်လင်းလင်းနှင့်ချစ်စရာကောင်းသည်။ သိပ်ကို ပြည့်စုံလွန်းတော့လည်း လောကကြီးက ကြည့်မရဘူးဖြစ်ပါရဲ့။
“ဖြူဖြူ”   လင်းထိုက်၏ ခေါ်သံကြောင့် စာရေးနေရင်း ဖြူစင်က ခေါင်းလေး မော့ကြည့်လိုက်တယ်။
“ငါတို့ ဒီနှစ်ပြီးရင် ကျောင်းပြီးပြီနော်။   ငါတို့လည်းတွဲလာတာ ကြာနေပြီ။  ကျောင်းပြီးရင် ငါတို့လက်ထပ်ရအောင်။ ငါတို့အတူတူနေချင်ပြီ။ ”
လင်းထိုက်၏စကားကို ဖြူဖြူက
“ငါစဉ်းစားကြည့်မယ်လေ။ အခုတော့ စာကျက်ရအောင်  စာမေးပွဲက သဘက်ခါမဟုတ်လား။  လာနင်လည်းစာကျက် ”
ပြောပြောဆိုဆိုနှင့် ဖြူစင်က လင်းထိုက်လက်ထဲကို စာအုပ်လေးထိုးပေးလိုက်တယ်။

          ဒီလိုနဲ့သူတို့စာမေးပွဲဖြေပြီးသွားပြီ။  မကြာခင်ဘွဲ့ရတော့မယ်။ နှစ်ယောက်စလုံးက မိသားစုအလုပ်ကိုပဲ လုပ်ဖို့စိတ်ကူးထားကြတာမို့  သူတို့အတွက် ထွေထွေထူးထူး အလုပ်ရှာရန်မလိုအပ်ပေ။ နှစ်ဖက်မိဘတွေကို ဖွင့်ပြောပြီး ဒီနှစ်ကုန်ရင် လက်ထပ်ဖို့ စီစဉ်ခဲ့ကြတယ်။ တစ်ဦးတည်းသောသားဖြစ်တဲ့ လင်းထိုက်ကို သူ့မိဘတွေက အိမ်ထောင်မကျခင်အလုပ်နဲ့တည်တည်တံ့တံ့ ဖြစ်စေချင်တာကြောင့် သူ့အဖေစက်ရုံမှာပဲ ဦးစီးပြီးလုပ်ခိုင်းခဲ့တယ်။
“ဖြူဖြူရေ……….ဖြူဖြူ”
အိမ်ရှေ့ကနေ အော်နေသော လင်းထိုက်အသံကြောင့် ဖြူစင် အိပ်နေရာကနေ လန့်နိုးသွားခဲ့တယ်။ နောက်တော့ အိမ်တံခါးကို လာခေါက်သံကြားတယ်။ အိပ်ချင်မူးတူးဖြင့် ဖြူစင် ထပြီး တံခါးဖွင့်လိုက်တယ်။
“အိပ်နေတာလား…ဖြူဖြူ”
“အင်း…. ဟုတ်တယ် ။ ညတုန်းက အိပ်မပျော်လို့၊ ဘာကိစ္စလဲ လင်းထိုက်  နင်ဒီနေ့အလုပ်မသွားဘူးလား”
“အလုပ်က ဒီနေ့မသွားတော့ဘူး။ နင့်ကို မတွေ့ရတာ ကြာလို့ လာခဲ့တာ၊  ငါတို့ အပြင်သွားပြီးစကားပြောရအောင်လေ”
လင်းထိုက်စကားကို ဖြူစင်ခေါင်းငြိမ့်ပြပြီး အ၀တ်လဲဖို့အိပ်ခန်းထဲကို ခဏ၀င်သွားတယ်။ သိပ်မကြာပါဘူး  ဖြူစင်အ၀တ်လဲပြီး ပြန်ထွက်လာခဲ့တယ်။ နောက်ပြီးသူတို့နှစ်ယောက် စကားပြောနေကြနေရာလေးကို ထွက်လာခဲ့တယ်။
“ဖြူဖြူ    ငါတို့လက်ထပ်ရတော့မယ်နော်        နှစ်ကုန်ဖို့သိပ်မလိုတော့ဘူး”
“အင်းလေ  ဘာဖြစ်လဲအဲဒါ    ဘာလဲနင်က လက်ထပ်ခါနီးမှ စိတ်တမျိုးပြောင်းနေပြီလား    ငါနင့်ကို အန်တီနဲ့တိုင်ပြောမှာနော် လင်းထိုက်”
