Thursday, July 28, 2011

နိုင်ငံရေးသည် ပကတိသဘောကို ပစ်ပယ်၍ မရ

Min Thant Syn created a doc.
လောက၌ အရာရာ တိုင်းသည် နိစ္စဓူဝ မဟုတ်ပါ။ အနိစ္စ၊ အဓူဝ အမြဲတမ်း ပြောင်းလဲလျက် ရှိနေပေသည်။ ဤသည်မှာ သဘာဝ သဘော၊ ဓမ္မသဘော အစစ်အမှန်ပင် ဖြစ်သည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု သို့မဟုတ် အရေးတော်ပုံ တစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက် လာပါက ယေဘုယျ ရှုမြင်မှုနှင့် ခွဲခြမ်းစိတ...်ဖြာ ရှုမြင်မှုဟူ၍ အမျိုးမျိုး လေ့လာကြပေသည်။
ပဒေသရာဇ်နှင့် ကျေးကျွန်များ၊ ပဒေသရာဇ်နှင့် အရင်းရှင်များ၊ အရင်းရှင်နှင့် အလုပ်သမားတို့၏ ပဋိပက္ခ အမျိုးမျိုးသည် ကမ္ဘာ့နေရာ အများအပြား၌ သူ့အချိန်အခါနှင့် သူ ဖြစ်ပေါ် ခဲ့ကြသည်။ ၁၇ရာစုတွင် ဖြစ်ပေါ်ခဲ့သည့် အင်္ဂလန် နိုင်ငံ၌ ပထမချားလ်စ် ဘုရင်အား တော်လှန်ခဲ့သော ကရွမ်းဝဲလ်၏ တော်လှန်ရေးမှာ သမိုင်းဆရာ တို့က ဘုရင်ဂျီ သာသနာ ဆန့်ကျင်ရေး တိုက်ပွဲအဖြစ် သတ်မှတ်ခဲ့ သော်လည်း နိုင်ငံရေး သိပ္ပံပညာရှင်တို့က ပဒေသရာဇ် စနစ်အား ဓနရှင် လူတန်းစား တို့က အခွန်အကောက်နှင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှု လွတ်လပ်ရေး အတွက် တော်လှန်ခဲ့သည့် အရေးတော်ပုံ အဖြစ်ရှုမြင် ခဲ့ကြသည်။ တစ်နည်း အရင်းရှင်စနစ် ခေါင်းထောင် လာသော အင်အား ကောင်းလာသော အဖြစ်အပျက်ဟု သတ်မှတ်ခဲ့ကြသည်။



အလားတူ ၁၇၈၉ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ပြင်သစ် ဘူဇွာတော်လှန်ရေး မှာလည်း တွေးခေါ် ပညာရှင် Rousseau (ရူးဆိုး)၏ လွတ်လပ်ရေး၊ ညီမျှရေး၊ ချစ်ကြည်ရေး တည်းဟူသော ကြွေးကြော်သံဖြင့် ပေါ်ပေါက်ခဲ့သည်။ ထိုပဋိပက္ခ မှာလည်း အရင်းရှင်တို့က ဦးဆောင်ကာ ပဒေသရာဇ် စနစ်ကို တိုက်ဖျက်ခဲ့ခြင်း အဖြစ် သတ်မှတ်ခဲ့သည်။ ပဒေသရာဇ် စနစ်မှ အရင်းရှင် စနစ်သို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲကျင့်သုံး နိုင်ရန် အားထုတ် ခဲ့ခြင်းသာ ဖြစ်သည်။ အရင်းရှင်တို့က ကုန်သွယ်မှု လွတ်လပ်ရေး၊ ပဒေသရာဇ်နှင့် အရင်းရှင် လူတန်းစားတို့ သာတူညီမျှ ဖြစ်ရေးနှင့် ပဒေသရာဇ်နှင့် အရင်းရှင်တို့ ချစ်ကြည်ရေးကို ဖော်ဆောင် ပေးရန် ဖြစ်သည်။ လက်ဝဲ နိုင်ငံရေး ပညာရှင်များက မြေရှင် ပဒေသရာဇ် များကို အလုပ်သမားနှင့် မြေယာ လုပ်သားများ၏ တော်လှန်ရေး အဖြစ် သမုတ်ခဲ့ကြပြီး မအောင်မြင်သော အလုပ်သမား တိုက်ပွဲဟု သတ်မှတ် ခဲ့ကြသည်။


