Thursday, July 21, 2011

နိုင်ငံရေး ခံစားချက်များ

နိုင်ငံရေး ဆိုသည်မှာ သူ့ချည်း သက်သက် ထားရန်မဟုတ်၊ အသုံးဝင်မှု တစ်ခုခု ရှိရေးအတွက် လုပ်ဆောင်ရန်သာ ဖြစ်သည်။ နိုင်ငံရေးကို ဘာများပိုပြီး လုပ်နိုင်သေး သလဲဟု မေးရန်ရှိသည်။ နိုင်ငံရေး ဆိုသည်မှာ အကောင်းနှင့်အဆိုး၊ အားသာချက်နှင့် အားနည်းချက်၊ အဟောင်းနှင့် အသစ်ချည်း သက်သက် ဝေဖန် သုံးသပ်ရန် မဟုတ်။ နိုင်ငံရေးမှ အကျိုးအမြတ် ဘာရနိုင်သနည်း၊ ဘယ်လို ရနိုင်သနည်း၊ ဘယ်လောက် ရနိုင်သနည်း ဆိုသည်ကိုပါ ထည့်တွက် နိုင်ရမည် ဖြစ်သည်။

နိုင်ငံရေးနှင့် ပတ်သက်ပြီး အထက်ပါ မေးခွန်းများကို လူတိုင်း မမေးနိုင်ကြပေ။ ထိုသို့ ဝေဖန်သုံးသပ် စဉ်းစားနိုင်စွမ်း မရှိလျှင် နိုင်ငံရေး ဆိုသည်မှာ လျှို့ဝှက်ဆန်းကြယ် အံ့သြဖွယ်ရာကြီး ဖြစ်နေပေလိမ့်မည်။ ဥပမာ အမေရိကန် သမ္မတ ရွေးကောက်ပုံ စနစ်ကို မြို့ကြီးများ၏ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ခဲ့ပုံ စနစ်အား နားမလည်လျှင် သဘောပေါက်ရန် ခက်ခဲ တတ်သည်။ သမ္မတ ရွေးကောက်ပွဲ နောက်ကွယ်တွင် မည်သူတွေ အကျိုးရှိခဲ့သည် ဆိုခြင်းကို သာမန်ပြည်သူတို့ နားလည်ရန် ပိုပြီး ခက်ခဲတတ်သည်။ လူထု ဆိုသည်ထက် လူတစ်စု ကောင်းစားရေးကို ဖော်ဆောင် သွားတတ်သည့် နိုင်ငံရေးမျိုးလည်း ရှိတတ်ကြောင်း သဘောပေါက် ထားရန်လိုသည်။
ပါတီများ ထူထောင် လာနိုင်ခြင်းသည် ခက်ခဲ ရှုပ်ထွေးသည့် နိုင်ငံရေး သဘောတရား များကို ပြည်သူတို့ အလွယ်တကူ နားလည် သဘောပေါက် လာစေရေး ဖြစ်သင့်သည်။ နိုင်ငံရေးကို စိတ်ကုန်နေသူများ၊ နိုင်ငံရေးကို မယုံကြည်သူများ၊ နိုင်ငံရေးကို နားမလည် သူများ အတွက် အားကိုးအားထား ပြုစရာ ပါတီ မဟုတ်လျှင် အသင်းအဖွဲ့ အသွင်ဖြင့် လူမှုရေး လုပ်ငန်းများ သွားပြီး လုပ်ဆောင် ကြရန်သာ ဖြစ်သည်။

နိုင်ငံရေးနှင့် ပတ်သက်ပြီး ပြည်သူတို့ ခံစားချက်သည် အရေးကြီးသည်။ ပြည်သူ ဆိုသည်မှာ တိုင်းပြည် ခေါင်းဆောင်သူ များ၏ တိုက်ရိုက် လွှမ်းမိုး ပတ်သက်မှုကို ခံကြရသည်သာ ဖြစ်သည်။ ပြည်သူတို့၏ အနီးစပ်ဆုံး ထိတွေ့ ရသူများက ပြည်သူများ၏ ဆန္ဒ သဘောထားနှင့် ခံစားချက်များကို နားလည် သဘောပေါက်ရန် ကြိုတင်လေ့လာ ထားကြရသည်။ သူတို့ ရရှိသည့် အချက်အလက်များဖြင့် နိုင်ငံရေးကို မည်သို့ ဆက်လက် အကောင်အထည် ဖော်ရမည်အား ဆုံးဖြတ်လေ့ ရှိကြသည်။ ခေါင်းဆောင် ဆိုသူများက ပြည်သူတို့၏ ဆန္ဒနှင့် သဘောထားကို အပြည့်အဝ သိချင်မှ သိနိုင်လိမ့်မည်။ သို့သော် ခေါင်းဆောင် ဆိုသည်မှာ ဘာလုပ်ရမည် ကိုတော့ သိနိုင်စွမ်း ရှိသူများ ဖြစ်ကြသည်။
နိုင်ငံရေး စနစ်ကို အထောက်အကူ ပြုနေသည့် နိုင်ငံရေး အခြေခံ စိတ်ခံစားမှု သုံးမျိုးရှိသည်။ ၄င်းတို့မှာ-
၁။ စည်းလုံး ညီညွတ်ရမည် ဆိုသည့် ခံစားမှု
၂။ စနစ် အပေါ် ယုံကြည်မှု
၃။ အစိုးရထံမှ ပြည်သူတို့၏ မျှော်လင့်မှုတို့ ဖြစ်သည်။