နှုတ်ခမ်းစူပြီး စိတ်ဆိုးဆိုးနှင့်ပြောနေသော ဖြူစင်ကို လင်းထိုက်က ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး
“ဖြူ   နင်ကလေ   ငါ့စကားကို ဆုံးအောင်နားမထောင်ဘူး။   ငါက နင်နဲ့အတူနေရတော့မှမို့လို့ပျော်နေတာ   ”
ပြောပြီး လင်းထိုက်က ဖြူစင့်နဖူးလေးကို ဖွဖွလေး နမ်းလိုက်တယ်။ လင်းထိုက်က ဒီလိုပဲ နှစ်ယောက်တည်းရှိတဲ့အချိန်ကျရင် ဖြူဖြူလို့ မခေါ်ဘဲ ဖြူလို့ပဲ တစ်လုံးတည်းခေါ်နေကြလေ။
“ငါလည်း အတူတူပဲ ပျော်တယ်  လင်းထိုက် ”
“ဒါနဲ့လေ ငါနင့်ကိုမေးစရာရှိတယ်   လင်းထိုက်   ငါတို့လက်ထပ်ပြီးသွားတဲ့အခါကျရင်  ဘယ်အိမ်မှာနေမှာလဲ”
“ဖြူက ဘယ်မှာနေချင်လို့လည်း”
“မပြောတတ်ဘူးလေ။  သျှောင်နောက်ဆံထုံးပါဆိုတာလည်း ရှိနေသေးတာကိုး”
“ဖြူက အိမ်ခွဲနေချင်လို့လား။   ငါက တစ်ဦးတည်းသောသားဆိုတော့ အိမ်ခွဲနေရင် အမေတို့နှစ်ယောက်ပဲထားခဲ့ရမှာဆိုတော့ ငါသိပ်စိတ်မချဘူး”
“@@@####*****”
ဒီလိုမျိုး ကိုယ်ချစ်တဲ့သူနဲ့ လက်ထက်ဖို့ အကြောင်းအရာဆွေးနွေးရတာ ဘယ်လောက်ပျော်စရာကောင်းမှန်း လင်းထိုက်နှင့် ဖြူစင်တို့သိခဲ့ကြတယ်။  သူတို့မသိလိုက်တာ တစ်ခုက သူတို့ကို မနာလိုဖြစ်နေတဲ့ ကံကြမ္မာရှိနေတယ်ဆိုတာပဲ။
          ဒီနေ့ဘာကြောင့်မှန်းမသိဘူး။  ဖြူစင်စိတ်တွေလေးနေတယ်။ မင်္ဂလာဆောင်ခါနီးရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဖိစီးမှုလို့ အမေက ပြောပေမယ့် အဲဒီလိုမျိုးခံစားချက်ကြီးမဟုတ်တာတော့ ဖြူစင်စိတ်ထဲမှာ အလိုလိုသိနေခဲ့တယ်။ အမေပြောသလိုပဲဖြစ်မှာပါ၊ မင်္ဂလာဆောင်က တစ်ပတ်လောက်ပဲလိုတော့တာကြောင့် စိတ်တွေရှုပ်နေတာဖြစ်မယ်ဆိုပြီး စိတ်ကို ကြိုးစားပြီး ဖြေနေမိတယ်။ အိပ်ခန်းထဲက ကုတင်ပေါ်မှာလှဲနေတုန်း အိမ်ရှေ့က အမေ့ခေါ်သံကြောင့် အိမ်ရှေ့ကို ထွက်လာခဲ့တယ်။
“သြော်   လင်းထိုက်   ရောက်နေတာလား”
“အင်း   ဒီမှာဖိတ်စာရပြီ     ကြည့်ကြည့်လိုက်   ကြိုက်လားလို့   ဖြူ့ကို လာပြတယ်”
“လှသားပဲ ဖိတ်စာလေးက ဖြူ့စိတ်ကူးထဲကအတိုင်းကွက်တိပဲ”
ဖိတ်စာထုပ်ထဲက ဖိတ်စာတစ်ချို့ကို ခွဲပေးပြီး ဖြူစင့်လက်ထဲကို ထည့်လိုက်တယ်။
