Sunday, July 10, 2011

မြောက်ကိုရီးယားပစ္စုပ္ပန် မြန်မာပြည်အနာဂတ်

နေသွင်

ဆုဟန်ဝေသည် အသက် (၄၃) နှစ်အရွယ် ကလေး (၉) ယောက်၏ မိခင်ဖြစ်ပြီး သူ့သမီး (၃) ယောက်၏ အ မည်များတွင် ‘ဘော်’ ဆိုသော စကားလုံးတလုံးစီ ပါသည်။ ချောင်ဘော်၊ ပေါက်ဘော်၊ တန်ဘော်ဟူ၍ ဖြစ် သည်။ ဘော်မှာ ကိုရီးယားဘာသာစကားဖြင့် ‘ကြယ်စင်’ ဟု အဓိပ္ပာယ်ရသည်။ ကြယ်စင်ညီအစ်မများမှာ နာ မည်ကလေးများ လှချင်ပါရက်နှင့် ရှေ့တွဲ နာမည်များကြောင့် ဒုက္ခတွေ့ရတော့သည်။ ကြည့်ပါ၊ ချောင် (ရိုင် ဖယ်)၊ ပေါက် (ဗုံး)၊ တန် (ကျည်ဆံ)။ နာမည်အပြည့်အစုံများမှာ ရွှေကြယ်စင်၊ ငွေကြယ်စင်များ မဖြစ်တော့ဘဲ ရိုင်ဖယ်ကြယ်စင်၊ ဗုံးကြယ်စင်၊ ကျည်ဆံကြယ်စင်များ ဖြစ်ကုန်သည်။ ၂၀၀၃ ခုနှစ်တွင် ထပ်မွေးသော သားကို မူ ဆွန်ဂန်ဟု အမည်ပေးထားပြီး မနှစ်ကမှ မွေးသော သမီးထွေး၏အမည်မှာ ဟာမွန် ဖြစ်သည်။ အဓိပ္ပာယ်မှာ ဆွန်ဂန် (စစ်တပ်ပထမ)၊ ဟာမွန် (တော်လှန်ရေး) ဖြစ်သည်။


“ကျမသားတွေ သမီးတွေကို မွေးထုတ်ထားတာ တနေ့မှာ စစ်တပ်ပထမနိုင်ငံတော်ကြီးကို အလုပ်အကျွေးပြု နိုင်မယ့် မျိုးဆက်သစ်ကလေးတွေဖြစ်ဖို့ပါ” ဟု ရေဒီယိုအင်တာဗျူးတွင် အမေလုပ်သူက ဆိုသည်။

အထက်ပါဇာတ်လမ်းမှာ စိတ်ကူးယဉ်ဟုထင်ရသော်လည်း တကယ့်ဖြစ်ရပ်မှန်ဖြစ်သည်။ ၁၉၉၆ က စတင်ချ မှတ်ခဲ့သော ‘ဆွန်ဂန်’ ပေါ်လစီနှင့် မြောက်ကိုရီယားပြည်သူများ လုံးထွေးရစ်ပတ်မှု မည်မျှရှိနေသည်ကို ပြနေ သည်။ အမှန်မှာ ဆွန်ဂန် (စစ်တပ်ပထမ) ပေါ်လစီမှာ မြောက်ကိုရီယားခေါင်းဆောင်ကြီး ကင်ဂျုံအီ၏ ရာ သက်ပန် ရာဇာပလ္လင်မြဲရေး မဟာဗျူဟာမြောက် ပေါ်လစီတခုသာဖြစ်သည်။

ဆွန်ဂန်ပေါ်လစီ အောင်မြင်သလား

လွန်ခဲ့သော (၃) နှစ်၊ ဆွန်ဂန်ပေါ်လစီသက်တမ်း (၁၂) နှစ်ပြည့်မှာ ကင်ဂျုံအီ၏ ရင်းနှီးသော မစ္စတာပီအိတ်ခ်ျ ဒီဒေါက်တာတယောက်က ဆွန်ဂန်ပေါ်လစီ (songun policy) ၏ အောင်မြင်မှုများကို ချီးမွမ်းခန်းဖွင့်ခဲ့သည်။ ဆွန်ဂန်ပေါ်လစီကြောင့် မြောက်ကိုရီးယားမှာ နယူးကလီယားလက်နက်ပိုင်လာပြီး မြောက်ကိုရီးယားကျွန်း ဆွယ်သည် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အာဏာစက်အာက်မှ ရုန်းထွက်နိုင်ခဲ့သည်။ အီ ရတ်လို ကံကြမ္မာမျိုးမှ လွတ်မြောက်ခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယားက အာကာသလမ်းကြောင်းထဲကို နျူကလီယား ပစ်လွှတ်ပြီးသော နောက်ပိုင်းမှာ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးဖြတ်တောက်ထားသော နိုင် ငံများ အပြေးအလွှား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်လာကြသည်။ ထို့ကြောင့် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများကို တစစီ ရိုက်ချိုးနိုင်လိုက်သည်ဟု ဆန်းစစ်ပြသည်။ အထက်ပါ အချက်များအားလုံး မှန်ကန် သည်ဆိုစေဦး၊ ထိုအောင်မြင်မှုများသည် မြောက်ကိုရီးယားက (၂၄) သန်းသော ပြည်သူများကို မည်သို့အကျိုး ဖြစ်ထွန်းစေသည် ဟူသည်ကိုတော့ ရှင်းပြမထားပါ။