အဖြစ်အပျက် တိုင်း၌ ဦးတည်ပြောင်းလဲ လာသော မမြဲသော သဘာဝနှင့် လတ်တလော ပြောင်းလဲ စေသောကြောင့် ပစ္စယများ ရှိနေပေသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော ထိုင်းနိုင်ငံ၏ ရှပ်နီ အရေးအခင်း ကိုလည်း ပြည်တွင်း ပြည်ပ နိုင်ငံရေး သမားများက နည်းမျိုးစုံ ဝေဖန်ခဲ့ကြသည်။ လမ်းမပေါ်၌ ဆန္ဒပြကာ အစိုးရရုံးကို ဝိုင်းဝန်းခြင်း၊ အစိုးရ အလုပ်များ ပျက်စေခြင်း တို့ကြောင့် Street Politic လမ်းမပေါ်မှ နိုင်ငံရေးဟူ၍ လည်းကောင်း၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား လိုလား ထောက်ခံသူ များက စုပေါင်း ဆန္ဒပြသည် ဖြစ်၍ သက်ဆင် အာဏာရရှိ စေရန် ကြိုးပမ်း ကြသည်ဟူ၍ လည်းကောင်း အမျိုးမျိုး ဝေဖန်ခဲ့ကြသည်။


သက်ဆင်ရှီနာ ဝတ္တရာမှာ ၂ဝဝ၆ခုနှစ် စက်တင်ဘာလတွင် စစ်တပ်မှ အာဏာသိမ်း၍ ရာထူးမှ ပြုတ်ကျကာ ပြည်ပ၌ ခိုလှုံနေရသည်။ ၄င်း၏ ထိုင်းရက်ထိုင်း ပါတီကိုလည်း ဖျက်သိမ်းခံရပြီး သက်ဆင် နောက်လိုက်များ၏ ပြည်သူ့အင်အား ပါတီ (PPF) ကိုလည်း ဘုရင်နှင့် အခွင့်ထူးခံ ဗိုလ်ချုပ်ကြီးဟောင်းများနှင့် ဘုရင့် အကြံပေး အဖွဲ့ဝင်များ လိုလားသော ရှပ်ဝါဝတ် PAD ခေါ် ပြည်သူ့ ဒီမိုကရေစီ မဟာမိတ်တို့၏ ဆန္ဒပြမှုကြောင့် ဝန်ကြီးချုပ် ဆမတ် ဆန်ဒရာဝေ့ရှ် အစိုးရနှင့် သက်ဆင်၏ ယောက်ဖတော်သူ ဆွမ်ချိုင်းဝေါင် ဆာဝတ်၏ အစိုးရအဖွဲ့တို့ ပြုတ်ကျ သွားခဲ့သည်။ ထို့နောက် စစ်တပ် ထောက်ခံသော ဒီမိုကရက် ပါတီမှ အဘီဆစ် ဗီဂျာဂျီဗာ ဝန်ကြီးချုပ် ဖြစ်သည်။
ရှပ်နီ ဝတ်ထားသော သက်ဆင် ထောက်ခံသူများက အဘီဆစ် အစိုးရအား ဥပဒေနှင့် မညီ၍ ထွက်ပေးရေး၊ လွှတ်တော် ဖျက်သိမ်းရေး ကြွေးကြော်သံဖြင့် ဆန္ဒပြခဲ့ ကြပြန်သည်။ ဧပြီလမှ စ၍ ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုကြောင့် စစ်တပ်နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာလူ ၃ဝခန့်သေပြီး တစ်ရာကျော် ဒဏ်ရာ ရရှိခဲ့သည်။ အစိုးရက အင်အားသုံး နှိမ်နင်းလိုက်၍ ခေတ္တငြိမ်သက် သွားခဲ့ သော်လည်း ပြဿနာက မငြိမ်းသေးပါ။ အချိန်မရွေး ပြန်၍ ဖြစ်ပေါ် နိုင်ပါသည်။