“ရော့ နင်က တစ်ဝက်ယူထား၊  လိုသေးရင် ဖုန်းဆက်လိုက် ငါလာပို့ပေးမယ်။  ဒါနဲ့ ငါအခု xxx ကို ခဏသွားမလို့ အဒေါ်ကို ဖိတ်စာသွားပို့ရင်းလေ”
“အေးအေး ငါလည်းလိုက်မယ်လေ  လင်းထိုက် ခဏစောင့် ငါအ၀တ်လဲလိုက်ဦးမယ်”
“မလိုက်နဲ့ ဖြူ   ငါတစ်ယောက်တည်းသွားမှာမဟုတ်ဘူး   ဟိုကောင် ညီထက်ပါလိုက်မယ်တဲ့”
(ညီထက်ဆိုတာ လင်းထိုက်ရဲ့ ညီဝမ်းကွဲလေ)
“နောက်ပြီး ငါတို့က ဆိုင်ကယ်နဲ့သွားမှာ  ဟိုမှာလည်း  ညအိပ်ဖြစ်ရင်အိပ်ဖြစ်မှာဆိုတော့ ”
“အေးပါ  ဒါဆိုလည်း ငါမလိုက်တော့ဘူး။ ဆိုင်ကယ်ကို သေသေချာချာမောင်းသွား   နင်တို့ကလည်း ဆိုင်ကယ်နဲ့ဆိုရင် ကြာမှာပေါ့၊ ကားနဲ့မသွားဘဲနဲ့ ”
“ကားက မအားလို့ဟ  ဆိုင်ကယ်နဲ့ပဲသွားလိုက်ပါ့မယ်။  နာရီဝက်လောက်ပဲမောင်းရတာကို”
“အင်းပါ  ဒါဆိုလည်း လမ်းမှာ ဂရုစိုက်သွားနော်”
ခြံဝအထိ လင်းထိုက်ကို လိုက်ပို့ပေးပြီး ဂရုတစိုက်မှာနေတဲ့ ဖြူစင်။ ဒါဟာသူ့မ အတွက် လင်းထိုက်နှင့် နောက်ဆုံး တွေ့ခဲ့ချင်းသား သူသိခဲ့ရင်…………..

“လင်းထိုက်  နင်  နင့်အဒေါ်ဆီကို သွားမယ်ဆို   မသွားတော့ဘူးလား”
ဖြူစင့်၏ အမေးကို လင်းထိုက် ဘာမှမဖြေဘဲ စိုစွတ်တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတယ်။ နောက်တော့ လှည့်ပြီး ထွက်သွားတယ်။
“အားးးးးးးးးးးး”
ဖြူစင် အိမ်မက်ကနေ လန့်နိုးသွားတယ်။ ဘုရား…..ဘုရား  ဘယ်လိုအိမ်မက်ကြီးလဲ။ ဖြူစင်ရင်ထဲမှာလေးနေတယ်။  အိပ်ယာပေါ်မှာ တင်ထားတဲ့ ဖိတ်စာတချို့ထဲက တစ်စောင်ကို ယူပြီး ဖတ်ကြည့်နေလိုက်မိတယ်။ ဖိတ်စာလေးက ဖြူစင့်စိတ်ကူးထဲက အတိုင်း တစ်ပုံစံတည်းထွက်လာတာမို့လို့ ဖြူစင်တစ်ယောက်ကြည့်မဆုံးဖြစ်နေတုန်း  လက်ထဲကနေ ဖိတ်စာက ပြုတ်ကျသွားခဲ့တယ်။
 “ဖြူဖြူရေ   သမီး   ဖြူဖြူ  ထွက်ခဲ့ပါဦး   သမီးရေ မြန်မြန်လေး”
