Sunday, July 10, 2011

"ပညာရေးဖြင့် အာဖရိကကို ပြောင်းလဲခြင်း".

created a doc "ပညာရေးဖြင့် အာဖရိကကို ပြောင်းလဲခြင်း".
Rozoner King created a doc

ပထရစ် အော်အူရာ မှာ ၁၉၈၅ ခုနှစ်က နိုင်ငံခြားပညာသင်အတွက် ဂါနာနိုင်ငံ ကနေ ထွက်လာတုန်းက နောက် ၁၃ နှစ် ကြာရင် သူ့မွေးရပ်မြေက လုပ်စရာ အခွင့်အလမ်း အများကြီးနဲ့ စောင့်ကြို နေမယ်လို့ မထင်မိခဲ့။
ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဂါနာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်လာမှုကြောင့် အနောက်နိုင်ငံ ပညာတတ် အော်အူရာက အမေရိကမှ လစာကောင်းတဲ့ ကွန်ပျူတာပညာရှင်အလုပ် စွန့်ပစ်ပြီး အာဖရိကကို ပညာရေးဖြင့် တိုးတက် ပြောင်းလဲစေဖို့ ရည်ရွယ်ချက်နဲ့ ဇာတိကိုပြန်လာခဲ့သည်။ မစ္စတာ အော်အူရာမှာ မတတ်တတတ် ယောင်ကားပညာနဲ့ လူ့အဖွဲ့စည်းအပေါ် ဟန်ပြဂိုက်ထုတ် ဆရာကြီးလေသံပစ် လုပ်စားဖို့ ပြန်လာတဲ့ အစားထဲကမဟုတ်။ သူတတ်နိုင်တဲ့ ပညာရေးကနေ အာဖရိက လူငယ်ထုကို ဆွဲတင်ဖို့ ဆန္ဒပြင်းပြင်းနဲ့ ပြန်လာခဲ့တဲ့သူ။

