မူကြိုဆရာမ
(ဦးဘုန်း-ဓာတု)
by Zay Yar Phyo on Tuesday, July 26, 2011 at 3:58pm
တစ်ခါတစ်ရံတွင် လူတို့သည် ကိုယ့်တန်ဖိုးကို ကိုယ်မသိကြ။
ကိုယ့်နေရာကို ကိုယ်တန်ဖိုးမထားကြ။ကိုယ့်တာဝန်ကို ကိုယ်မသိကြ။
တောင်ငူမြို့သို့ စာပေဟောပြောပွဲ သွားရောက်ခဲ့ရသည်။အမေ့အိမ်ဟိုတယ်တွင် နေရာချထားပေးသည်။အိပ်ခန်းထဲတွင် ရှိသော စလောင်းတီဗွီမှ အင်တာဗျူးတစ်ခုလာနေသည်။၎င်းအင်တာဗျူးကို စိတ်ဝင်တစားနားထောင်မိခဲ့သည်။ သဘောကျသည်။
၎င်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ယောက်ကို မေးမြန်းခြင်းဖြစ်သည်။ပြထားသော နောက်ခံလှုပ်ရှားမှု အရုပ်များတွင် ကလေးငယ်များဆော့ကစားနေသည်ကို တွေ့နေရသည်။
”ဆရာမ တာဝန်ထမ်းတာကြာပြီလား”
”၃ နှစ်လောက် ရှိပြီ”
”ဘာတာဝန် ယူရသလဲ”
”ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက်အမှန်အတိုင်း မိဘတွေသိဖို့ ကလေးတွေကိုယ်တိုင်သိဖို့ တာဝန်ယူရတယ်”
”နည်းနည်းလေး ဒီထက်ပိုပြီး ရှင်းပြလို့ရမလား”
”ကလေးဆိုတာ ချစ်စရာကောင်းတယ်။အားကိုးစရာကောင်းတယ်။ ကြောက်စရာလည်း ကောင်းတယ်ရှင့်။”
”ဘာကြောင့်လဲ”
”ရိုးသားလို့ ချစ်စရာကောင်းတာလေ။အနာဂတ်အတွက် ပညာတတ်တွေ ပညာရှင်တွေဖြစ်လာမှာမို့ အားကိုးစရာလည်းကောင်းတယ်။”
”ဒါဖြင့်ရင် ဘာလို့ကြောက်စရာကောင်းတာလဲ။”
”ဒီကလေးတွေ ယဉ်ကျေးလိမ်မာခြင်းမရှိဘဲ ကြီးလာခဲ့ရင် အားလုံးအတွက် ရန်သူဖြစ်နိုင်လို့ပဲ။ အရှေ့တိုင်းစာပေတွေမှာ အမွေခံသားဆိုးသမီးဆိုးကို ရန်သူထဲမှာထည့်ထားတာ ဖတ်ဖူးတယ်။ ဒီတော့ကလေးဆိုတာ ကျွန်မတို့ပညာရေး ပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ်။ဒါကြောင့်ကြောက်တာ။”
”ဟုတ်တယ်နော်။ဆက်ပြောပါဦး။”
”ကျွန်မက ဒါကြောင့် ဆရာမအလုပ်ကို နှစ်သက်တာ။ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင်။မျောက်တွေ ကျားတွေကို ထိန်းနေရတဲ့အတိုင်းပဲ။တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တတ်လာတယ်။ဒီလိုပဲ ကိုယ့်ရဲ့တာဝန်ကို ကိုယ်ကိုယ်တိုင်ကျေနပ်လာတဲ့အတွက် ပျော်လာတယ်။”
”ပညာရေးရဲ့ အဓိက ရည်မှန်းချက်ကဘာလဲဗျ။ခင်ဗျားနားလည်သလို ပြောပြစမ်းပါ။”
”ကျွန်မအယူအဆကို ပြောပြမယ်နော်။ပညာရေးရဲ့ အဓိကရည်မှန်းချက်ဆိုတာ ဧကရာဇ် ဘုရင်ကြီးတွေ မွေးဖွားပေးဖို့လည်း မဟုတ်ဘူး။မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်းမဟုတ်ဘူး။မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး။ပညာရေးရဲ့ အဓိကရည်မှန်းချက်ဟာ တိုင်းပြည်အနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံသူ၊နိုင်ငံသားကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။လူတွေကို ချစ်တတ်အောင်သင်ပေးဖို့ပဲ။အိမ်တစ်အိမ်အနေနဲ့ ပြောမယ်ဆိုရင် သားကောင်း၊သမီးကောင်း၊ မိသားစုကောင်းဖြစ်အောင် သင်ပေးခြင်းဟာ အခြေခံပညာရေးရဲ့ ရည်မှန်းချက်ပဲ။”
”ခင်ဗျားဖြေတာ တော်တော်ကောင်းတာပဲ။ဆက်ပြီးမေးခွင့်ပြုပါ။”
”ရပါတယ်။”
”လစာဘယ်လောက်ရသလဲ။”
”စားဝတ်နေရေးအတွက် အလုပ်လုပ်ရတာမှန်ပေမယ့် လစာအနည်းအများနဲ့ လူတစ်ယောက်တန်ဖိုးကို ဆုံးဖြတ်လို့မရဘူး။”
”ဆက်ပြီးမေးပါရစေ။”
”ကောင်းပါပြီ။”
”ကလေးတွေ ဥာဏ်ရည်ဘယ်လိုနေသလဲ။”
”ပြန်ပြီးမေးပါ။မေးခွန်းကို နားမလည်လို့ပါ။”
”ကလေးတွေက တော်သလား၊ညံ့သလားလို့ ဆိုလိုတာပါ။”