အမေ့ရဲ့ အလန့်တကြားခေါ်သံကြောင့် ဖြူစင်အိပ်ခန်းထဲကနေ ပြေးထွက်လာခဲ့တယ်။ အခန်းရှေ့ရောက်တော့ နံရံမှာချိတ်ထားတဲ့ နာရီကို ရုတ်တရက်လှန်းကြည့်လိုက်မိတယ်။ ညနေ လေးနာရီ…..  ဒီအချိန်ဆိုရင်တော့ လင်းထိုက် တစ်ယောက် သူ့အဒေါ်ဆီကို ရောက်လောက်ပြီထင်တယ်ဟု တွေးရင်း ဖြူစင် တစ်ယောက် ခြံထဲက သူ့အမေဆီကို ဆင်းလာခဲ့တယ်။ မျက်ရည်စတွေနဲ့ ဖြူစင့်ကို လှန်းကြည့်နေတဲ့ အမေ့ကြောင့် ဖြူစင်တစ်ယောက် လန့်သွားခဲ့တယ်။ ခြံရှေ့က ခုံတန်းလျားလေးမှာ ထိုင်ပြီး အမေ့မျက်လုံးမှာ မျက်ရည်စတွေနဲ့ အမေ့ဘေးမှာ ရပ်နေတာက လင်းထိုက်တို့ စက်ရုံက စာရေးတစ်ယောက်ပါ။
“အမေ ဘာဖြစ်လို့လဲဟင်” ဖြူစင် အမေ့ကို မရဲတရဲဖြင့် မေးလိုက်တယ်။
“မဖြူစင်   ကိုလင်းထိုက် သူ့အဒေါ်ဆီကို သွားတဲ့လမ်းမှာ ဆိုင်ကယ် အက်စီးဒင့် ဖြစ်ခဲ့တယ်။ အခုတော့ မြို့နယ်ဆေးရုံကို ခေါ်သွားပြီ။ အခြေအနေကိုတော့မသိရသေးဘူး။ ” လို့ စာရေးလေးက  ပြောပြီး အသံတိမ်ဝင်သွားတယ်။ ဖြူစင်နားတွေကို ပူထူသွားတယ်။ ရုတ်တရက် ပတ်ဝန်းကျင် ဘာသံမှမကြားရဘဲ မျက်လုံးထဲမှာလည်း အမြင်တွေေ၀၀ါးသွားတယ်။
ဆေးရုံရောက်တော့ ပတ်တီးတွေနဲ့ ပြည့်နှက်ပြီး အောက်စီဂျင်ပိုက်တပ်လျှက် ကုတင်ပေါ်မှာ ဆန့်ဆန့်ကြီး အိပ်နေတဲ့ လင်းထိုက်ကို တွေ့လိုက်ရတယ်။
“လင်းထိုက် ”
 ဖြူစင့်ရဲ့ ခေါ်သံကို လင်းထိုက်က မကြားတာလား၊ မသိချင်ယောင်ဆော်နေတာလား မသိဘူး။ နည်းနည်းလေးတောင် လှုပ်ဖို့နေနေသာသာ မျက်လုံးလေးတောင်ဖွင့်ပြီး မကြည့်ခဲ့ပေ။
“လင်းထိုက်   ငါခေါ်နေတယ်လေ။  နင်ကြားရင် ငါ့ကို မျက်လုံးလေးဖွင့်ကြည့်ပါဦး။ ငါ့ကို မထားခဲ့ပါနဲ့ လင်းထိုက် နင်မရှိရင် ငါမနေနိုင်ဘူး။  ငါ့ကို မျက်လုံးလေးဖြစ်ဖြစ်ဖွင့်ကြည့်ပါဦး”
 ဖြူစင်တစ်ယောက် ဘယ်လိုခေါ်ခေါ် လင်းထိုက်တစ်ယောက်ကတော့ ဆေးရုံကတင်ပေါ်မှာ အောက်စီဂျင်ပိုက်နဲ့ ပတ်တီးတွေကြားမှာ မကြားချင်ယောင်ဆောင်နေရဲ့……ဆရာဝန်နဲ့ ဖြူစင် ၀င်တွေ့တော့ အခြေအနေက စိုးရိမ်ရပါတယ်။ စိတ်ခိုင်အောင်ထားပါတဲ့…….  အဲဒီနောက်တော့ လင်းထိုက်တစ်ယောက် ဖြူစင့်ကိုတောင် မနှုတ်ဆက်ဘဲ သူချစ်တဲ့ မိသားစုနဲ့ ဝေးရာကို တိတ်တဆိတ်ထွက်သွားခဲ့တယ်။
“လင်းထိုက်ရေရရရရရရရရရရ”
ဖြူစင်တစ်ယောက် မအိပ်နိုင်မစားနိုင်နဲ့ တော်တော်ကို ကြိုးစားပြီး လင်းထိုက်ကို တွေ့ချင်စိတ်၊ သတိရတဲ့စိတ်တွေကို တွန်းလှန်နေရတယ်။ ညတိုင်းလည်း ယောင်ယောင်ပြီး အော်နေမိတာက လင်းထိုက်ရဲ့ နံမည်ပဲ……..
