Tuesday, July 26, 2011

မြန်မာပြည်ကို အကဲခတ်ပုံများ

by Khaing Min on Tuesday, July 26, 2011 at 8:29pm


မြန်မာပြည်နှင့်စပ်လျဉ်း၍ မီဒီယာ ပညာရှင်များ၏ ရေးသားဖော်ပြချက်များမှာ ဖောက်သည်သတင်းပေးများထံမှ ကြားချင်သည်များကို ပြန်ဖော်ပြသလို ခေါက်ရိုးကျိုးနေကြသည်မှာ ကြာလေပီ။ ဘယ်သူ့ဆီက ဘယ်စကားကြားရမည်မှာ နောကျေနေကြပီဖြစ်ရကား အလွှာစုံကို ထိတွေ့အကဲဖြတ်နိုင်သူမှာ ရှာ၍ရှိနိုင်ခဲပါဘိ။ ယခုကူးယူဖော်ပြသည့် မင်းအိုချမ်းသာ၏ အမြင်မှာ အများမီဒီယာတွင် ကြားလေ့မရှိသော အမြင်သစ်များနှင့် လက်ခံနိုင်ဖွယ် သုံးသပ်ချက်များပါရှိနေ၍ ကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှုနိုင်ကြရန် မျှဝေပေးရကြောင်း။


The Blinks
အပြောင်းအလဲကြီးတွေဆိုတာ အပြောင်းအလဲလေးတွေက လာသတဲ့။ အပြောင်းအလဲလေးတွေဆိုတာကလည်း မျက်တောင်တစ်ခတ်လေးတွေ စုထားတာတဲ့။ အဲလို မျက်တောင်တစ်ခတ်လေးတွေကို သတိမပြုမိတဲ့အခါမှာ နောင်ဖြစ်ပေါ်လာမယ့် အပြောင်းအလဲကြီးတွေကို သတိမထားမိလေတော့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ဖြစ်ကြဘူးတဲ့။ ဒါနဲ့ပဲ မျက်တောင်လေးတွေ ဘယ်နှယ့်ခတ်တယ် သတိထားကြည့်မိတယ်။

ကျွန်တော်တို့နိုင်ငံမယ် ဒီမိုကရေစီအစိုးရ အရပ်သားအစိုးရလို့ ကိုယ့်ဘာသာနာမည်ပေး ကြွေးကြော်လာတဲ့ အစိုးရတစ်ရပ် တက်လာခဲ့တယ်။ အဲဒီမှာ မျက်တောင်လေးတွေ တဖြတ်ဖြတ် ခတ်တော့တာပါပဲ။
၁။ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်အောင် လုပ်မယ်လို့ နိုင်ငံတော်သမ္မတက မူဝါဒအဖြစ် ကြေငြာတယ်။ ဂျာနယ်တွေ နည်းနည်းပါးပါး တို့ထိရေးခွင့်ရလာကြတယ်။ အစိုးရဌာနတွေထဲမှာ အုပ်ချုပ်သူတွေက ကိုယ်ကျင့်တရားကောင်းဖို့ တခုတ်တရပြောလာကြတယ်။ လာဘ်ပေးလာဘ်ယူဟာ လွယ်လွယ်ကူကူမဟုတ်တော့ဘဲ နည်းနည်းကြေးပိုကြီးသွားတယ်။ အတိုင်ခံရရင် ပြုတ်နိုင်တာကိုး။
၂။ ယခင်အစိုးရက သူ့ကို အနှစ်နှစ်ဆယ်ထောက်ခံခဲ့တဲ့ ခေတ်ပေါ်သူဌေးတွေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ သားသမီးဆွေမျိုးတွေအတွက် နောက်ဆုံးကျေးဇူးဆပ်တဲ့အနေနဲ့ နိုင်ငံပိုင်မြေတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နာမည်နဲ့ ထုခွဲရောင်းချတယ်။ နီးစပ်သူတွေ မ၀ယ်နိုင်မှာစိုးလို့ ၃၀% လက်ငင်းသွင်းပါ၊ ၇၀%ကို ဘဏ်များမှ မချေးမနေ ချေးပေးရမယ်လို့ တရားဝင် စာထုတ်တယ်။ အဲဒီ ၇၀%အပေါ်မှာ ဘဏ်တိုးကို ပုံမှန် ၁၇%မဟုတ်ဘဲ ၁၆%သာ ကောက်ရမယ်လို့လည်း ကြေငြာတယ်။ အဲဒီအရင်အစိုးရရဲ့ အစီအမံကို အစိုးရသစ်က ဘာမှ မဝေဖန်ဘူး။ ဒါပေမယ့် ရုတ်တရက်ဆိုသလို အစိုးရသစ်က အဲဒီ ၇၀%တွေကို ဇူလိုင်လ ၂၉ရက်နေ့ နောက်ဆုံးထားသွင်းရမယ်လို့ မပြောမဆို ကြေငြာလိုက်တယ်။ မသွင်းနိုင်ရင် ပြန်သိမ်းမယ့်သဘောရှိတယ်။ ဒီအတွက် အရင် ၃၀%သွင်းထားပြီး ဘဏ်ချေးငွေလည်း မယူထားရသေးသူတွေက ဘဏ်ချေးငွေရရင်ရ မရရင် ၀ယ်နိုင်မယ့်သူကိုရှာပြီး အရှုံးခံရောင်းရလိမ့်မယ်။ သူသွင်းထားတဲ့ ငွေတော့ ဆုံးလို့မဖြစ်ဘူးလေ။ နည်းနည်းပါးပါးတော့ အရှုံးခံကြမယ့်သဘောရှိတယ်။ အဲဒါက မြေဈေးတွေကျဖို့အတွက် လမ်းစဖြစ်သွားနိုင်တယ်။

