Tuesday, July 26, 2011

ကလေးဆိုးကြီးများ

[By Khin Maung Nyo]

          ကျွန်မတို့တွေ ကလေးအရွယ်က ဆယ်ကျော်သက်အရွယ်ကို ကူးပြောင်းလာတဲ့ အချိန်တွေမှာ တော်တော်များများ ပြောင်းလဲသွားတတ်ကြပါတယ်။ သစ်ရွက်လှုပ်တာတောင် တခစ်ခစ် ရယ်ချင် ရယ်နေကြတဲ့ ဆယ်ကျော်သက်တွေက လောကအကြောင်း လူတွေအကြောင်းကို ဆယ်စုနှစ် နှစ်ခု၊ သုံးခုစာလောက် ကြုံတွေ့ပြီးတဲ့ လူကြီးတွေရဲ့ မျက်စိထဲမှာတော့ တော်တော်ကို အချိုးမပြေတာပါပဲ။
အရာရာ တိုးတက်တဲ့ခေတ်မှာ အတုယူစရာ အင်မတန် ပေါပါတယ်။ မကောင်းတာက အတုယူဖို့ လွယ်တော့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အားအားရှိ လက်ဖက်ရည်ဆိုင်ထိုင်တာ၊ ညလုံးပေါက် ဂိမ်းဆော့တာ၊ တစ်ခုခုဆို ကိုယ်က ဦးအောင် မိုက်ကြည့်ကြည့်တာ၊ လိုအပ်ရင် အပေါင်းအသင်း အားကိုးနဲ့ ရိုက်မယ် နှက်မယ် ရန်ဖြစ်မယ် လုပ်တာ၊ လက်မထပ်ဘဲ အတူနေတာ ဆိုတဲ့ လူကြီးတွေ နားရင်းအုပ်ချင်လောက်တဲ့ အပြုအမူများလဲ တော်တော် တတ်မြောက် ကျွမ်းကျင်နေကြပါတယ်။ လူငယ်ဆိုရင် နှာခေါင်းက ရှုံ့ချင်ကြ၊ ထောင့်မကျိုးဘူး၊ အချိုးမပြေဘူး၊ မိဘက မဆုံးမဘူး စသဖြင့် ပုဒ်မမျိုးစုံ တပ်ကြပါလေရောရှင်။ ကျွန်မ ကိုယ်တိုင်က ဆယ်ကျော်သက် လူငယ် ဖြစ်နေတော့လဲ ပြောရတာ ခက်သားပါပဲ။
ကျွန်မ ကြည့်ဖူးတဲ့ ဆယ်ကျော်သက် ရုပ်ရှင်တစ်ကားကို ပြောပြချင်ပါတယ်။ ဆယ်ကျော်သက်ကားလို့ အမည်ခံထားတဲ့ ခပ်ရိုင်းရိုင်း ရုပ်ရှင်တစ်ကားတော့ မဟုတ်ပါဘူး။ တော်တော်ကို မှတ်သားစရာ၊ ချစ်စရာ ကောင်းတဲ့ ရုပ်ရှင်ပါ။ နာမည်က "Wild Child" လို့ ခေါ်ပါတယ်။ ကလေးဆိုး ပေါ့။ တော်တော်ကို ဆိုးတဲ့ ကောင်မလေး တစ်ယောက် အကြောင်းပါ။
ကောင်မလေးရဲ့ အမေဟာ သူ ဆယ့်တစ်နှစ်သမီးမှာ ကားမတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့ပါပြီ။ သူ့မှာ ညီမလေး တစ်ယောက်နဲ့ အဖေပဲ ရှိပါတယ်။ အဖေကလဲ သူဌေးမို့ တော်တော် သုံးနိုင် ဖြုန်းနိုင်တဲ့ သူပါ။ ရုပ်ရှင် အစမှာ သူ့အဖေရဲ့ ချစ်သူက သူတို့အိမ်မှာ လာနေဖို့ အိမ်ပြောင်းမယ့်အခန်းက စပါတယ်။ အမေကို တော်တော်ချစ်ပုံရတဲ့ ကျွန်မတို့ရဲ့ ကလေးဆိုးမလေး Poppy ဟာ သူ့အမေနေရာကို ၀င်မယ့်သူလို့ မြင်ပြီး တော်တော်ကို မကြည်ပုံ ရပါတယ်။ ပစ္စည်းတွေ လာပို့တဲ့ ကုန်တင်ကားကြီး အရောက်မှာ ပေါ်ပီနဲ့ သူ့သူငယ်ချင်း ငရှုပ်တွေက ပါလာတဲ့ ပစ္စည်းတွေကို အမျိုးစုံ ဖွပါတော့တယ်။ ပေါ်ပီကလဲ သူ့အဖေရဲ့ ချစ်သူရဲ့ အ၀တ်အစားတွေကို ပိုက်ပြီး ကမ်းပါးပေါ်မှာ ဆောက်ထားတဲ့ သူတို့အိမ် ရေကူးကန်ရဲ့ ဘောင်ပေါ်ကနေ ပင်လယ်ထဲကို ခုန်ချပါတယ်။

 ဒီလောက်တောင် သောင်းကျန်းနေလေတော့ သူ့အဖေက တော်တော် စိတ်ဆိုးပြီး အင်္ဂလန်က မိန်းကလေးတွေချည်းပဲ တက်ရတဲ့ ကျောင်းကို ပို့မယ် လုပ်ပါတယ်။ သူ့အမေကလဲ အင်္ဂလန်မှာ ကျောင်းတက်ခဲ့တဲ့သူ ဖြစ်တဲ့အတွက် သူ လိမ္မာလာနိုင်တယ်လို့ သူ့အဖေက တွေးပုံ ရပါတယ်။ မချောကလဲ သူ့အမေကို သတိတောင် မရတော့ဘူးလို့ သူ ထင်နေတဲ့ သူ့အဖေနဲ့ လုံးဝ တည့်အောင် မနေပါဘူး။
ကျောင်းပြောင်းရတော့မယ်ဆိုတော့ သူနဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ရူဘီက အဲဒီကျောင်းရဲ့ Website ကို ၀င်ကြည့်ကြပါတယ်။ Malibu လို နေရာမှာနေပြီး ရွှေပေါ်မြတင် စိတ်ထင်သလို သောင်းကျန်းနေခဲ့တဲ့ သူ့အတွက် အင်မတန် စည်းကမ်းတင်းကျပ်တဲ့ မိန်းကလေးကျောင်းမှာ နေရမှာက ငရဲရောက်သလို ဖြစ်ပါလိမ့်မယ်။ စိတ်တွေ ညစ်နေတဲ့ သူ့ကို ရူဘီက ဟန်ဆောင်ပန်ဆောင် အားပေးပြီး သူ့ရဲ့ဖိနပ်တွေ ယူလိုယူ လုပ်နေတာကို သူ့ညီမက ကြည့်မရပေမယ့် သူကတော့ ရူဘီ့ကိုပဲ အားကိုးတကြီး ဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ ကျောင်းကို ရောက်သွားတဲ့အချိန်မှာ ကျောင်းအုပ်နဲ့ စကားပြောတာ အချိုးမပြေပေမယ့် သိပ်တော့ မဆိုးလှဘူးလို့ ပြောရမှာပါ။ ကျောင်းအုပ်က သူ့ကို ကူညီမယ့် ကိတ် ဆိုတဲ့ ကျောင်းသူနဲ့ မိတ်ဆက်ပေးပါတယ်။ ဒါကိုလဲ သူက ငါ အကူအညီမလိုဘူးဆိုတဲ့ မာရေကြောရေ လေသံနဲ့ ပြန်ပြောလိုက်ပါတယ်။ ဒါပေမယ့် ကိတ်က သူ့ကို အပြစ်တော့ မတင်ပါဘူး။ အဲဒီမှာ ကျောင်းရဲ့ ကျောင်းသူခေါင်းဆောင် ဟယ်ရီယက်နဲ့ သူနဲ့ စတွေ့တာပါပဲ။