ဒီနေ့ဆိုရင် လင်းထိုက် ဖြူစင့်ဘေးနားမှာ ထွက်သွားတာ သုံးရက်မြောက်တဲ့နေ့လည်းဖြစ်သလို  လင်းထိုက်ရဲ့ အသက်ရှုခြင်းကင်းမဲ့နေတဲ့ ခန္ဓာကိုယ်ကို မီးသဂြိုလ်ရမယ့်နေ့လည်းဖြစ်တယ်။
“သွားပါတော့ လင်းထိုက်ရေ   နင်လွတ်ရာ ကျွတ်ရာကို ထွက်သွားပါတော့  ငါ့ကိုနှုတ်ဆက်ဖော်တောင် မရဘဲ ထွက်သွားတဲ့ နင့်ကို ငါသိပ်စိတ်နာတယ် လင်းထိုက် ငါနင့်ကို မချစ်တော့ဘူးးးးးးး”
ဖြူစင့်စိတ်ထဲမှ အကြိမ်ကြိမ်ရေရွတ်နေရင်း  မျက်ရည်မကျအောင်ထိန်းထားတယ်။ နောက်တော့ လင်းထိုက်ရဲ့အလောင်းကို မီးသဂြိုလ်စက်ထဲ ထည့်ဖို့ အခန်းထဲကို ယူဆောင်ကြသွားတယ်။ တဦးတည်းသောသားဖြစ်တဲ့ လင်းထိုက်ကို မိဘတွေကသာမက ဆွေမျိုးအသိုင်းအ၀ိုင်းကပါ ချစ်ခင်ကြတာပေါ့။

“သမီး   ဖြူဖြူ   သမီးလေး  စိတ်ကို တင်းမထားနဲ့လေ။  သမီး ငိုချလိုက်   ငိုလိုက်လေ သမီး ရင်ထဲမှာပေါ့သွားအောင်”  အမေ့အသံကို ကြားလိုက်ပြီးနောက် ဖြူစင်ဘာကိုမှမသိတော့…………..

“လင်းထိုက်  နင်ပြန်လာတာလား။  ငါ့ကိုမထားခဲ့ပါနဲ့   ငါနင့်နောက်ကို လိုက်ခဲ့ပါရစေ”
လင်းထိုက်က အိမ်ရှေ့ကိုရောက်လာပြီး ဖြူစင်ကို ကြည့်နေတယ်။ ပြီးတော့ လှည့်ပြီးထွက်သွားခဲ့တယ်။ ဘာတစ်ခွန်းမှမပြောခဲ့ဘူး။
“လင်းထိုက်…………..”
