Sunday, July 24, 2011

အာဇာနည်စာရင်း (၂၀)


လွတ်လပ်တဲ့အာရှအသံ
မင်္ဂလာပါခင်ဗျာ။ ဒီတပတ်မှာ လွတ်လပ်ပီးခေတ် မြန်မာသမိုင်းစာအုပ်တွေအကြောင်း ပြောမလို့ အစက ရည်ရွယ်ပါတယ်။ ဒါပေမဲ့ ဒီတပတ်ဟာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့ ၆၄ နှစ်ပြည့် အာဇာနည်နေ့ကျရောက်နေတဲ့အတွက် အာဇာနည်နေ့အကြောင်းပဲ တင်ဆက်ပရစေ။

အာဇာနည်ရဲ့ အနက်အဓိပ္ပာယ်ဖွင့်ပုံတွေကိုတော့ သောတရှင်များကို အထူးရှင်းပြစရာလိုမယ်မထင်ပါဘူး။ ဒီ ပါဠိ သက္ကတစကားလုံးကို မြန်မာရာဇဝင်မှာ ဘယ်လိုရည်ညွှန်းသုံးစွဲခဲ့ကြပါသလဲ။
အာဇာနည် ယောက်ျားထူးယောက်ျားမြတ်ပါတကားဆိုပီး ပဒေသရာဇ်တွေရဲ့ အမှုတော်ကို ဦးလည်မသုန်ထမ်းရွက်တဲ့ အမှုတော်ထမ်းစစ်သည်သူရဲတွေကို ရည်ညွှန်းသုံးစွဲလေ့ရှိတဲ့ စကားပါ။ ဒီတော့ မိန်းမအာဇာနည်ဆိုတဲ့စကားဟာ မြန်မာစာပေ ရာဇဝင်မှာ မြင်ရခဲပါတယ်။ မြန်မာရာဇဝင်မှာ လက်ရုံးစွမ်းပြခဲ့တဲ့ အမျိုးသမီးများကလည်း ပထမ အင်္ဂလိပ် မြန်မာစစ်မှာ ပါတဲ့ မယ်ဘယက်တို့လောက်ပဲ ထင်ထင်ရှားရှားရှိပါတယ်။

ကိုလိုနီခေတ် နေမဝင်အင်ပါယာအောက်မှာ လွတ်လပ်ရေးကြိုးပမ်းခဲ့ချိန်မှာတော့ အာဇာနည်ဆိုတဲ့စကားက အသုံးဝင်လာပါတယ်။ အင်အားကြီးခေတ်မီတဲ့ ကမ္ဘာတခြမ်းလောက် သိမ်းထားတဲ့ လူမျိုးကွဲရန်သူကို အံတုဖို့ဆိုတာ တော်ရုံဇွဲသတ္တိနဲ့ မဖြစ်တာတော့အမှန်ပဲ။ ဒီတော့ နယ်ချဲ့ကို အန်တုရာမှာ အစွမ်းမသေးတဲ့သူ လူထုကြားမှာ ပြောစမှတ်ဖြစ်အောင် မော်ကွန်းထိုးနိုင်သူတွေကို အာဇာနည်ဆိုတဲ့ဘွဲ့ထူးအပ်နှင်းပီး လူထုကြားမှာ စွန့်လွှတ်စွန့်စားလိုစိတ်တွေ ပွားလာ အားကျလာအောင် သတင်းစာဆရာ နိုင်ငံရေးသမားများက နှိုးဆွပေးလေ့ရှိပါတယ်။ ပန်းချီလက်မှုဘက်ကဆိုရင် မဟာဗန္ဓုလကြေးရုပ်အတွက် ပန်းချီပြိုင်ပွဲကျင်းပခဲ့တာ အထင်အရှားပါပဲ။ ၁၉ ရာစုက အင်္ဂလိပ်စစ်နဲ့အချစ် အပျော်ဖတ်ဝတ္ထုတအုပ်မှာ ပါတဲ့ မဟာဗန္ဓုလကို အင်္ဂလိပ်သုံ့ပန်းစစ်ဗိုလ်က အလေးပြုနေတဲ့ပုံကို ပြန်ကူးဖော်ပြချက်က မြန်မာလူထုကြားမှာ အင်မတန်လူကြိုက်များခဲ့ပါတယ်။
ထင်ရှားတဲ့ ဇာတိမာန်စာဆိုများကတော့ သခင်ကိုယ်တော်မှိုင်းလို့ ထင်ရှားလာမယ့် မစ္စတာမောင်မှိုင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ မဟာဆွေ၊ သူရိယဦးသိမ်းမောင်တို့နဲ့ ဝိုင်အမ်ဘီဆရာတင် ရွှေတိုင်ညွန့် စတဲ့ သခင်ဂိုဏ်းဝင် သီချင်းရေးဆရာကြီးတချို့ပါပဲ။ မြန်မာရာဇဝင်လာ သူရဲကောင်းတွေအကြောင်း သူတို့ တဖွဲ့တနွဲ့ရေးသားစပ်ဆိုထားတဲ့ စာဝတ္ထုကဗျာသီချင်းတွေဟာ ကနေ့ထက်ထိ မျိုးချစ်စိတ်နိုးကြားရေးမှာ အသုံးကျတုန်းပါ။
ရာဇဝင်လာသူရဲကောင်းတွေအပြင် သူတို့မျက်စိရှေ့ ဖြစ်ပျက်လှုပ်ရှားနေတဲ့ နိုင်ငံရေး လူမှုရေး ယဉ်ကျေးမှုဖြစ်ရပ်တွေထဲက လူစွန့်စားတွေ ကံအကြောင်းမလှလို့ အသက်ဆုံးရသူတွေကို အားကျလေးစားတာ သနားနှမြောတာစတဲ့ လူထုခံစားချက်တွေလည်း ထကြွလာပါတယ်။ ထင်ရှားတဲ့ သာဓကများကတော့ ထောင်တွင်း သင်္ကန်းဝတ်ရုံခွင့်အတွက် အစာငတ်ခံဆန္ဒပြလို့ ပျံတော်မူတဲ့ ဦးဝိစာရ၊ အတွင်းဝန်ရုံးဝိုင်းဆန္ဒပြမှုမှာ ကျဆုံးတဲ့ ကိုအောင်ကျော်၊ ၁၃၀၀ ပြည့်အရေးတော်ပုံတွင်း မန္တလေး အာဇာနည် ၁၇ ဦးသေဆုံးမှုတွေပါ။ ဗိုလ်အောင်ကျော်နဲ့ မန္တလေးအာဇာနည် ရဟန်းတော်များ အရပ်သားနဲ့ ကျောင်းသားငယ်များ သေဆုံးမှုမှာ လူထုရဲ့ စာနာဒေါသအုံကြွမှုဟာ သိန်းချီတဲ့အသုဘပို့ပရိသတ်ကြောင့် သမိုင်းတွင်ကျန်ခဲ့ပါတယ်။ မန္တလေး-စစ်ကိုင်းလမ်းပေါ်က တမ္ပဝတီရပ် သူကြွယ်ကုန်းမှာ အာဇာနည်ဗိမာန်နဲ့ သင်္ဂြိုဟ်ခဲ့ပေမယ့် ခုချိန်မှာတော့ တိမ်မြုပ်နေပါတယ်။