၃။ ပင်စင်လစာတွေ တိုးပေးလိုက်တယ်။ ဒီအတွက် ဆယ်ကျော်သက်တွေထက် နိုင်ငံရေးကို ပိုစိတ်ဝင်စားတဲ့ အစိုးရ၀န်ထမ်းအငြိမ်းစားကြီးတွေဟာ အစိုးရသစ်ကို ကောင်းချီးပေးကြတယ်။ ပင်စင်စားဝန်ထမ်းအင်အားက လက်ရှိဝန်ထမ်းအင်အားလောက် မရှိတဲ့အတွက်ရယ် တိုးပေးတာက အလွန်အကျွံမဟုတ်တဲ့အတွက်ရယ် ကုန်ဈေးနှုန်းအပေါ်တော့ သက်ရောက်မှုမရှိဘူး။ စစ်တမ်းလုပ်မယ်ဆိုရင်တော့ အစိုးရသစ်ကို ထောက်ခံသူ ပိုလာပါလိမ့်မယ်။ နောက်ငါးနှစ်အတွက် မဲတချို့လည်း သေချာသွားပါတယ်။

၎။ ယခင်အစိုးရက ဘဏ်လေးဘဏ် အသစ်ဖွင့်ခွင့်ပြုခဲ့တယ်။ များပြားလှတဲ့ မလုပ်ရဆိုသော စည်းမျဉ်းများနဲ့ပေါ့။ ဘဏ်ဖွင့်ခွင့်ရတဲ့ စီးပွားရေးသမားလေးယောက်က ပိတ်ထားတဲ့တံခါးတွေကို ဖွင့်နိုင်ခဲ့ကြသူတွေဆိုတော့ မလုပ်ရတွေကို လုပ်ကြည့်တယ်။ တစ်ခုမှ လုပ်ခွင့်မရကြ။ ဘဏ်စနစ်ကို ဘဏ္ဍာအခွန်ဝန်ကြီးဌာနက နိုင်နင်းစွာ ချုပ်ကိုင်ထားနိုင်တယ်။ တိုးတက်မှုနဲ့ လုံခြုံရေးဆိုရင် လုံခြုံရေးက ပထမဆိုတဲ့ အစိုးရရဲ့ မူဝါဒက အစိုးရပြောင်းသွားပေမယ့် မပြောင်းလဲသွားဘူး။ ဒီအတွက် ဘဏ်သစ်တွေဟာ စီးပွားရေးတိုးတက်ဖို့ အထောက်အပံ့ထင်သလောက်ဖြစ်မလာဘဲ ဘဏ်ခွဲတွေဖွင့်ဖို့ လေးဦးပြိုင်ဝယ်ရာကနေ နယ်မြို့တွေမှာ ဒေသခံတွေ ၀ယ်မနေနိုင်တဲ့ မြေဈေးတွေ ဖြစ်ကုန်ကြတယ်။