ဖြူစင် အိပ်နေရကနေ လန့်ပြီးနိုးသွားတယ်။ နာရီကို ကြည့်လိုက်တော့ မနက်နှစ်နာရီထိုးနေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ လမ်းမီးကလွဲပြီး ကျန်တာအကုန်လုံးက အလင်းရောင်မရှိပေ။
“ဒေါက်….. ဒေါက်…..ဒေါက်”
  တံခါးခေါက်သံကို ကြားလိုက်ရတော့ ဖြူစင်ရင်ထဲမှာ တုန်လှုပ်သွားခဲ့တယ်။ ဒီတံခါးခေါက်သံကို ဖြူစင်တစ်ယောက်ကောင်းကောင်းမှတ်မိနေခဲ့တယ်။ ဒါ လင်းထိုက် တံခါးခေါက်သံနဲ့တူတယ်။
ဖြူစင် အိပ်ခန်းထဲကနေပြေးထွက်ပြီး တံခါးကို ဖွင့်မိတယ်။ ဘယ်သူမှ မတွေ့ဘူး။ ခြံရှေ့ကို ကြည့်လိုက်တော့
“လင်းထိုက် ”
 ဖြူစင် လင်းထိုက် လှည့်ထွက်သွားတာကို မြင်လိုက်ရတယ်။ လင်းထိုက်မှလင်းထိုက် အစစ်ပါ။
“လင်းထိုက်……..လင်းထိုက်……….. ”
အရူးတစ်ယောက်လို တသသနဲ့ခေါ်နေတဲ့ ဖြူစင်ကို လင်းထိုက်က ယောင်လို့တောင်လှည့်မကြည့်ခဲ့ပါဘူး။
“သမီး  ဖြူဖြူ   စိတ်ကိုထိန်းလေ သမီး   သေတဲ့သူက သေသွားပြီပဲ သမီးရယ်  ဒီနေ့ပဲ သူ့အလောင်းကို သဂြိုလ်ခဲ့တယ် မဟုတ်လား   သမီး စိတ်ကို ထိန်းပါသမီးရယ်”
 အဖေနဲ့အမေက အိမ်ပေါ်ကနေထွက်လာပြီးတော့ အရူးသဖွယ်လင်းထိုက်ကို လိုက်ရှာနေတဲ့ ဖြူစင်ကို အိမ်ထဲဝင်ဖို့ ဆွဲခေါ်နေကြတယ်။
“မဟုတ်ဘူးအမေ   လင်းထိုက် လာသွားတယ်။   သူသမီးကို ကြည့်ပြီးလှည့်ထွက်သွားတာ အမေ   သူမသေသေးဘူးးးးး   လင်းထိုက်   နင်ပြန်လာခဲ့ပါ  လင်းထိုက်………”

“လင်းထိုက်ရေ   နင်မရှိတဲ့ နေရာက ငါ့အတွက် အလင်းရောင်မရှိသလိုပဲ ခံစားရတယ်။  ဖြစ်ပျက်သမျှအားလုံးက ပြောင်းလဲတာ မြန်လွန်းလို့ ငါနားမလည်နိုင်တော့ဘူး။ ရက်ရက်စက်စက်ခွဲသွားတဲ့ နင့်ကိုလည်း ငါမချစ်ချင်တော့ဘူး ငါမုန်းလိုက်ချင်ပြီ    လင်းထိုက်ရယ်…..”

