Thursday, July 21, 2011

အပြာရောင် Blues ဂီတ

Cloud Cuckoo Land created a doc.
တေးသီချင်း တွေဟာ အများအားဖြင့် လူတွေ ရဲ့ စိတ်ခံစားမှု တွေကို ဖော်ညွှန်းပြီး သီဆိုတတ် ကြပါတယ်။
အဲဒီလို ဖော်ညွှန်းတဲ့ သီချင်းတွေ အများကြီး ရှိကြတဲ့ အထဲကမှ စိတ်အားငယ် ၀မ်းနည်းတဲ့ ခံစားချက်ကိုသာ အဓိက ထားပြီး သီဆိုလေ့ရှိတဲ့ တေးဂီတ တစ်ခုအကြောင်းကို ပြော ပြချင်ပါတယ်။ အဲဒါကတော့ ညှိုးငယ်ဝမ်းနည်း ခြင်းလို့ အဓိပ္ပာယ်ရတဲ့ Blues တေးဂီတပဲ ဖြစ်ပါတယ်။





Blues တေးဂီတဟာ လူမည်းတွေရဲ့ဂီတ တစ်ခုဖြစ်ပါတယ်။ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း အချိန်တွေမှာ အမေရိကန်နိုင်ငံက စတင်ပေါ်ထွက် ခဲ့ပြီး တဖြည်းဖြည်း လူသိများ လာခဲ့ပါတယ်။

၁၇ ရာစုနဲ့ ၁၈ ရာစုအကြားက ကျေးကျွန် ထားရှိတဲ့ စနစ်တွေကြောင့် Bluesဂီတ ထွက်ပေါ် လာခဲ့ရတာပဲ ဖြစ်ပါတယ်။ အာဖရိက အမေရိကန် လူမျိုး ကျေးကျွန်တွေဟာ သူတို့ရဲ့ဘ၀ အကြောင်းတွေကို တေးသီချင်းတွေလို့ သတ်မှတ်ခဲ့ကြပါတယ်။ Blues ဂီတဟာ အနှိမ်ခံ လူတွေရဲ့ ဂီတတစ်ခု ဖြစ်တဲ့ အတွက် Blues သီချင်းတွေဟာ အဆွေးသီချင်းတွေသာ ဖြစ်နေတာကို တွေ့ရပါတယ်။ ရှေးဦး Blues ဂီတသီချင်းတွေဟာ ဓမ္မတေး သီချင်းတွေလို အဆွဲအငင်တွေ အများကြီး ပါဝင် နေတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ Blues  ဆိုတဲ့ အခေါ် အဝေါ်ဟာ Blues devils ဆိုတဲ့ စကားလုံးက ဆင်းသက်လာတာပါ။ ညှိုးငယ် နေတဲ့ ကဝေတွေလို့ အဓိပ္ပာယ်ရပြီး ၁၇၉၈ ခုနှစ်က ပြသခဲ့တဲ့ ပြဇာတ်၊ ဇာတ်လမ်းတစ်ခုရဲ့ နာမည်ကို ယူပြီးသုံးနှုန်းထားတာပဲဖြစ်ပါတယ်။

Blues သီချင်းပုံစံတွေဟာ ရိုးရှင်းပြီး သီချင်းပိုဒ်တစ်ပိုဒ်တည်းကိုပဲ ထပ်တလဲလဲသီဆိုရတဲ့ ပုံစံမျိုးတွေဖြစ်ပါတယ်။ Blues  ဂီတမှာ ကျေးလက် Blues ဂီတနဲ့ မြို့ပြ Blues ဂီတဆိုပြီးလည်း နှစ်မျိုး ခွဲခြား ထားခဲ့ပါတယ်။ Blues ဂီတဟာ ပုံသဏ္ဌာန်ခွဲ ဂီတ သိပ်အများကြီး မရှိတဲ့ ဂီတလည်း ဖြစ်ပါတယ်။ Blues  ဂီတ မပေါ်ပေါက်ခင်မှာ အကြို Blues ဂီတလို့ ပြောလို့ရတဲ့ ring Shouts, Field hollers အစရှိတဲ့ နာမည်တွေနဲ့ လူမည်းတွေရဲ့ ဂီတတွေ ပေါ်ထွက်ခဲ့ပါသေးတယ်။ ၁၉၀၀ ပြည့်နှစ်အစမှာ Proto-blues လို့ အမည်ရတဲ့ ဂီတလည်း ပေါ်ပေါက်ခဲ့သေးပေမယ့် အခု အချိန်မှာတော့ လုံးဝ ပျောက်ကွယ်နေတာကို တွေ့ရပါတယ်။ Blues ဂီတရဲ့ အရိုးရှင်းဆုံး ပုံစံခွဲဂီတ တစ်ခုကတော့ Rhytum &  Blue လို့ နာမည်ရတဲ့ R & B ဂီတပဲဖြစ်ပါတယ်။ R & B ဂီတဟာ ဆွေးမြည့်စရာတွေ ပါဝင်နေတဲ့ Blues ဂီတကို မြူးကြွတဲ့ စည်းချက်တွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတာပါ။