၅။ အပေါင်ဆိုင်တွေရဲ့ အတိုးနှုန်းကို ချလိုက်တယ်ဆိုတဲ့ ကြေငြာချက်နဲ့အတူ ဘဏ်တိုးတွေ လျှော့ချတော့မယ်ဆိုတဲ့ ကောလဟာလလည်း အတော်လေး ညံစီလာတယ်။ ဘဏ်တွေက စိတ်ဝင်တစားနားစွင့်နေကြတယ်။ စီးပွားရေးသွက်လာအောင် ဗဟိုဘဏ်တွေဟာ ဒီလိုပဲ ဘဏ်တိုးနှုန်းတွေကို အတိုးအလျှော့လုပ်တတ်ကြတယ်။ ဘေးပတ်လည် နိုင်ငံတွေက ၄%ကနေ ၅%ပဲ ဘဏ်တိုးရှိတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက စုငွေအပေါ် ၁၂%ပေးပြီး ချေးငွေအပေါ် ၁၇%ကောက်ခံနေတာ အတော်ကြာပြီကိုး။ ဒီအတွက် အိမ်နီးချင်းတွေဆီက ချေးငွေရယူခွင့်ရှိသူတွေဟာ ပြည်တွင်းငွေကြေးဈေးကွက်မှာ ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုတွေ ငွေကစားမှုတွေ လုပ်နေတယ်လို့ တချို့က ကောက်ယူလာကြတယ်။ ၂၀၀၉-၂၀၁၀ စစ်တမ်းအရ မြန်မာပြည်တွင်းကို အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ၀င်ရောက်လာတယ်လို့ဆိုတယ်။ ဒီပမာဏဟာ ဒေါ်လာဈေးကျဖို့ လုံလောက်တဲ့ ပမာဏဖြစ်တယ်။ ဒါကို ကုစားဖို့အတွက်ရယ် စီးပွားရေးသွက်လာဖို့အတွက်ရယ် စုငွေတွေ လျော့သွားဖို့နဲ့ လုပ်ငန်းရှင်တွေကို ချေးငွေအတိုးချပေးဖို့ လိုအပ်တယ်လို့ တချို့က ယူဆလာပုံရတယ်။ ဒီအတွက် ဘဏ်တိုးတွေ လျှော့တော့မယ်ဆိုတဲ့ အသံဟာ တော်တော်လေး မြည်လာတယ်။ ဘဏ်တိုးတွေ လျှော့တာဟာ စုငွေအတိုး ၁၂% ကနေ ၁၀% လောက်ဆိုရင် ဈေးကွက်ကို သိပ်လှုပ်နိုင်မယ် မဟုတ်ဘူး။ ဒီထက် ပိုရင်တော့ ဈေးကွက်ထဲ လှုပ်လှုပ်ရှားရှားတွေ မြင်ရလိမ့်မယ်။

၆။ ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း(ငြိမ်း)ရဲ့သမီး မမ (လက်ရှိ ဒုဝန်ကြီးဗိုလ်မှူးကြီးတစ်ဦးရဲ့ဇနီး)ထုတ်ဝေတဲ့ ဂျာနယ်နဲ့ ကေဘီဇက်အုပ်စုက အစုရှယ်ယာအများဆုံးပါဝင်တဲ့ SSC ဆေးရုံတို့ အမှုအခင်းဖြစ်ကြတယ်။ မီဒီယာလွတ်လပ်ခွင့်အတွက် ပထမဆုံး စီရင်ထုံးဖြစ်လာနိုင်တဲ့ အမှုဖြစ်သလို၊ ဗိုလ်ချုပ်ကြီးငြိမ်းတွေနဲ့ လက်တွဲဖော်စီးပွားရေးသမားကြီးတွေရဲ့ ကတ္တီပါလမ်းခွဲလည်းဖြစ်သွားနိုင်တဲ့ အမှုဖြစ်တယ်။ ပြည်ထောင်စုပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ ပါဝင်စွက်ဖက်မှုပမာဏနဲ့ မမရဲ့ ယောက်ျားကို အစိုးရအဖွဲ့က မင်းမိန်းမလည်း ကြည့်ထိန်းဦးကွာဆိုတဲ့ စကားမျိုးရှိလာခဲ့မယ်ဆိုရင်တော့ ဒီအမှုဟာ လမ်းတစ်ဝက်မှာ ကကောင်းတုန်း စင်ကျိုးမယ့် အမှုဖြစ်သွားနိုင်တယ်။ အဆုံးစွန်ထိ တရားရေးရင်ဆိုင်မှုဖြစ်မယ်ဆိုရင်တော့ ဒါဟာလည်း နောင် ဆယ်စုနှစ်တစ်ခုစာ သက်ရောက်မှုရှိမယ့် အမှုဖြစ်တယ်။