ဤ အဖြစ်အပျက်၌ လတ်တလော အဖြစ်အပျက်မှာ ရှပ်နီနှင့် ရှပ်ဝါတို့၏ လူထုတိုက်ပွဲ ပုံသဏ္ဌာန် ဖြစ်စေခဲ့ သော်လည်း အနှစ်သာရမှာ ဘုရင်စနစ် ဖျက်သိမ်းရေး၊ သမ္မတနိုင်ငံ ထူထောင်ရေး ရည်မှန်းချက် ဖြစ်သည်။ ဤရည်ရွယ်ချက် ပြီးမြောက် မှသာ ထိုင်းနိုင်ငံရေး၌ ၁၉၁၂ ခုနှစ် ကတည်းက လွှမ်းမိုး ထားသော စစ်တပ်၏ အခန်းကဏ္ဍနှင့် ဘုရင့် အကြံပေးဟု အမည် တပ်ထားသော ဗိုလ်ချုပ်ကြီးဟောင်းများ၊ လက်ရွေးစင် လူချမ်းသာ တစ်စု၏ ထိုင်းနိုင်ငံရေး၌ ခြယ်လှယ်မှုကို ဖယ်ရှား နိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် ရီပတ်ဘလီကန် အယူအဆ ရှိသူတို့က အစိုးရ အာဏာကို ရရှိလာသော အခါ ဘုရင့် အာဏာနှင့် စစ်တပ်၏ နိုင်ငံရေး၌ လွှမ်းမိုးမှုကို လျှော့ချရန် ကြိုးစားလာခဲ့ ကြသည်။ ထိုင်းလူငယ်များ၊ ပညာတတ် များနှင့် တောနယ် လူတန်းစားတို့က ထောက်ခံသည်။ ဘုရင်နှင့် စစ်တပ် လိုလားသော ပါတီကို ဘန်ကောက်မြို့ လူချမ်းသာ များနှင့် လူလတ်တန်းစား တို့က ထောက်ခံကြသည်။


သို့ရာတွင် ထိုင်းနိုင်ငံရေး၌ မျက်မှောက်ကာလ အထိ အာဏာ ရလာသော ဒီမိုကရေစီ အစိုးရများမှာ စစ်တပ်၏ အခွင့် အာဏာကို လျှော့ချရန် တစ်နည်းနည်းဖြင့် ကြိုးစားခဲ့ပါက အာဏာသိမ်းခြင်း ခံရသည်ချည်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာ သိမ်းမှု ၁၉ ကြိမ်ရှိပြီကို ထောက်ရှု၍ သိနိုင်သည်။ ထို့ကြောင့် နိုင်ငံရေး သုံးသပ်သူ များက ထိုင်းနိုင်ငံရေး အခင်းအကျင်း၌ စွဲမြဲနေပြီး ဖြစ်သော အခွင့်ထူးခံနှင့် စစ်တပ်၏ အခန်းကဏ္ဍကို ဖြိုလှဲရန် ကြိုးပမ်းသည့် အစိုးရသည် ဖြိုခွဲခံရမည်မှာ သေချာကြောင်း၊ ပြည်သူများကို လှည့်စားရန် အတွက် စစ်တပ်က ထိုင်းဘုရင်ကို ရှေ့တန်းတင် နေကြောင်း။ ဤသို့သော သဘော သဘာဝကို မြင်အောင် ကြည့်ပြီး လမ်းသစ်ရှာ၍ လျှောက်နိုင်သူ သည်သာ ထိုင်းနိုင်ငံရေး စင်မြင့်၌ တည်မြဲမည် ဖြစ်သည်ဟု ပြောဆိုဝေဖန် နေကြဆဲ ဖြစ်သည်။ ပကတိ အခြေအနေကို ပစ်ပယ်၍ မရခြင်းပင် ဖြစ်သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ တွင်လည်း နိုင်ငံရေး အသွင်သဏ္ဌာန်နှင့် အနှစ်သာရကို ဒုတိယကမ္ဘာ စစ်ကာလ ဗြိတိသျှ နယ်ချဲ့နှင့် ဖက်ဆစ်ဂျပန် တို့အား တိုက်ခိုက်သည့် အချိန်မှစ၍ အရင်းတည် အခြေချ ထားခဲ့သည်ကို မြင်တွေ့ရမည် ဖြစ်သည်။



