Thursday, July 28, 2011

မြန်မာ့ ကျန်းမာရေး စနစ်

 written by Juan Rama

by Ye Myint Thu on Thursday, July 28, 2011 at 6:19am
၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ ကာလအတွင်း မြန်မာနိုင်ငံသည် ဗြိတိန် ကျန်းမာရေး စံနစ် (British National Health Service) ပုံစံအတိုင်း အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကို ကျင့်သုံးခဲ့သည်။ Government Tax Revenue ခေါ် အခွန်အခကောက်ခံမှု မှ တစ်ဆင့် အစိုးရက အလုံးစုံ တာဝန်ယူပေးသည် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု (Free Health Care) သည် ထိုစဉ်က သန်းပေါင်းနှစ်ဆယ်မျှသော ပြည်သူ လူထု အတွက် ပြည့်စုံလုံလောက်သည့် ကျန်းမာရေး စံနစ် တစ်ခု ဖြစ်ခဲ့သည်။

၁၉၆၂ မှ ၁၉၇၄ ခုနှစ် တော်လှန်ရေး ကောင်စီ ခေတ်တွင်လည်း ယခင် ကျင့်သုံးခဲ့သည့် အခွန် အခြေပြု အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကိုပင်ဆက်လက်ကျင့်သုံး ခဲ့သော်လည်း ကျန်းမာရေး အတွက် အပြည်ပြည်ဆိုင်ရာ အထောက်အပံ့များ (International External Assistances) စတင် ဝင်ရောက်လာခဲ့ပြီး ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ လည်း စတင်ပေါ်ထွန်းလာခဲ့သည်။

၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အခြေခံဥပဒေ ပေါ်ပေါက်ပြီးနောက် ပြည်သူ့ကျန်းမာရေး စီမံကိန်း (People Health Plan) စတင် အသက်ဝင်လာခဲ့သည်။ ၁၉၇၈ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျေးလက်ဒေသ အောက်ခြေ အထိ ကျန်းမာရေး စောင့်ရှောက်မှုကို ဆင်းရဲ၊ ချမ်းသာ မရွေး သာတူညီမျှ ရရှိရေး ဆိုသည့် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု (Primary Health Care) ကို အကောင်အထည် ဖော်ရန် အကြောင်းဖန်ခဲ့သဖြင့် ပြည်သူ့ဆေးရုံကြီးများအပြင် ခရိုင်ဆေးရုံ၊ မြို့ နယ်ဆေးရုံ၊ တိုက်နယ် ဆေးရုံ စသည့် ကုသရေး လုပ်ငန်းများကို တိုးချဲ့ ခဲ့ရသည့် အပြင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အကောင် အထည် ဖော်မည့် တိုင်း၊ ခရိုင်၊ မြို့ နယ် ကျန်းမာရေး ဦးစီးဋ္ဌာနများ၊ ကျေးလက် ကျန်းမာရေးဌာန (Rural Health Center)၊ ကျေးလက် ကျန်းမာရေး ဋ္ဌာနခွဲ (Sub-Rural Health Center) များအထိ တိုးချဲ့ ဖွင့်လှစ် ခဲ့သည်။ ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း၏ အခြေခံဒဿန တစ်ခုဖြစ်သော Self Reliance and Self Determination ဆိုသည်ကို ကိုယ်ထူ ကိုယ်ထ၊ ကိုယ်အား ကိုယ်ကိုးဟု သဘောပေါက်ခဲ့ကြသဖြင့် တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဋ္ဌာနများနှင့် ပြည်သူ့ ဆေးရုံကြီး များ၏ ဆေးကုသဆောင်များအထိ ပြည်သူ လူထု၏ အလှူငွေဖြင့် တည်ဆောက် ခဲ့ကြသည်။

၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး စံနစ်သည် ဗဟိုဦးစီး ဆိုရှယ်လစ် စီးပွားရေး စံနစ်မှ ဈေးကွက် စီးပွားရေး စံနစ် (Market Oriented Economy) သို့ အသွင်ပြောင်းလာခဲ့သည်။ ထိုအခါတွင် ပြည်သူလူထု အတွက် အစိုးရက အလုံးစုံ တာဝန်ယူပေးရသော အခြေအနေမှ ပြည်သူလူထုကို တစ်စုံ တစ်ရာသော အတိုင်းအတာအထိ တာဝန်ယူခိုင်းသင့်သည် ဆိုသည့် အယူအဆမှာ ခေတ်စားလာခဲ့ပြီး ထိုအယူအဆ၏ ရလာဒ်အဖြစ် ၁၉၉၂ ခုနှစ်တွင် စရိတ်မျှပေး၊ ကျန်းမာရေး စနစ် (Community Cost Sharing Scheme: CCS) ကို ၁၁ ကြိမ်မြောက် အမျိုးသားကျန်းမာရေး ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် အရ စတင် ကျင့်သုံးခဲ့သည်။ CCS စတင်ကျင့်သုံးကတည်းက ကျန်းမာရေး ကဏ္ဍတွင် အစိုးရ ဘတ်ဂျက် နည်းပါးနေခြင်း ကြောင့် ငွေကြေးပုံမှန် လှည့်ပါတ် စီးဆင်းမှု (regular financial flow) အတွက် ကုန်ကျစရိတ်ကို အရင်းပြန်ရှာ (Cost recovery) သည့် အစီအမံ တစ်ခုဖြစ်သောကြောင့် ဆေးရုံများတွင် ကုန်ကျစရိတ်များကို စတင်ကောက်ခံသည်နှင့် တပြိုင်နက် ပြဿနာများစတင် ပေါ်ပေါက်လာခဲ့သည်။

တတ်နိုင်သူများ စရိတ်မျှပေး၊ မတတ်နိုင်သူများ အခမဲ့ ဆိုသော်ငြားလည်း မည်သူက တတ်နိုင်ပြီး မည်သူက မတတ်နိုင်ပဲ ဘယ်စရိတ်ကို မျှပေးရမည်ကို တိကျစွာ ဖော်ညွှန်းနိုင်စွမ်း မရှိသည့် အတွက် စရိတ်မျှပေးကျန်းမာရေး မှသည် အကုန်လုံးပေး ကျန်းမာရေး အခြေအနေသို့ ဆိုက်ရောက်လာပြီး ငွေရှိလျှင်နေ၊ မရှိလျှင်သေ ဆိုသည့် ပုံစံမျိုး ဖြစ်လာခဲ့သည်။ Unfair Health System ခေါ် တရားမျှတမှု မရှိသည့် ကျန်းမာရေး စံနစ် ပုံသဏ္ဍာန် မျိုးဖြစ်လာခဲ့ပြီး ထိုဖြစ်ရပ်၏ အကျိုးဆက် အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်တွင် ထုတ်ပြန်သော ကျန်းမာရေးစံနစ်စွမ်းဆောင်ရည်စစ်တမ်း (Health System Performance Index) တွင် ကမ္ဘာ့ ဒုတိယ အညံ့ဆုံး ကျန်းမာရေး စံနစ် အဖြစ် WHO member countries ၁၉၁ နိုင်ငံတွင် အဆင့် ၁၉ဝ ဖြစ်ခဲ့ပြီး ဓါးမနောက်ပိတ်ခွေး ဖြစ်ခဲ့ရရှာသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...