ဗိုလ်အောင်ကျော်နဲ့ မန္တလေးအာဇာနည်များကို မန္တလေးနေရှင်နယ်ကျောင်း မြန်မာစာဆရာ ရွှေပြည်ဦးဘတင်က နေမျိုးမဟာသီဟသူရဘွဲ့များ အပ်နှင်းပီး ဗိုလ်ဘွဲ့ပါနှင်းခဲ့ပါတယ်။ အာဇာနည်များကျဆုံးတဲ့ မန္တလေး ၂၆ ဘီလမ်းကို အာဇာနည်လမ်းလို့ ခုထိခေါ်တွင်နေဆဲပါ။ ဒိနောက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂလွှတ်တော်က ဗိုလ်အောင်ကျော်ကြေးရုပ်ဖွင့်ပွဲကို ဗိုလ်အောင်ကျော်ကျဆုံးတဲ့ ၂ နှစ်ပြည့်ချိန် ၁၉၄၀ ခရစ္စမတ်ပွဲတော်ရက်မှာ အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ပါတယ်။ ကြေးရုပ်အစား သစ်သားကိုရွှေမင်သုတ်ပီးဖွင့်ရတာပါ။ ကြေးရုပ်လုပ်ဖို့ ကောက်ထားတဲ့ရန်ပုံငွေကိုတော့ ရဲဘော် ၃ ကျိပ် ဂျပန်လွှတ်ဖို့ သုံးရပါတယ်။ မီးတုတ်ကိုင် ကျောင်းသားသံမဏိတပ်တွေ တက္ကသိုလ်ဝင်းထဲ ချီတက်လှည့်လည်ခဲ့တဲ့ အာဇာနည်နေ့ဟာ အင်မတန်လူစည်တယ်လို့ ဒဂုန်တာရာရဲ့ ဒဂုန်တာရာ ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။
ဒိနောက် ဂျပန်ခေတ် အဓိပတိဒေါက်တာဘမော်လက်ထက်မှာတော့ ဗမာ့လွတ်လပ်ရေးလမ်းကို အရိုးနဲ့ခင်းပီး သွေးစက်နဲ့ရှင်းသွားကြတဲ့ လူမျိုးမရွေး ဘာသာမရွေး ခေတ်သစ်အာဇာနည်များ အတွက် ရွှေတိဂုံမြောက်ဖက်ကုန်းမြင့်မှာ အာဇာနည်ဗိမာန်ဆောက်ဖို့ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ကြီးမှူးခဲ့ပါတယ်။ ဒါကတော့ ဂျပန်ပြည်မှာ စစ်သည်များအတွက် နတ်ကွန်းဆောက်ကိုးကွယ်တဲ့ဓလေ့ကို ကူးယူတယ်လို့ထင်ပါတယ်။ ဗမာရာဇဝင်ကို သွေးနဲ့ထူထောင်ခဲ့ကြတဲ့ ရှေးဗမာအာဇာနည်သူရဲကောင်းတွေကို ချီးကျူးပူဇော်တဲ့အနေနဲ့ ဝါဒဖြန့်ချီရေးဌာနက ခရိုင်တိုင်းမှာ သူရဲကောင်းမှတ်တိုင်စိုက်ဖို့လည်း လုပ်ခဲ့တယ်လို့ ဝါဒဖြန့်ချီရေးဝန်ကြီးဟောင်း ဗန္ဓုလဦးစိန်ရဲ့ ကျွန်ုပ်တို့အတွင်းရေးစာအုပ်က ဆိုပါတယ်။
စစ်ပီးနောက် ဖဆပလညီလာခံတွေမှာ ကျဆုံးသွားတဲ့ မျိုးချစ်ပြောက်ကျားပြည်သူတွေအတွက် ရည်စူးပီး အမှတ်တရလုပ်ဖို့ စီစဉ်ခဲ့ကြပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။ ဒါက ပထမကမ္ဘာစစ်အမှတ်တရ စစ်ရုံးနားမှာ ထားတဲ့ ကျောက်တိုင်မျိုးထင်ပါတယ်။ ဒိနောက် ဦးအောင်ဆန်းနဲ့ ခေါင်းဆောင်များလုပ်ကြံခံရတော့ ဂျပန်ခေတ်က သတ်မှတ်ခဲ့တဲ့ အာဇာနည်ကုန်းနေရာမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။ ဒိနောက် လွတ်လပ်ရေးရစမှာ ကားဗုံးနဲ့ လုပ်ကြံခံရတဲ့ ဝန်ကြီးဟောင်း တပ်မင်းကြီးဦးတင်ထွတ်နဲ့ သာယာဝတီမှာ လေယာဉ်ပျံ ကျည်ဆန်မှန်ကျဆုံးတဲ့ အထူးမင်းကြီးဗိုလ်စိန်မှန်တို့ကိုလည်း အာဇာနည်ကုန်းမှာပဲ ဂူသွင်းခဲ့ပါတယ်။ မြောက်ကိုရီးယားဗုံးကွဲပီးမှ ဖယ်ရှားခဲ့ပါတယ်။