၁။ စည်းလုံး ညီညွတ်ရမည် ဆိုသည့် ခံစားမှု
ပထမ ဦးစားပေး စဉ်းစားရမည့် အချက်မှာ စည်းလုံး ညီညွတ်မှု ရှိရေးသာ ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံတွင် အမျိုးသား စည်းလုံး ညီညွတ်မှု ရှိမှသာလျှင် တိကျသည့် နိုင်ငံရေး လမ်းစဉ်ကို အကောင် အထည် ဖော်နိုင်သည်။ စည်းလုံး ညီညွတ်ရန် ဆိုသည်မှာ ယုံကြည်မှု ဆိုသည့် ခံစားချက်နှင့်လည်း ဆက်စပ် နေသည်။ မယုံကြည်လျှင် လက်တွဲရန် ကမ်းလှမ်းရေး ခက်ခဲ အလှမ်းဝေး နိုင်သည်။
လူတစ်ဦးနှင့် တစ်ဦး မည်မျှလောက် အထိ မေတ္တာ ထားနိုင် မည်နည်း။ တစ်ဦးနှင့် တစ်ဦး မေတ္တာ မထားနိုင်လျှင် လက်တွဲ နိုင်ပါမည်လော။ လက်မတွဲနိုင်လျှင် ကိုယ့်ဆန္ဒ သူ့ဆန္ဒ ဖော်ထုတ်ပြသည့် အခွင့်အလမ်းများ ရရှိနိုင်မည်လော။ ထိုအချက် များသည် အဓိကကျသည့် စည်းလုံး ညီညွတ်ရေး ဆိုင်ရာ ခံစားချက်များ ဖြစ်သည်။ အထက်ပါ မေးခွန်းများကို ခေါင်းဆောင် ပိုင်း၊ အစိုးရပိုင်းသည် ထည့်သွင်း စဉ်းစားပြီးမှ အမျိုးသား စည်းလုံး ညီညွတ်ရေးကို အကောင် အထည် ဖော်သင့်သည်။

ပြည်သူများ အနေဖြင့် သူတွေးသလို ကိုယ်တွေးပြီး၊ သူ ခံစားသလို ကိုယ် မျှဝေခံစား ပေးနိုင်မည်လော။ ငါသိသလို သူသိစေပြီး၊ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် လေးစားမှုကို တည်ဆောင် နိုင်ပါမည်လော။ ငါသိသလို သူသိစေပြီး၊ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် လေးစားမှုကို တည်ဆောင်နိုင်ပါမည်လော။ ငါနှင့် မတူခြင်းသည် ငါ့ရန်သူ မဟုတ်၊ ဆွေးနွေးခြင်းသည်သာ အဖြေရှာစရာ လမ်းကြောင်း တစ်ခု အနေဖြင့် ခံယူနိုင် ပါမည်လော စသည့် မေးခွန်းများကို မေးကြည့် ကြရန်သာ ဖြစ်သည်။

၂။ စနစ်အပေါ် ယုံကြည်မှု
အခြား နိုင်ငံရေး ဆိုင်ရာ သဘောထား တစ်ရပ်မှာ နိုင်ငံရေး စနစ်အပေါ် ယုံကြည်မှု ဖြစ်သည်။ ယုံကြည်မှုကို မတည်ဆောက် နိုင်လျှင် အာဏာကို တည်မြဲအောင် ထိန်းသိမ်းနိုင်ရန် ခက်ခဲတတ်သည်။ ဒီမိုကရေစီ အောင်ပွဲ ခံနိုင်ရေး အတွက် ဒီမိုကရေစီ အကြောင်း မသိသော ပြည်သူများဖြင့် အကောင် အထည် မဖော်နိုင်ပေ။
ဥပမာ တစ်ခု ပြချင်ပါသည်။ အမေရိကန် နိုင်ငံသည် သူတို့ နိုင်ငံရေး စနစ်နှင့် သူတို့ နိုင်ငံရေး ခေါင်းဆောင်အပေါ် အတော်လေး သစ္စာရှိသူများဟု ဆိုရမည်။ အမေရိကန်တို့က အစိုးရအဖွဲ့ကို လွန်စွာ တန်ဖိုး ထားကြသည်။ နိုင်ငံတော် တရားရုံးချုပ် အပေါ် လွန်စွာ အလေးအနက် ထားသည်။ ဒီမိုကရေစီကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် အကောင်အထည် ဖော်ကြသည်။ နိုင်ငံသားတို့ အဆင့် အတန်းဖြင့် ဒီမိုကရေစီကို ဖော်ထုတ် ပြသနိုင်ခဲ့ကြသည်။

