Wednesday, July 27, 2011

စတုတ္ထမဏ္ဍိုင်လို့ ဆိုရင် . .

. WRITTEN BY နေထွန်းနိုင်"
ဇူလိုင်လ ၆ ရက်။ ဗြိတိန်ပါလီမန်မှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါ
တယ်။ ချက်ချင်း ဆိုသလိုပါပဲ။ Tabloid သတင်းစာ News of the World ရဲ့ သတင်းတွေက ပျံ့နှံ့သွားပါတယ်။ ကျင့်ဝတ် မစောင့်ထိန်းမှု၊ လူ့ဂုဏ်သိက္ခာကို ထိပါးမှု၊ စက်ဆုပ် ရွံရှာဖွယ် ကောင်းသော အပြုအမူ။ ဒီလို မှတ်ချက်တွေက ပလူပျံသွားခဲ့ပါတယ်။
News of the World သတင်းစာရဲ့ လုပ်ရပ်က ဖုန်းမက်ဆေ့ခ်ျတွေကို ကြားဖြတ်ခိုးယူခဲ့ခြင်းက စခဲ့တာပါ။ လူပြိန်းကြိုက် သတင်းစာ အဖြစ် သတ်မှတ်ကြတဲ့ Tabloid သတင်းစာတွေအဖို့ ကျင့်ဝတ်ဆိုတာဟာ ခါးဝတ်ပုဆိုးလို မြဲခဲ့ပါရဲ့လား။


ဇူလိုင် ၇ ရက်နေ့မှာပဲ News of the World သတင်းစာကို ပိုင်ဆိုင်သူ မားဒေါ့ခ်ျက သတင်းစာကို ရပ်နားမယ့်အကြောင်း ကြေညာလိုက်ပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ News of the World သတင်းစာကို နောက်ဆုံး ထုတ်ဝေခဲ့ပါတယ်။ နှစ်ပေါင်း ၁၆၈ နှစ်ကြာ ထုတ်ဝေလာတဲ့ Tabloid သတင်းစာတစ်စောင် နိဂုံး ချုပ်သွားခဲ့ပါပြီ။  ဂုဏ်သိက္ခာ ရှိစွာနဲ့ ရပ်နားလိုက်ရတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ ကျင့်ဝတ်ပိုင်း ဖောက်ဖျက်မှုတွေ အတွက် မေးခွန်းထုတ် ခံခဲ့ရပါတယ်။အဆိုးဆုံးကတော့ လူကျင့်ဝတ် အတွက်ပါ မေးခွန်းထုတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ပြဿနာတွေက ရှုပ်ထွေးနေတုန်းပါပဲ။ သူတို့ရဲ့ လုပ်ရပ်တွေ အကြီးအကျယ် မှားယွင်းခဲ့တယ်လို့ မားဒေါ့ခ်ျက တောင်းပန်ခဲ့ပါတယ်။ မှားခဲ့တာတွေ အတွက် ပြန်ပြင်လို့ မရတော့ပါဘူး။

News of the World သတင်းစာရဲ့ နေ၀င်ချိန်က စတုတ္ထမဏ္ဍိုင် ဆိုတဲ့ သတ်မှတ်ချက်ကို အမှတ်ရစေခဲ့ပါတယ်။ စတုတ္ထမဏ္ဍိုင် ဆိုတဲ့ စကားရပ်ဟာ ဗြိတိန်နိုင်ငံက စတင် ဆင်းသက်လာတဲ့ စကားလုံး ဖြစ်နေလို့ပါ။ ဗြိတိန်
ပါလီမန်အမတ် အက်ဒမန်ဗတ်(၁၇၂၉-၁၇၉၇)က သတင်းစာတွေကို စတုတ္ထမဏ္ဍိုင်လို့ စတင် တင်စား ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နဲ့ တရားစီရင်ရေး မဏ္ဍိုင်၊ ဒီမဏ္ဍိုင်သုံးရပ်၊ ဒေါက်တိုင် သုံးခုကို စောင့်ကြည့် တည့်မတ်ပေးရမယ့် စတုတ္ထ မဏ္ဍိုင်။  

