Saturday, July 30, 2011

စာပေနိုင်ငံရေး/ Literary Poltics

by Our Villagers on Saturday, July 30, 2011 at 7:57pm
အရင်ဆောင်းပါးတစ်စောင်မှာ ဒီလို ရေးခဲ့ဖူးပါတယ်။ … လွန်ခဲ့တဲ့ နှစ် အနည်းငယ်အတွင်းက စာပေဝေဖန်ရေးနဲ့ စာပေသီဝရီနယ်မှာ အရေးပါတဲ့၊ ကြီးမားတဲ့ လှုပ်ရှားမှုကြီးတွေ ဖြစ်ခဲ့တယ်။ အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့တယ်။ ပထမတစ်ခုက စာပေဝေဖန်ရေးဆရာတွေဟာ သူတို့ လုပ်ကိုင် ဆောင်ရွက်ကြတဲ့ နယ် (ဝေဖန်ရေး domain) ကို ချဲ့ထွင်လာကြတယ်။ အကြောင်းအရာအသစ်တွေ၊ အမျိုးအစားအသစ်တွေ စာသား အသစ်တွေကို ကိုင်တွယ်လာကြတယ်။ တစ်ပြိုင်နက်တည်းမှာပဲ … the theory သီဝရီဆိုတာ ပေါ်ထွင်းလာခဲ့တယ်လို့ တင်ပြခဲ့ဖူးပါတယ်။ အခု နောက်လှုပ်ရှားမှု (၀ါ) အပြောင်းအလဲကြီးအကြောင်း ဆက်ပါ့မယ်။

*
ဒုတိယလှုပ်ရှားမှု (၀ါ) လမ်းကြောင်း trend ကတော့ … စာပေလေ့လာမှုနဲ့ စာပေဝေဖန်ရေးဆိုတာ နိုင်ငံရေး political ပဲ ဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့ နိုင်ငံရေးဘက်ကို “ဇောင်း”ပေးလာကြခြင်းပဲ ဖြစ်တယ်။
*
စာပေလေ့လာမှုနဲ့ စာပေဝေဖန်ရေးဟာ ဘာ့ကြောင့် နိုင်ငံရေး political ဖြစ်ရသလဲ။ အကျယ်ပြန့်ဆုံး သီဝရီ အခြေခံအုတ်မြစ်ကို ပြောရရင် … အရာရာတိုင်းဟာ၊ အရာအားလုံးဟာ နိုင်ငံရေး Everything is political. ဖြစ်နေလို့ပါပဲ။ တစ်နည်း ပြောရရင် … လူ့အရေးကိစ္စအားလုံးဟာ နိုင်ငံရေးဖြစ်နေလို့ပါပဲ။ စာပေအနုပညာအကြောင်း သက်သက်ကိုပဲ ပြောရရင် စာပေအနုပညာဖန်တီးကြတာ လူတွေရဲ့အလုပ်၊ လူတွေရဲ့ ကိစ္စဖြစ်တယ်၊ စာပေလေ့လာမှု ဝေဖန်ရေးတွေကလည်း လူတွေရဲ့ အလုပ်၊ လူတွေရဲ့ ကိစ္စ ဖြစ်တယ်။ အရာရာတိုင်း၊ လူ့အရေးကိစ္စတိုင်းဟာ နိုင်ငံရေးဖြစ်တယ်ဆိုတဲ့ အယူအဆအခြေခံကြောင့် စာပေကိစ္စဖြစ်တယ်။ အရာရာတိုင်း လူ့အရေးကိစ္စတိုင်းဟာ နိုင်ငံရေးဖြစ်တယ် ဆိုတဲ့ အယူအဆအခြေခံကြောင့် စာပေကိစ္စအားလုံးဟာ နိုင်ငံရေး ကိစ္စဖြစ်ရတယ်။
*