၁၉၆၄ ခုနှစ်လောက် ကတည်းက အမေရိကန် နိုင်ငံ၏ နိုင်ငံရေး စနစ်ကို ပြန်လည်သုံးသပ် ကြည့်ရာတွင် "နိုင်ငံရေး" ဆိုခြင်းထက် "သမ္မတ" ကိုသာ အလေးအနက် ထားကြောင်းတွေ့ရသည်။ သို့သော် ပါတီစနစ်များ ကိုတော့ သူတို့ လက်မခံကြကြောင်း တွေ့ရသည်။ အမေရိကန်တို့ ယုံကြည်ထားသည် (ယုံကြည်ခွင့် ပေးထားသည်) က တရား မမျှတသည့် ဥပဒေများ၊ ခြိမ်းခြောက်သည့် ဥပဒေများကို သူတို့ ပြင်ဆင်ပိုင်ခွင့် ရှိသည်ဆိုသည့် သဘောတရား ဖြစ်သည်။ သို့ဖြစ်ရာ မည်မျှ အငြင်းအခုံ ဖြစ်ပြီး သဘောထား ကွဲလွဲသည် ဖြစ်စေ၊ သူတို့နိုင်ငံရေး စနစ်နှင့် သူတို့ အစိုးရ အပေါ်တွင် ယုံကြည်မှု အပြည့်အဝ ထားကြသည်။

၃။ အစိုးရထံမှ ပြည်သူတို့၏မျှော်လင့်မှု
စနစ်တစ်ခုကို ယုံကြည်ခြင်း၊ စနစ်ကို ခံစားခြင်း ဆိုသည်မှာ ဒီမိုကရေစီအတွက် အရေးကြီးသည်။ အစိုးရသည် သူတို့ကောင်း ကျိုးကို ဆောင်ရွက် ပေးနိုင်မည့် အစိုးရဟု ပြည်သူက လက်ခံလျှင် အစိုးရအပေါ် သစ္စာခံလာကြမည်သာ ဖြစ်သည်။ ပြည်သူ လက်ခံလျှင် အစိုးရ တည်မြဲမည်။ ထိုအစိုးရမျိုးသည် ဒီမိုကရေစီ ဖော်ဆောင်ရန် အားကိုးအားထား ပြုထိုက်သည့် အစိုးရမျိုး ဖြစ်သည်။
အမေရိကန် တို့သည် အစိုးရအပေါ် နှလုံးသားနှင့် မခံစား။ ဦးနှောက်နှင့်သာ ခံစားတတ်ကြသည်။ သူတို့အကျိုးကို အများဆုံး အထောက်အပံ့ ပေးနိုင်သည့် အစိုးရမျိုး ကိုသာလျှင် ထောက်ခံတတ်ကြသည်။ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာရှိရမည် ဆိုသည့် စိတ်ထားမျိုး ရှိကြသော်လည်း အလွန်အကျူး ခံစားခြင်းမျိုး မဟုတ်ကြောင်း တွေ့ရသည်။

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတွင် သစ္စာရှိခြင်း ဆိုသည်မှာ အတိတ်သမိုင်းနှင့် ဆက်စပ်ပြီး အနာဂတ်နှင့်လည်း ပတ်သက်နေ သည်။ သူတို့ဆန္ဒနှင့် သူတို့ဘဝတွေ ပြည့်ဝစေရန်မှာ ဒီမိုကရေစီ အောင်မြင်မှ ဖြစ်မည်ဟု ခံယူထားကြလျှင် ဒီမိုကရေစီ လမ်းကြောင်းကို အကောင်အထည် ဖော်ပေးမည့် အစိုးရမျိုးကို သူတို့မျှော်လင့် ကြမည်သာ ဖြစ်သည်။
နိုင်ငံရေးတွင် တစ်ယူသန်ခြင်းသည် အစွန်းရောက်ခြင်း တစ်မျိုး ဖြစ်သည်။ ရေတွင်း ယခုတူး၊ ရေကြည် ချက်ချင်း သောက်ချင်သူများ သည်လည်း အစွန်းရောက်သူများ ဖြစ်သည်။ တစ်ယူသန်သူများသည် သမိုင်းအမြင် အားနည်းသူများ ဖြစ်သည်။ ပြောင်းလဲမှု ဆိုသည်မှာ ဖြည်းဖြည်းချင်းသာ ဖော်ဆောင်ရသည်။ လှေကားကို တစ်ထစ်ချင်းတက်မှ ထိပ်ရောက်မည် ဆိုသည့် သဘောတရားကို လက်ကိုင် ထားနိုင်ရမည် ဖြစ်သည်။

