Sunday, July 10, 2011

အမှုံနှင့် လပေါ်လူရောက်ခြင်း

by Lu Cifer on Sunday, July 10, 2011 at 1:31pm

ဖိုးသော် နှစ်တန်းတက်တဲ့ နှစ်မှာ သူ့အဖေ အလုပ်တာ ဝန်အရ နယ်ပြောင်းရတယ်။ ဝေးဝေးတော့ မဟုတ်။ နွား ထိုးကြီး ဆိုတဲ့ တောမြို့ကလေး ဆီကိုပါ။ ဝေးဝေးမဟုတ် ဘူး ဆိုတာက ဒီလို။ မြင်းခြံကနေ ပြောင်းရတာ ကိုး။ မြင်းခြံနဲ့ နွားထိုး ကြီးက မိုင်နှစ်ဆယ်လောက်ပဲ ရှိတာ။ ဖိုးသော်အမေကတော့ ဒီလိုပြောတယ်။ “နွားထိုး ကြီးက မြင်းခြံထက် တောကျတယ် ဆိုပေမယ့် မန္တလေး ကို သွားမယ်ဆိုရင် မိုင်ရှစ်ဆယ်ပဲ ရှိတော့တာ”။ ဟိုတုန်း ကတည်းက မန္တလေးမှာ နေနေတဲ့ အဖွားကို တွေ့ဖို့ နှစ်လ တခေါက် ဆိုသလို သွားနေရတာတော့ ဖိုးသော် အမေ ပြောတာလည်း ဟုတ်တုတ်တုတ်။ ထားပါလေ။ မန္တလေးနဲ့ နီးတာ ဝေးတာကို ပြောချင်လို့ မဟုတ်ပါဘူး။


နွားထိုးကြီးရောက်တော့ ဖိုးသော်အမေက အိမ်မှာ ထမင်းဟင်းချက်ဖို့၊ ကလေးတွေရဲ့ ဝေယျာဝစ္စလုပ်ပေးဖို့ လူလို တယ် ဆိုပြီး လူငှားလိုက်ရှာတယ်။ ဖိုးသော်တို့ မှာ မောင်နှမအားလုံး လေးယောက်ဆိုတော့ သူတို့အမေ လည်း တနေ့ တနေ့ ဈေးဝယ် ထွက်ရ၊ ချက်ရပြုတ်ရတဲ့ တာဝန် စတာတွေနဲ့ ဂျင်ဂျီလည်နေတာကိုး။ ဒါတောင် အဝတ်လျှော်ရ၊ မီးပူ ထိုးရ၊ အိမ်သန့်ရှင်းရေး လုပ်ရ တာတွေ မပါသေးဘူး။ အဲတာနဲ့ နောက်ဆုံးတော့ တောင် သာနယ်ဘက်က ထမင်းချက်ဖို့ အမျိုးသမီး တယောက် ဖိုးသော်တို့ အိမ်ကို ရောက်လာတယ်။ သူ့နာမည်က အမှုံတဲ့။ အမှုံရဲ့ အသက်က သုံးဆယ် လောက်တော့ ရှိပြီလို့ထင်တယ်။ အညာသူပီပီ အမှုံဟာ အသားညိုတယ်။ အရပ်ကလည်း ခပ်ပြတ်ပြတ်ပဲ။ တခုရှိတာက အမှုံ ရဲ့ ခြေထောက်တဖက်ဟာ သိပ်မသန်ဘူး။ ခြေကျင်းဝတ်မှာ လိမ်တိန်တိန် ဖြစ်နေတယ်။ ဒါကြောင့် လမ်းလျှောက် ရင် ထော့နင်းထော့နင်း ဖြစ်နေတာပေါ့။ “အဲတာ သူငယ်ငယ်တုန်းက ပိုလီယိုဖြစ်လို့ ငါ့သားရဲ့” ဆိုပြီး အမေက ရှင်းပြတယ်။ “ပိုလီယိုဆိုတာ ဘာတုန်းအမေ”။ နှစ်တန်းကျောင်းသားက ပိုလီယိုဆိုတာ ဘယ်လိုလုပ်နား လည်မလဲ။ အဲတော့ အမေက “ပိုလီယိုဆိုတာ အရိုး ပျော့ရောဂါကို ပြောတာကွဲ့” လို့ ခပ်လွယ်လွယ် ဘာသာပြန်ပေး လိုက်တယ်။