အဲဒီတော့ “နိုင်ငံရေး”ဆိုတာ ဘာတုန်း။ ဘာသာစကားဟာ လိုအပ်တဲ့ အဓိပ္ပာယ်ရအောင် ဘယ်တော့မှ မဖော်ပြနိုင်ဘူးတဲ့။ ဆရာ့ဆရာတို့ ဆိုမိန့်ခဲ့ကြတာ။ နိုင်ငံရေးဆိုတာ နိုင်ငံ့ရဲ့ အရေးဆိုတာလောက်နဲ့ မလုံလောက်။ နိုင်ငံအတွင်းမှာ ရှိတဲ့ ပြည်သူ လူထုကြီးတစ်ရပ်လုံးရဲ့ အရေးကိစ္စကို နိုင်ငံရေးလို့ ခေါ်တယ်။ အဲဒီ ပြည်သူလူထုကြီး တစ်ရပ်လုံးရဲ့ အရေးကိစ္စ သပ္ပရနံပေါင်းကို အကျိုးစီးပွားရှိအောင် လုပ်ကိုင်ဆောင်ရွက်ကြတာကို ခေါ်တယ်။ အခြေခံအကျဆုံးဖြစ်တဲ့ … စားဝတ်နေရေးဖြည့်ဆည်းမှုတွေ၊ အခြေခံ လူ့အခွင့်အရေးတွေ၊ မကြောင့်မကြ မတောင့်မတ မိမိတို့ အထိုက်အလျောက် ဘ၀ကို ကျန်းမာ ချမ်းသာစွာ နေထိုင်သွားဖို့ ကိစ္စတွေ၊ မိမိတို့ရဲက အခြေခံ ရပိုင်ခွင့်တွေ၊ လွတ်လပ်မှုတွေကို ထိပါးနှောက်ယှက်ခံရတဲ့အခါမှာ အကာအကွယ်ပေးတဲ့ ဥပဒေတွေ၊ အဲဒီ ဥပဒေတွေ စိုးမိုးတဲ့ လူ့အဖွဲ့အစည်း၊ လူအချင်းချင်း၊ အဓမ္မဖိနှိပ်ခြင်း၊ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ လွတ်လပ်မှုတွေနဲ့ ဥစ္စာဓနတွေကို အားကြီးသူက “လုယက်ယူငင်ခြင်း” ကင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်စေရေး … အစရှိတဲ့ မြားမြောင်လှသော လူ့အရေးကိစ္စတွေကို ဆောင်ရွက်တာဟာ … နိုင်ငံရေး … ပါပဲ။ လူထုအရေးကိစ္စဆိုတာ လူတိုင်းရဲ့ အရေးကိစ္စပါပဲ (ခြွင်းချက်။ သဗ္ဗေသတ္တာ အလုံးစုံသော သတ္တ၀ါတွေထဲမှာ ဖိနှိပ်သူနဲ့ အရင်းရှင် မပါဘူးဆိုတာတော့ နှလုံးသွင်းထားဖို့ လိုပါလိမ့်မယ်)။ အဲဒီတော့ ဒီမှာ ကျွန်တော်တို့နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အကြောင်းအရာကို ပြောပါမယ်။ ဘာလဲဆိုတော့ အဲဒီလို လူထုရဲ့ အရေးကိစ္စ ဆောင်ရွက်လုပ်ကိုင်ဖို့အတွက် စာပေအနုပညာဖန်တီးမှုက တိမ်းညွတ်အားဖြည့်ပေးရလိမ့်မယ်၊ စာပေလေ့လာမှုနဲ့ စာပေဝေဖန်ရေးကလည်း တိမ်းညွတ်အားဖြည့်ပေးရလိမ့်မယ်။ စာပေဖန်တီးမှု/ လေ့လာမှု/ ဝေဖန်ရေးတို့ဟာ လူထုအရေးနိုင်ငံရေးကို “ဇောင်း”ပေးကြရမယ်ဆိုတာ ဒီအဓိပ္ပာယ်ကို ပြောတာပါပဲ။ (၀ါ) နိုင်ငံရေးကို ဇောင်းပေးလာတယ် ဆိုတာ ဒါပါပဲ။ တစ်နည်းပြောရင် စာပေအနုပညာဟာ နိုင်ငံရေး political ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ဒါပါပဲ။
*
ရှေးခေတ်က ကြွေးကြော်သံအဟောင်းတစ်ခု ရှိတယ်။ “စာပေသည် ပြည်သူအတွက်” ဆိုတဲ့ ကြွေးကြော်သံ။ အခု ကြွေးကြော်သံအသစ် ကြွေးကြောဖို့ လိုအပ်လာပါတယ်။ စာပေသည် နိုင်ငံရေးအတွက် ဆိုတဲ့ ကြွေးကြော်သံကို ကြွေးကြော်ကြပါ။
*