အမှန်တရားကို ဖော်ထုတ်ခြင်း၊ ပြည်သူကို အလေးထားခြင်းနဲ့ ကျင့်ဝတ် ဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခံယူထားသူတွေ အတွက် အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ ပြည်သူလူထု အကျိုးကို လုပ်ဆောင်မယ့် မီဒီယာတစ်ခုဟာ
ကျင့်ဝတ်ကိုတော့ စောင့်ထိန်းသင့်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ စတုတ္ထမဏ္ဍိုင် ဆိုတဲ့ စကားရပ်ဟာ ၂၀၀၅ ခုနှစ် နောက်ပိုင်းမှ ပိုပြီး အားကောင်းလာခဲ့တာပါ။ သတင်းဂျာနယ် အသစ်တွေ ထွက်လာခဲ့တယ်။ ကျွန်တော်တို့လည်း သတင်းလောကကို
ရောက်ရှိလာခဲ့ပါတယ်။ ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်တဲ့ ဂျာနယ်လစ်တွေ ဖြစ်ဖို့ အားထုတ်ခဲ့ရပါတယ်။
၂၀၀၅ ခုနှစ် မတိုင်မီ ကာလတွေမှာတော့ Yellow Journalism က ပိုများနေခဲ့ပါတယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေရဲ့ အတွင်းရေးတွေ၊ ပုဂ္ဂိုလ်ရေး ရေးသားမှုတွေ၊ ပုဆိုးပေးမှ သတင်းရေးမယ်ဆိုတဲ့ ကိစ္စတွေက များနေခဲ့ပါတယ်။ 
စတုတ္ထမဏ္ဍိုင်လို့ ဆိုရင် စတုတ္ထမဏ္ဍိုင်နဲ့ ကိုက်ညီတဲ့ လုပ်ရပ်၊ အပြောအဆို၊ အမူအကျင့်၊ အရေးအသား ရှိရမှာ ဖြစ်ပါတယ်။ မိမိရဲ့ professional prestige (လုပ်ငန်းဆိုင်ရာ သိက္ခာတရား)နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ အမှန်တရား အတွက် ဆိုရင် ခြသေ့င်္တစ်ကောင်လို ယုံကြည်ချက် ခိုင်ခိုင်မာမာ ရဲရင့် ပြတ်သားရမှာ ဖြစ်ပေမယ့် ကျန်တဲ့အချိန် ဆက်ဆံ နေထိုင်ရာမှာ သိုးတစ်ကောင်လိုပဲ နေထိုင်ရမှာ ဖြစ်ပါတယ်
အဲဒီအချိန်တုန်းက သတင်းဂျာနယ် စောင်ရေက ဘယ်လောက်မှ ရှိသေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အပါအ၀င် အသစ်ထွက်လာတဲ့ သတင်းဂျာနယ်တွေက ကျင့်ဝတ်ပိုင်းကို အလေးထားပြီး ရေးသားလာခဲ့ပါတယ်။
ဒီနေ့ အချိန်အထိ စတုတ္ထမဏ္ဍိုင် ဆိုတာ အတိုင်းအတာ တစ်ခု အထိပဲ လုပ်နိုင်ပါသေးတယ်။ စတုတ္ထမဏ္ဍိုင်ကို အသိအမှတ်ပြုဖို့ ကြိုးစားနေရဆဲ ကာလ ဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို ထောက်ပြ ပြောဆို နိုင်မယ့် စတုတ္ထမဏ္ဍိုင် ဖြစ်လာဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။
ဒီလို ကြိုးစားနေဆဲ ကာလမှာပဲ  အကျိုးစီးပွား တစ်ခုတည်း အတွက် လက်သင့်ရာဘက်မှာ ရပ်တည်၊ အမှန်တရားကို မျက်ကွယ်ပြု၊ ကျင့်ဝတ်ကို အလေးမထား၊ ခေတ်ကိုနောက်ပြန်ဆွဲပြီး တင်ပြနေတဲ့ အရေးအသားတွေက ပီပီပြင်ပြင် ဖြစ်မလာသေးတဲ့ စတုတ္ထ မဏ္ဍိုင်ကို တိမ်းစောင်းနိုင်တယ် ဆိုတာ သတိပြုကြဖို့ လိုပါတယ်။

စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါမှုကို နိုင်ငံတော် သမ္မတနဲ့ အစိုးရ အဖွဲ့သစ်က အသိအမှတ်ပြု လက်ခံခဲ့တာ သိပ်မကြာသေးပါဘူး။ ရက် ၁၀၀ ကျော်ပဲ ရှိပါသေးတယ်။ ပြည်သူတွေဘက်ကလည်း စောင့်ကြည့်နေတုန်းပါပဲ။ ဒီလို
အချိန်မျိုးမှာ စတုတ္ထမဏ္ဍိုင်ရဲ့ လမ်းကြောင်းကို သွေဖည်စေမယ့် Tabloid အရေးအသားတွေက အသိအမှတ်ပြုမှုတွေ အပေါ် အလေးမထားသလို ဖြစ်သွားနိုင်ပါတယ်။
အမှန်တရားက မျဉ်းပါး ဖြစ်နေချိန်မှာ၊ အမှားနဲ့အမှန်ကို ကြားဝင် ဆုံးဖြတ်ပြီး လူတစ်ဦးဦးကို နစ်နာစေမယ့် အရေးအသားမျိုးတွေကို မရေးသင့်သေးပါဘူး။ လာဘ်ပေး၊ လာဘ်ယူ ကိစ္စတွေမှာပဲ ဖြစ်ဖြစ်၊ အခြားသော ကိစ္စရပ်တွေမှာပဲ ဖြစ်ဖြစ်  အမှန်တရားက မျဉ်းပါးဖြစ်နေပြီ ဆိုရင် တင်ပြမှုပိုင်းမှာ တစ်ဖက်ဖက်ကို မနစ်နာစေဖို့ ကျွန်တော်တို့ သတိထားရမှာ ဖြစ်ပါတယ်။
ဇူလိုင်လ ၁၅ ရက်။ ၀ါဆိုလပြည့်နေ့ရဲ့ နံနက်ခင်း။ အဲဒီနေ့ထုတ် သတင်း ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရတဲ့ မျက်နှာဖုံး သတင်း၊ ဂျာနယ် အတွင်းမှာ ဖော်ပြထားတဲ့ ဆက်စပ် အကြောင်းအရာတွေ။
ဂျာနယ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာက ဂျာနယ်လစ်တိုင်း စိတ်ဝင်စားနေတဲ့ အကြောင်းအရာ တစ်ခုပါ။ မေလ နှောင်းပိုင်း အချိန်ကတည်းက စိတ်ဝင်စားနေတဲ့ ဖြစ်ရပ်တစ်ခု။ အသည်း အစားထိုးခြင်း၊ ပေးလှူသူနှင့် လက်ခံသူ။ သတင်းစာပါ အပြန်အလှန် ကြော်ငြာ။ ဂျာနယ်လစ်တွေ အပြင် ဖတ်လိုက်ရသူတိုင်းက စိတ်ဝင်စားခဲ့ကြပါတယ်။
ကျွန်တော်တို့ ကိုယ်တိုင် အဖြစ်မှန်ကို သိရဖို့ ကြိုးစားခဲ့ပါတယ်။ ကာယကံရှင်တွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။ ဆက်သွယ်မှု ရခဲ့ပေမယ့် ဖြေကြားလိုသူ မရှိခဲ့ပါဘူး။ ရရှိလာတဲ့ အချက်အလက်တွေ အရတော့ ၀ိဝါဒ ကွဲစရာတွေ ရှိနေတာ သိလိုက်ရပါတယ်။ သတင်းနောက်ကွယ်မှာ ရှုပ်ထွေးမှု ရှိနေတာတွေကို တွေ့လိုက်ရပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စမှာ မထည့်သွင်းဖို့ Eleven အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ခဲ့ကြပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ထုတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ သတင်းက တိုင်ကြားစာနဲ့ ဆက်စပ်နေမယ်လို့ ကျွန်တော်တို့ ယူဆခဲ့ကြပါတယ်။ တစ်ဖက်က တာဝန်ကျေဖို့ ပျက်ကွက်တာ ဖြစ်နိုင်သလို တစ်ဖက်မှာကလည်း မဖြစ်နိုင်တဲ့ အခြေအနေကို တောင်းဆိုတာလည်း ဖြစ်နိုင်ပါသေးတယ်။
ပေးလှူသူနဲ့ လှူဒါန်းသူ။ ဒီနှစ်ဦး အကြားမှာ ပထမဆုံး ကျွန်တော်တို့ စပြီး ကြားတာက ၂၅ သိန်းလို့ သိရပါတယ်။ နောက်ထပ် သိရတာကတော့ သိန်း ၂၀၀ လို့ ဆိုပါတယ်။ ဒါပေမယ့် တရားဝင် တိုင်ကြားစာမှာတော့ သိန်း ၇၀၀ နဲ့ ၈၀၀ ကြားလို့ ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။
ဒီအတွက်ကြောင့် သတင်းရဲ့ နောက်ကွယ်က ကိစ္စဟာ ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့ ယူဆခဲ့ကြတာပါ။
ဒီအချိန်မှာပဲ တိုင်ကြားစာနဲ့ ချိတ်ဆက်ပြီး ရည်ရွယ် ပြုလုပ်ခဲ့ပုံ ပေါ်တဲ့ ပေးလှူသူ ကာယကံရှင်ရဲ့ အင်တာဗျူးနဲ့ ဆက်စပ် အကြောင်းအရာတွေကို ဇူလိုင်လ ၁၅ ရက်နေ့ထုတ် ဂျာနယ်မှာ တွေ့လိုက်ရပါတယ်။ တိုင်ကြားစာမှာ ဖော်ပြထားတဲ့ ငွေကြေး ပမာဏကို ဂျာနယ်မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။ ပါမောက္ခ ဆရာဝန်ကြီး တစ်ဦးနဲ့ ကာယကံရှင်တို့ အင်တာဗျူး။ သတင်းဆောင်းပါး တစ်ပုဒ်။ ပြင်ပ ဆောင်းပါးရှင် ဟန်မြင့် (၀ါးခယ်မ) ရေးသားတဲ့ ''လူကုန်ကူးမှုနှင့် ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးမှု''ဆောင်းပါး။ City FM အတွက် ပါမောက္ခ ဆရာဝန်ကြီးနဲ့ ကာယကံရှင်တို့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးက အမေးကောင်းလို့ အဖြေတွေလည်း လှခဲ့ပါတယ်။ သတင်းဆောင်းပါးနဲ့ ပြင်ပဆောင်းပါးရှင် ဟန်မြင့်(၀ါးခယ်မ) တို့ရဲ့ ဆောင်းပါးကတော့ သက်ဆိုင်ရာ ဆရာဝန်ကြီး အတွက် ဥပဒေကြောင်းအရ အများကြီး ထိခိုက်သွားသလိုမျိုး ဖြစ်သွားရင် မကောင်းဘူး။ ကျင့်ဝတ်ပိုင်းမှာ မေးခွန်းထုတ်စရာပါ။
သတင်းထောက် မည်သည် ဆွဲချ မဟုတ်၊ တရားသူကြီး မဟုတ်၊ ရှေ့နေ မဟုတ်၊ ရဲဝန်ထမ်း မဟုတ်။ ဒီအချက်တွေက ကျင့်ဝတ်ပိုင်း စောင့်ထိန်းမှုမှာ ဂျာနယ်လစ်တွေ မဖြစ်မနေ လိုက်နာရမယ့် အချက်အလက်တွေထဲက တစ်ခု။ ဂျာနယ်လစ်ဖြစ်စ အချိန်မှာပဲ ဒီကျင့်ဝတ်တွေကို အာဂုံဆောင်ခဲ့ရပါတယ်။ အခုချိန်ထိလည်း အာဂုံဆောင်နေရတုန်းပဲ ဖြစ်ပါတယ်။