ဟယ်ရီယက်က ကျောင်းသူခေါင်းဆောင်ဆိုတဲ့ မာနကြီး တစ်ခွဲသားနဲ့ အကုန်လုံးကို အပေါ်စီးက ဆက်ဆံတဲ့သူ၊ သူ့မိသားစုမှာ မျိုးဆက်ငါးခုလောက်က ဒီကျောင်းရဲ့ ဂုဏ်ကို ဆောင်ခဲ့ကြတာကို တော်တော် ဂုဏ်ယူသူ ဖြစ်ပါတယ်။ အမေရိကန်ကိုလဲ တော်တော် ကြည့်မရပုံ ရပါတယ်။ ကျွန်မတို့ရဲ့ ဇာတ်လိုက်ကျော် ပေါ်ပီက သူနဲ့ စရိုက်ချင်း၊ ပုံစံချင်း၊ ယဉ်ကျေးမှုချင်းက မတူတော့ သူ လက်ခံဖို့ ခက်တာလဲ ပါမှာပါပဲ။ တွေ့တွေ့ချင်းမှာ ဟယ်ရီယက်က ကျောင်းသူခေါင်းဆောင်ဆိုပြီး အထက်စီးကနေ သူ့လက်ကို နမ်းပြီး နှုတ်ဆက်ဖို့ လက်ကမ်းပေးပါတယ်။ ကလေးဆိုးမလေး ပေါ်ပီကလဲ ဘယ်ခံလိမ့်မလဲ။ မေးလေး တစ်ချက်လောက်ပဲ ဆတ်ပြလိုက်ပါတယ်။
အဲဒီတော့ ဟယ်ရီယက်က ကျောင်းသူခေါင်းဆောင်ကို လေးစားတဲ့ အနေနဲ့ လက်ဆွဲ နှုတ်ဆက်ရတယ် ဆိုပြီး ပေါ်ပီ့လက်ကို ဆွဲလိုက်ပါတယ်။ ပေါ်ပီကလဲ တစ်ခွန်း အတင်မခံဘဲ ကျောင်းသူခေါင်းဆောင်ကို သူ လေးစားသင့်တဲ့ တစ်နေ့မှာ လက်ဆွဲ နှုတ်ဆက်မယ်ဆိုပြီး လက်ကို ပြန်ရုတ်လိုက်ပါတယ်။ ရောက်ရောက်ချင်းမှာကို ဘယ်သူ့ကိုမှ ထီမထင်တဲ့ အချိုးပါ။ အမြင်ကတ်လဲ ကတ်လောက်စရာပေါ့။ ဟယ်ရီယက်ကလဲ ဒေါသထွက်ပြီး ပေါ်ပီ့ကို အဲဒီကတည်းက စပြီး ကြည့်လို့ မရတော့တာပါပဲ။
ကျောင်းမှာလဲ အဆင်မပြေ။ သူများတွေနဲ့ မတူတဲ့ ပေါ်ပီ့ကို ကိတ် အပါအ၀င် အခန်းဖော် လေးယောက်ကလဲ စိတ်ဝင်စားလို့ နေကြပါတယ်။ တင်းကျပ်တဲ့ စည်းကမ်းတွေကို ပေါ်ပီက မလိုက်နာသလို အခန်းဖော်တွေကလဲ အတူတူ အပြစ်ခံရမှာမို့လို့ ပေါ်ပီ့ကို စည်းကမ်းလိုက်နာဖို့ ၀ိုင်းပြောကြပါတယ်။
လာခရော့စ် (Lacrosse) လို့ခေါ်တဲ့ အားကစား လေ့ကျင့်ကွင်းမှာ သူနဲ့ဟယ်ရီယက် ရန်ဖြစ်တဲ့အခါ ကျောင်းအုပ်က သူ့ကိုပဲ ခေါ်တွေ့ပါတယ်။ စာအုပ်တစ်အုပ် ဖတ်ခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ သူ စိတ်ညစ်ညစ်နဲ့ အခန်းထဲမှာ မှိုင်နေတာကို တွေ့တဲ့အခါကျတော့ ကိတ် က စကားလာပြောပါတယ်။ ဖုန်းဆက်ဖို့ ဖုန်းလဲ ငှားလိုက်ပါတယ်။ ပေါ်ပီက "ငါ့ကို ခပ်ရိုင်းရိုင်းနဲ့ ငတုံးမလို့ နင်ထင်တာပဲ မဟုတ်လား၊ ဘာလို့ နင် ငါ့ကို ကူညီမှာလဲ" မေးတော့ ကိတ်က "နင်က ခပ်ရိုင်းရိုင်းပုံစံ ရှိသလို နေတာပါ၊ ဒါက မတူဘူး" လို့ ပြောပါတယ်။ ကိတ်လဲ မနေနိုင်တော့ပါဘူး။ ဒီကျောင်းကနေ တကယ် ထွက်သွားချင်တယ်ဆိုရင် အမျိုးစုံ သောင်းကျန်းပြမှ ရမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ အခန်းဖော်တွေနဲ့ တိုင်ပင်ပြီးတဲ့အခါမှာ သူတို့တွေက ပေါ်ပီ့ကို ကူညီဖို့ ကြိုးစားကြပါတယ်။ သူ့အချစ်ဆုံးသူငယ်ချင်း ရူဘီ့ကို ဖုန်းဆက်တော့ ရူဘီက ပေါ်ပီ့ချစ်သူ ကောင်လေးနဲ့ အတူတူ ရှိနေပြီး သူဖုန်းဆက်တာကို ဂရုတောင် မစိုက်ခဲ့ပါဘူး။

သောင်းကျန်းတဲ့ နည်းတွေကတော့ စုံနေတာပါပဲ။ ကျောင်းသူခေါင်းဆောင်ကို ဖုန်းဆက်ပြီး နောက်တယ်။ ဘယ်ဆရာနဲ့ ဆရာမက ကြိုက်နေပြီဆိုပြီး လျှောက်ပြောတယ်။ ရေကူးကန်ကို ဖျက်ဆီးတယ်။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူခေါင်းဆောင် ဟယ်ရီယက်က မကျေနပ်ပေမယ့် ကျောင်းအုပ်ကတော့ ဘာမှ အပြစ်မတင်ခဲ့ပါဘူး။
ပေါ်ပီနဲ့ ကိတ်တို့ သူတို့ကျောင်းစောင့် ဆရာမရဲ့ ကားမှာ သီချင်းခွေ သွားထည့်နေတုန်းမှာ ကျောင်းအုပ်ရဲ့သား ဖရယ်ဒီနဲ့ တွေ့ပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး တွဲဖို့ကိုလဲ တင်းကျပ်စွာ တားမြစ်ထားတဲ့ကျောင်းမှာ ဖရယ်ဒီနဲ့ပေါ်ပီသာ တွဲဖြစ်ရင် ကျောင်းထုတ်ခံရလောက်တယ်လို့ သူတို့တွေ တွေးမိကြပြီး ပေါ်ပီ့ကို မြှောက်ပေးကြပါတယ်။ ကျောင်းမှာ ကပွဲရှိတဲ့အတွက် ပေါ်ပီက သူနဲ့ အခန်းဖော် လေးယောက်အတွက် အ၀တ်အစား အလှဆုံး ဖြစ်အောင် စီစဉ်ပါတယ်။ အဲဒီ ကပွဲမှာပဲ ဖရယ်ဒီက ပေါ်ပီ့ကို ကြွေသွားပြီးတော့ နောက်တစ်ခါ သူ ပြန်လာတဲ့အခါ တွေ့ဖို့ ချိန်းပါတယ်။

ပေါ်ပီဟာ ကျောင်းက ထွက်သွားဖို့ အစွမ်းကုန် ကြိုးစားပေမယ့် ဖရယ်ဒီကို တကယ် ကြိုက်သွားသလို သူ့အခန်းဖော် လေးယောက်နဲ့လဲ အရမ်း ခင်နေပါပြီ။ လာခရော့စ် အားကစားအသင်းရဲ့ ခေါင်းဆောင်လဲ ဖြစ်နေပါပြီ။ ဒီပတ်ဝန်းကျင်ကို သူ ၀င်ဆန့်နေပါပြီ။ ဒါပေမယ့် အဲဒီအချိန်မှာ သူ ကျောင်းကို ရောက်ရောက်ချင်းတုန်းက ရူဘီ့ကို ရေးခဲ့တဲ့ စာကို သူ့အခန်းဖော်တွေနဲ့ ဖရယ်ဒီကပါ တွေ့သွားခဲ့ပါတယ်။ စာကို အခန်းထဲထိ လာပို့ထားတာပါ။ စာထဲမှာ အခန်းဖော်တွေက ပုံတုံးပြီး အသုံးမကျတဲ့ အကြောင်း၊ ဖရယ်ဒီဟာ သူ ခဏလောက် အီစီကလီ လုပ်ရင် ချက်ချင်းပါလာမယ့် ခပ်လွယ်လွယ်ကောင်လို့ ပြောထားပါတယ်။ အဲဒါကြောင့် အခန်းဖော်တွေနဲ့ ဖရယ်ဒီက ပေါ်ပီ့ကို အကြီးအကျယ် စိတ်ဆိုးကြပါတယ်။
စိတ်ညစ်ညစ်နဲ့ ရူဘီ့ကို ဖုန်းဆက်တော့လဲ သူ့ချစ်သူနဲ့ ကြိုက်နေကြတာကို သိလိုက်ရပါတယ်။ ညဘက် မီးဖိုခန်းထဲမှာ သွားထိုင်ရင်း မီးခြစ်နဲ့ ဆော့တဲ့အခါ ခန်းဆီးကို မီးစွဲပါတယ်။ သူ မီးကိုတော့ သတ်လိုက်ပြီး ခြေသံကြားလို့ အခန်းဘက်ကို ပြေးထွက်လာခဲ့ပါတယ်။ ခဏနေလို့ ထကြည့်တဲ့အခါ အဲဒီ မီးဖိုခန်းက မီးလောင်နေပါပြီ။ တစ်ဆောင်လုံးကို နှိုးပြီး မီးသတ်ကားတွေ ရောက်လာလို့ မီးသတ်ရင်း လူစစ်နေတဲ့ အချိန်မှာ အခန်းဖော်တစ်ယောက်က ပျောက်နေခဲ့ပါတယ်။ ညဆို မီးဖိုခန်းထဲမှာ ရေခဲမုန့် လာလာစားတတ်တဲ့ အခန်းဖော်ကို ပေါ်ပီက ခဏခဏ တွေ့မိလို့ သတိရသွားပါတယ်။ ရေခဲခန်းထဲမှာ အခန်းဖော် ကောင်မလေးက ပိတ်မိနေတာပါ။ အဲဒါနဲ့ ပေါ်ပီက မီးလောင်နေတဲ့ မီးဖိုခန်းထဲကို ၀င်ပြေးပြီး အခန်းဖော် သူငယ်ချင်းကို သွားကယ်ပါတယ်။ ကျန်ခဲ့တဲ့ ပေါ်ပီ့ရဲ့ မီးခြစ်ကို ဖရယ်ဒီက ကောက်ရလို့ ပြန်ပေးပါတယ်။ ကျန်တဲ့ ကျောင်းသူတွေကတော့ သူ့အခန်းဖော်ကို ကယ်တဲ့ လုပ်ရပ်ကို ချီးကျူးကြတာပေါ့။
ဒါဟာ ရှို့မီးဖြစ်တဲ့အတွက် လုပ်တဲ့သူက ၀န်ခံရင် တရားမစွဲဘူးလို့ ကျောင်းအုပ်က ပြောပါတယ်။ ပေါ်ပီကလဲ ၀န်ခံလိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ ပေါ်ပီ့အမေဟာ အဲဒီကျောင်းက ကျောင်းသူဆိုတာကို ပေါ်ပီ သိခဲ့ပါတယ်။ ဒီလိုနဲ့ ပေါ်ပီက ၀န်ခံတဲ့နေရာမှာ ဟယ်ရီယက်က ၀င်ဝင်ပြောရင်းနဲ့ စကားတွေ လွန်ပြီး ဟယ်ရီယက် လုပ်တာမှန်း ပေါ်သွားပါတယ်။ အခန်းဖော်တွေနဲ့ ဖရယ်ဒီကို စာပို့တာလဲ ဟယ်ရီယက်မှန်း သိသွားခဲ့ပါတယ်။ ဟယ်ရီယက်က ကျောင်းထုတ်ခံလိုက်ရပြီး ပေါ်ပီကတော့ သူ့သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင် နေသွားကြပါတယ်။ လာခရော့စ် အားကစားမှာလဲ ဆုရသွားပါတယ်။ ဖရယ်ဒီနဲ့လဲ တကယ် ကြိုက်သွားပါတယ်။ အဖေနဲ့လဲ အဆင်ပြေသွားပါတယ်။