၁၉၄၄ခုနှစ် သြဂုတ်လတွင် မြန်မာ့ လွတ်လပ်ရေး အတွက် ကြိုးပမ်းနေသည့် BIA(BDA) ဗမာ့ လွတ်လပ်ရေး တပ်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာနှင့် ဗိုလ်နေဝင်း တို့သည် လည်းကောင်း၊ ပြည်သူ့ အရေးတော်ပုံပါတီ (ဆိုရှယ်လစ် ပါတီ)မှ ကိုကျော်ငြိမ်း၊ ကိုဗဆွေနှင့် သခင်ချစ်တို့သည် လည်းကောင်း၊ ကွန်မြူနစ် ပါတီမှ သခင်စိုး၊ သခင်ဗဟိန်းနှင့် သခင်သန်းထွန်း တို့သည် လည်းကောင်း စုဝေးတိုင်ပင် ခဲ့ကြကာ ဖတပလခေါ် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ကြီးကို ထူထောင် ခဲ့ကြသည်။ ဤအဖွဲသည် ဖက်ဆစ် တော်လှန်ရေးနှင့် မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရသည်အထိ ပြည်သူတို့ကို စည်းရုံး နိုင်ခဲ့သလို နိုင်ငံရေး အဖွဲ့အသီးသီး ကိုလည်း ညီညွတ်စည်းရုံး စေခဲ့သည်။ မူလက ဖက်ဆစ်ဝါဒ တိုက်ဖျက်ရေးနှင့် မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေးကို ရည်ရွယ်ခဲ့သည်။ နောက်ပိုင်း ရည်ရွယ်ချက် ၁၂ခုကို ချမှတ်ခဲ့သည်။
ဒုတိယ ကမ္ဘာစစ် ပြီးနောက် ဗြိတိသျှ အစိုးရထံမှ လွတ်လပ်ရေး အရေးဆိုရန် ၁၉၄၅ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းရပ်ကွက် ကန်တော်ကြီးစောင်းရှိ နေသူရိန် ရုံကြီး၌ ကျင်းပသော မြန်မာနိုင်ငံ၌ အလွန် ကြီးကျယ်သော ညီလာခံကြီး ကို ဖဆပလ ဦးဆောင်၍ ကျင်းပခဲ့သည်။ ဗမာ့ တပ်မတော် ပြန်လည် ဖွဲ့စည်းရေးကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်၍ ဖော်ဆောင်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ် အောင်ဆန်းသည် သီဟိုဠ်ကျွန်း ကန္ဒီမြို့ရှိ အရှေ့တောင် အာရှ စစ်သေနာ ပတိချုပ် လော့ဒ်လူဝီ မောင့်ဘက်တန်နှင့် တွေ့ဆုံကာ မြန်မာ့ တပ်မတော်ကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သည်။



ဗိုလ်ချုပ်အောင်ဆန်း သည် ၁၉၄၅ခုနှစ် မှစ၍ မနားမနေ နိုင်ငံရေး လုပ်ငန်းများကို ဆောင်ရွက်ကာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ တွင် မြန်မာနိုင်ငံကြီး လုံးဝ လွတ်လပ်ရေး ရရန် ဖဆပလ အဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် လုပ်ဆောင် နိုင်ခဲ့သည်။ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနှင့် ဆိုရှယ်လစ်ရေး တည်းဟူသော လွတ်လပ်ရေး ရရှိပြီး လုပ်ဆောင် သွားမည့် လုပ်ငန်း များကို ချမှတ်ခဲ့သည်။ ဆိုရန် တိုဗီလာ စီမံကိန်းဖြင့် လွတ်လပ်ရေး အပြီး မြန်မာ့ စီးပွားရေးကို အကောင်အထည် ဖော်ရန် ဗိုလ်ချုပ်အောင်ဆန်း လုပ်ဆောင် ပေးခဲ့သည်။ သို့ရာတွင် နိုင်ငံပိုင် ပြုလုပ်ရမည့် လုပ်ငန်းများကို အကုန်အစင် မလုပ်ခဲ့ သဖြင့် လွတ်လပ်ရေးပြီး ဖဆပလ အစိုးရမှာ တာဝန်မကျေ ဖြစ်ခဲ့သည်။
မူလ ဖဆဖလ အဖွဲ့ကြီး၏ အမာခံ အဖွဲ့ဝင်များ ဖြစ်ခဲ့ကြသည့် ကွန်မြူနစ်ပါတီ၊ ပြည်သူ့ အရေးတော်ပုံ ခေါ် ဆိုရှယ်လစ် ပါတီနှင့် တပ်မတော် တို့မှာ လွတ်လပ်ရေး ရပြီး အသွင်အမျိုးမျိုး ပြောင်းခဲ့ကြသည်။ လွတ်လပ်ရေး ရခါနီး ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲ၍ တောခိုခဲ့ကြသည်။ ဖဆပလ တပ်ပေါင်းစု ထဲမှ ဆိုရှယ်လစ် များလည်း ခွဲထွက်ခဲ့ကြသည်။ နောက်ဆုံး ဖဆပလမှာ တည်မြဲ၊ သန့်ရှင်း၊ ပမညတ၊ ဦး၊ ဗိုလ်၊ သခင်ဟူ၍ ရောင်စုံ ကွဲကုန်တော့သည်။



