Monday, July 25, 2011

Facebook ရဲ့ Like Button လေး

by Burma Thwe on Monday, July 25, 2011 at 12:14pm
Facebook သုံးစွဲလာတာ တနှစ်ကျော်လောက် ရှိလာတော့ တော်တော်လေးကို ရင်းနှီးကျွမ်းဝင်လာသလို မိတ်ဆွေတွေလည်း တစတစနဲ့ ပိုမိုတိုးပွားလာလို့သုံးတတ်ရင်
ဆေး မသုံးတတ်ရင် ဘေးဆိုတဲ့ စကားလေးက သိပ်မှန်ပါလား ဆိုတာ စဉ်းစားမိရင်းက ဒီစာစုလေးကို ရေးချမိလိုက်ပါတယ်  ။

ကျနော့်ကို သူငယ်ချင်းတွေက မေးကြတယ်........ ကိုဗမာ့သွေး Facebook မှာ အကြိုက်ဆုံးက  ဘာလည်းတဲ့.... ။ မေးတဲ့လူတွေ နည်းနည်းများလာတယ် ။ ကျနော်လည်း ချက်ခြင်းကြီး အဖြေမပေးဘဲ ငါစာရေးပြီး အဖြေပေးမယ်လို့ သူငယ်ချင်းတွေကို စကားပလ္လင် ခံထားလိုက်တယ်... ။ကျနော့်မိတ်ဆွေတွေကကော Facebook မှာ ဘာကို အကြိုက်ဆုံးလည်း......... ။






ကျနော့် အကြိုက်ဆုံးကတော့ Facebook ရဲ့ Like  Button  လေးပါဘဲ.......... အဖြေပေးပါရစေ .။ တကယ်ပါ သူလေးက ကျနော့်ကို ခွန်အားများစွာ ပေးခဲ့တယ်.....။  သူ့ကြောင့်ဘဲ ကျနော် ပိုမို ပျော်ရွှင်ဝမ်းမြောက်ခဲ့ရဘူးပါတယ်...။ သူ့ကြောင့်ဘဲ ကျနော်လုပ်နေတဲ့ အလုပ်တွေမှာ ဆက်လက် ကြိုးစားချင်စိတ်တွေဖြစ်ပေါ်လာခဲ့ရတယ် ။ သူ့ကြောင့်ဘဲ ကျနော်ဟာ Facebook ကို ပိုမို တွယ်တာ မြတ်နိုးလာတယ် ဆိုရင်လည်း မမှားပါဘူး ။

နည်းပညာကို အသုံးချကာ လူတွေကို တတ်နိုင်သလောက် ကူညီပေးမယ်ဆိုတဲ့ စိတ်ထားနဲ့ Facebook သုံးစွဲလာတဲ့ ကျနော့ အတွက် ဒီ Like Button လေးက အမြဲတမ်းလိုလို အဖော်လုပ်ပေးခဲ့တယ်.....။ ကျနော်လုပ်သမျှ အရာတိုင်းကို  အသိအမှတ်ပြုချင်ကြတဲ့ လူအများက သူ့ကို အသုံးချပြီး ကျနော့်ကို အသိပေးသွားလို့ ကျနော်နဲ့ ကျနော့် မိတ်ဆွေတွေကြားမှာ ရင်းနှီးမှုပိုမို ရရှိလာစေခဲ့သလို ကျနော် ပိုမိုကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်ခဲ့တယ်ဆိုလည်း မမှားပါဘူး ။


ကျယ်ဝန်း နက်ရှိုင်းလှတဲ့ အသုံးအနှုံးများစွာကို ကိုယ်စားပြုထားတဲ့ အဲဒီ Like ဆိုတဲ့  အရာလေးကြောင့် Facebook ဆိုတဲ့ Social Media ကြီး ပိုမို လူကြိုက်များကာသုံးစွဲသူများကို ဖမ်းစားထားတယ်လို့တောင် တခါတရံ ကျနော် တွေးမိပါသေးတယ်....။

