Sunday, July 24, 2011

အာဇာနည်နေ့နှင့် ဦးရာဇတ်၏ ကိုယ်ရေး အကျဉ်း

   ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့။ အာဇာနည်နေ့....။ မြန်မာနိုင်ငံ အင်္ဂလိပ်နှင့် ဂျပန် အုပ်ချုပ်မှု လက်အောက် ကျရောက်ခဲ့စဉ် လွတ်လပ်ရေး ရရှိစေရန် ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အာဇာနည် ၉ ဦး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံရသော (၆၄) နှစ်မြောက် အာဇာနည်နေ့....။ 

  "အာဇာနည် ဆိုတာ မြင့်မြတ်တဲ့ အများအကျိုး အတွက် စွန့်လွှတ်တဲ့ သူမျိုးကို ပြည်သူက အသိအမှတ်ပြု သတ်မှတ်ခြင်း ဖြစ်တယ်။ ကိုယ့်အသက်ကိုပင် စတေးပြီး အများ ကောင်းကျိုး အတွက် ပြုလုပ်တဲ့ အတွက် လူတွေက တန်ဖိုးထား ရတဲ့ သူကို အာဇာနည်လို့ ခေါ်တယ်။ ကျဆုံး (ကွယ်လွန်) မှ အာဇာနည်လို့ ခေါ်ဆိုတာ မဟုတ်ပါဘူး။ မြင့်မြတ်တယ် ဆိုတာ လူတစ်ဦး၏ အပြောအဆို၊ အနေအထိုင်၊ အတွေးအခေါ်၊ အလုပ်အကိုင် မြင့်တာကို ဆိုလိုတာ ဖြစ်တယ်။  ဘော်ကြော့နေတတ်တာကို အဆင့်အတန်း မြင့်တယ်လို့ ပြောလို့ မရပါဘူး။ အာဇာနည်များကို ခေါင်းငုံ့ပြီး ဂါရ၀ပြုတဲ့ အခါ ဘာကို ဂါရ၀ပြုတာလဲ ဆိုတာ သေချာ စဉ်းစားစေချင်ပါတယ်။ ခေါင်းထဲမှာ ဘာအတွေး ရှိလဲ ဆိုတာ အရေးကြီးတယ်။  ဒီလို ဂါရ၀ ပြုထိုက်တဲ့ သူမျိုးတွေ ကျွန်မတို့ နိုင်ငံမှာ ပိုပြီး ပေါ်လာအောင် ဘယ်လို လုပ်သင့်သလဲ ဆိုတာ စဉ်းစားစေချင်တယ်" (ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းမှ ကောက်နုတ်ရေးသည်)

*******

     ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံရသော အာဇာနည် ၉ ဦး အနက် ဆရာကြီး ဦးရာဇတ်၏ အတ္ထုပ္ပတ္တိကို မြန်မာဝီကီပီးဒီးယား (click နှိပ်ပါ) မှာ ဖတ်ရှုနိုင်ပါတယ်။ ဆရာကြီး ဦးရာဇတ် ရတု ကဗျာများ ရေးသားခဲ့သည့် အကြောင်းကို ရွှေအမြုတေ မဂ္ဂဇင်း  (click နှိပ်ပါ) တွင် ဖတ်ရှုနိုင်ပါသည်။ 


    ဆရာကြီး ဦးရာဇာတ်ကို တိုက်ပိုင် အင်စပတ်တော် ဦးအဗ္ဗဒူရ် ရဟ်မန်နှင့် ဒေါ်ငြိမ်းလှတို့မှ ၁၈၉၈ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် မွေးဖွားသည်။ ဆရာကြီးသည် အင်္ဂလိပ်၊ မြန်မာ၊ ပါဠိ ဘာသာတို့ အထူး ကျွမ်းကျင်သည်။ ၁၉၂၀ တွင် သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် အဖြစ် ပါဝင်ပြီး ၁၉၂၁ တွင် မန္တလေးမြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ပါဠိနှင့် အင်္ဂလိပ် ဘာသာ သင်ပြသော အထက်တန်းပြ ဆရာ အဖြစ် စတင် လုပ်ကိုင်ခဲ့သည်။ ဘီအေ စာမေးပွဲ အောင်မြင်ပြီးနောက် ကျောင်းဆရာကြီး အဖြစ် လည်းကောင်း၊ ကျောင်းအုပ်ကြီး အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း .....
  