ပြည်တွင်းစစ်အတွင်း ယုံကြည်ချက်ဝါဒကြောင့် ဘက်ပေါင်းစုံက တိုက်ရင်းကျသူတွေ၊ တိုင်းပြည်ချစ်စိတ်နဲ့ တရုတ်ဖြူရန် တရုတ်နီရန်တွေကိုခုခံရင်း ကျဆုံးသူတွေ၊ ဆဲဗင်းဂျူလိုင် အလုပ်သမားအရေးအခင်း ၈၈ အရေးအခင်းက ၂၀၀၇ ထိ လူထုအုံကြွမှုတွေ အကျဉ်းစခန်းတွေမှာ ကျဆုံးဘဝပျက်ရသူတွေ၊ ပြည်တွင်းစစ်မှာ မြေဇာပင်အဖြစ်အသက်ဆုံးရတဲ့ပြည်သူတွေအတွက်လည်း အာဇာနည်ဗိမာန်ကြီး ရှိသင့်ကြောင်းတင်ပြပရစေ။ ကျေးဇူးတင်ပါတယ်။
“ဗိုလ်အောင်ကျော်ရေ အာဇာနည်၊ အသက်ကိုပမာမပြု ကနက်ဗဟို မြန်မာတစု သူချီးကျူးသည်၊ အမှန်အားထုတ်သည်၊ တကယ်ပဲ မီးတုတ်ကြီးနဲ့ ထိန်ထိန်ညီးအောင်သာပင် ခရီးတွင်အောင်ကြံစည်၊ လွတ်လပ်ရန်စခန်းကို ရည်မှန်း ထွက်ရာလမ်းပြမည်။ “
ဗြိတိသျှဘားမားမှ ဗဟိုကျောင်းသားသမဂ္ဂလွှတ်တော် ဗိုလ်အောင်ကျော်ကြေးရုပ်ရန်ပုံငွေအတွက် ရိုက်နှိပ်ဖြန့်ချိသော ရွှေတိုင်ညွန့်ရေး ခင်ခင်ရီဆို ဗိုလ်အောင်ကျော်သီချင်းမှ (၁၉၃၉ ၊ မတ် ဧပြီ)
http://bobolansin.wordpress.com/2011/07/21/%E1%80%A1%E1%80%AC%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%B9%E1%80%B8-%E1%81%82%E1%81%80/

Than Win Hlaing – Thein Pe Myint

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...