 အဓိပ္ပာယ်များစွာကို ကိုယ်စားပြုပြီး ဖော်ပြနိုင်တဲ့ အဲဒီ Like Button လေးက လူသန်းပေါင်းများစွာနဲ့ စိတ်ကူး အယူအဆ အတွေးအခေါ် များကို ကြေးမုံပြင်လို ထင်ဟပ်စေလို့ပုံရိပ်ယောင် ကမ္ဘာထဲက လူသားများရဲ့ စိတ်ပြတင်းပေါက်လို့တောင် တင်စားခေါ်ဆိုချင်ပါသေးတယ်....။

သူ့ရဲ့ အခြေခံ အဓိပ္ပာယ်ကတော့ ကြိုက်နှစ်သက်ခြင်းပေါ့....... ။ သာမန် အနေနဲ့ တွေးလိုက်ရင်
 မင်းပုံလေးကို ငါသဘောကျတယ်.....
မင်းလုပ်ဆောင်ချက်လေးတွေကို သဘောကျတယ် ။
မင်းစိတ်ခံစားချက်ကို ငါသဘောကျတယ် ...
မင်းရဲ့ အရေးအသားကို သဘောကျတယ်.....
မင်းတွေးခေါ်ပုံလေးကို ငါ သဘောကျတယ်.....
မင်းလက်ကိုင်ထားတဲ့ အယူဝါဒကို ငါ  သဘောကျတယ်..  အစရှိသည်ဖြင့် သိပ်မထူးခြားပါဘူးလို့ ထင်ရပေမယ့် အခြေအနေကို လိုက်ပြီး အဓိပါယ်ပေါင်းများစွာကို သူက စကားပြန်မလိုဘဲ အလိုအလျောက် ဖွင့်ဆိုရှင်းပြသွားပုံလေးက တကယ့်ကို ချစ်စရာကောင်းနေတာ အမှန်ပါဘဲ ။


နောက်တနည်းက သူက အသိပေးသွားတာ.......။ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကို သူတပါး သိစေလိုတဲ့အခါမှာလည်း  သူလေးက အသုံးကျနေပြန်ရောဗျ........။  သူငယ်ချင်းရေ မင်းတင်ထားတဲ့ ဓါတ်ပုံလေး ၊ သတင်းလေး ၊ ဆောင်းပါး ၊ ကဗျာလေးများကို ငါကြည့်ရှုခံစားပြီးသွားပါပြီ ဆိုတာ စာရေးခဲ့စရာ မလိုဘဲ Like လေး နှိပ်ခဲ့တာနဲ့တင် ပြည့်စုံသွားလို့ သူက တစ်ဦးနဲ့ တစ်ဦးကြားမှာ စကားမပြောဘဲဆက်သွယ်ပေးတဲ့ အရာလေး အဖြစ်လည်း သုံးလို့ရပါလားဆိုတာ တွေးမိပြန်သေးတယ်...။ သဘောကျလွန်းလို့ Like နှိပ်ရတာကို အားမရတဲ့အခါ ဖြစ်စေ.... မင်းရဲ့ အယူအဆကိုတော့ ငါသဘောမကျဘူး  ငါခံစားရတာက ဒီလိုကွ ဆိုပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် အယူအဆ ခံစားချက်ကို Comment ရေးကာ အားလုံးသိအောင် အသိပေးလို့ရပါသေးတယ် ။