နောက်ထပ် တခုလည်း ရှိသေးတယ်။ အဲတာက ဘာတုန်းဆိုတော့ အမှုံအပျိုပေါက်လောက်က တောင်သာမြို့ကို လူကြီးတွေနဲ့ ဈေးဝယ်ဖို့ တောကတက်လာရင်း ကုန်ကားခြင်း တိုက်မိရာက သွားတွေ ကျိုးသွားခဲ့တယ်။ သွားပြန်စိုက် ဖို့ ပိုက်ဆံ မရှိတာလား ဘာလားတော့ မသိဖူး အမှုံက အံကပ်ကြီးတပ်ထားတယ်။ ဒီအတိုင်း ကြည့်လို့ကတော့ အံကပ် တပ်ထားမှန်း မသိသာပါဖူး။ ဒါပေမယ့် အမှုံအိပ်ရင် အံကပ်ကြီးကို ဖြုတ်ပြီး ရေဖန်ခွက်ထဲမှာ ထည့်ထားတယ်။ အဲတာကြီးကို မြင်တိုင်း ဖိုးသော် ဖြင့် အသဲယားလွန်းလို့။

နှစ်တန်းကျောင်းသား ဖိုးသော် စာအော်ကျက်တိုင်း အမှုံကနားထောင် နေတတ်တယ်။ ပြီးရင် ဖိုးသော်ကို တချက်ချက် ဆရာဝင်လုပ်တတ် ပြန်တယ်။ ကမ္ဘာကြီးသည် လိမ္မော်သီးကဲ့သို့ လုံးဝန်းသော သဏ္ဌာန်ရှိသည်လို့ ဖိုးသော်က အော် ဖတ်တော့ အမှုံက “ဟဲ့ ပေါက်ပေါက်ရှာရှာ ကမ္ဘာဆိုတာ အပြားကြီး။ လုံးနေရင် လူတွေ ချောက်ထဲကျသလို လိမ့်ကျ ကုန်မှာပေါ့” ဆိုပြီး ဆရာဝင်လုပ်တာမျိုး။ နောက် သူ့ထင်မြင်ချက်တွေလည်း ပေးသေးတယ်။ ဥပမာ ပြောရရင် “ဇွန်ပန်းရုံအနီး နွံထဲတွင် လှည်းဘီး ကျွံနေသည်။ ကူ၍တွန်းပေးကြပါ” လို့ ဖိုးသော်က အော်ဖတ်တာကို အမှုံက “ငါတို့များတော့ တသက်လုံး ဇွန်ပန်းကို ကြိုက်ကိုမကြိုက်တာ။ စံပယ်ပန်းပဲ” ဆိုပြီး မှတ်ချက် ဝင်ပေးတာမျိုးပေါ့။ ဒါပေမယ့် တကယ်တန်း ပြောရရင် အမှုံဟာ စာမဖတ်တတ်ဘူး။ စာမတတ်ပေမယ့် ဖိုးသော် စာအော်ကျက်တိုင်း ဆရာ ဝင်မလုပ်တဲ့ အခါရယ်လို့ တခါမှမရှိဘူး။ ဘယ်ကျမှ အမှုံစာမတတ်မှန်း သိတုန်းဆိုတော့ တခါသားမတော့ မြို့ထဲက စာအုပ်ဆိုင်က ဖိုးသော် ကာတွန်း တအုပ် ဝယ်လာမှသိရတာ။ ကာတွန်း ဇတ်လိုက်က မောင်ကမ္ဘာတဲ့။ စုံထောက်ပေါ့။ လူဆိုးဂိုဏ်း ခေါင်းဆောင်က ဖူးမန်းချူး။

