Thursday, July 28, 2011

အမျိုးသားအကျိုးးစီးပွားတိုးတက်​ဖို့ဆိုရင် (၂)

Min Thant Syn created a doc.
အမျိုးသားအကျိုးစီးပွားတိုးတက်ဖို့ ကျွန်တော်တို့ ဘာတွေလုပ်သင့်သလဲ။ 
တိုင်းပြည်နဲ့ချီပြီး မစဉ်းစားခင် အခြေခံကျတဲ့ အိမ်ထောင်စုလေးတခုနဲ့ ဥပမာထားပြီးပဲ အရင် စဉ်းစာကြည်ကြရအောင်ပါ။


အိမ်ထောင်စုတခု ကြီးပွားချမ်းသာအောင် ဘယ်လိုလုပ်ကြမလဲ။ အဖြေက ရိုးရိုးလေးပါ။ ဝင်ေ...ငွက ထွက်ငွေထက် ပိုပြီးများအောင် လုပ်ကြရမှာပေါ့။ စီးပွားရေး အဆင်မပြေသေးလို့ ဝင်ငွေနည်းနေရင် စီစစ်ချွေတာပြီး အဆင်အပြေဆုံး ဖြစ်အောင်နေကြရမယ်။ ဒီနေရာမှာ အသုံးနဲ့အဖြုန်းကို ကွဲကွဲပြားပြား သိမြင်ပြီး ရှိသမျှပိုက်ဆံလေးကို အကျိုးရှိရှိအသုံးချဖို့ ဖြုန်းတီးရာ မရောက်စေဖို့လိုအပ်ပါတယ်။

မြန်မာပြည်အကြောင်း ပြန်စဉ်းစားကြည့်ရအောင်ပါ။ အခုအခါမှာ sanction တွေကြောင့် စီးပွားရေး မတိုးတက်နိုင်သေးဘူး။ တိုင်းပြည်ဝင်ငွေ မကောင်းသေးဘူးဆိုရင် အစိုးရအနေနဲ့ ဘာလုပ်သင့်သလဲ။ သုံးသင့်တာပိုသုံးပြီး ဖြုန်းတီးတာတွေကို လျှော့ဖို့ကြိုးစားရမှာပါ။ ကျွန်တော်တို့ ထောက်ပြကြရမှာက နအဖ ဘာတွေဖြုန်းနေသလဲ။

ကိုထက်ရဲ့ဆောင်းပါးကို ပထမပိုင်းမှာ တင်ပြလိုက်ရတာကလည်း၊ နအဖလက်ထက် စစ်အင်အား အကြီးအကျယ်တိုးချဲ့ဖို့ ဆောက်ရွက်ခဲ့တာတွေဟာ သုံးရာမရောက် ဖြုန်းရာပဲရောက်ခဲ့တယ် ဆိုတာကို မီးမောင်းထိုးပြချင်လို့ပါ။

နအဖရဲ့ စစ်အသုံးစရိတ်ကို တခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ပြချင်ပါတယ်။

နိုင်ငံ နှစ်စဉ်စစ်အသုံးစရိတ် % of GDP
( billion US$ )
အမေရိကန် ၅၄၈.၉ ၃.၉ %
တရုတ် ၅၉ ၁.၇ %
အိန္ဒိယ ၃၂.၃၅ ဝ.၅ %
ဆူဒန် ၃ ၃.ဝ %
မြန်မာ ၇.ဝ၇ ၁၉ %
(Source – Wikipedia)

အထက်ပါ ဇယားကိုကြည့်ရင် ပြည်တွင်းစစ်ကိုတိုက်နေတဲ့ ဆူဒန်စစ်တပ်ကတောင် မြန်မာစစ်တပ်လောက် စစ်အသုံးစရိတ် မများဘူးဆိုတာ တွေ့ရမှာပါ။ ပြည်တွင်းစစ်လည်း မရှိတော့၊ လက်နက်ကိုင်သောင်းကျန်းသူဆိုလို့​ နည်းနည်းပါးပါးပဲ ကျန်တော့တယ် ဆိုတဲ့ ဒီကနေ့မှာ စစ်တပ်တွေ မလိုအပ်ပဲ ချဲ့ပြီး၊ GDP ရဲ့ ၁၉% တောင် သုံးနေတယ်ဆိုတော့ တိုင်းပြည်ဘဏ္ဍာတွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရပြီလဲ။