အမှန်တော့ ပေးလှူသူနဲ့ လက်ခံသူ။ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ မမြင်နိုင်သေးတဲ့ အကြောင်းအရာတွေက ရှိနေဆဲ ဖြစ်ပါတယ်။ မည်သူ မှားသည်၊ မှန်သည်ကို ဆုံးဖြတ်ခြင်းတော့ မဟုတ်ပါဘူး။ ကာယကံရှင် နှစ်ဦး စလုံးရဲ့ အသံကို စုံလင်အောင် မကြားရသေး။ ပိုဆိုးတာက တရားရုံးဆီ ဦးတည်တော့မယ့် ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့တယ်။ ဒီအနေအထားမှာ ဂျာနယ်လစ်က ၀င်ရောက်ပြီး အမှားအမှန် ဆုံးဖြတ်ပေးတာမျိုး မဖြစ်သင့်တော့ပါဘူး။

နောက်ကွယ်မှာ ရှုပ်ထွေးမှုတွေက ရှိနေဆဲ၊ ရှုပ်ထွေးနေဆဲ ဖြစ်ရပ် တစ်ခုကို တင်ပြတဲ့ အခါမှာ အစွန်းလွတ် တင်ပြမှု ဖြစ်နိုင်ဖို့က အရေးပါလာခဲ့ပါတယ်။ သာမန် ဖြစ်ရပ်တစ်ခုမှာ အခုလို ရေးသား တင်ဆက်ပုံ အတွက်
မေးခွန်းထုတ်စရာ မလိုပါဘူး။ ဒါပေမယ့် တရားမျှတမှု အတွက် အဖြေရှာတဲ့အခါ၊ ရုံးတော်မှာ ဆက်လက် ဆုံးဖြတ်ရမယ့် ကိစ္စတစ်ရပ် ဖြစ်လာပြီ ဆိုရင်တော့ သတိထားရမယ့် ကိစ္စ ဖြစ်လာပါပြီ။ တချို့သော အရေးအသားတွေက လမ်းကြောင်း တစ်ခုဆီကို သွေဖည်သွားနိုင်ပါတယ်။
အလားတူ ဖြစ်ရပ်လို့ပဲ ဆိုရပါမယ်။ အထူးကု ဆေးရုံ တစ်ခုအကြောင်း တင်ပြခဲ့တဲ့ သတင်းတစ်ပုဒ်မှာ ဖြစ်ပါတယ်။ ဒီသတင်း တင်ပြမှု အတွက် ဖြစ်စဉ်ကို ကာယကံရှင်ဆီက ရရှိတဲ့ အချက်တွေနဲ့ အားပြုပြီး ရေးသားခဲ့ပါတယ်။
အချက်အလက်ပိုင်း မှန်ကန်မှု ရှိနိုင်ပါတယ်။ ရေးသားမှု အပိုင်းကတော့ မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ်။ အကျိုးဆက်ကတော့ ရေးသားဖော်ပြမှုပိုင်း အတွက် အဆုံးအဖြတ် ရရှိစေဖို့ တရားရုံးဆီကို ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။
သတင်းမီဒီယာ တစ်ခု အနေနဲ့ မှန်ကန်တဲ့ ဖြစ်ရပ်တစ်ခုရဲ့ သတင်းမှန်ကို ရေးရပါမယ်။ မှန်ကန်တဲ့ ဖြစ်ရပ် တစ်ခုက အရေးအသားကြောင့် လမ်းလွဲ သွားနိုင်ပါတယ်။ ဒီလို အရေးအသားတွေနဲ့ ဆက်မရေးဖို့လည်း ဆင်ခြင်သင့်ပါတယ်။

ဒီအကြောင်းအရာပိုင်းနဲ့ ဆက်စပ်လို့ပဲ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၆ ရက် နေ့မှာပါ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မီဒီယာ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။ မေလကတည်းက မလုပ်ခဲ့တဲ့ မီဒီယာ တွေ့ဆုံပွဲကို ဇူလိုင်လမှာ