၂၀၀၂ ခုနှစ်တွင် မစ္စတာအော်အူရာ က ဂါနာနိုင်ငံမြို့တော် အာခါရာ ရဲ့ ဆင်ခြေဖုန်းတစ်နေရာမှာ liberal arts ဘာသာရပ်များ သင်ကြားမယ့် ပုဂ္ဂလိက Ashesi University College  တစ်ခု ထူထောင်သည်။ သိပ်ကြီးကြီး မဟုတ်ပေမဲ့ စာသင်ခန်း ၃၀ တော့ရှိသည်။ သို့သော် ထိုစာသင်ခန်းတွေကနေ အာဖရိက တစ်တိုက်လုံးကို ပြောင်းလဲပစ်ဖို့ အိမ်မက်တွေ မက်စေမည်။
ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ ဒိုဟာ ပညာရေးညီလာခံတွင် အော်အူရာက “အာဖရိကတစ်တိုက်လုံးက ဒီမိုကရေစီကို ချီတက်နေကြပြီ၊ နောက်မျိုးဆက်ကို အပြောင်းအလဲတွေ လုပ်ပေးဖို့ ကျနော်တို့မျိုးဆက်က အနစ်နာခံရကောင်းမှန်း နိုးနိုးကြားကြား သိလာကြတယ်။ လူငယ်တွေကို အတင်းမှိုင်းတိုက်တာမျိုးထက် ဒေသတွင်းရော နိုင်ငံတကာပါ ၀င်ဆန့်မယ့် ခေါင်းဆောင်မှု ထရိန်နင်တွေ ပေးလာကြတယ်” လို့ ထည့်ပြောသွားသည်။
သူ့ကောလိပ် နာမည် Ashesi က ဂါနာဘသာစကားဖြင့် ‘စတင်ခြင်း’ လို့ အဓိပ္ပါယ်ရသည်။ အာဖရိက တစ်တိုက်လုံးရဲ့ အကျင့်ပျက်ခြစား စရိုက်ပျက် အဆိုးသံသရာစက်ဝိုင်းကို နိုင်ငံသားကျင့်ဝတ် စောင့်ထိန်းတဲ့ ပညာတတ်လူငယ်တွေနဲ့ ဖောက်ထွက်ဖို့ စတင်ခြင်းဟု ဆိုသည်။ အာဖရိက ရီနေးဆန်းခေတ်အတွက် ရိုးမော်ဒယ်လေး တည်နေတာပါဟု အော်အူရာက ပြောသွားသည်။
သဘာဝရင်းမြစ်များရှိတဲ့ ဂါနာနိုင်ငံက အာဖရိတိုက်မှာ ဂျီဒီပီအမြင့်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း ၂၀၀၉ ခုနှစ် UNDP ရီပို့အရ တိုင်းပြည်လူဦးရေ ၂၃ ရာခိုင်နှုန်းတွင် စာမတတ်သူက ၆၅ ရာခိုင်နှုန်းရှိသည်။ အလယ်တန်းပညာရေးအဆင့်ကို ပြီးမြောက်သူ ၅ ရာခိုင်နှုန်းသာ ရှိသည်။
ပထရစ် အော်အူရာ မှာ ကာလီဖောနီယား ဘာကလေတက္ကသိုလ်တွင် ဘွဲ့ရခဲ့ပြီး မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှာ ပရိုဂရမ်မန်နေဂျာ အဖြစ်လုပ်ခဲ့သည်။ ၁၉၉၀ နှစ်များတွင် မိုက်ခရိုဆော့ဖ်က ရ၀မ်ဒါ ဒုက္ခသည်တွေကို ကူညီရေး တွေလုပ်နေတော့ သူ့မှာ တာဝန်ရှိနေတယ်လို့ ခံစားမိတာကြောင့် နေမထိထိုင်မသာ ဖြစ်နေရသည်ဟု ဆိုသည်။ “အဲဒီအချိန်တုန်းက အာဖရိကက တကယ့်အရှုပ်ပုံကြီး။ ဆိုမားလီယာက မင်းမဲ့နိုင်ငံဖြစ်နေတယ်။ ရ၀မ်ဒါမှာ မျိုးတုန်း သတ်ဖြတ်မှုတွေ ရှိနေတယ်။ ပညာတတ်တစ်ယောက်အနေနဲ့ အာဖရိကကို ပြန်ဖို့ခက်တဲ့ ကာလပါ” ဟု အော်အူရာက ပြောသည်။