နိုင်ငံရေးစနစ်များကို ပြည်သူများ စိတ်မဝင်စားခြင်းသည် သာမန် သဘောတရား လောက်သာ ဖြစ်သည်။ အစိုးရ အပေါ်တွင် ပြည်သူတိုင်း မျှော်လင့်ကိုးစား အားထားလိမ့်မည် ဟူ၍လည်း မှတ်ယူထားရန် မဖြစ်နိုင်ပေ။ နိုင်ငံရေး ဖြစ်စဉ်၊ နိုင်ငံရေး သမားတို့၏ စွမ်းဆောင်ရည်က ပြည်သူတို့ စိတ်ဓာတ်ကို မည်မျှအထိ မြှင့်တင် ပေးနိုင်မည်နည်း။ နိုင်ငံရေးသမား ဆိုသည်မှာ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရေး ဆင်းစဉ် ကတိတွေ အမျိုးမျိုး ပေးကြလိမ့်မည်။ မဖြစ်နိုင်သည့် ကတိများကို ပြည်သူတိုင်း သာယာမိန်းမော ကြလိမ့်မည် ဟူ၍ မမှတ်ယူသင့်ပေ။
မဲဆန္ဒရှင်များသည် နိုင်ငံရေး ပါတီများ၏ မူဝါဒ သဘော တရားများ အပေါ် ကြိုက်သည်လည်း ရှိမည်၊ နိုင်ငံရေး ခေါင်းဆောင် အပေါ် နှစ်သက်သည်လည်း ရှိကောင်း ရှိနိုင်သည်။ ကတိတွေ ပေးတတ်ပြီး ပြီးမြောက်အောင် အကောင်အထည် မဖော်ပေး နိုင်ကြောင်းလည်း သိကောင်းသိမည်။ သို့သော် သူတို့မျှော်လင့်ကြသည်မှာ ကတိတွေ အများကြီးထဲက ရာခိုင်နှုန်း နည်းနည်း လေးသာ ဖြစ်သည်။ ကံကောင်းမှသာ ရနိုင်မည့် အခွင့်အရေး နည်းနည်းလေးသာ ဖြစ်သည်။

ပြည်သူတို့ မျှော်လင့်ချက်သည် အတိတ်ကို ပြန်ပြောင်း တမ်းတရန် မဟုတ်။ အနာဂတ်၏ သာယာလှပသော ဘဝများ ဖြစ်သည်။ သူတို့ မျှော်လင့်ချက်သည် ဒီမိုကရေစီလည်း ဖြစ်ချင်မှဖြစ်မည်။ ဒီမိုကရေစီထက် လက်တွေ့ကျသည့် ဆန်တစ် ပြည်လည်း ဖြစ်ကောင်း ဖြစ်မည်။ မနက်ဖြန် ဒီမိုကရေစီရမည် ဆိုခြင်းထက် ဒီနေ့ ဆန်တစ်ပြည် ပေးမည့်သူသည် သူတို့ဘဝ အတွက် ကယ်တင်ရှင် ဖြစ်ကောင်းဖြစ်မည်။ ဒီမိုကရေစီ စိတ်ကူး ယဉ်မှုတွေ၊ ဒီမိုကရေစီ ခြောက်အိပ်မက် တွေကို သူတို့ခံစား ခဲ့ရဖူးပေါင်း များနေပြီ။
ပြည်သူတို့ မျှော်လင့်ချက်မှာ မနက်ဖြန်သည် ယနေ့ထက် ကောင်းရေးသာ ဖြစ်သည်။ နေ့စဉ် စားဝတ် နေရေးများဖြင့် လှုပ်ရှား ရုန်းကန် နေကြရသောကြောင့် ဝင်ငွေ ထွက်ငွေ၊ ကလေးများ ပညာရေး၊ ကျန်းမာရေး၊ ပင်စင်ယူသွားလျှင် စသည့် သောက များဖြင့် မရေမရာ ရင်ဆိုင် ဖြတ်သန်းနေကြရသည်။ ဒီမိုကရေစီကို မျှော်လင့်သည်မှာ လွတ်လပ်ချင်စိတ်၊ ပြည့်စုံချင်စိတ်၊ ဘဝ အဆင်ပြေချင် စိတ်များကြောင့် ဆိုသည့် လူတန်းစားက အများစုဖြစ်သည်။ ထိုလူတန်းစားများ ကြားတွင် မည်သူတို့ ထွန်းကားနိုင်မည် ထင်ပါသနည်း။

တင်ညွှန့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...