ပြန်လုပ်ခဲ့တာပါ။ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၁၄ ဖွဲ့ ရှိတဲ့အထဲ မီဒီယာ တွေ့ဆုံပွဲလုပ်တယ် ဆိုတာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တစ်ဖွဲ့ပဲ ရှိပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့
စတုတ္ထမဏ္ဍိုင် အပေါ် အသိအမှတ်ပြုခြင်းကို တွေ့မြင်ရခြင်း ဖြစ်ပါတယ်။
စတုတ္ထမဏ္ဍိုင်ကို အသိအမှတ် ပြုလာတဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဖြစ်ရပ်တစ်ခုကို ဂျာနယ်လစ်များ ကြုံတွေ့ခဲ့ကြရပါတယ်။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့၊ ပြုပြင်စရာရှိတာတွေ ပြုပြင်ဖို့ မေးခွန်းတွေ မေးမြန်းရမယ့် အစား ဂျာနယ်လစ် အချို့ရဲ့ ငြင်းခုန်မှုတွေက အခြား ဂျာနယ်လစ်တွေကို မျက်နှာပျက်စေခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အကြောင်းအရာ တစ်ရပ်ကို သိချင်တဲ့အခါမှာ တစ်ဖက်က ဘာပဲဖြစ်ဖြစ်၊ လူကြီးလူကောင်းဆန်ဆန် မေးခွန်းထုတ်ရမယ့်အစား ခွန်းတုံ့ပြန် ငြင်းခုန်မှုတွေ မဖြစ်သင့်တော့ပါဘူး။ ဒီလို ဖြစ်ရပ်တွေကလည်း စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုထားတဲ့ ဂျာနယ်လစ်တွေ အတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
စတုတ္ထမဏ္ဍိုင်လို့ ပြောမယ် ဆိုရင်တော့ စိတ်လှုပ်ရှားမှု(emotion) မပါသင့်ပါဘူး။ ပုဂ္ဂိုလ်ရေး(personal) တွေ မဖြစ်သင့်တော့ပါဘူး။  စိတ်လှုပ်ရှားမှု ဖြစ်ခဲ့လို့၊ ပုဂ္ဂိုလ်ရေး ဆန်ခဲ့လို့ တရားစွဲရပြီ ဆိုရင် လူတွေ အလုပ်ပျက်မယ့် အခြေအနေ ရောက်သွားစေနိုင်ပါတယ်။ နောက်နောင်ဆိုရင် သတင်း ရေးသားမှုတိုင်းမှာ ရေးသားသူတွေက တာဝန်ယူကြရတော့မှာပါ။ ဒီအခါမျိုးမှာ အချက်အလက်ပိုင်း မှန်ကန်တယ် ဆိုရင်တောင် အရေးအသားပိုင်းကြောင့် တရားစွဲခံရတာတွေ ဖြစ်လာနိုင်ပါတယ်။ အချက်အလက်ပိုင်းကြောင့် တရားစွဲခံရတာမျိုး မဟုတ်ဘဲ အရေးအသားပိုင်းကြောင့် တရားစွဲခံရတာမျိုးဟာ မဖြစ်သင့်၊ မဖြစ်ထိုက်တာပဲ ဖြစ်ပါတယ်။