ဗိုလ်ချုပ် အောင်ဆန်း၏ ကျားကုတ် ကျားခဲ ကြိုးပမ်း ခဲ့ရသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မှာလည်း ဦးနု၏ နိုင်ငံရေး ကိုယ်ကျိုးဖက်မှုကြောင့် တိုင်းရင်းသား သူပုန်များ ပေါ်ပေါက်ခဲ့ ရသည်။ ဦးနုသည် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန်ဟု ဆိုကာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းကို အိမ်စောင့် အစိုးရ တာဝန် လွှဲအပ်ခဲ့သည်။ ဤသည်မှာ လွတ်လပ်ရေး နှင့်အတူ ပေါက်ဖွား လာသော တပ်မတော်က လွတ်လပ်ရေး ရပြီး ၁ဝနှစ် အကြာတွင် မြန်မာ့ နိုင်ငံရေးမှာ ကိုယ်ထိ လက်ရောက် စတင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲ၌ အနိုင် ရရှိခဲ့သော (ပထစ) ပြည်ထောင်စု ပါတီမှာ ရွေးကောက်ပွဲ ကတိကဝတ် များကို ဖြစ်နိုင် မဖြစ်နိုင် မစဉ်းစားဘဲ မိမိတို့ ပါတီ အာဏာ ရရှိရေး အတွက် တောင်တန်း ဒေသ လူမျိုးစုများကို နိုင်ငံတော်၏ ညီညွတ်ရေးကို ပြိုကွဲစေမည့် ကတိများ ပေးခဲ့သည်။ နောက်ဆုံး ပါလီမန်၌ ပြည်ထောင်စု အရေး ကိစ္စများမှာ နိုင်ငံတော်ကို အန္တရာယ် ကျရောက်နိုင်သည့် အခြေသို့ ဆိုက်ရောက်ခဲ့ရာ တပ်မတော်က ၁၉၆၂ ခုနှစ် မတ် ၂ ရက်၌ အာဏာ သိမ်းခဲ့သည်။
အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းက ပထစ အစိုးရ၏ နိုင်ငံကို ချောက်ထဲသို့ ကျအောင် လုပ်နေ၍ တပ်မတော်က အာဏာသိမ်း ခဲ့ရကြောင်း၊ ထို့နောက် လွတ်လပ်ရေး ရယူစဉ်က ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်မှ သွေဖည်၍ အရင်းရှင် လမ်းကြောင်းပေါ်သို့ လိုက်နေ၍ ဆိုရှယ်လစ် လမ်းစဉ်ကို ချမှတ် ကျင့်သုံးမည်ဟု ဆိုကာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ထူထောင်ခဲ့သည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဖြင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံကို ထူထောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဖြစ်သည်။


ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို တပ်မတော်က အစဉ် စောင့်ရှောက် ကာကွယ် သွားမည့် အပြင် တပ်မတော်သည် လမ်းစဉ်ပါတီ၏ အမာခံ ကျောရိုး အဖြစ်လည်း ဖော်ဆောင်ခဲ့သည်။ လွတ်လပ်ရေးနှင့် အတူ ပေါက်ပွားခဲ့သည့် မြန်မာ့ တပ်မတော်မှာ အခြားအခြား နိုင်ငံများ၏ စစ်တပ်များနှင့် မတူသည့် အချက်မှာ စစ်ရေး နှင့်အတူ နိုင်ငံရေး အယူအဆများ ကိုပါ သိရှိ အကျွမ်းဝင် နေခဲ့ခြင်းပင် ဖြစ်သည်။
ဆိုရှယ်လစ် စနစ်ဟူသည် ဘုံဝါဒ ကွန်မြူနစ် စနစ်၏ အခြေခံရာ ဖြစ်သည်ဟု လက်ဝဲနိုင်ငံရေး သမားများက ဆိုကြသည်။ လူတန်းစား ပဋိပက္ခသည် ဆိုရှယ်လစ် ဝါဒ အတွင်း၌ပင် အတော် လျော့နည်း ကုန်ပြီ။ ထို့ကြောင့် လူတန်းစား ပဋိပက္ခ အသွင် နည်းခဲ့သည်။
ခေတ်စနစ် တို့သည် နိစ္စဓူဝ မတည်မြဲ၊ အနိစ္စ အဓူဝ ပြောင်းလဲ ရွေ့လျား နေသည်။ မြန်မာ့ ဆိုရှယ်လစ် ဝါဒသည် ၂၁ ရာစု အဝင်နား၌ ပြောင်းလဲလာသော Globalization ခေါ် ကမ္ဘာပြုမှုကို အမီ မလိုက်နိုင်ခဲ့။ ကမ္ဘာတစ်ဝန်း ဈေးကွက် စီးပွားရေး အရှိန်အဟုန် မြင့်လာခြင်းနှင့် အတူ မလိုက်ပါနိုင်ခဲ့။ ထို့ကြောင့် ၈၈ အရေးအခင်းဟု ဆိုသော လူထုအုံကြွမှု ပေါ်ပေါက် ခဲ့ရသည်။ ထိုကာလ အနီးတစ်ဝိုက်၌ ပေါ်ပေါက်ခဲ့သော ကျောင်းသား အရေးအခင်း များမှာ အဓိက မဟုတ်၊ ပြောင်းလဲ သင့်သော ကုန်သွယ်ရေး စနစ်၊ ကုန်ထုတ်စနစ် များကို ပြောင်းလိုခြင်း၊ စီးပွားရေး ထွက်ပေါက် ပိတ်နေခြင်းကို ရှာဖွေ ခဲ့ကြခြင်းသာဟု ဆိုက မှားမည် မထင်ပါ။


မည်သို့ပင် ဆိုစေ ဆူပူမှု ဖြစ်ပွားပါက နိုင်ငံတော်၏ အကျိုးစီးပွား၊ နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိခိုက်မည်သာ ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ရေး၊ ပြည်သူများ စိုးရိမ်သောက ကင်းဝေးရေး အတွက် အုပ်ချုပ်သူ အစိုးရက တပ်မတော် လက်သို့ နိုင်ငံတော်ကို လွှဲအပ် ခဲ့ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် တပ်မတော် သည် မြန်မာ့ နိုင်ငံရေး၌ ပါဝင်လာခဲ့ ရပြန်သည်။ မြန်မာ့ တပ်မတော်သည် လွတ်လပ်ရေး မရမီ ကတည်းက လည်းကောင်း၊ လွတ်လပ်ရေး ရပြီး နောက်ပိုင်း၌ လည်းကောင်း တိုင်းပြည် အရေးကို လျစ်လျူ မပြုသည်ကို တွေ့ရသည်။ ထို့ကြောင့် မြန်မာ့ နိုင်ငံရေး လောကနှင့် တပ်မတော်ကို ခွဲခြားရန် ခက်လှသည်ဟု နိုင်ငံရေး ဝေဖန်သူများက ဆိုခြင်း ဖြစ်သည်။
လက်ရှိ အနေအထား၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲကို ကျင်းပမည်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်၍ အယူအဆ ဝါဒရေးတို့ မျိုးစုံလိမ့်မည်။ ပါတီများ အတွက် ဝင်ရောက် ယှဉ်ပြိုင် ကြရမည့် လွှတ်တော် ကိုယ်စားလှယ် ဦးရေကို ကန့်သတ် ပေးထား သကဲ့သို့ တပ်မတော် အတွက်လည်း အချိုးတစ်ခု ပေးထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲပြီး မြန်မာ နိုင်ငံတော်၏ အစိုးရ အဖွဲ့တွင် နိုင်ငံရေး ပါတီများနှင့် တပ်မတော်သား များလည်း ပါဝင် လာမည်မှာ သေချာ နေသည်။ တပ်မတော်သည် ရွေးကောက်ပွဲပြီး မြန်မာ့ နိုင်ငံရေး လောကတွင် ကီးပလေယာ အဖြစ် ဆက်လက် တည်ရှိ နေမည်သာ ဖြစ်သည်။
အာဏာရသည့် ပါတီ အဖွဲ့အစည်းများ အနေဖြင့် ပါတီ၊ ပြည်သူနှင့် မြန်မာ့ တပ်မတော် တို့အား လိုက်လျောညီထွေ ပေါင်းစပ်၍ နိုင်ငံရေး အခင်းအကျင်းကို ချနိုင်ပါက တိုးတက်သော ခြေလှမ်းကို လှမ်းနိုင်မည်မှာ မုချပင် ဖြစ်သည်။ နိုင်ငံရေး ပါတီ၊ မဲဆန္ဒရှင် ပြည်သူများနှင့် တပ်မတော်တို့ အကြား ရင်းနှီးချစ်ခင်မှု မတိုးချဲ့နိုင်ဘဲ ပဋိပက္ခ အသွင်များကို ပေါ်ပေါက် စေမည် ဆိုပါက အာဏာရ အစိုးရသည် သက်ဆိုး ရှည်နိုင်မည် မဟုတ်ဟု သုံးသပ်ရမည်။