ဒီတော့ ကျွန်တော်တို့အားလုံး သဘောပေါက်သင့်တာက ကျွန်တော်တို့ရဲ့ လက်ရှိ စစ်တပ်အင်အားဟာ တိုင်းပြည်အတွက် မနိုင်ပဲထမ်းနေရတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ်ဆိုတာပါပဲ။ တိုင်းပြည်ကို တကယ်ပဲ ချောင်လည်စေချင်တယ်ဆိုရင် အဲဒီ ဝန်ထုပ်ကြီးကို တတ်နိုင်သလောက် လျှော့ချဖို့ ကြိုးစားနိုင်မှဖြစ်မယ်။ စစ်တပ် အသုံးစရိတ်ကို လျှော့ချလိုက်ခြင်းဖြင့် အခြား အသုံးပိုကျမယ့် ပညာရေး၊ ကျန်းမာရေးလို ကဏ္ဍတွေအတွက် ပိုပြီးရင်းနှီးမြှပ်နှံ လာနိုင်မှာ ဖြစ်ပါတယ်။

ဒီအချက်ကို သဘောပေါက်အောင် ရှင်းပြရတာ လွယ်ကူပေမယ့် နအဖဗိုလ်ချုပ်ကြီးတွေ လက်ခံလာအောင် တိုက်တွန်းဖို့ ကတော့ ဖြစ်နိုင်မယ်မထင်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့အနေနဲ့လည်း သူတို့ရဲ့အာဏာကို ပိုပြီးခိုင်မာအောင် စစ်တပ်အင်အား တောင့်တင်းမှဖြစ်မယ်လို့ ယုံကြည်ပြီး ရည်ရွယ်ချက်ရှိရှိ တည်ဆောက်လာခဲ့ကြတာ ဖြစ်လို့ပါပဲ။

အခုရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကိုသာ အတည်ပြုလိုက်နိုင်ရင် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အနေအထားက ပိုပြီးခိုင်မာသွားမှာပါ။ အရပ်သားအစိုးရ တက်လာနိုင်တယ် ဆိုရင်တောင်မှ စစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့ ကိုင်တွယ်ခွင့်မပေးရအောင် ဥပဒေထဲမှာ အခိုင်အမာ ထည့်ပြီးသားမို့ပါ။ အဲဒီအခါ တက်လာတဲ့အစိုးရလည်း လက်ရှိစစ်တပ်ရဲ့ဒဏ်တွေ ဆက်ပိပြီး တော်တော်နဲ့ စီးပွားရေး နာလံထူနိုင်ဦးမှာ မဟုတ်ပါဘူး။

ဖွဲ့စည်းပုံကို အတည်မပြုနိုင်ခဲ့ရင်တော့ ဖြစ်လာနိုင်ချေ နှစ်မျိုးးရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပထမတမျိုးးက အခုလက်ငင်းအခြေအနေနဲ့ ဘာမှမထူးခြားပဲ နအဖအနေနဲ့ စစ်တပ်အုပ်ချုပ်ရေးနဲ့ပဲ တတ်နိုင်သမျှ အကြာဆုံး ဆက်ပြီး ဖိနှိပ် အုပ်ချုပ်သွားနိုင်တယ်။ အဲဒီလိုဆိုရင်တော့ နောင်တချိန်မှာ သွေးထွက်သံယိုမှုတွေ အကြီးအကျယ်ထပ်ဖြစ်ပြီး တိုင်းပြည်လည်း ပိုပြီးယိုယွင်းသွားဖို့ပဲ မြင်ပါတယ်။

နောက်ဖြစ်နိုင်ခြေတမျိုးကတော့ နအဖအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲတွေ ပြန်စရဖို့ပဲ ဖြစ်ပါတယ်။ အဲဒီ နည်းလမ်းကတော့ မြန်မာပြည်ရဲ့ ကံကြမ္မာအတွက် အကောင်းဆုံးပဲလို့ ကျွန်တော်မြင်ပါတယ်။ သူတို့နှစ်ဦးနှစ်ဖက် တယောက်ကိုတယောက် လိုအပ်တယ်ဆိုတာ သဘောပေါက်ပြီး၊ အတတ်နိုင်ဆုံး အလျှော့ပေးညှိနှိုင်း၊ သဘောတူညီချက် ရနိုင်တဲ့ အခြေအနေတရပ်ရောက်လာမှသာ လက်ရှိမြန်မာ့နိုင်ငံရေး ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသွား နိုင်မှာပါ။