ဂါနာက ကောလိပ်ဘွဲ့ရတွေ သူ့တို့ဘာသာရပ် တွေမှာ ပရယ်တီကယ် မရှိခဲ့တာကြောင့် ဈေး ကွက်နား မကပ်နိုင်ဘဲ အလုပ်လက်မဲ့ ဖြစ်နေတာ ကို အော်အူရာ မခံစားနိုင်။ “သီအိုရီအာဂုံ ဆောင်ထားတဲ့ ကွန်ပျုတာ သိပ္ပံဘွဲ့ရတွေတောင် ရှိတယ်။ ကွန်ပျူတာမရှိလို့ ဘာပရိုဂရမ်မင်းမှ ဖြစ်မလာဘူး။ လက်သမားတောင်ဗျာ တူနဲ့သံ မရှိရှိရင် ဘာလုပ်လို့ ရမှာလဲ” ဟု သူက ပြောသည်။
ဒါနဲ့ သူ့ကောလိပ်ကို မိုက်ခရိုဆော့ဖ် အကူညီ နဲ့ ခေတ်မှီကွန်ပျူတာတွေ တပ်ဆင်သည်။ အမေရိကန် ဘာကလေတက္ကသိုလ်က ပရောဖက်ဆာတွေနဲ့ ပူးတွဲဒီဇိုင်းဆွဲပြီး လေးနှစ်တက် ဘွဲ့အပ်နှင်းမှုတွေ လုပ်သည်။ ၀ါရှင်တန်တက္ကသိုလ်နဲ့ ပူးတွဲပြီး ဘစ်ဇနက်၊ အင်ဖော်မေးရှင်း စနစ် စီမံခန်ခွဲမှု၊ ကွန်ပျူတာသိပ္ပံဘွဲ့တွေ အပ်နှင်းသည်။
မစ္စတာ အော်အူရာက “ဘယ်ဘာသာရပ်သင်သင် ကျောင်းသားတွေအတွက် အရေးအကြီးဆုံးက သူတို့ကို အတတ်ပညာနဲ့အတူ တာဝန်ယူစိတ် ထည့်ပေးလိုက်နိုင်ဖို့ပဲ။ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့က ငွေကြေးက အဓိကမကျဘူး။ သူများဆီမှာ လက်ဖြန့် လိုက်တောင်းနေတာ အကျင့်ပါမသွားဖို့ လိုတယ်။ ကျနော်တို့နိုင်ငံမှာ သဘာဝရင်းမြစ်တွေ မသုံးရသေးတဲ့ လူသားရင်းမြစ်တွေ ရှိနေပြီးသား။ စနစ်တကျ တာဝန်ယူ စီမံခန့်ခွဲနိုင်မယ့်သူတွေ နေရာပေါင်းစုံမှာ ရှိဖို့လိုနေတာ။ ကိုယ့်လူ့အဖွဲ့အစည်းအပေါ် ညာဝါး လူလည်ကျမယ့် ပညာတတ်မျိုး မဖြစ်အောင် အစောကြီးကထဲက ကျောင်းသားတွေကို ထရိန်နင်ပေးထားရမယ်” ဟု The New York Times သတင်းစာ အင်တာဗျူးတွင် ပြောခဲ့သည်။
ယခု သူ့ရဲ့ Ashesi ကောလိပ်မှ ကျောင်းသား ၄၇၀ ကို ဘွဲ့မရသေးမီ ကွန်မြူနစ်တီ လူမှုရေးလုပ်ငန်းတွေထဲ ကွင်းဆင်းခိုင်းထားသည်။ “ဒါ သူတို့ဘ၀ရော တိုင်းပြည်ကိုပါ ပြောင်းလဲစေမယ့် အတွေ့အကြုံပါ။ တက္ကသိုလ် ကျောင်းသားတွေဟာ လူ့အဖွဲ့အစည်းကို ဦးဆောင်မယ့်သူတွေ ဖြစ်လာရမယ်။ ခေါင်းဆောင်ခေါင်းရွက်ပြုနိုင်တဲ့ အလေ့အကျင့်အတွေးအခေါ်တွေ သူတို့ဒီအချိန်မှာ နည်းလည်သဘောပေါက်သွားရမယ်” ဟု ဆိုသည်။
သူ့ကောလိပ်အတွက် အစိုးရထောက်ပံ့ငွေမရှိ။ ကျောင်းပညာသင်ကြေးကို ဒေါ်လာ ၁၀ ကနေ ၅၀၀၀ အထိ အမျိုးမျိုးကောက်သည်။ လုံးဝမတတ်နိုင်သူနဲ့ စာကြိုးစားသူအတွက် စကော်လားရှစ်က အဆင်သင့်။ ပြီးခဲ့နှစ် ဘွဲ့ရ ၁၀၀ ကျော်တွင် ၁၅ ရာခိုင်နှုန်းကို နိုင်ငံခြားပညာသင် လွှတ်နိုင်ခဲ့သည်။ ကမ္ဘာ့ဘဏ်က ပရော့ဂျက် တစ်ခုအတွက် ချေးငွေ ဒေါ်လာ ၂.၅ သန်း ထုတ်ပေးထားသည်။ လုပ်ငန်းခွင်အသီးသီး ၀င်သွားကြတဲ့ ကျောင်းသားများက ကျောင်းစရိတ် ပြန်ဆပ်ဖို့ ရှိသည်။
“အရင်ကတော့ အာဖရိကမှာ မဖြစ်နိုင်တဲ့ မစ်ရှစ်မျိုးမှာ၊ ဒါပေမဲ့ ရှေ့လာမယ့် အပြောင်းအလဲတွေကို ကျနော်တို့ ပညာရေးလုပ်ငန်းခွင်ထဲကနေ လှမ်းမြင်နေရလို့ အားတက်ရပါတယ်” ဟု ပက်ထရစ်အော်အူရာက အင်တာဗျူးတွင် ပြောခဲ့သည်။

ရဲမြင့်ကျော်
ရည်ညွှန်း The New York Times

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...