ဆရာကြီး ဦးရာဇတ်အား ဂုဏ်ပြု အမည် မှည့်ခေါ်ထားသော ရာဇက်ခန်းမဆောင် (မန္တလေး တက္ကသိုလ် စာကြည့်တိုက်)

  မြန်မာအာဇာနည် ဆရာကြီးဦးရာဇတ် (ခ) Mr. Abdur Razak (ခ) ဦးမောင်မောင်ကြီး                                          (၁၈၉၈-၁၉၄၇)
ပညာရေးနှင့် အမျိုးသားစီမံကိန်း ဌာန၀န်ကြီး ဗဟိုအမျိုးသားကျောင်း ကျောင်းအုပ်ဆရာကြီး

(၁)
   "တိုင်းပြည်မှာ လူတိုင်းလိုလို စာတတ်ရမယ်။ အင်္ဂလိပ်စာကို ပိုပြီးမှ ကျွမ်းကျွမ်းကျင်ကျင် တတ်ရမယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော် ရမယ်။ အင်္ဂလိပ်ကို ပြန်တော်လှန်မယ်ဆိုရင် သူတို့ဆီက ပညာရပ်တွေကို သူ့ဘာသာနဲ့ သင်ယူပြီးမှ သူ့ကို ပြန်တော်လှန်ရမယ်" ဆိုတဲ့ သဘောမျိုး ခံယူထားတာ ရှိတယ်။

  ခရိုင်ဖဆပလကို ဖွဲ့စည်းမှာမို့ မန္တလေးခရိုင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌကို မိမိတို့ ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ် များကို ရွေးချယ်ပေးပါရန် ဗိုလ်ချုပ်အောင်ဆန်းက တင်ပြလိုက်တယ်။ မန္တလေးမှာ သခင် တစ်ယောက်က နေပြီး ဘာပြောလဲ ဆိုရင် 'မန္တလေးဟာ နောက်ဆုံး နေပြည်တော်ရဲ့ မြို့တော် ဖြစ်ကြောင်း၊ နောက်ပြီး ဗုဒ္ဓသာသနာ ထွန်းကားတဲ့ နေရာလဲ ဖြစ်ကြောင်း၊ ဆရာကြီး ဦးရာဇတ်လို ကုလား တစ်ယောက်ကို ဥက္ကဋ္ဌ အဖြစ် တင်မြှောက်တဲ့ ကိစ္စဟာ မသင့်ပါကြောင်း။ သူ့အစား (အခြားတစ်ယောက်) ကိုသာ ရွေးချယ် တင်မြှောက်သင့်ကြောင်း’ အဆိုကို တင်သွင်း ဆန္ဒမဲ ပေးခဲ့တယ်။ 

   ဂျပန်တွေ လက်နက်မချခင် အထက်မြန်မာပြည် ဖဆပလ ဖွဲ့မယ့် အချိန်တုန်းက သခင်တွေ အားလုံး အကြောင်း အမျိုးမျိုးပြပြီး လက်မခံကြဘူး။ ဒီလို ငြင်းနေကြတော့ ဖတပလ ဥက္ကဋ္ဌ တင်ဖို့ လူရှာ မတွေ့ တာနဲ့ အထက်မြန်မာပြည် ဖတပလအဖွဲ့ကို မဖွဲ့နိုင်ခဲ့ဘူး။ တစ်ပတ်လောက်နေမှ ဆရာကြီး ဦးရာဇတ်ကို သတိရတော့ ဆရာကြီး ဦးရာဇတ်ဆီ ပြေးရတယ်။ ဆရာကြီးကို ပြောတော့ ဖတပလ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တာကို သူ လက်ခံလိုက်တယ်။ 'ဘယ်သူမှ လုပ်ချင်တဲ့လူမရှိတုန်းက မွတ်စလင် ကုလားဆိုတဲ့ လူကြီးက ဥက္ကဋ္ဌ တာဝန်ကို ယူပေးခဲ့တာပါ။ အခုမှ တိုင်းပြည်ကြီး အန္တရာယ် ကင်းရှင်းတော့မှ ဒီကုလားကြီးနဲ့ ဒီ မင်းနေပြည်တော်မြို့ကြီးနဲ့ မသင့်တော်ဘူးလို့ ပြောမှ ပြောတတ်ပလေတယ်။ ဒါတွေကို စဉ်းစား ကြည့်ပေါ့။ အဲဒီတော့ ဘုန်းကြီးတို့ရဲ့ ဆန္ဒဟာ ဟိုတုန်းကလဲ အနစ်နာခံ ဥက္ကဋ္ဌ လုပ်ခဲ့တာ ဒီဆရာကြီး ဦးရာဇတ်ပဲ။ အခုလဲ ဒီဆရာကြီး ဦးရာဇတ်ကိုပဲ ပြန်တင်သင့်တယ်" ဆိုတာ ဆန္ဒပြုကြောင်း ရှင်းလင်း တင်ပြလိုက်တယ်။ (ဆရာတော် ဦးကုသလ-တိတ်ခွေ)
(၂)