လူထုလည်း ကြည့်ပါဦး

မြောက်ကိုရီးယားစစ်တပ်အင်အားမှာ အမေရိကန်စစ်တပ်နှင့် မတိမ်းမယိမ်းရှိသည်။ လူ (၂၄) သန်းရှိသော တိုင်းပြည်တွင် အမြဲတမ်းစစ်တပ် (၁) သန်း (၂) သိန်းရှိသည် ဆိုသောအဓိပ္ပာယ်မှာ ကျန်းမာသန်စွမ်းသော အရွယ် အသက် (၁၇-၅၄) အကြား လူဦးရေ၏ (၅) ပုံ (၁) ပုံသည် စစ်သည်တော်များဖြစ်သည်ကို ပြဆိုနေ သည်။ ထို့အပြင် (၆) သန်းကို အရံအင်အားအဖြစ် ထားသည်ဟုဆိုသည်။ ထိုမျှကြီးသော စစ်တပ်အတွက် စစ် တပ်အသုံးစရိတ်သည် တိုင်းပြည်ဓန၏ မည်မျှရှိမည်ကို ခန့်မှန်းကြည့်နိုင်သည်။ အတိအကျ မသိရသော်လည်း တိုင်းပြည်ဂျီဒီပီ၏ (၁၅.၈) % ဟုဆိုသည်။ (၅) ပုံ (၁) ပုံ နီးပါးပင်ဖြစ်သည်။ အစိုးရက စစ်အင်အားကို ထိုမျှ အာရုံစိုက်နေရသော တိုင်းပြည်တွင် ပြည်သူများ ဒုက္ခပင်လယ်ဝေမည်သာ။ ပြီးခဲ့သည့် ဆယ်စုအတွင်း စားနပ် ရိက္ခာပြတ်လပ်မှုကြောင့် လူသန်းချီပြီး သေဆုံးခဲ့ရသည်။ ကမ္ဘာပေါ်တွင် ပြည်ပအလှူရှင်များထံမှ ရိက္ခာကို မှီ ခိုရာ၌ အီသီယိုးပီးယားပြီးလျှင် မြောက်ကိုရီးယားက ဒုတိယဖြစ်သည်။ ယူနီဆက်ဖ်၏ အစီရင်ခံစာအရ က လေးတရာတွင် (၇) ဦးမှ (၃၇) ဦးသည် အာဟာရမပြည့်ဝကြပေ။ ကလေးမိခင်များတွင်လည်း (၃) ယောက် တွင် (၁) ယောက်သည် အာဟာရမပြည့်ဝဟုဆိုသည်။

အဖနိုင်ငံကာကွယ်ရေးလား

မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးက အခမ်းအနားတခုတွင် “ရဲဘော်တို့ သကြားလုံးမရှိဘဲ နေလို့ရတယ်၊ ကျည်ဆံမရှိဘဲနဲ့တော့ အသက်မရှင်နိုင်ဘူး” ဟု သြ၀ါဒခြွေသည်။ အမှန်မှာ ထိုအတွေးအခေါ်သည် မြောက် ကိုရီးယားတနိုင်ငံလုံးက ပြည်သူတွေအတွက် သြ၀ါဒလည်းဖြစ်သည်။ ပြည်ပရန် ကာကွယ်ရေးအတွက် စစ် တပ်ကို အင်အားရှိဖို့လိုသည်ဆိုမှာလည်း ပြည်သူလူထုကို အာရုံလွှဲခြင်းသာဖြစ်သည်။ သဘာဝဘေးအန္တရာယ် နှင့် တလွဲစီမံခန့်ခွဲမှုများကြောင့် တိုင်းပြည်စီးပွားရေး ကျပ်တည်းလာသောအချိန်တွင် တတိုင်းပြည်လုံး အာခံမ လာအောင် စစ်ဇာတ်သွင်းခဲ့ခြင်းမျှသာဖြစ်သည်။ အာဏာမြဲရေးအတွက် စစ်တပ်ကို အပိုင်ကိုင်ထားရေးသည် ကင်ဂျုံအီ၏ မဟာဗျူဟာဖြစ်သည်။