လွန်ခဲ့တဲ့ နှစ် အနည်းငယ်က အက်ဇရာ ပေါင်း Ezra Pound (1885-1972) က “အသစ်လုပ်ကြ/ Make it new” လို့ ကြွေးကြော်ခဲ့တယ် (အမှန်တော့ သူ့အက်ဆေးဟောင်းတွေ စုထုတ်တဲ့ စာအုပ် နာမည် ဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ်က ထုတ်တာ။ ကျွန်တော် မမွေးသေးပါဘူး)။ ဒီစကားတစ်ခွန်းဟာ အထူးသဖြင့် မော်ဒန်သမားတွေ ရင်ထဲကို စူးစူးနစ်နစ် ၀င်ရောက်ခဲ့ပါတယ်။ အတော်လည်း နှစ်ခြိုက်စရာကောင်းတဲ့ စကားပါ။ ဒါပေမဲ့ ဒီနေ့ အခြေအနေအရပ်ရပ်ကို ပြန်သုံးသပ်ကြည့်ရင် စဉ်းစားချင့်ချိန်စရာတွေ အများကြီး ရှိနေပါတယ်။ အသစ်လုပ်တာ အားပေးတယ်။ ဘယ်အတွက် အသစ်လုပ်မှာလဲ။ သစ်ရုံသက်သက်အတွက် အသစ်လုပ်တာမျိုးကိုတော့ ကျွန်တော်တို့အတွက် အကျိုးမရှိဘူးလို့ ယူဆတယ်။ ဒီနေ့ စာပေအယူအဆတွေမှာ အကျိုးသက်ရောက်မှုကို အသေအချာ ထည့်သွင်းစဉ်းစားလာတာ သတိပြုရပါမယ်။ စကားပမာ အနုပညာနယ်မှာ ဆိုပါတော့။ ကျားပေါက်က Punk နဲ့ ခုန်ပေါက်နေတယ်။ သားစိုးက ပခန်းဒိုးနဲ့ သမနေတယ်။ ဇေယျာသော်တို့က Hip-Hop နဲ့ မြူးနေတယ်။ အသစ်တွေပါပဲ။ အားပေးပါတယ်။ ဒါပေမဲ့ ဒီနေ့အရှိအရ … “နဂါးနီ သီချင်း”ကို ပြန်ဆိုဖို့ လိုအပ်ရင် ပြန်ဆိုကြရပေလိမ့်မယ်။ လူမွဲတွေ လွတ်မြောက်စေဖို့ နဂါးနီသီချင်းဆိုတာ နိုင်ငံရေးလုပ်တာပဲ။ ဆိုချင်တာက သစ်သစ်ဟောင်းဟောင်း အနုပညာဟာ နိုင်ငံရေးဖြစ်ဖို့ပဲ လိုတယ်။ ဒီနေ့ မဂ္ဂဇင်းစာမျက်နှာပေါ်မှာ၊ လုံးချင်းကဗျာစာအုပ်တွေမှာ ကဗျာတွေ အသစ်လုပ်နေကြတယ်။ ကျွန်တော် တွေ့ဖူးသလောက် on-line ကဗျာဆရာကလေးတွေရဲ့ ကဗျာတွေဟာ အသစ်တွေ ဖြစ်တယ်။ ရက်ရက်စက်စက် သစ်နေတယ်။ ဒီနေ့ အရှိ အခြေအနေကတော့ “နိုင်ငံရေးကဗျာ” တွေကိုပဲ တောင်းဆိုနေတယ်။ ကဗျာလောကရဲ့ တောင်းဆိုမှု ဆိုတာထက် သမိုင်းရဲ့ တောင်းဆိုမှုဆိုတာက ပိုမှန်ပေလိမ့်မယ်။ သမိုင်းက တောင်းဆိုနေတာ နိုင်ငံရေးကဗျာ။
*
ကျွန်တော်ကိုတိုင်လည်း (ကိုယ့်ဖြတ်သန်းမှုအတွေ့အကြုံအရ ၀န်ခံရရင်) အကွေ့အလှည့်အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အနုပညာဆိုတာ လူသားရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ပြသရန်မှ တစ်ပါး အခြားကိစ္စမရှိ … လို့ ပြောခဲ့ဖူးပါတယ်။ အနုပညာသည် ပြည်သူ့အတွက်လို့ ကြွေးကြော်ပြီး အနုပညာမမြောက်ဘူး ထင်တဲ့အခါ အနုပညာမြောက်မှုကို ဦးစားပေးရင်း အမှားအယွင်းတွေ ရှိခဲ့တယ်။ အထူးသဖြင့် ဝေဖန်ရေးသစ် ဂိုဏ်း NC ကို အားကျပြီး … ပြင်ပဆက်စပ်အခြေအနေ context တွေကို ပစ်ပယ်ခဲ့ဖူးပါတယ်။ တစ်နည်းပြောရရင် အစွန်းရောက်ခဲ့ဖူးပါတယ်။ မြန်မာ့ဆိုရိုးစကားတစ်ခွန်း ရှိခဲ့တယ်။ “ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူးပြီ။ ရှင်ငယ့်ဝမ်းလည်း ၀င်ခဲ့ဖူးပြီ။” အဲဒီ နံစော်တဲ့ အတွေ့အကြုံအရ … အနုပညဟာ နိုင်ငံရေး ဖြစ်ရမယ်။ ဒီနေ့လိုအပ်နေတာ စာပေနိုင်ငံရေး Literary politics ပဲ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်လာပါတယ်။ အဲဒိ စာပေနိုင်ငံရေး ဆိုတာကလည်း ပြည်သူလူထုအများစုကြီးရဲ့ စားဝတ်နေရေးကိစ္စ၊ အခြေခံ လူ့အခွင့်အရေးကိစ္စ၊ လွတ်လပ်မှု၊ တရားမျှတမှု ကိစ္စတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒါ ကျွန်တော့်အယူအဆဖြစ်တယ်။ ကျွန်တော့်အယူအဆနဲ့ ပတ်သက်လို့ သဘောကွဲတာ ရှိရင်လည်း ဘယ်သူနဲ့မှ ကျွန်တော် ညှိမှာမဟုတ်ဘူးဆိုတဲ့အကြောင်းလည်း ပြောခဲ့ချင်ပါတယ်။
*
ကမ္ဘာ့စာပေလှုပ်ရှားမှုကြီးမှာလည်း အထက်က ပြောခဲ့တဲ့အတိုင်း လမ်းကြောင်း ၂ သွယ် ပေါ်ထွန်းခဲ့တယ်။ ပထမ လမ်းကြောင်းက … ဝေဖန်ရေးဆရာတွေဟာ သူတို့ရဲ့ နယ်ကို ချဲ့ထွင်လာကြတယ်။ သီဝရီ theory ဆိုတာလည်း ပေါ်ထွန်းလာတယ်။ ဒုတိယလမ်းကြောင်းက … စာပေလေ့လာမှုနဲ့ ဝေဖန်ရေးက နိုင်ငံရေးဘက်ကို ဇောင်းပေးလာကြတယ်။ political ဖြစ်လာကြတယ်။ … ဆိုတာ ပြောခဲ့ပါတယ်။ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ အခြေအနေအရပ်ရပ်အရ … စာပေ နိုင်ငံရေး တစ်ရပ် လိုအပ်နေတယ်လို့လည်း ဆက်စပ်ပြောကြားခဲ့ပါတယ်။ ကဗျာဆရာ “ကြည်ဇော်အေး” ရဲ့ ကဗျာတစ်ပုဒ်ထဲမှာ ဒီလို တွေ့ဖူးတယ်။
လက်တွေ့ဘ၀ထဲက ဖြစ်ဖြစ်
စာအုပ်ထဲက ဖြစ်ဖြစ်
အရေးကြီးတာက အရေးကြီးတာပါလာဖို့ မဟုတ်လား။

ကြည်ဇော်အေး “ပထ၀ီအနေအထား”
ရွှေအုတ်မြစ်စာပေ၊ စာ ၅၁

စာအုပ်ထဲမှာ ဖူးကိုး Foucault တို့လည်း ပြောခဲ့တယ်။ လက်တွေ့ ကျွန်တော်တို့ ဘ၀အတွက်လည်း အရေးကြီးတယ်။ စာပေနိုင်ငံရေး ၊ Literary politics ၊ အဲဒါ အရေး အကြီးဆုံး လိုအပ်နေတယ်။


ဇော်ဇော်အောင်
မေ ၁၈၊ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...