မြန်မာနိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် နိုင်ငံရေး လမ်းခရီး၌ မြန်မာ့ လက်ရုံးတပ်၊ မြန်မာ့ လွတ်လပ်ရေး တပ်မတော် စသည်တို့မှာ လက်ရုံးရည် (စစ်ရေး)နှင့် နှလုံးရည် (နိုင်ငံရေး) တို့ကို ပူးတွဲ လုပ်ကိုင်လာခဲ့ ရသည် ဖြစ်ရာ တပ်မတော် အတွက် မြန်မာ့ နိုင်ငံရေး လောကသည် စိမ်းနေမည် မဟုတ်ပါ။
ထို့ကြောင့် ရွေးကောက်ပွဲ ဝင်ကြမည့် နိုင်ငံရေး ပါတီများ အနေဖြင့် စည်းရုံး မဲဆွယ်ရာ၌ လည်းကောင်း၊ အာဏာ ရခဲ့လျှင် သော်လည်းကောင်း ပြည်သူလူထုနှင့် တပ်မတော် တို့အား သီးခြားစီ မမြင်ရန် အရေးကြီးသည်ကို သတိ ချပ်အပ်၏။ မြန်မာ နိုင်ငံ၏ နိုင်ငံရေး ရေစီးကြောင်း၌ နိုင်ငံရေး ပါတီများသာ ပေါ်ချီတစ်လှည့် ငုပ်ချည်တစ်ဖန် ဖြစ်နေခဲ့ကြ သော်လည်း ပြည်သူ့ တပ်မတော်မှာ စဉ်ဆက်မပြတ် ပြည်သူများ နှင့်အတူ ရှိနေခဲ့သည်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို သေချာ ကျနစွာ သုံးသပ် နိုင်ကြပါစေဟု ဆန္ဒပြု တင်ပြခြင်းသာ ဖြစ်ပါသည်။ မည်သို့ပင် ဖြစ်စေ မြန်မာ့ နိုင်ငံရေး၏ ပကတိ သဘာဝ တရားကို မျက်ကွယ် ပြု၍ မရသည်မှာ အမှန်ပင် ဖြစ်ပါသည်။ နိုင်ငံရေး ပါတီများသည် ခင်းထားပြီးသော နေရာသို့ ဝင်ရောက်ပြီး မိမိတို့၏ မူဝါဒနှင့် လုပ်လိုသည်များကို အဝိုင်းအဝန်း ထဲ၌ ညှိနှိုင်းကာ တိုးတက်မှုကို ရှာရမည် ဖြစ်ပါကြောင်း...။
မောင်သာနု

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...