၁၉၃၀ ခုနှစ်အတွင်းမှာတော့ Country Blues ဂီတကို တီထွင်ခဲ့ကြပါတယ်။ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းမှာ Skip James, Charley Patton   နဲ့ Georgia Tom Dorsey  အစရှိတဲ့ အနုပညာရှင်တွေဟာ Country Blues ဂီတနဲ့ ကျော်ကြား ခဲ့ကြပါတယ်။ Blues ဂီတကို Gospel ဂီတနဲ့ ပေါင်းစပ်ပြီး Soul ဂီတကိုလည်း ဖန်တီးခဲ့ကြပါတယ်။ Soul  ဂီတကို အခြေခံပြီး Funk  ဂီတလည်း ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ Funk ဂီတကိုတော့ Hop Hop  ရဲ့ရှေ့ပြေးဂီတ တစ်ခုလို့ တချို့ကသတ်မှတ်ကြပါတယ်။ Blues  ဂီတဟာ စန္ဒရားနဲ့ တီးခတ် သီဆိုရတဲ့ ရှေးဦး Jazz  ဂီတ ပုံစံမျိုးနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။ Blues  ဂီတသီချင်းတွေမှာတော့ ဘင်ဂျိုတူရိယာကို အဓိက သုံးတာကို တွေ့ရပါတယ်။ Blues ဂီတတီးဝိုင်း တစ်ခုမှာ ဂစ်တာ သမားတစ်ယောက်၊ တယောသမားတစ်ယောက်၊ စန္ဒရား တီးခတ် သူတစ်ယောက်၊ Drum  တီးခတ်သူ တစ်ယောက်နဲ့ လေမှုတ် တူရိယာ ကိုင်သူတစ်ယောက် အစ ရှိသဖြင့် ပါဝင်ရပါမယ်။

Blues ဂီတဟာ အကနဲ့ တွဲဖက် ဖျော်ဖြေလို့ရတဲ့ ဂီတတစ်မျိုးလည်း ဖြစ်နေပြန်ပါတယ်။ Blues  ဂီတ အကတွေကိုတော့ အာဖရိက လူမျိုးတွေက တီထွင်ခဲ့ ကြပါတယ်။ ဒါပေမဲ့ အာဖရိက Blues  အကတွေဟာ နည်းစနစ် မကျဘဲ စုံတွဲ အကတွေလည်း မပါဝင်တာကြောင့် အဆင့် မမီတဲ့ အကအဖြစ် သတ်မှတ် ခဲ့ကြပါတယ်။ ဒါကြောင့် အာဖရိက Blues  အကတွေဟာ ကျော်ကြားခြင်း မရှိခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ အာဖရိက Blues  ကကွက်တွေကို အမေရိကန် Blues ကကွက်တွေနဲ့ ပေါင်းစပ်ပြီး နည်းစနစ်ကျတဲ့ Blues  အကတစ်မျိုးကို တီထွင် ခဲ့ကြပါတယ်။အာဖရိက၊ အမေရိကန် Blues အကတွေဟာ စည်းဝါးကျတဲ့ အက တစ်မျိုးဖြစ်ပြီး ခေတ်နဲ့အလိုက် အသစ်အသစ်တွေ ပြောင်းလဲနေတဲ့ အက တစ်မျိုးလည်း ဖြစ်ပါတယ်။ စည်းချက်တွေနဲ့ မြိုင်ဆိုင်လွန်းတဲ့ ဂီတတစ်ခုဖြစ်တဲ့အတွက် Tango  အကနဲ့တောင် ရုတ်တရက် ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပါတယ်။ Blues  ဂီတမှာ အကထက် တေးသီချင်းက ပိုပြီး လူကြိုက် များတာကိုလည်း တွေ့ရပါတယ်။

စိမ့်စိမ့်လွင်ဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...