မေလ (၁ဝ) ရက်နေ့မှာ ပြည်သူတွေက ဘယ်လိုပဲ မဲပေး၊ မဲပေး ၊ နအဖမနေနဲ့ ဘယ်လိုပဲ ရှေ့ဆက်လျှောက်လျှောက် လောလောဆယ် တော့ Sanction တွေ ကတော့ ပြန်ပြီးရုပ်သိမ်းသွားဖွယ် မမြင်သေးပါဘူး။ ဘာလို့လဲ ခေါင်းခြောက်အောင် စဉ်းစားနေစရာ မလိုပါဘူး။ နအဖရဲ့ခြေလှမ်းတွေဟာ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ ရိုးရိုးသားသား ဖြူဖြူစင်စင် လှမ်းနေတဲ့ ခြေလှမ်းတွေမဟုတ်ဘူးလို့ အနောက်အုပ်စုက မြင်ထားလို့ပဲ ဖြစ်ပါတယ်။ နောက်တချက်က သူတို့အပေါ်ထားနေတဲ့ နအဖရဲ့ အနောက်မုန်းတီးရေး ဝါဒအမှားကြီးကြောင့်လည်း ဖြစ်ပါတယ်။ ကိုယ့်ကို ပြေပြေလည်လည် မဆက်ဆံပဲ အော်ဆဲနေတဲ့သူကို အကူအညီပေးမယ့်လူက မကူညီချင်တာ မဆန်းပါဘူး။ ဗီယက်နမ်တို့လို နိုင်ငံကြီးတွေအားလုံးဆီက နှစ်သီးစား၊ သုံးသီးစား ပေါင်းပြီးစား နိုင်ဖို့ဆိုရင် အားလုံးနဲ့ သံခင်းတမန်ခင်း ကောင်းမှဖြစ်မယ်။

ဒါ့ကြောင့် နအဖ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူကြီးသဖွယ် အငြိုးကြီးနေမယ့်အစား အတူပူးပေါင်း ဆောင်ရွက်ပြီး၊ အနောက်နိုင်ငံတွေနဲ့ ရွှေလမ်းငွေလမ်း ဖောက်ပေးနိုင်မယ့် သံတမန်တဦးအနေနဲ့ ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် အသုံးချနိုင်မယ့် သူတယောက်အဖြစ် ရှုမြင်သင့်တယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပူးပေါင်းဆောင်ရွက်မှုပါမှလည်း၊ ပိတ်ဆို့ခံရတာတွေက လွတ်မြောက်ပြီး၊ စီးပွားရေးတိုးတက်ဖို့ လမ်းစလည်း ပြန်ပေါ်လာပါလိမ့်မယ်။

ပြောချင်တဲ့ အချုပ်ကို ပြန်ကောက်ရရင် ...

(၁) လက်ရှိစစ်တပ်ရဲ့ ပမာဏဟာ အဆမတန် ကြီးမားလွန်းပြီး၊ များလွန်းတဲ့ စစ်အသုံးစရိတ်က တိုင်းပြည်စီးပွားရေး နာလံမထူနိုင်လောက်အောင် ဝန်ပိနေစေတယ်။ အဲဒါကို လျှော့ချဖို့ မကြိုးစားပဲ တိုင်းပြည်ချမ်းသာလာဖို့ မလွယ်ဘူး။

(၂) Sanction တွေကို ရုပ်သိမ်းပေးဖို့ နအဖကိုယ်တိုင် ဘယ်လောက်ကြိုးစား၊ ကြိုးစား မရနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်း ကူညီပေးမှ ရနိုင်မယ်။ ဒါကြောင့် တိုင်းပြည် တိုးတက်ဖို့ တကယ် ဆန္ဒရှိတယ်ဆိုရင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မှသာ ဖြစ်နိုင်မယ်။

တိုးမြင့်ဦ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...