  မန္တလေးဟာ မြန်မာ့သမိုင်းမှာ နောက်ဆုံး မင်းနေပြည်တော် မြို့တည် နန်းတည် မြို့တော်ကြီး ဖြစ်တယ်။ ဗုဒ္ဓဘာသာ အများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားရာ မြို့ကြီးလဲ ဖြစ်တယ်။ ဒီလိုမြို့ ကြီးအတွက် ခရိုင် ဖဆပလ ဥက္ကဋ္ဌ ရွေးပွဲမှ မင်းမျိုးမင်းနွယ်ဆက်လဲရှိ၊ သမာဓိရှိပြီး ထင်ရှားတဲ့ နိုင်ငံရေးသမားများ၊ သခင်များရှိတဲ့ အနက် အများအမြင်မှာ ကုလားကြီး ဖြစ်နေတဲ့ ဆရာကြီး ဦးရာဇတ် ကိုသာ မန္တလေး ခရိုင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် ရွေးခဲ့ပါတယ်။ ဒါလဲ လွယ်လွယ်နဲ့ ရွေးချယ်ခံရတာ မဟုတ်ပါဘူး။ မန္တလေး နယ်လုံးဆိုင်ရာ သမာဓိဂုဏ်၊ သမစိတ္တရှိသူ၊ လေးပြင်လေးရပ်က ဆရာတော် သံဃာတော်တွေရဲ့ မဲနဲ့ အရွေးခံရတာပါ။ ဆရာတော် သံဃာတော်များ ဆိုရာမှာလဲ နှယ်နှယ်ရရ မဟုတ် လျှမ်းလျှမ်းတောက် ရဟန်းပျို အဖွဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။
 

    သူ့အပြုံး မရိမသဲ့၊ နွဲ့နွဲ့လျလျ၊ ပြပြကတေ့၊ စေ့တစေ့လျှင်၊ ထေ့ထေ့ကလေး၊ စန်းယုန်ကွေးနှယ် ညာဘေး ထက်ဖျား၊ နှုတ်ခမ်းပါးတွင်၊ ခန့်ညား တည်ကြည်၊ ညွှန်းရည်မေတ္တာ၊ ကရုဏာနှင့်၊ သစ္စာနိမိတ်၊ ပုံရိပ်ထင်ဟပ်၊ ရာဇတ်မည်တွင်၊ ဆရာရှင်၏၊ ကြည်လင်ရွှန်းတင့် ပြုံးပန်းပွင့်လွှာ၊ ရတနာသည်၊ ပသာဒဂုဏ်၊ မြောက်သည်တကား။ (မောင်သန်းတင်)
(၃)