ဒီရုပ်ရှင်ကနေ ဆယ်ကျော်သက်ဆိုတာကို ကျွန်မ ပြောပြချင်ပါတယ်။ ဆယ်ကျော်သက်တွေမှာ မကျေနပ်ချက်တွေ ရှိပါတယ်။ မိသားစုနဲ့ ဆိုင်တာပဲ ဖြစ်ဖြစ်၊ ကျောင်းနဲ့ ဆိုင်တာပဲ ဖြစ်ဖြစ်။ အကြောင်းကတော့ သူတို့ ၀င်မဆန့်လို့ပါ။ လွတ်လွတ်လပ်လပ် ပြောဆိုဆက်ဆံလို့ မရလို့ပါ။ လူကြီး လုပ်ချင်နေတဲ့ အရွယ်မှာ ဒီဟာလုပ်ရင် ရိုက်၊ ဟိုဟာလုပ်ရင် ဆူတာတွေ၊ မသိရင် မေးနော်လို့ အပြောရဲ့ အဆုံးမှာ မေးလိုက်တိုင်း နင် ဒါလေးတောင် မသိဘူးလားဆိုပြီး ခေါင်းခေါက်ခေါက် သွားတာတွေကို ဘယ် ကျေနပ်မလဲ။
အဲဒီတော့ လွတ်လပ်တယ် ထင်တဲ့နေရာမှာနေ၊ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ် ထင်တဲ့သူတွေနဲ့ ပေါင်းတော့ လူကြီးတွေ မျက်စိထဲမှာတော့ ရိုင်းမှာပေါ့။ ဒါကို ကောင်းတယ်လို့ မဆိုလိုပေမယ့် သူတို့လဲ ပျော်နိုင်တဲ့ နေရာမှာ နေချင်ကြမှာပါပဲ။ အပေါင်းအသင်းလဲ မှားရင် မှားမှာပေါ့။ အပြုအမူ အပြောအဆိုတွေလဲ ရိုင်းရင် ရိုင်းမှာပေါ့။ ချစ်သူလဲ မရွေးတတ်တာ ဖြစ်မှာပေါ့။ အချင်းချင်း မနာလိုတာတွေ၊ ပြိုင်တာတွေလဲ ရှိတာပေါ့။ လူကြီးကိုပဲ ဖြစ်ဖြစ်၊ ကိုယ့်ထက် သာတဲ့သူကိုပဲ ဖြစ်ဖြစ် လေးစားချင်မှလဲ လေးစားမှာပေါ့။ ကိုယ်တိုင်က ဘာမှ မဟုတ်ပေမယ့်လဲ ကိုယ် လေးစားလောက်တဲ့ အရည်အချင်း မရှိဘူးထင်ရင် ကလန်ကဆန် လုပ်မှာပေါ့။ လူကြီးတောင် အမှားမကင်းသေးတာ လူငယ်ဆိုတာ ဘာမို့လို့ နေရာတကာ မှန်မလဲ။
ဒါတွေကို ဘယ်သူမှလဲ ပြင်ပေးလို့ ရမှာ မဟုတ်ပါဘူး။ အာပေါက်မတတ် ပြောနေလဲ ကိုယ်တိုင်က မပြောင်းလဲရင် ဘာမှ ထူးမလာပါဘူး။ ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်မှာ နေရတာ၊ ဒါမှမဟုတ် အမှန်ကို မြင်လာတဲ့အခါ ကိုယ့်မှာရှိတဲ့ အမှားတွေကို မြင်လာရပါလိမ့်မယ်။ အမှားတွေ လုပ်ခဲ့တယ်ဆိုတာ နောင်တရဖို့ မဟုတ်ပါဘူး။ ဘယ်လို မှန်အောင် လုပ်ရမလဲဆိုတာ သင်ယူဖို့ပါ။ အမှားကို ၀န်ခံရဲတဲ့ သတ္တိ၊ အမှားကို တောင်းပန်ရဲတဲ့ သတ္တိ၊ အမှားကို အမှန် ပြင်ရဲတဲ့ သတ္တိ ရှိဖို့ လိုပါတယ်။