”ဒါဆိုရင် ရှင့်ကို ကျွန်မ မေးခွန်းတစ်ခုပြန်မေးမယ်။နှင်းဆီပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းကပိုလှသလဲ။“
”ဘာဆိုင်လို့လဲ။”
”ဖြေကြည့်ပါ”
”နှင်းဆီပန်းက လှတာပေါ့။”
”ကျွန်မမေးတာက နှင်းဆီပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းပိုလှသလဲ မေးတာလေ။”
”ဖြေပြီးပြီလေ။နှင်းဆီပန်းက လှတယ်လို့။”
”ကျွန်မမေးတာက ဘယ်ပန်းကို ပိုကြိုက်သလဲလို့ မေးတာမဟုတ်ဘူး။ရှင်က…ရှင်ကြိုက်တဲ့ နှင်းဆီပန်းကို လှတယ်လို့ပြောတယ်။”
”ဟုတ်သားပဲ။ကျုပ်က နှင်းဆီပန်းကြိုက်တာဗျ။ဒါကြောင့် နှင်းဆီပန်းကို လှတယ်လို့ဖြေလိုက်မိတာပဲ။”
”တကယ်တော့ နှင်းဆီပန်းလည်းလှသလို စံပယ်ပန်းလည်း လှတာပါပဲရှင့်။ကလေးတွေ တော်သလား ညံ့သလားဆိုတဲ့ မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ။သူ့အလှနဲ့သူ။ အားလုံးလှကြပါတယ်။”
”ခင်ဗျားက ဆရာမလုပ်သက် အနည်းငယ်သာရှိပေမယ့် မေးခွန်းတွေရဲ့ အဖြေကို စနစ်တကျဖြေတတ်တယ်နော်။”
”စာဖတ်လို့ပါ။”
”ဘာစာတွေဖတ်သလဲ။”
”အစုံဖတ်တယ်။အားရင် ကျွန်မက စာဖတ်တယ်။“
”ဒါနဲ့ မေးရဦးမယ်။အိုဘားမားကို နှစ်သက်သလား။”
”နှစ်သက်ခဲ့ပါတယ်။”
”နောက်ထပ်တစ်ကြိမ်အတွက် ထပ်ပြီးနှစ်သက်နိုင်ပါဦးမလား။”
”ဒါကတော့ မပြောနိုင်ဘူးရှင့်။သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည်ရမှာပဲ။အပြောနဲ့ အလုပ် ညီရင်တော့တစ်မျိုးပေါ့။
အပြောတခြား အလုပ်တခြားဆိုရင်လည်း တစ်မျိုးပေါ့လေ။”
”သမ္မတကြီးနဲ့ ခင်ဗျားနဲ့ ။တိုင်းပြည်အတွက် ဘယ်သူက ပိုအရေးကြီးသလဲ။”
”တိုင်းပြည်အတွက်ဆိုရင်တော့ သူရော၊ကျွန်မရော၊ရှင်ရော၊ ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံးအတူတူပဲ အရေးကြီးတယ်။
ရှင့်မေးခွန်းတစ်ခုခု လိုနေသလိုပဲ။ဒီနိုင်ငံမှာ နေ၊ဒီမြေ၊ဒီရေ၊ဒီလေနဲ့ အသက်ရှုကြသူအချင်းချင်း အားလုံးအတွက် အားလုံးအရေးကြီးပါတယ်။အားလုံးကောင်းမှ အားလုံးကောင်းမှာပါ။တစ်ဦးတစ်ယောက်၊တစ်သင်းတစ်ဖွဲ့ ကောင်းနေရုံနဲ့ အားလုံးမကောင်းနိုင်ဘူး။”
”အောရိုက်စ်။ကောင်းလိုက်တဲ့ အဖြေဗျာ။နောက်ဆုံးမေးခွန်းတစ်ခုမေးပါရစေ။”
”မေးပါ။”
”သမ္မတကြီးနဲ့ ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူကပိုပြီးတာဝန်ရှိသလဲ။”
”ဒါကလဲ ရှင်းရှင်းလေးပါ။ကျွန်မက ပိုပြီးတာဝန်ရှိတာပေါ့။”
”ဘာကြောင့်လဲဗျ။ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား။”
”ဟုတ်တယ်ရှင့်။သမ္မတ တို့၊ဝန်ကြီးချုပ်တို့၊ အမတ်တို့ဆိုတာ ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခြင်းခံရပြီး တာဝန်အပ်နှင်းခံရတဲ့ သူတွေလေ။သက်မှတ် သက်တမ်းကာလအတွင်းမှာပဲ တာဝန်ထမ်းဆောင်ကြရမှာလေ။ ကျွန်မတို့က နိုင်ငံ့ဝန်ထမ်းတွေရှင့်။ပင်စင်မယူမခြင်း၊ အလုပ်လုပ်ကြရမှာ။တိုင်းပြည်အတွက် ကျွန်မတို့ဝန်ထမ်းတွေက ပိုပြီးတာဝန်ရှိတာပေါ့ရှင့်။ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမှာရှင့်။”
”ကျေးဇူးတင်ပါတယ်။ခင်ဗျားအဖြေကို သဘောကျပါတယ်။”
”ကျွန်မကလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ်။”

ဆရာဦးဘုန်း(ဓာတု) ဧ။် ”မူကြိုဆရာမ” ဆောင်းပါးအား ဆရာဧ။် ခွင့်ပြုချက်မယူမိပဲ ကူးယူဖော်ပြမိသည့်အတွက် ဆရာ့အားအနူးအညွှတ်တောင်းပန်အပ်ပါသည်။
ဇေယျာဖြိုး

0 comments:
Post a Comment