အလုပ်သမားပါတီ၏ အထွေထွေအတွင်းရေးမှူး၊ ချစ်သော ခေါင်းဆောင်ကြီး၊ ဖွဲ့စည်းပုံအရ စစ်ဦးစီးချုပ်ဖြစ်ရုံ နှင့် အားမရသေးဘဲ သူ၏ အတွင်းစည်း (၃၈) ယောက်တွင် (၁၇) ယောက်သည် ဗိုလ်ချုပ်ကြီးများနှင့် တပ် ပိုင်းရာထူးလက်ကိုင်ရှိသော ပါတီခေါင်းဆောင်များဖြစ်သည်ဟု မြောက်ကိုရီယားမှ သံတမန်ဟောင်းတဦးက ဖွင့်ချသည်။ မကြာခင်ကပင် အသက် (၂၇) နှစ် အရွယ် သားကို ပါတီ၏ ပေါ်လစ်ဗြူရိုဝင်၊ ဗိုလ်ချုပ်ကြီးရာထူး တန်းပေးပြီး တိုင်းပြည်၏ အာဏာအရှိဆုံး စစ်ကောင်စီဖြစ်သော အမျိုးသားကာကွယ်ရေးကောင်စီတွင် ဒု- ဥက္ကဌအဖြစ် တင်မြှောက်လာသည်။ အဖေက ဥက္ကဌ၊ သားက ဒု-ဥက္ကဌ ဖြစ်သည်။ ကင်ဂျုံအီ၏ ညီမနှင့် ယောက်ဖတို့လည်း ရာထူးတိုးသွားကြသည်။ တနည်းအားဖြင့် အဘိုး ကင်မှ အဖေ ကင်၊ အဖေ ကင်မှ သား ကင်၊ ‘ကင်’ မင်းဆက်၏ တတိယမျိုးဆက်ကို နန်းမွေဆက်ပေးရန် အကောင်အထည်ဖော်ခြင်းဖြစ်သည်။

နိဂုံး

မြောက်ကိုရီးယား အခြေခံဥပဒေတွင် နိုင်ငံသားတို့၏ လူ့အခွင့်အရေးကို လေးစားရေးဆိုသောအချက် အထင် အရှားပါသော်လည်း လက်ရှိမြောက်ကိုရီးယားတွင် နိုင်ငံရေးအကျဉ်းသား (၂) သိန်း ရှိနေသည်။ ထိုအခြေခံဥ ပဒေတွင်ပင် ဆွန်ဂန်ပေါ်လစီကို လုံ့လစိုက်ပါဆိုသော အချက်လည်း ပါဝင်သည်။ မြန်မာပြည် အခြေခံဥပဒေ တွင် လောကပါလတရား ထွန်းကားရေးနှင့် စစ်တပ်က အနာဂတ်နိုင်ငံရေးဦးဆောင်မှုအခန်းတွင် အစဉ်တ စိုက် ပါဝင်ရေးဆိုသော အချက် (၂) ချက်လုံး ပါဝင်နေသည်။ ထို့ပြင် မြောက်ကိုရီးယားပုံစံ အဖွဲ့ဝင် (၁၁) ယောက်ပါသော စစ်ကော်မရှင်လည်း ၂၀၀၈ ဖွဲ့စည်းပုံတွင် ပါနေသေးသည်။ တပ်ပိုင်း အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ တပ်သားစုဆောင်းရေး ကိစ္စအ၀၀တွင် အရပ်ဘက်က ၀င်စွက်ဖက်ခွင့်မရှိပေ။ သိုနှင့် တနေ့သားတွင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေက သူ့သား သို့မဟုတ် မြေးဖြစ်သူကို ကြံခိုင်ရေးပါတီတွင် ဥက္ကဌ တင်၊ နိုင်ငံတော်သမ္မတခန့်၊ (၁၁) ဦးပါသော တိုင်းပြည်၏ အမြင့်ဆုံးကောင်စီကို ကွပ်ကဲခိုင်းပြီး သန်း (၆၀) သော ကျွန်ုပ်တို့၏ ကံကြမ္မာကို မစမ်းသပ်ခိုင်းဟု မည်သူပြောရဲသနည်း။

နေသွင်
Ref: Kim Jong il’s military-first policy a silver bullet
Kim Jong Eun and Military first Politics
Song of NKorea Leader elected to party leadership (AP, September 28,2010)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...