  ဆရာကြီးက ကျွန်မတို့ ဆရာကြီးလေ၊ ကျွန်မတို့ အမျိုးသား နေရှင်နယ်ကျောင်းက (၁၀) တန်း အောင်လာခဲ့တာ၊ ဆရာကြီးတို့ မွေးပေးလိုက်တဲ့ အမျိုးကို ချစ်တတ်ဖို့၊ အများအတွက် ကိုယ်ကျိုး အနစ်နာခံဖို့ ဆိုတဲ့ စိတ်တွေဟာ ကျွန်မတို့ တစ်သက်လုံး အဖို့ ခုထက်ထိ ပဲ့ကိုင် ထိန်းကျောင်းပေးနေတာ ဆိုတော့ ဆရာကြီးရဲ့ ကျေးဇူးက ကြီးပါတယ်။ ကျွန်မ စာရေးဆရာ ဖြစ်လာရတာ ဆရာကြီးရဲ့ တိုက်တွန်း အားပေးမှုကြောင့်၊ မေတ္တာ စေတနာကြောင့်လို့ ကျွန်မက တစ်သက်လုံး ခံယူပြီး အမြဲ သတိရနေတာပါ။ ဆရာကြီး မစ္စတာရာဇတ်နဲ့ ဆက်ဆံရတာကတော့ ဗမာတွေကလဲ သူ့ကို ဗမာတစ်ယောက်လို၊ ညီရင်းအစ်ကိုလို ဆက်ဆံကြတာပဲ။ မွတ်စလင်မ်တွေကလဲ သူ့ကို မွတ်စလင်မ် တစ်ယောက်အတိုင်း ဆက်ဆံတာပါပဲ။ ဆရာကြီးမှာ ဗမာနဲ့ တစ်သားတည်း ပေါင်းထားတဲ့ ပြောဆို လုပ်ကိုင်မှုတွေ အပြည့်အ၀ ရှိပါတယ်။ ဗမာမွတ်စလင်မ်တွေ ဆိုပြီး ခွဲခြမ်းခွဲခြမ်း လုပ်မှု ဘယ်တော့မှ မရှိပါဘူး။

  ဆရာကြီးအပြုအမူအနေထိုင်ဟာ အတုယူစရာ အလွန်ကောင်းပါတယ်။ ကျွန်မတို့ နိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပေါင်းစည်း နေထိုင်ကြတဲ့ ပြည်ထောင်စု နိုင်ငံ ဖြစ်လေတော့ ဆရာကြီး ရာဇတ် ထားရှိတဲ့ စိတ်ဓာတ်မျိုးသာ ထားရှိကြရင် အချင်းချင်း စည်းလုံး ညီညွတ်ရေးဟာ တကယ် ခိုင်မာနိုင်ပါတယ်။ ဆရာကြီးဟာလဲ သူ့တစ်သက် မြန်မာပြည်သူတွေရဲ့ အကျိုးကို တတ်နိုင်သလောက် ဆောင်ကြဉ်းသွားပြီး တပည့်တပန်းနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို နမူနာကောင်းပြသွားနိုင်တဲ့ ပုဂ္ဂိုလ်ကြီးပေမို့ ထာဝစဉ် လေးစား မြတ်နိုးလျက်သာ ရှိပါတယ်။ (လူထုဒေါ်အမာ)
(၄)

   ကျောင်းမတက်မီ မနက်တိုင်းပဲ ခြင်္သေ့ခန်းမဆောင်  အရှေ့မှာ ဆရာကြီးက အခုလို သြ၀ါဒ ပေးလေ့ ရှိတယ်။ “ဤဘူမိနက်သန် မှန်သော ကျောင်း၏ အောင်မြေကို ခြေချတဲ့ ဆရာကြီး၏ ကျောင်းသူ ကျောင်းသား မှန်လျှင် ဘယ်တော့မှ နောက်လိုက် မဖြစ်စေနဲ့၊ အမြဲတမ်း ရှေ့ကနေပြီး ခေါင်းဆောင်ရမယ်။”

   ဘွဲ့ရလာတဲ့ ပညာတတ်ကြီးတွေက သူတို့ နာမည်နောက်က ဘွဲ့ထူးဂုဏ်ထူးတို့ အဲဒီတက္ကသိုလ်ရဲ့ နာမည်တပ် ရေးလေ့ ရှိတယ်။ ဆရာကြီး ဦးရာဇတ်ကတော့ ရန်ကုန် အမျိုးသားကောလိပ်က (B.A. Hons:) ဘွဲ့ရခဲ့တာ ဆိုတော့ ဆရာကြီးက သူ့နာမည် ရေးတယ်၊ ဆိုင်းထိုးတယ်ဆိုရင် (A. Razak, B.A. Nat) ဆိုပြီးရေးတယ်။ နောက်က Nat က National ဆိုတဲ့ သဘော မြန်မာပြည် အမျိုးသား ကောလိပ် ဆိုတဲ့ သဘောကို ဖော်ညွှန်းပြီး အမြဲတမ်းပဲ ရေးတယ်။ (အမ်အေ-ဒေါ်အုန်း)