အဲဒီ ကာတွန်းစာအုပ်ကို အမှုံမြင်တော့ “ဟဲ့ ဖိုးသော် အဲဒီ ကာတွန်းက ဘာတဲ့တုန်း” လို့ စပ်စုတယ်။ “စုံထောက် မောင်ကမ္ဘာလေ။ ကျနော်ပြီးရင် အမှုံယူဖတ်လို့ ရတယ်”။ “ငဒို့က ဘုန်းကြီးသင်တဲ့ စာတွေရပေမယ့် ကာတွန်းတွေ ဘာတွေတော့ မဖတ်တတ်ပါဖူးကွယ်” ဆိုပြီး သူစာမတတ်တာနဲ့ ပတ်သတ်လို့ တဝက်လိမ် တဝက်ဝန်ခံ လုပ်သေး တယ်။ လုံးလုံးစာမတတ်ဘူးလို့တော့ ထုတ်မပြောဘူး။ နောက်ပိုင်းတော့ အမှုံစာမတတ်မှန်း ဖိုးသော် သိသွားတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ မောင်ကမ္ဘာကာတွန်းကို ဖတ်တော့ စာဖတ်သလို ဖိုးသော်က အော်ဖတ်တာမှ မဟုတ်တာ။ အရုပ်ကိုကြည့်ပြီး စိတ်ထဲက ဖတ်တာကိုး။ အဲတော့ အမှုံက “ဖိုးသော်ရဲ့ ငဒို့လည်း ကြားရအောင် အော်ဖတ်ပါ့လား” ဆိုပြီး ပြောလာမှ ရိပ်မိတော့တာကိုး။ အဲဒီတော့ ဖိုးသော်က အမှုံလည်း ဇာတ်လမ်းသိရအောင် အသံထွက်ပြီး ဖတ်ပြပါ တယ်။ စုံထောက်ဇာတ်လမ်းဆိုတော့ ပြေးလွှားတာတွေ၊ သတ်ပုတ်တာတွေ၊ သေနတ်ပစ်ခန်းတွေ ပါတော့ အမှုံ မကြိုက်ပါဘူး။ ဒါပေမယ့် ဇာတ်လမ်းကိုတော့ အမှုံက အလွတ်မှတ်ထားတယ်။ ပြီးတော့မှ ဘာလုပ်တုန်းဆိုတော့ ကျောင်းမနေရသေးတဲ့ ဖိုးသော် နှမလေးကို အမှုံက သူထင်တာတွေ ဇတ်လမ်းထဲ ထပ်ဖြည့်၊ သူမကြိုက်တဲ့ အပိုင်း တွေကို ဖြုတ်ပစ်ရင်း ပုံပြောသလို ပြောပြရှာတယ်။ ဖိုးသော် စာအော်ကျက်တိုင်း အမှုံက ဝင်ဝင်ပြီး ဆရာလုပ်နေဆဲ ဆိုပေမယ့် မောင်ကမ္ဘာ ကာတွန်းနဲ့ ပတ်သက်ရင်တော့ ဆရာမလုပ်တော့ဘူး။ မောင်ကမ္ဘာ ကဏ္ဍကိုတော့ ဖိုးသော်ကို အပိုင်စားပေးလိုက်တဲ့ သဘောမျိုးလို့ ဆိုရမလားပဲ။ မောင်ကမ္ဘာ ကျွမ်းကျင်သူပေါ့လေ။