ကိုယ့်အပေါ်မှာ ဘယ်အချိန်မဆို မပြောင်းလဲတဲ့ သူငယ်ချင်း အစစ်အမှန်တွေ ရလာတဲ့အခါ အမိအရ ဖမ်းဆုပ်တတ်ဖို့ပဲ လိုပါတယ်။ ကိုယ် တကယ် လေးစားရမယ့်သူတွေကို လေးစားတတ်ဖို့ပဲ လိုပါတယ်။ ကိုယ့်အပေါ် တကယ်ချစ်မယ့်သူတွေကို လက်မလွှတ်တတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် အောင်မြင်အောင် ကြိုးစားတတ်ဖို့ လိုပါတယ်။ ခပ်ရိုင်းရိုင်းပုံစံ လုပ်နေတာတွေ ပြောင်းလဲဖို့ လိုပါတယ်။ သည်းခံနိုင်တဲ့သူဟာ ပိုအင်အားရှိတဲ့သူပါ။
ကျွန်မတို့ ဆယ်ကျော်သက်တွေက ကျွန်မတို့ အမေ၊ အဖေတွေ၊ အဖိုး၊ အဖွားတွေ လက်ထက်က မရခဲ့တဲ့ နည်းပညာတွေ၊ အခွင့်အလမ်းတွေ ရနေပါတယ်။ နေသလို ဖြစ်တဲ့ဘ၀မှာ ဖြစ်သလို နေလိုက်ရင် ဘာများ ထူးခြားမှာလဲ။ ပေါ့ပေါ့နေ ပေါ့ပေါ့စားဆိုတာ ခုချိန်မှာ သက်သာပေမယ့် နောင်တစ်ချိန်မှာ ပင်ပန်း ဆင်းရဲရမှာပါ။ အခုချိန်မှာ အပင်ပန်းခံ ကြိုးစားမှ နောင်တစ်ချိန် အေးအေးဆေးဆေး နေနိုင်မှာပေါ့။
သူဌေးကြီးက တံငါသည်ကို ငါးများများရှာဖမ်းပြီး သူဌေးဖြစ်လာရင် အေးအေးဆေးဆေး ထိုင်စားရမယ်လို့ ပြောတဲ့အခါ တံငါသည်က အခုလဲ အေးအေးဆေးဆေး ထိုင်နေတာပဲလို့ ပြန်ပြောတာကို အားလုံးနီးပါး သိကြပါတယ်။ အဲဒီ တစ်ချိန်မှာ အေးဆေးနေပေမယ့် တံငါသည်က သူဌေးမှ မဟုတ်တာ။ စားဝတ်နေရေး ပူရဦးမယ်။ မိသားစုအတွက် ပူရဦးမယ်။ အသက်ကြီးလာတဲ့အခါ နေထိုင်ဖို့ ပူရဦးမယ် မဟုတ်ဘူးလား။
ငါးနှစ်ကလေး ရောင်စုံခဲတံ ရွေးတာဟာ ကျွန်မတို့အတွက် ပြဿနာ မဟုတ်သလို အခုချိန်မှာ အရေးကြီးတယ်၊ တန်ဖိုးရှိတယ်လို့ ထင်နေတဲ့ အရာတစ်ချို့ဟာ ဘ၀အတွက် ဘာမှ အသုံးမ၀င်တာကို နောင်တစ်ချိန်မှာ သိလာရမှာပါ။ ကျွန်မတို့တွေ အောင်မြင်အောင် လုပ်နိုင်ရက်သားနဲ့ အချိန်တွေ၊ အားအင်တွေ အလကား အဖြစ်ခံနေကြတာလား။
နောင်တစ်ချိန်မှာ ပိုကောင်းနိုင်ဖို့ ကျွန်မတို့တွေ ပြောင်းလဲသင့်ပါပြီ။ ကျွန်မတို့ရဲ့ လုပ်ရပ်တွေကို ကျွန်မတို့တွေ စဉ်းစားသင့်ပါပြီ။
ဆက်လက်ကြိုးစားပါဦးမယ်…။
ညိုသူနွယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...