၇။ အစိုးရသစ်ဟာ အသေးစားချေးငွေ(Micro Finance & Small Loan)ကို အတော်လေး စိတ်ဝင်စားလာတယ်။ သံအမတ်ကြီးဟောင်းတစ်ဦးရဲ့ မိုက်ကရိုဖိုင်းနန့်စ်စာအုပ်ကို သမ္မတကြီးဖတ်မိရာက ဒီဇာတ်လမ်းစတယ်ပြောတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ၃၂%ကနေ ၂၆%ကို ကျဆင်းသွားကြောင်း UNDP က ကြေငြာပြီး အဲဒီကျဆင်းမှုဟာ UN နဲ့ အခြား NGO များ၏ မိုက်ကရိုဖိုင်းနန့်စ်များကြောင့်လို့ သုံးသပ်ပြထားတာကလည်း အကြောင်းတစ်ရပ်ဖြစ်တယ်။ ဒီအတွက် အစိုးရက တရားဝင် စီမံကိန်းတွေ လုပ်ဖို့ ပြင်ဆင်လာတယ်။ စည်းမျဉ်းစည်းကမ်းတွေထွက်လာမှာဖြစ်သလို လုပ်ပိုင်ခွင့်ရသူတွေက မှန်မှန်ကန်ကန် လုပ်ကြရင် ဒါဟာလည်း အရွေ့တစ်ခုရဲ့ အစဖြစ်လာနိုင်တယ်။ အများအောင်မြင်ပြီးသား နည်းလမ်းတွေကို မသုံးဘဲ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကြီးလိုဖြစ်မယ်ဆိုရင်တော့ ထိရောက်မှုက ထင်သလောက်ရှိမယ်မဟုတ်ဘူး။

၈။ အစိုးရသစ်ဟာ မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ လူလားမြောက်လာကြသူတွေဖြစ်ပြီး၊ သင်ကြားမှုတွေနဲ့ စာပေအကျိုးဆက်တွေက လက်ဝဲယိမ်းတဲ့အတွက် လွတ်လပ်တဲ့ဈေးကွက်ထက် သမ၀ါယမကို အားပေးဖို့ ပိုစိတ်ဝင်စားလာတယ်။ သွားရောက်လေ့လာတဲ့ နိုင်ငံတွေကလည်း ကွန်မြူနစ်နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေဖြစ်နေခဲ့တယ်။ ဒီအတွက် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ခြင်းမှာ သမ၀ါယမစနစ်ကို အသက်ပြန်သွင်းဖို့ ကြိုးစားလာတယ်။ ဒီမိုကရေစီရရင် သမ၀ါယမ၀န်ကြီးဌာန ဖျက်သိမ်းလိမ့်မယ်လို့ အများက ထင်ထားခဲ့ပေမယ့် အဲဒီလိုမဖြစ်ဘဲ အလုပ်လုပ်ရာမှာ အပြင်းအထန် အလွန်အကျွံလုပ်တတ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)တစ်ဦးက သမ၀န်ကြီးဖြစ်လာပြီး နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်နဲ့ သမစနစ်ကို အကြီးအကျယ် အသက်ပြန်သွင်းဖို့ ကြိုးစားလာတယ်။ သမ္မတကြီးနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးတဲ့ စီဘီဘဏ်ဥက္ကဋ္ဌရဲ့ လွှမ်းမိုးမှုတွေကြောင့်လည်း သမစနစ်ကို သမ္မတကြီးက စိတ်ညွတ်မှုများလာတယ်လို့ တချို့က သုံးသပ်ကြတယ်။ အိန္ဒိယလို ဆိုရှယ်ဒီမိုကရက်နိုင်ငံမှာတောင် ဆင်းရဲမွဲတေမှုကို သမစနစ်က မကုစားပေးနိုင်တာကို ဘယ်သူကမှ ထောက်မပြရဲဘူး။ စာတမ်းတွေအရတော့ အားလုံးကောင်းပါသည်ခင်ဗျားက သမစနစ်ကို အသက်ပြန်သွင်းဖို့ ထောက်ခံမှု ပိုအားကောင်းစေတယ်။ မကြာခင်မှာ ကုန်ထုတ်အသင်းအမည်ခံ သမတွေ ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ဒီတစ်ခါ ထူးခြားတာက သမတွေကို အစိုးရက မဖွဲ့ပေးဘဲ အရပ်သားတွေက ကိုယ့်ဘာသာ ဖွဲ့ရမှာဖြစ်တယ်။ ဒါက သမဂ္ဂတွေရဲ့ အစလည်း ဖြစ်လာနိုင်တာမို့ ထူးဆန်းတဲ့ အကျိုးဆက်တွေလည်း ဖြစ်ပေါ်လာနိုင်တယ်။