အမှုံက ဆရာလုပ်တယ် ဆိုပေမယ့် သူတို့ မောင်နှမ လေးယောက်ထဲမှာ ဖိုးသော်ကို ဦးစားအပေးဆုံး။ ထမင်း စားရင် ဖိုးသော် ပန်းကန်ထဲကို ဟင်းတုံးပိုထဲ့ပေးလေ့ ရှိတယ်။ အဲတာကြောင့် ဖိုးသော်အကိုက အမှုံ့ကို မျက်နှာလိုက်တယ် ဆိုပြီး အမြဲတန်း ကွန်ပလိန်း တက်တယ်။ ဒါပဲလားဆိုတော့ မကသေးဘူး။ မုန့်ကြွေးပြီ ဆိုရင်လည်း သူ့အကို အလစ် မှာ ဖိုးသော်ကို ပိုပိုသာသာ ပေးပြန်သေးတယ်။ မုန့်တွေကလည်း ဖိုးသော် အကြိုက်တွေချည်းပဲ။ နွားနို့ထန်းလျှက်တို့၊ မုန့်ကြက်ဥတို့၊ မုန့်သြဇာတို့ စသဖြင့်ပေါ့လေ။ ဒါကြောင့် အမှုံ ဆရာလုပ်လေ့ရှိတာကို ဖိုးသော်ကလည်း ဘယ်လိုမှ မ အောက်မေ့ပါဘူး။ နောက်တချက်က လူကြီးဆိုတာ ကလေးတွေကို ဆရာလုပ်တာ ထုံးစံပဲ ထင်ပါရဲ့လို့ ဖိုးသော်က မြင်နေတာလည်း ပါတာပေါ့။ အဲတာတွေအပြင် ကျောင်းပိတ်ရက် မနက်ပိုင်းတွေမှာ အမှုံဈေးဝယ်ထွက်ရင် ဖိုးသော်က ခြင်းဆွဲပြီး လိုက်သွားလေ့ရှိတယ်။ ဖိုးသော် အကိုကတော့ ဈေးဝယ်တာ မိန်းမတွေလုပ်တာကွ ဒို့နဲ့မဆိုင်ဘူးဆိုပြီး ဘယ်တော့မှမလိုက်ဘူး။ ဖိုးသော် ဈေးဝယ်လိုက်တာက မသိသူကျော်သွား သိသူဖော်စားဆိုတဲ့ စကားအတိုင်း လုပ် နေတာ။ “အမှုံ ဈေးဝယ်ပြီးရင် ကျနော် မုံတီလက်သုပ် စားမယ်နော်”။ “အေး အေး ဒီအာလူးလေးတွေ ရွေးပြီးရင် သွား စားတာပေါ့။ ခဏလေး စောင့်”။ တချို့ရက်တွေကြတော့ “အမှုံ ဦးလေးသောင်း ဆိုင်မှာ စမူဆာသုပ်စားမယ်နော်”။ “အေးပါဆို ဈေးဝယ်တာလေး ပြီးအောင် ဝယ်ပါရစေဦးဟဲ့”။

မောင်ကမ္ဘာ ကာတွန်းထွက်တိုင်း ဖိုးသော်က ဝယ်ပြီးဖတ်တယ်။ ဒါကိုတော့ အလွတ်မခံဘူး။ အဲဒီတုန်းက စာအုပ်အ ငှားဆိုင် ဆိုတာကလည်း မပေါ်သေးဘူးမို့လား ဒါကြောင့် အပိုင်ဝယ်ရတာပေါ့။ မောင်ကမ္ဘာအသစ်ထွက်တိုင်း ဖိုးသော် မပျက်မကွက် လုပ်ရတာကတော့ အမှုံ့ကို အသံထွက်ပြီး ဖတ်ပြရတာပါပဲ။ တယောက်နဲ့တယောက် အပြန်အလှန် အ ကျိုးပြုနေကြတယ် ဆိုရင်လည်း မမှားဖူးပေါ့။