          ဒီနေ့ ဖြူစင်တစ်ယောက် လင်းထိုက်အိမ်ကို သွားခဲ့တယ်။ ညက ဖြစ်တဲ့အဖြစ်အပျက်တွေကို ဖြူစင် လင်းထိုက်အမေ့ကို ပြောပြလိုက်တယ်။ ဒေါ်လေးက ငိုရှာတယ်။ သူတို့အိမ်ကိုလည်း ဒီလိုပဲ တံခါးလာခေါက်တာ သူဆုံးသွားတဲ့နေကတည်းကတဲ့။  ဒီစကားကို ကြားတော့ ဖြူစင်တစ်ယောက် တစ်ကိုယ်လုံးပူထူသွားတယ်။ ဒါဆိုရင် ညတုန်းက သူ့ဆီကို လင်းထိုက်တကယ်လာခဲ့တယ်ပေါ့။
“လင်းထိုက်   တကယ်လို့ နင်သာငါ့အနားရှိနေသေးရင်  ငါလေနင့်ကိုတစ်ခါလောက်ထပ်ပြီး မြင်ချင်ပါသေးတယ်။ ငါ့ကိုစိတ်ချလက်ချထားခဲ့ပြီး ဘ၀တစ်ပါးကို ကူးသွားတဲ့ နင့်ကို ငါက ထပ်ပြီးတွေ့ချင်နေသေးလို့ ငါ့အနားကို နင်ပြန်လာပေးပါ”
လင်းထိုက် ဓါတ်ပုံကို ကြည့်ရင်း ဖြူစင့်စိတ်ထဲက ပြောနေတဲ့စကားကြောင့် လင်းထိုက်တစ်ယောက် ကြားနိုင်ပါ့မလားမသိပေမယ့် ၀ဲတက်လာတဲ့ မျက်ရည်စကိုတော့ လက်နဲ့သုတ်ပစ်လိုက်တယ်။  လင်းထိုက် အမေက ဗေဒင်မေးချင်တယ်ဆိုတာကြောင့် ဖြူစင်နဲ့ အတူ ဗေဒင်သွားကြည့်မိတယ်။ ဗေဒင်တွေကို အယုံအကြည်မရှိပေမယ့် သူဟောသမျှကတော့ ဖြူစင်ဖြစ်နေတာတဲ့ တစ်ထပ်တည်းပဲ။ လူကသေသွားပေမယ့် စိတ်ကမသေးသေးဘူးတဲ့။ သူ့မိသားစုအသိုင်းအပေါ်ကိုနဲ့ သူချစ်တဲ့သူအပေါ်ကို သူစိတ်မချလို့ ခဏခဏလာလာကြည့်နေတယ်တဲ့ ။ အဲဒီဗေဒင်ဆရာစကားသာအမှန်ဆိုရင် 
“လင်းထိုက်ရေ နင်သွားချင်တဲ့နေရာကိုသာ သွားပါတော့…..   ငါနင့်ကိုဒီလိုဘ၀မျိုးမှာ ဆက်မနေစေချင်တော့ဘူး”
ဒီနေ့ လင်းထိုက် လူ့လောကထဲက နှုတ်မဆက်ဘဲထွက်ခွာသွားတာ ၇ရက်မြောက်တဲ့နေ့၊ ရက်လည်တဲ့နေ့၊ ဖိတ်စာထဲမှာ ရိုက်ထည့်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာနေ့လည်း ဖြစ်တယ်။ လင်းထိုက်သာ ဒီလောကကြီးထဲမှာ ရှိနေခဲ့ရင် ဒီနေ့ဟာ ဖြူစင်နဲ့လင်းထိုက်ရဲ့ အပျော်ရွှင်ဆုံးနေ့တစ်နေ့လည်းဖြစ်နိုင်တယ်။ အခုတော့………….
“လင်းထိုက်ရေ  အမျှ   အမျှ  အမျှ      နင်သာဓုခေါ်ပါ  လင်းထိုက်ရယ်    နောက်ပြီး နင်သွားလိုရာကိုထွက်သွားတော့  ငါ့ကို တစ်ယောက်တည်းလောက အလည်မှာထားခဲ့ပြီး  နှုတ်ဆက်သွားဖော်တောင်မရတဲ့ နင့်လိုချစ်သူမျိုးကို  ငါ မချစ်ချင်တော့ဘူး  နင်ထွက်သွားပါတော့……..”

ဒီနေ့ဟာ မွေးနေ့ရှင်မရှိတော့ဘဲ မွေးနေ့ ပွဲလေး ကျင်းပတဲ့နေ့တစ်နေ့၊ မွေးနေ့ရှင်ဖြစ်တဲ့ လင်းထိုက်  နင်သာရှိခဲ့ရင်  ဒီနေ့ဟာ  နင့်ရဲ့ ၂၁ မြောက်မွေးနေ့လေ။  ဖြူစင်တစ်ယောက် အဲဒီနေ့မှာ လင်းထိုက်အတွက်ရည်စူးပြီး မွေးနေ့အလှူပြုလုပ်ပေးခဲ့တယ်။ အဲဒီအလှူမှာ ဖြူစင် သူမသာမက သူမသိပ်ချစ်တဲ့ ချစ်သူပါမြတ်နိုးခဲ့တဲ့ ဆံပင်တွေကို ဖြတ်ပစ်ပြီး  သီလရှင်ဝတ်ခဲ့တယ်။ နောက်ပြီး လင်းထိုက် ဆိုင်ကယ်မှောက်ခဲ့တဲ့နေရာကို သွားပြီး ဘုရားစာတွေရွတ်ဖတ်ပေးခဲ့တယ်။ ဒါတွေကို သွားလေသူ လင်းထိုက်တစ်ယောက်က သိပါတော့မလား……….