၉။ ဒေါ်အောင်ဆန်းစုကြည်က အိမ်ခြံစည်းရိုးကို အခိုင်အမာအသစ်ခတ်တယ်။ ခြံစည်းရိုးအပေါ်မှာ ရန်စောင်တဲ့ သံချွန်အကြီးကြီးတွေကို လမ်းဘက်ကိုလှည့်ပြီး တပ်ဆင်ထားတယ်။ ကွန်ကရစ်ခြံစည်းရိုးမှာ ကျောက်တုံးကြီးတွေကို အလှတပ်တယ်။ ရန်ကုန်က နာမည်ကြီး သူဌေးကြီးတွေရဲ့ ခြံစည်းရိုးတွေမှာ ကပ်တဲ့ ကျောက်သားတွေပေါ့။ ခြံဝင်းထဲမှာလည်း အင်အားတစ်စုံတစ်ရာ ခိုလှုံနေထိုင်ဖို့ အဆောက်အဦတွေ ပြင်ဆင်တာတွေ့ရတယ်။ ငြိမ်းချမ်းရေးစကားကို အစဉ်ပြောလာရာကနေ အာဇာနည်နေ့မှာ ချီတက်အလေးပြုမယ်ဆိုတဲ့အသံမျိုးကို လွှင့်လာတယ်။ နိုင်ငံတကာကို အင်တာနက်ကနေ ဆက်သွယ်မှုတွေ ရှိလာပြီး၊ မိုက်ကယ်အဲရစ်နေရာမှာ ကင်အဲရစ်ကိုအစားထိုးလို့ မိခင်မေတ္တာနဲ့ သူမရဲ့ အရှိအဖြစ်ကို လက်ခံကြဖို့ သင်္ကေတပြုလာတယ်။

၁၀။ ဇေယျာသော်ရဲ့ လှုပ်ရှားမှုတွေဟာ အစိုးရသစ်အတွက် စဉ်းစားစရာတချို့ကို ဖြစ်စေတယ်။ အနုပညာသမားတွေကို အတိုက်အခံဖြစ်အောင် တွန်းပို့မိတာ မှားတယ်ဆိုတာကို ဇာဂနာနဲ့ ကျော်သူက သက်သေပြခဲ့တာမို့ ယခင်အစိုးရဟာ အနုပညာသမားတွေကို လူရာသွင်းခြင်းနည်းလမ်း၊ မသိမသာခြိမ်းခြောက်ခြင်းနည်းလမ်းတွေနဲ့ ထိန်းထားခဲ့ဖူးပေမယ့် ဇေယျာသော်ကို ထောင်ချခဲ့ရာက ခုလို အတိအလင်း အတိုက်အခံအဖြစ် ရုပ်ပြထွက်လာတာဟာ သတိထားတဲ့ကြားက လက်လွန်သွားတဲ့ အစိုးရဟောင်းရဲ့ အမှားဖြစ်ပုံရတယ်။ အစိုးရသစ်က ဒီသင်ခန်းစာကို ကောင်းကောင်းယူပြီး အနုပညာသမားတွေကို ချယ်ရီကားတွေပေးနေလေရဲ့။ စာရေးဆရာတွေ ဂျာနယ်လစ်တွေကိုပါ ပေးလာပြီဆိုတော့ အစိုးရရဲ့ အလိုတူအလိုပါဖြစ်ရေး မူဝါဒဟာ ခြေလှမ်းကျဲကျဲနဲ့ ဆက်လက်လှမ်းနေပြီလို့ မြင်ကြတယ်။ ဒါဟာလည်း မီဒီယာ၊ အနုပညာနဲ့ အစိုးရတစ်ရပ်ရဲ့ မျက်တောင်ခတ်မှုတစ်ခုဖြစ်တယ်။

၁၁။ ကြံ့ခိုင်ရေးအမာခံတွေကို ဘလော့ဂ်များရေးနည်းသင်တန်း နေပြည်တော်မှာ ပေးခဲ့ဖူးတယ်။ ဒီသင်တန်းရဲ့ နောက်ဆက်တွဲက အစိုးရထောက်ခံသော ဘလော့ဂ်အမြောက်အများကို ဖြစ်ပေါ်လာစေသလို အစိုးရကို ထောက်ခံတဲ့ မသိမသာရော သိသိသာသာရော ပြောဆိုဆွေးနွေးမှုတွေဟာ အင်တာနက်ဖိုရမ်တွေ၊ ဖေ့စ်ဘုတ်ခ်စာမျက်နှာတွေပေါ်မှာ တွေ့ခဲ့ရတယ်။ ဒီဆွေးနွေးမှုတွေကို ပြန်လှန်ငြင်းခုန်တဲ့ စာတွေလည်း အများအပြားတွေ့ခဲ့ရတယ်။ ဒါပေမယ့် ဒီထောက်ခံသူတွေရဲ့ စာတွေနဲ့ အတွေးတွေဟာ နောက်မျိုးဆက်သစ်လူငယ်တွေဆီကို မသိမသာ ကူးစက်လာတာကိုဒီနှစ်ပိုင်းမှာထင်ထင်ရှားရှားတွေ့လာကြတယ်။ ပြည်ပအတိုက်အခံတွေဟာ
ထောက်ပံ့ကြေးယူပြီး သူတို့ကောင်းစားရေးလုပ်နေကြတဲ့ လူတန်းစားဆိုတဲ့အမြင်ဟာ မျိုးဆက်သစ်တော်တော်များများရဲ့ယုံကြည်ချက်ဖြစ်လာခဲ့တယ်။ ပြည်ပအတိုက်အခံတွေမပါဘဲ ပြည်တွင်း
အတိုက်အခံတွေဟာ ရှေ့ဆက်လို့မရဘူး ဆိုတာကို ဘယ်သူကမှ ရေလည်အောင် မရှင်းပြနိုင်တဲ့အတွက် ဘလော့ဂ်ရေးနည်းသင်တန်းပေးခဲ့သူတွေရဲ့ အောင်မြင်မှုလို့ ဂုဏ်ပြုလိုက ဂုဏ်ပြုနိုင်ပါလိမ့်မယ်။ ဒီအမြင်ဟာလည်း မြန်မာ့နိုင်ငံရေးရဲ့ ရှေ့အလားအလာပေါ်မှာ အတော်လေး လှုပ်ခတ်လာမှာဖြစ်လို့ စောင့်ကြည့်သင့်တယ်လို့ ထင်ပါတယ်။

၁၂။ ပြည်တွင်းရုပ်ရှင်ဗီဒီယိုများကနေ စပွန်ဆာယူထားသောာ မိန်းမငယ်များရဲ့ အောင်မြင်မှုများကို လှစ်ဟပြနေသလို၊ တစ်လင် မယားအများစနစ်နဲ့ အိမ်ထောင်မပြုဘဲ သမီးရည်းစားအတူနေမှုသရုပ်ပြမှုများ အတော်လေး ပေါ်ပေါ်တင်တင်ဖြစ်လာပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေးလုပ်စရာမလိုဘဲ လူငယ်တွေဟာ လူကြီးတွေရဲ့ ပြောစကား ဆိုရိုးများကို အလိုအလျောက် စွန့်ပယ်လာကြတယ်။ ဆေးဝါးများရဲ့ တိုးတက်မှုက ကိုယ်ဝန်ရမှုကို ကာကွယ်ပေးသလို၊ တည်းခိုခန်းနဲ့ အရက်ဆိုင်ပေါများလာမှုကလည်း လူငယ်တွေကို အလိုရှိသလောက် ခရီးပေါက်ဖို့ အထောက်အပံ့ပေးနေတယ်။ သမီးရည်းစားမှ မဟုတ်တော့ဘဲ အရက်အတူသောက်ရင်း သူငယ်ချင်းအချင်းချင်း ခဏတာပျော်ရွှင်မှုယူကြတာကလည်း ခေတ်စားလာတယ်။ အမေရိကန်ရဲ့ လှပတဲ့ ရုပ်ဝါဒဟာ မြန်မာပြည်မယ် ၁၉၇၅ခုနှစ်နောက်ပိုင်း အကြီးအကျယ် အောင်မြင်မှုပြန်ရလာတယ်ပြောရပါမယ်။ လူငယ်တွေဟာ ပွင့်လင်းမှုနဲ့အတူ တစ်သီးပုဂ္ဂလခံစားမှုတွေ ပိုလာကြတယ်။ အင်တာနက်တွေကလည်း လူတစ်ဦးချင်းကို တစ်ယောက်တည်းနေဖို့ အထောက်အကူပေးလာခဲ့တယ်။ အများကြားက အထီးကျန်သူများ ပေါများလာတာဟာ နိုင်ငံရေးဖြစ်စဉ်တွေကို တိုးတက်မှုမဖြစ်စေဘဲ ခေတ်နောက်ကို ပြန်ရောက်စေမယ်လို့ တချို့က သုံးသပ်တယ်။