တရက်ကြတော့ ဖိုးသော် မိဘတွေ ဧည့်သည်တွေနဲ့ စကားပြောနေကြတယ်။ ဖိုးသော် အဖေက “ကိုင်းဗျာ လူ မရောက် မြင့်မိုရ်တောင် ဆိုပေမယ့် အခု လပေါ်ကိုတော့ ဒုံးပျံတွေစီးပြီး လူရောက်ကုန်ပြီ။ ရှေ့ရှောက်တော့ အမေရိကန်တွေက အာကာသကို ဦးဆောင်တော့မယ် ထင်ပါရဲ့”။ ဖိုးသော် အမေကလည်း “လပေါ် အထိ လူရောက်ပြီဆိုတော့ နောင်ကြ ရင် တခြား ဂြိုလ်တွေဘာတွေကိုလည်း သွားနိုင်ဖို့ ဖြစ်ချင်ဖြစ်လာမှာ” လို့ ထပ်ဖြည့်ပြောသေးတယ်။ ဧည့်သည်တွေက လည်း လပေါ် အာကာသယဉ် ဆိုက်တဲ့ သတင်းကား မကြာခင်မှာ မြင်းခြံကို ရန်ကုန်ကနေ ရောက်လာဖို့ရှိကြောင်း၊ အဲဒီအခါ မြင်းခြံရုပ်ရှင်ရုံကို သွားပြီး အတူတူကြည့်ကြဖို့လည်း တိုင်ပင်ကြတယ်။ အမေရိကန်အစိုးရက သူတို့ လပေါ် ရောက်တဲ့ အကြောင်း တကမ္ဘာလုံး သိစေချင်လို့ အဲဒီသတင်းကားကို နိုင်ငံတိုင်းလိုလိုမှာ လိုက်ပြီးအခမဲ့ ဖြန့်ချိနေ ကြောင်း စတာတွေလည်း ပြောကြသေးတယ်။

နောက်တရက် နှစ်ရက်နေတော့ ဖိုးသော်က “အမှုံ သိလား။ လပေါ်ကို လူတွေရောက်ကုန်ပြီတဲ့” လို့ လူကြီးတွေပြော တဲ့ ကိစ္စကို အမှုံ့ကို ပြန်ပြီး ပြောပြတယ်။ အဲတော့ အမှုံက အလန့်တကြားနဲ့ ဖိုးသော်ကို ဒီလိုပြန်ရှင်းတယ်။ “ဟဲ့ဟဲ့ အမလေး၊ ဖိုးသော် နင်တော့ တိထ္ထိ ဖြစ်တော့မှာပဲ။ လဆိုတာ လူမရောက်နိုင်တဲ့ အရပ်ဟဲ့။ ယူဇနာ တသိန်းလောက် ဝေးတယ်လို့ ရှေးလူကြီးတွေက ဆိုတယ်။ ပြီးတော့ လပေါ် လူတက်ဖို့ဆိုတာက လရဲ့အရွယ်က လှည်းဘီးဝိုင်း လောက်ပဲ ရှိတာ၊ ဘယ်လို လုပ်ပြီး လူတက်လို့ရမလဲ”။ အမှုံ့စကားကြောင့် ဖိုးသော်လည်း အူလည်လည် ဖြစ်သွား တယ်။ ဒါပေမယ့် အဖေ၊ အမေနဲ့ အိမ်လာတဲ့ ဧည့်သည်တွေ အားလုံးက လပေါ် လူရောက်ကုန်ပြီဆိုတာ ပြောထား တာပဲဟာ။ အမှုံက အဖေတို့ အမေတို့ထက် ပိုသိပါ့မလား၊ ပြီးတော့ စာလည်း တတ်တာမှ မဟုတ်တာလို့ ဖိုးသော် တွေးမိတယ်။ ဒါပေမယ့် အမှုံ့ကို ခံငြင်းဖို့ ဆိုတာကလည်း အသက်သုံးဆယ် အရွယ်လောက် လူကြီးကို ဖိုးသော်လို နှစ်တန်းကျောင်းသားက ဘယ်လိုလုပ်ပြီး ချက်နဲ့လက်နဲ့ ခံငြင်း နိုင်ပါ့မလဲ။