စိတ်ခံစားချက်နဲ့ အသက်ရှင်နေတဲ့ လူသားတိုင်းမှာ့  ကိုယ်လုပ်တဲ့ လုပ်ရပ်လေးများကို  လူအများက ကြိုက်နှစ်သက်စေလိုတဲ့ အတ္တဆိုတာ ရှိနေကြတာ ဓမ္မတာပါဘဲ ။ ကိုယ်တင်ထားတဲ့ ဓါတ်ပုံလေးများ လူကြိုက်များရင် ပြုံးပြုံးလေးနဲ့ပေါ့ဗျာ.....။ လာကြည့်ပြီး ကိုယ်သဘောကျ နှစ်ခြိုက်တဲ့ အခါ Like နှိပ်လေ့ ရှိကြတာ အားလုံးအသိပါဘဲ....။
အဲဒီလို Like နှိပ်လိုက်ခြင်းက သူ့ရဲ့ စိတ်ဆန္ဒသဘောထား ၊ အတွေးအခေါ် အယူအဆ ၊ သူလက်ကိုင်ထားတဲ့ အယူဝါဒ အရာအားလုံးကို ဖော်ပြပေးလိုက်တာ ဖြစ်လို့ သူရဲ့ ကိုယ်ပိုင် သဘောထားကို သူဘယ်လို အရာမျိုးတွေမှာ Like နှိပ်သွားလည်း ဆိုတာလေးကို ကြည့်ပြီး အကဲခတ်ကြည့်လို့ရပြန်ပါသေးတယ် ။နောက်တခုက Like Button လေးဟာ Fanpage များရဲ့ အသက်ပါဘဲ....။ ကျနော် ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ချင်လို့ဆိုတဲ့ မိတ်ဆွေဖြစ်ခွင့်ကို Fan Page များမှာ ခွင့်တောင်းစရာ မလိုဘဲ  Fanpage မှာ ရှိတဲ့ Like Button လေးကို နှိပ်လိုက်တာနဲ့ အလိုလို မိတ်ဆွေဖြစ်သွားလို့ Fan Page ထူထောင်ထားသူများသာ မက သုံးစွဲသူ များပါ အလွန်အသုံးဝင်လို့ အရမ်းကို အကျိုးရှိစေတဲ့ ခလုတ်လေးပါဘဲ ။


အဲဒီLike ဆိုတဲ့ ခလုတ်လေးကို အခြေခံပြီး စူးစမ်းလေ့လာတတ်မယ် ဆိုရင်  အသုံးကျတဲ့ အရာများစွာထဲက နှလုံးသားရှိသူတိုင်း အသုံးချနိုင်ဖို့ အကြံလေးတစ်ခုလောက် ဥပမာ အနေနဲ့ပေးချင်ပါသေးတယ် ။

ကိုယ်စိတ်ဝင်စားသူ လူတစ်ယောက်ကို အကဲခတ်လေ့လာချင်တဲ့ အခါ ... ပထမဦးစွာ သူက ဘယ်လို လူစားလည်း ၊ ဘယ်လို အစားအသောက်ကို နှစ်ခြိုက်လေ့ ရှိသလည်း ၊   သူက ဘယ်လို ရုပ်ဝတ္ထု ပစ္စည်းမျိုးကို နှစ်သက်လေ့ ရှိလည်း ။ ဘယ်လို အတွေးအခေါ် အယူဝါဒကို သဘောကျလည်း ၊ ဘယ်လို စကားအသုံးအနှုန်းမျိးကို နှစ်သက်လည်း  အစရှိသည်ဖြင့် သူ့စိတ်ရင်း အမှန်က ဘယ်လို အရာတွေကို စိတ်ဝင်စားလည်း ဆိုတာ  လေ့လာချင်တဲ့ အခါ သူဘယ်လို နေရာမျိုးမှာ Like နှိပ်သွားလည်း ဆိုတာ လေ့လာရင်းက တစ်ဦးနဲ့တစ်ဦးကြားမှာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံမှုများကို ရရှိစေနိုင်လို့ သင့်စိတ်ဝင်စားသူရဲ့  ဆန္ဒအမှန်ကို
Like ဆိုတဲ့ Button လေးက ရှာဖွေနိုင်ပါသေးတယ် ။