၁၃။ ဂျီအက်စ်အမ်တွေမှာ အင်တာနက်ပေးတာကို အစိုးရက ပိတ်ပင်ခဲ့တယ်။ အရှေ့အလယ်ပိုင်းက အင်တာနက်ကြောင့်ဖြစ်သော မငြိမ်သက်မှုတွေကို တွေးကြောက်ရင်းပေါ့။ အရှေ့အလယ်ပိုင်းက ၀တ်ကျောင်းမှာ စုစည်းတွေ့ဆုံမှုတွေကို ထည့်တွက်မှသာ အဲဒီမငြိမ်သက်မှုတွေရဲ့ အစကို မြင်ပါမယ်။ ဖုန်းမှာ အင်တာနက်ရရုံနဲ့တော့ အရေးအခင်းတွေဟာ မစနိုင်ပါဘူး။ အင်တာနက်ပေးခြင်း မပေးခြင်းထက် အစိုးရိမ်လွန်မှု သီအိုရီ တစ်ပတ်ပြန်လည်နေတာကို သတိထားကြည့်ရမယ့် သဘောရှိပါတယ်။
၁၄။ ခေတ်ပေါ်သူဌေးအသစ်တွေ အများအပြားထပ်ပေါ်လာတယ်။ မူလ တိုင်ကွန်ကြီးတွေကို နောက်ပေါက်တွေက ခွာရာနင်းရင်းပေါ့။ ချမ်းသာမှုကသာ အဖြေဆိုတဲ့ တိန့်ရဲ့ အတွေးအခေါ်တွေ ပိုမိုဖြစ်ထွန်းလာတယ်။ ကြောင်ဖြူတွေ အိပ်နေကြပြီး ကြောင်မည်းတွေက အလုပ်ပိုဖြစ်လာကြတယ်။ ကြွက်တွေကလည်း နေရာတကာမှာ ပေါလာတာကိုး။
၁၅။ အစိုးရကိုယ်စား ပြောရမည်များကို ဆရာဝန်ဒုသမ္မတက နေရာတကာမှာ လိုက်ပြောနေတယ်။ မှားသွားရင်လည်း သူပြောတာဟာ တရားဝင်မဟုတ်လို့ အများက သဘောညီထားလို့မှတ်ပါတယ်။ အစိုးရရဲ့ တရားဝင်အသံဆိုတာကို ဘယ်သူပြောမှ အများက လက်ခံမယ်ဆိုတာကိုတော့ အချိန်နည်းနည်းယူပြီး စောင့်ကြည့်ရပါမယ်။ အစိုးရတွင်း စည်းလုံးညီညွတ်မှုတည်ဆောက်ထားနိုင်တဲ့ ပမာဏကို တချို့က လျှော့တွက်ကြတယ်။ ကျောင်းပြေးပြီး ဘောလုံးပွဲကြည့်တဲ့ကျောင်းသားဟာ ကွင်းထဲမှာတွေ့တဲ့ ဆရာကို ကြောက်ဖို့မလိုမှန်း မေ့နေကြပြီထင်ပါရဲ့။

ဘိုဘိုလန်းစင် ဘလော့မှကူးယူဖေါ်ပြပသည် http://bobolansin.wordpress.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...