ဒါပေမယ့် ဖိုးသော်က လျှော့တော့မလျှော့သေးဖူး။ “လအရွယ်က လှည်းဘီးဝိုင်းလောက်ပဲ ရှိတယ်လို့ အမှုံ့ကို ဘယ်သူ ပြောလဲ” ဆိုပြီး မေးတယ်။ အဲဒီတော့ အမှုံက “ငါပြောတာမဟုတ်ဖူး။ ဒို့ ရွာဦးကျောင်း ဆရာတော် ပြောတာ။ တရွာလုံး သိနေတဲ့ ဟာပဲ” ဆိုပြီး ဖိုးသော်ကို ရွာဦးကျောင်း ဆရာတော်နဲ့ ကိုင်ပေါက်လိုက်တယ်။ ဖိုးသော် အသံနဲနဲ တိတ်သွား တယ်။ ဒါပေမယ့် ဖိုးသော်က ထပ်ပြီး “အဖေတို့အမေတို့ ပြောတာက ဒီလိုအမှုံရဲ့၊ လကအဝေးကြီးမှာ ဆိုပေမယ့် ဒုံးပျံ စီးပြီးသွားလို့ရတယ် ပြောတယ်ဗျ” လို့ ထပ်ကွန့်ပြန်တယ်။ “ဘယ်သူတွေ ဘာဘဲပြောပြော ချက်ခြင်း မယုံရဘူးလို့ ဆရာတော်က ပြောဖူးတယ်။ ကိုယ်ကိုယ်တိုင် ကြုံဖူး၊ မြင်ဖူး၊ ရောက်ဖူးမှ ယုံထိုက်တယ်လို့ ဆရာတော်က ဒို့တရွာလုံး ကို ဆုံးမဘူးတယ် ဖိုးသော်ရဲ့၊ နင်ကိုယ်တိုင် ရောက်ဖူးလို့ ပြောရင်တော့ ငါကယုံမှာပေါ့” ဆိုပြီး အမှုံက နောက်ဆုံးမှာ ပိတ်ပြောလိုက်တယ်။

ဖိုးသော်ကတော့ ခေါင်းကုတ်နေရင်း အဖေတို့ အမေတို့ပဲ မှားသလား၊ အမှုံပဲ မှန်သလား ဆိုတာ မဝေခွဲနိုင်ဘူး ဖြစ်နေတာပေါ့။
အဲဒီနောက်ပိုင်း ဖိုးသော်ခမျာ ကျောင်းသွားလည်း ဒီစိတ်၊ ကစားနေလည်း ဒီလပေါ် လူရောက်တဲ့ စိတ်ကပဲ သူ့ကို လွှမ်းမိုးနေတယ်။ တရက်တော့ မနေနိုင်တော့ပဲ “အမှုံ လပေါ်လူရောက်တယ် ဆိုတာ တကယ်ဟုတ်တယ်တဲ့” ဆိုပြီး အမှုံဆင်ဆာ ပိတ်ထားတဲ့ ဇာတ်လမ်းကို ဆက်ရေးလိုက်တယ်။ အဲဒီတော့ အမှုံက “ဟင် နင့်ကို ဘယ်သူက ပြော လိုက် ပြန်ပလဲ” ဆိုပြီး စစ်ကြောပြန်ရော။ “ကျနော်တို့ အတန်းပိုင် ဆရာမကိုယ်တိုင်က ပြောတာ၊ ဟုတ်တယ်တဲ့”။ ဒီလောက်နဲ့တော့ ဘယ်ရမလဲ။ အမှုံက အမှုံပဲလေ ခေသူမှမဟုတ်တာ။ “ဖိုးသော် သေသေ ချာချာမှတ်နော် ငါပြော မယ်။ လပေါ်တို့ အာကာသထဲတို့ ဆိုတဲ့ ကိစ္စတွေဟာ ဒို့လူသားတွေရဲ့ အရေးအရာ မဟုတ်ဖူးတဲ့။ နတ်သိကြားတွေ၊ သူတော်စင်တွေ၊ ရဟန္တာတွေ တရားအားထုတ် ကျင်လည်တဲ့ အရပ်လို့ ဆိုတယ်။ လူသာမန်တွေနဲ့ မအပ်စပ်ဘူး၊ ရောက်ဖို့လည်း မလွယ်ဖူးလို့ ရှေးလူကြီးတွေကလည်း ပြောတယ်၊ ဆရာတော်ကလည်း အဲသလို ပြောတာပဲ၊ နင်တို့ အတန်းပိုင် ဆရာမက ဗုဒ္ဓဘာသာကော စစ်ကဲ့လားဟဲ့” ဆိုပြီး အနိုင်လည်းပိုင်း ဆရာလည်း လုပ်တဲ့လေသံနဲ့ ဖိုးသော် ထပ်တင်တဲ့ အဆိုကို ပယ်ချလိုက်တယ်။ ဒီတချီလည်း ဖိုးသော် အရေးနိမ့်ပြန်တယ်လို့ ဆိုရမှာပေါ့။ ဒါနဲ့ နောက်ဆုံးမှာ စစ်ကူများ ရမလားဆိုပြီး အမှုံက လပေါ်လူ ရောက်တာကို မယုံတဲ့အကြောင်း ဖိုးသော်က သူ့အဖေအမေတွေကို တိုင် ပြော ပြောတော့ မိဘတွေက တသောသော ရယ်မောပြီး ထားလိုက်ပါ ငါ့သားရယ် ဆိုပြီးသာ အဖြေပေးတယ်။ သူမိ ဘတွေ ဘာဖြစ်လို့ အဲသလို ရယ်ရတာလဲ ဆိုတာကို ဖိုးသော် နားမလည်နိုင်ပြန်ဘူး။