သီလရှင်တစ်ပတ်ဝတ်ပြီး လူပြန်ထွက်တော့ ဖြူစင်တစ်ယောက် လင်းထိုက် အရိပ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီမြို့မှာဆက်မနေနိုင်တော့ဘူးလေ။ ရန်ကုန်ကို အလုပ်လုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်ပြေးလာခဲ့တယ်။ လင်းထိုက်မရှိတဲ့မြို့ကြီးက အရင်လို အသက်မ၀င်တော့သလို အရင်လိုလည်း မလှတော့ဘူးလေ။ ဖြူစင်ရဲ့ ရည်ရွယ်ချက် ရန်ကုန်မြို့မှာ အခြေချဖို့မဟုတ်ပေမယ့် လင်းထိုက်ရဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့ကိုလည်း မပြန်ချင်ခဲ့ဘူး။ ဒါနဲ့ ဖြူစင် ရန်ကုန်မှာ သူနာပြုသင်တန်းတက်ခဲ့တယ်။ သူနာပြုလုပ်ရင်းနဲ့ လင်းထိုက်မွေးနေ့ရောက်တိုင်း၊ ဖြူစင်မွေးနေ့ရောက်တိုင်း၊ သူမအားတဲ့အခါတိုင်း လင်းထိုက်အတွက်ရည်စူးပြီး ကောင်းမှူကုသိုလ်တွေ လုပ်ပေးခဲ့တယ်။ အိမ်က ဖုန်းဆက်တိုင်း၊ လင်းထိုက်အမေနဲ့ ဖုန်းပြောမိတိုင်း၊ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေဆုံမိတိုင်း မကျက်နိုင်တဲ့ ရင်ထဲက ဒဏ်ရာက ပိုဆိုးလာသလိုပင်………
ဒီနှစ် ဖြူစင့်အသက် ၃၁ နှစ်ပြည့်ပြီ။ အခုချိန်အထိ ဖြူစင်မှာ နောက်ထပ်ယောကျာ်းလေးဆိုတာ မရှိခဲ့သလို နောင်လည်းရှိလိမ့်မယ်လို့ စာရေးသူကတော့ မထင်မိပါ။ အခုချိန်အထိ မွေးနေ့ရောက်တိုင်း လင်းထိုက်ဆုံးသွားတဲ့ ရက်ရောက်တိုင်း ဖြူစင် တစ်ယောက် ကောင်းမှူကုသိုလ်တွေလုပ်ပေးရင်း ဘယ်အချိန်ကျမှ သူ့မြို့လေးကို အပြီးပြန်ဖြစ်မလဲဆိုတာတော့ စာရေးသူ ကျွန်မကတော့ မခန့်မှန်းနိုင်တော့ပါဘူး။

အားလုံးကို လေးစားလျှက်ပါ
Written By Rukia

အလင်းစေတမန်မှ ပေးပို့တဲ့ စာတွေထဲက ၁ ပုဒ်ဖြစ်ပါတယ်… ပြန်လည်မျှဝေလိုက်ပါတယ်… အချိန်မရလို့ စာလုံးပေါင်းသတ်ပုံကို မပြင်ဖြစ်လိုက်ပါဖူး D အတိုင်းပဲ တင်ပေးလိုက်ပါတယ်… မှားတာရှိရင် တောင်းပန်ပါတယ် သူငယ်ချင်းတို့ရေ…
^_^ SaungHP^_^

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...