ဒီလို တာဝန်ယူတဲ့ နေရာမှာ ရေးသားမှု အတွက် ကိုယ်ရဲ့စိတ်ခံစားမှုကို ဘယ်လောက်အထိ ဦးစားပေး ထည့်သွင်းထားသလဲ၊ အဂတိတရား ကင်းရဲ့လား၊ ကာယကံရှင်ဆီက ရရှိတဲ့ အချက်အလက် မှန်ကန်တယ် ဆိုဦးတော့ အကြောင်းအရာက ပြည်သူလူထုကို အကျိုးရှိစေရဲ့လား၊ အစွန်းနှစ်ဘက် မလွတ်တဲ့ အတွက် တစ်ဖက်ဖက်ကို အကျပ်အတည်း ရောက်သွားစေမှာလား။ ဒါတွေဟာ ဆင်ခြင်သင့်တဲ့ အရာတွေ ဖြစ်လာပါပြီ။
ပြည်သူလူထု အကျိုးရှိမယ့် ဖြစ်ရပ်လို့ ဆိုစေဦးတော့။ ၁၀၀ ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းလောက်ပဲ အကျိုးရှိပြီး ၇၀ ရာခိုင်နှုန်းက အခြားသူ တစ်ဦးဦးကို ထိခိုက်နေပြီ ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ဖော်ပြခြင်းထက် ရိပ်ဖမ်းသံဖမ်း ဖော်ပြခြင်းကိုသာ ရွေး ချယ်ရတော့မှာ ဖြစ်ပါတယ်။ ကိစ္စရပ် တစ်ခု အပေါ်ကို အလွန်အကျွံ ရေးသား ဖော်ပြတော့မယ် ဆိုရင် ပြည်သူလူထု ဘယ်လောက် အကျိုးရှိမလဲ ဆိုတာက အရေးကြီးဆုံး ချင့်ချိန်ရမယ့်ကိစ္စ ဖြစ်လာပါတယ်။

လက်ရှိ အချိန်မှာတော့ အစိုးရ အပါအ၀င် နယ်ပယ်တိုင်းက လူတွေမှာ ဝေဖန် ထောက်ပြမှုတွေ အတွက် sensitive ဖြစ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒီလို sensitive ဖြစ်တဲ့ အခြေအနေကနေ မမျှတမှုတွေ
ပေါ်ပေါက်လာပါတယ်။ပီပီပြင်ပြင် ဖြစ်မလာသေးတဲ့ စတုတ္ထ မဏ္ဍိုင်ကို ပုံဖော်နေတဲ့ ဂျာနယ်လစ်တွေ အတွက် ရိပ်ဖမ်းသံဖမ်း ပြောခြင်းကသာ လက်ရှိ အချိန်မှာ အသုံးအတည့်ဆုံး နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။ ရိပ်ဖမ်းသံဖမ်း ပြောရတာကို အားမရဘဲ စိတ်လှုပ်ရှားမှုများ တဲ့၊ ပုဂ္ဂိုလ်ရေးဆန်တဲ့ အရေးအသားတွေကြောင့် ရှုပ်ထွေးမှုတွေ မဖြစ်စေချင်ပါဘူး။
ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်ကြည့်မယ် ဆိုရင် ဆရာဝန်၊ ဆေးပညာ နယ်ပယ်က လူတွေနဲ့ ကျွန်တော်တို့ ဂျာနယ်လစ်တွေဟာ ရန်သူတွေ မဟုတ်ကြပါဘူး။ ပြည်သူလူထု နစ်နာတာတွေကို ကျွန်တော်တို့ တင်ပြခဲ့တာပါ။ ဆရာဝန်နဲ့ ဆေးပညာ နယ်ပယ်က လူတွေက ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်သင့်ပါတယ်။ နစ်နာစရာတွေ ဆက်ရှိနေရင်တော့ ကျွန်တော်တို့ ရေးသင့်သလောက် ရေးရမှာပါပဲ။ sensitive ဖြစ်စရာ issue တစ်ခုကို ကိုင်တွယ်မိတယ် ဆိုပေမယ့် ပြည်သူ့အကျိုး ဆိုတဲ့ ရလဒ်ကိုသာ နှစ်ဖက်စလုံး ဖော်ပြနိုင်ခဲ့မယ် ဆိုရင် ဒါဟာ သားရွှေအိုးထမ်းလာခြင်း ပါပဲ။