(၅)

  ကျွန်တော်တို့ ဆရာကြီးက သူ့ကျာင်းသားတွေ အားကစားမှာ မျက်နှာ မငယ်ရအောင် နေရာကျဉ်းကျဉ်းနဲ့ ထိရောက် ထက်မြက်ပြီး တိုင်းပြည်အတွက် အသုံးတည့်မည့် အားကစားကို တည်ထောင်ပေးတယ်။ အဲဒါက ဘာလဲဆိုတော့ ယောက်ျားပီသပြီး ကိုယ်ခံပညာ ကောင်းကောင်းနဲ့ သူများကို အနိုင်မကျင့်တဲ့ တိုင်းပြည်ကိုလည်း ကာကွယ်နိုင်မယ့် အားကစားဖြစ်တဲ့ လက်ဝှေ့ကို သင်ပေးတာပါ။ မန္တလေးမြို့မှာ လက်ဝှေ့ ပညာကို ယောက်ျားလေး စာသင်ကျောင်းတွေ ပေမယ့် ဘယ်ကျောင်းမှာမှ မသင်ကြရပါဘူး။ ကျွန်တော်တို့ ကျောင်းမှာတော့ အကောင်းဆုံး နည်းပြ ဆရာကို ဆရာကြီးက ငှားရမ်းပြီး လက်အိတ်ဖိုး ဘယ်လောက် ကုန်ကုန် ဆရာကြီးက အကုန်အကျခံပြီး အကျအန သင်ပေးခဲ့ပါတယ်။ ဒါကြောင့် အထက်မြန်မာနိုင်ငံက လက်ဝှေ့လောကဟာ မန္တလေးမှာရှိတဲ့ ဗဟို အမျိုးသားကျောင်းက ပေါက်ဖွားတဲ့ လက်ဝှေ့သမားများရဲ့ လောကပါပဲ။ (ခင်မောင်ပု-အမျိုးသားကျောင်းသားဟောင်း)

 (၆)
  အခက်အခဲ မျိုးစုံကြား ဇွဲနဲ့ ကြိုးစားမှု၊ မန္တလေး မြို့သူ/သားများရဲ့ ဆရာကြီး အပေါ် ယုံကြည် အားထား ကူညီ ထောက်ပံ့မှုများကြောင့် မန္တလေး နေရှင်နယ်ကျောင်းဟာ ဆက်လက် ရှင်သန် တိုးတက်လာခဲ့တာပါ။ ဦးရာဇတ်ရဲ့ နိုင်ငံရေး မျိုးစေ့ ချရာ ကျောင်းကြီးမို့ ခေတ်အဆက်ဆက် တိုင်းမှာ နိုင်ငံ ခေါင်းဆောင်နေရှင်နယ် ကျောင်းသားတွေ ပေါ်ထွက်ခဲ့ရာ အောင်မြေ ဖြစ်သလို၊ ၁၉၃၇- ခုနှစ်က မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ညီလာခံကြီးကိုလည်း လေးထပ် ကျောင်းကြီးပေါ်မှာပဲ တခမ်းတနား ကျင်းပခဲ့ပါတယ်။ (မောင်ခြိမ့်)

(၇)

  ဆရာကြီးသည် အထူး အမြော်အမြင်ကြီးသော မျိုးချစ် ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။ မြန်မာ လူငယ်များ ကမ္ဘာနှင့် ယှဉ်ရဲရန် ကမ္ဘာ့စာ အင်္ဂလိပ် စာကို မတတ် တတ်အောင် နည်းမျိုးစုံနှင့် သင်ပေးနေခြင်း ဖြစ်ပါသည်။ (သိပ္ပံမှူးတင်)

(၈)

