အမေရိကန်မဲဆောက် ........
by Hlaing Bwa Maung on Wednesday, July 20, 2011 at 11:51pm
.... ..... .....
အဲဒီမြို့ဟာ
လူများပြီး ပွဲမစည်တဲ့မြို့ဖြစ်တယ် …။
အဲဒီမြို့ဟာ
အရူးကို လင်လုပ်ထားရတဲ့မြို့ဖြစ်တယ် …။
အဲဒီမြို့ဟာ
ဂလိုဘယ်လ်ဆန်ဆန် လူမျိုးစုံပြီး
ဂလိုဘယ်လ်ဆန်ဆန်လည်း ပြဿနာစုံတယ် …။
အဲဒီမြို့မှာ
တယောက်နဲ့တယောက် အကြောင်းညီညွတ်ရင်
ဘောင်းဘီချွတ်လို့ရတဲ့ နောက်မီးလင်း ညနေခင်းတွေလည်းရှိတယ် …။
အဲဒီမြို့ဟာ
တယောက်နှစ်ပေါက်နဲ့ နှစ်ယောက်မှာ လေးခြမ်းကွဲပြီး
အယူတိမ်းလို့ နတ်စိမ်းဖြစ်နေတဲ့မြို့ဖြစ်တယ် …။
အဲဒီမြို့ဟာ
ပါတီနဲ့မွေးနေ့ပွဲတွေမှာ လူများသလောက်
နိုင်ငံရေးအခမ်းအနားတွေမှာ တစ္ဆေခြောက်နေတဲ့မြို့ဖြစ်တယ် …။
အဲဒီမြို့မှာ
ဆွေမျိုး ခုနှစ်ဆက်လမ်းဖောက်ပြီး အိမ်လွမ်းသူတွေရှိသလို
ဇာတိငတ်နေတဲ့ တကောင်ကြွက် သူပုန်တွေလည်းရှိတယ် …။
အဲဒီမြို့မှာ
ဒယ်ဘယ်လ်ချာ့တ် စတိုးဆိုင်တွေများသလို
ရွှေအတု ငွေအတု စိန်အတု လိင်အတု ဘာသာအတု လူနာအတုနဲ့
အဖေအမေအတု အရေးအခင်းအတု လူအတုတွေလည်းများတယ် ….။
အဲဒီမြို့မှာ
ဂြိုလ်တုစလောင်း အင်တာနက်တွေထက်အားကောင်းတဲ့
ရပ်ကွက်သတင်းကွန်ယက် အင်တာပျက်တွေလည်းရှိတယ် ….။
အဲဒီမြို့မှာ
အမေရိကန်ရောက် အန်တီမဲဆောက်တွေရှိသလို
ပြန်တော်ပြန် အန်ကယ်လ်အမေရိကန်တွေလည်းရှိတယ် ….။
အဲဒီမြို့ဟာ
ရသမျှ ဖရီးရိုက်တတ်တဲ့ အချောင်စရိုက်တွေနဲ့မြို့ဖြစ်တယ် …။
အဲဒီမြို့ဟာ
ယဉ်ကျေးမှုခြေရာပျောက်ပြီး နိုင်ငံရေးရေနောက်နေတဲ့မြို့ဖြစ်တယ် …။
အဲဒီမြို့ဟာ
လူမှုရေး နွားကွဲလို့ စီးပွားရေး ကျားဆွဲခံနေရတဲ့မြို့ဖြစ်တယ် ….။
အဲဒီမြို့ဟာ
ခေါင်းမော့ပြီး လေထဲကို တံတွေးထွေးနေတဲ့မြို့ဖြစ်တယ် …။
အဲဒီမြို့ဟာ
လေထဲမှာ တိုက်ဆောက်နေတဲ့မြို့ဖြစ်တယ် ….။
အဲဒီမြို့ဟာ
”က” နဲ့ ”ယ”၊ ”ေ” နဲ့ ”ခ” မှားရေးနေတဲ့မြို့ဖြစ်တယ် ….။
အဲဒီမြို့မှာ
မျက်မှန်နဲ့ အကိုကြီးပြောတဲ့
ဖေဂါ (Figure) တွေပေါပြီး မိတ်ကာ (Maker) တွေရှားတယ် ….။
အဲဒီမြို့မှာ
နိုင်ငံရေးအလှည့်အပြောင်းတိုင်း ဂျီးဒေါ်နွားကျောင်းနေရတဲ့
မိတ်ကာ(Maker) စစ်စစ် ရာဇဝင် ‘ဗိုလ်ချစ်’နေတယ်...။ ။
0 comments:
Post a Comment