ပြည်သူလူထု အကျိုးရှိမယ့် သတင်းတွေ တင်ပြတဲ့ အခါမှာ ရဲဝံ့မှုတော့ ရှိသင့်ပါတယ်။ ဒါပေမယ့် ရန်သူဆန်တဲ့ အရေးအသားတွေကိုတော့ ကျွန်တော်တို့ ရှောင်ရှားသင့်ပါတယ်။ ပြန်ဆန်းစစ်မယ် ဆိုရင် ကျွန်တော်တို့
ဂျာနယ်လစ်တွေမှာလည်း မကျွမ်းကျင်တာတွေ ရှိနေပါတယ်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာလည်း မေးခွန်း ထုတ်စရာ ရှိနေခဲ့တာ အမှန်ပါပဲ။ ပြည်သူလူထုအတွက် ဖြစ်လို့ မှန်တယ် ဆိုတာ တစ်ခုတည်းနဲ့ မဖြစ်နိုင်တော့ပါဘူး။
ကျင့်ဝတ်ပိုင်းဆိုင်ရာကိုပါ ထည့်သွင်း စဉ်းစားပြီး ကျွန်တော်တို့ ရေးသားရပါတော့မယ်။    

အမှန်တကယ်တမ်းတော့ အခုချိန်မှာ တည်ဆောက်နေရဆဲ စတုတ္ထ မဏ္ဍိုင်ဟာ ဝေလီဝေလင်း အချိန်မှာပဲ ရှိနေပါသေးတယ်။ အခု ကျွန်တော်တို့ သတင်းမီဒီယာတွေရဲ့ အနေအထားကလည်း လမ်းကျဉ်းထဲမှာ ဂိုးကျဉ်း
ကစားနေရတဲ့ပုံမှာ ရှိနေပါတယ်။ လမ်းကျဉ်းထဲမှာ ဘောလုံးကစားနေကြလို့ တွန်းမိ တိုက်မိတာတွေတော့ ရှိမှာပါပဲ။ ဒါပေမယ့် လမ်းသွားလမ်းလာတွေကို ထိခိုက် နာကျင်စေတာမျိုးကို ရှောင်ပြီး ဂိုးတော့ ရအောင် သွင်းရမှာပါ။
ကျွန်တော်တို့ သတင်းမီဒီယာတွေ၊ စာနယ်ဇင်းတွေ အဖို့ စတုတ္ထမဏ္ဍိုင် အဖြစ် အသိအမှတ် ပြုခံရတယ် ဆိုခြင်းဟာ ဘာနဲ့မှ လဲလို့မရနိုင်တဲ့ ဂုဏ်သိက္ခာ ရရှိခြင်းပဲ ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်လို့ ဆိုရင် စတုတ္ထမဏ္ဍိုင်နဲ့ ကိုက်ညီတဲ့ လုပ်ရပ်၊ အပြောအဆို၊ အမူအကျင့်၊ အရေးအသား ရှိရမှာ ဖြစ်ပါတယ်။ မိမိရဲ့ professional prestige (လုပ်ငန်းဆိုင်ရာ သိက္ခာတရား)နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ အမှန်တရား အတွက် ဆိုရင် ခြသေ့င်္တစ်ကောင်လို ယုံကြည်ချက် ခိုင်ခိုင်မာမာ ရဲရင့် ပြတ်သားရမှာ ဖြစ်ပေမယ့် ကျန်တဲ့အချိန် ဆက်ဆံ နေထိုင်ရာမှာ သိုးတစ်ကောင်လိုပဲ နေထိုင်ရမှာ ဖြစ်ပါတယ်။
''သတင်းစာဟာ တရားစာ မဟုတ်မှန်း လူတိုင်းသိသပေါ့။ ဒါပေမယ့် အတင်းတွေ၊ အဖျင်းတွေ ကြားချင်ရင် ငါးစိမ်းတန်းသွားမှာပေါ့။ ပိုက်ဆံတောင် မကုန်ဘူး'' ဆရာ သိပ္ပံမောင်ဝက လွန်ခဲ့တဲ့ နှစ် ၈၀ အချိန်လောက်က ပြောခဲ့တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။

ကျွန်တော်တို့ . . .ကြိုးစားကြရပါဦးမယ်။

Eleven Media Group ဆောင်းပါး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...