  ဆရာကြီးက မနက်စောစော ကျောင်းသို့ လာလေ့ ရှိတယ်။ သူ့ကျောင်းကို သူ စိတ်ဝင်စားလို့ပေါ့။ ကျောင်းတက် ခေါင်းလောင်း ထိုးပြီးမှ ရောက်လာတဲ့ ဆရာကြီးမျိုး မဟုတ်ဘူး။ (ဆရာဝန် တင်မောင်ကြည်)

(၉)

  ဆရာကြီးဦးရာဇတ်မှာ ကျွန်တော် အလွန် ကြည်ညို လေးစားသော ဆရာကြီး တစ်ဦး ဖြစ်ပါသည်။ ဆရာကြီး ဦးရာဇတ်သည် ကျောင်းသားများကို ကျောသား/ရင်သား မခွဲခြားပါ။ ဆရာကြီးသည် တပည့်များကို ဘယ်သောအခါမှ မေ့လျော့ မျက်ကွယ်ပြု တတ်သူ တစ်ဦး မဟုတ်ပါ။ (ခင်မောင်-ကောလင်း)

(၁၀)
   ဗမာမွတ်စလင် တစ်ယောက် ရဟန်း ရှင်လူ ဘုန်းကြီးတွေကို စည်းရုံးနိုင်တာ ဆရာကြီးဦးရာဇတ် တစ်ယောက်ပဲ ရှိတယ်။ ဒါဟာ တော်တော်တန်တန် အရည်အချင်း မဟုတ်ဘူး။ ဘုန်းကြီးတွေနဲ့ ၀င်ဆံ့တာ သူတစ်ယောက်ပဲ ရှိတယ်။ (ဗမက ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ၀န်ကြီးဟောင်း လည်းဖြစ်တဲ့ - ဦးခင်မောင်လတ်)

 (၁၁)

  မန္တလေးက ဘုန်းကြီးတွေ လွှမ်းမိုးတဲ့မြို့ပါ။ အဲဒီမြို့မှာ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ပုဂ္ဂိုလ် တစ်ဦးက ၀င်ဆံ့နေတဲ့ အချက်ကို ကြည့်ရင် သူ့မှာ (ဆရာကြီးဦးရာဇတ်) ထူးခြားချက်တွေ ရှိလို့ပဲ။ (ဒေါက်တာခင်မောင်ညွန့်-သမိုင်းဋ္ဌာန) (ဦးကျော်ဝင်းမောင်အားပြောပြချက်)

(၁၂)

  မန္တလေးမှာတော့ နေရှင်နယ်ကျောင်းကြီးဟာ ဆရာကြီးဦးရာဇတ်ရဲ့ ခေါင်းဆောင်မှု အောက်မှာ အကြီးအကျယ် ရှင်သန်ခဲ့ပါတယ်။ လွတ်လပ်ရေး သမိုင်း တစ်လျှောက်မှာတော့ မန္တလေး နေရှင်နယ်ကျောင်းကြီးနှင့် နေရှင်နယ်ကျောင်းသားဟောင်းတွေရဲ့ ကဏ္ဍဟာ တခမ်းတနား ဖြစ်ခဲ့ပါတယ်။ အဲဒါတွေကြောင့်ပဲ ဆရာကြီးဦးရာဇတ်ရဲ့ ကျေးဇူးကို ကျွန်တော်တို့ သတိရခြင်း ဖြစ်ခဲ့ရပါတယ်။ (သခင်အောင်ကြီး-ပေါင်းတည်)

ကိုးကားစာအုပ်များ : - စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ၊ သုတေသီတစ်ဦး။

                                 - ၇၅ နှစ်မြောက် အမျိုးသားနေ့ စိန်ရတုသဘင်မဂ္ဂဇင်း။
   
(www.mmsy.org မှ မန်ဘာများ ဖော်ပြထားသည်ကို ကူးယူ ဖော်ပြသည်။ အခြား reference ပေးရန် ကျန်ရစ်ခဲ့သော websites ၊ စာအုပ်များ ရှိလျှင် ခွင့်လွှတ်စေချင်ပါတယ်)

http://redroseofburma.blogspot.com/2011/07/blog-post_19.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...