မိမိစိတ်ခံစားချက်ကို နည်းပညာ အားနဲ့ အများသိအောင် ဖော်ထုတ်ပြချင်ကြတဲ့ နေရာမှာ Facebook ရဲ့ Status လေးက အားသာမှုများစွာပေးစွမ်းနိုင်ပါတယ် ။ ဒါကြောင့်  သင်စိတ်ဝင်စားသူက သူပျော်ရွှင်နေကြောင်း အသိပေးတဲ့ အခါ  ဂုဏ်ယူဝမ်းမြောက်ကြောင်း Like လေးနှိပ်ကာ   ပျော်ရွှင်မှုပေးပြီး ၊ သူစိတ်ညစ်နေတဲ့ အခါ
 Like လေး နှိပ်ကာ သူရဲ့ ခံစားချက်မျးကို နားလည်ကြောင်း ပြပြီး   ကြင်နာမှုများနဲ့ နွေးထွေးမှု ပေးနိုင်ခဲ့ရင် သူလည်း သင့်ကို ပြန်လည် နွေးထွေးမှုများ ပေးလာစေမယ် ဆိုတာ အကြောင်းအကျိုးနဲ့ ဆက်စပ်နေတဲ့ ဒီကမ္ဘာကြီးပေါ်က လူသားတိုင်း ရှောင်လွှဲလို့ မရနိုင်တဲ့  လောကနိယာမ တရားတွေပါဘဲ....။


အခြားလူတွေတော့ မသိဘူး .....ကျနော်အတွက်ကတော့ ကျနော် သဘောကျတဲ့ အရေးအသား ၊ လုပ်ဆောင်ချက်များ ၊ ဓါတ်ပုံ ၊ စာသား ၊ ကဗျာ ၊ ဆောင်းပါး ၊ ဗွီဒီယို အစရှိတဲ့ အရာများကို တွေ့တိုင်း Like နှိပ်ပြီး အားပေးသွားတယ်....။ တကယ်ဆို ကိုယ့်အတွက် ဘာမှ အပန်းမကြီးတဲ့ အားပေးမှုက သူတို့တွေ အတွက် အားဆေးတခွက် ဖြစ်လာနိုင်တယ် ဆိုတာ ကိုယ့်ရင်ထဲက ခံစားချက်များနဲ့ နှိုင်းယှဉ်ပြီး အစဉ်တွေးလို့ သဘောကျတဲ့ အရာကို တွေ့တိုင်း Like နှိပ်ပြီး အားပေးဖို့ ၀န်မလေးခဲ့သလို Like နှိပ်ရတာကို အားမရတဲ့အပြင် ကိုယ့်ဆန္ဒလေးကို ထည့်သွင်း ဖော်ပြချင်တဲ့ အခါ Comment လေးပါ ရေးတတ်တာ အကျင့်တခုလို ကို ဖြစ်နေခဲ့ပါပြီ ။


ဒါကြောင့် Facebook ရဲ့ Like Button လေးကို အသုံးချကာ  လူတစ်ယောက် ၊ အဖွဲ့အစည်းတခု ၊ လုပ်ဆောင်ချက် တခု ကို အားပေးလို့ ရရုံတင် မဟုတ်ဘဲ  ကိုယ်စိတ်ဝင်စားသူတစ်ယောက်ရဲ့  စိတ်ဆန္ဒသဘောထားများကိုလည်း လေ့လာခွင့်ရရှိစေနိုင်သလို မိမိဆန္ဒများကိုလည်း အလွယ်တကူ ဖော်ပြပေးနိုင်လို့  သင်သဘောကျ နှစ်ခြိုက်မိတာလေးများ ရှိခဲ့ရင် Like နှိပ်ဖို့ မမေ့ပါစေနဲ့လို့  မိတ်ဆွေများ အားလုံးကို  လေးစားစွာ အသိပေးရင်း ,,,,,, ။


ခင်မင်လေးစားလျှက်
ဗမာ့သွေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...