ဒါပေမယ့် နောက်ထပ် နှစ်လလောက်ကြာတော့ မထင်မှတ်တဲ့ အဖြစ်တခု ဖြစ်လာတယ်။ ဘာတုန်းဆိုတော့ အမှုံက လပေါ် လူရောက်တာကို ယုံသွားပြီ ဆိုတဲ့အကြောင်း ဖိုးသော်က သူ့ အဖေနဲ့ အမေကို သတင်းပို့ လိုက်ခြင်းပါပဲ။ သူ့မိ ဘတွေက ဘာကြောင့် အမှုံတယောက် လပေါ်လူရောက်တာကို ယုံလာရသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဖိုးသော်ကို ထွေထွေထူးထူးတော့ မေးမနေပါဘူး။ အေးအေး အဲတာဆိုလဲ ကောင်းတာပေါ့ကွယ် ဆိုတာလောက်နဲ့ ပြီးသွားတယ်။

လပေါ် လူရောက်တာကို အမှုံ ယုံသွားရတဲ့ အကြောင်းက ဒီလို။ ထုံးစံအတိုင်း မောင်ကမ္ဘာ ကာတွန်းအသစ် ထွက် တော့ ဖိုးသော် ဝယ်လာတယ်။ အိမ်ကိုရောက်တော့ အမှုံ့ကို ခါတိုင်းလို အသံထွက်ပြီး ဖတ်ပြနေတယ် “စုံထောက် မောင်ကမ္ဘာသည် လပေါ်အထိ ဒုံးပျံစီးပြီး ထွက်ပြေးသွားသော ဂိုဏ်းခေါင်းဆောင် ဖူးမန်းချူးကို လိုက်ဖမ်းရန်အတွက် နောက်ထပ် ဒုံးပျံတစင်းပေါ် အမြန်ခုန် တက်လိုက်ပြီး စက်ကိုနှိုးလိုက်သည်”။ ဒီတော့ အမှုံက “ဟင် ဒီလိုဆိုရင် လပေါ် လူရောက်တယ်ဆိုတာ အမှန်ပေါ့နော” ဆိုပြီး ဖိုးသော်ကို မေးလိုက်တယ်။ “ဟုတ်တယ် အမှုံရဲ့။ ဖူးမန်းချူးက မတရား ချမ်းသာထားတော့ အရေးကြုံရင် သုံးရအောင် သူ့ကိုယ်ပိုင် ဒုံးပျံတွေ ဘာတွေ ဝယ်ထားမှာပေါ့” လို့ ဖိုးသော်က ပညာ ရှိဂိုက်နဲ့ ရှင်းပြတယ်။

တဖက်မှာလည်း ဖိုးသော်ကို အမှုံက မောင်ကမ္ဘာကျွမ်းကျင်သူလို့ သတ်မှတ်ထားတာက တပိုင်း၊ ဖိုးသော် ဖတ်ပြမှ မောင်ကမ္ဘာဇာတ်လမ်းကို နားထောင် ရတာကလည်း တပိုင်းဆိုတော့ ကွက်တိဖြစ်သွားတာပေါ့။ ဒါပေမယ့် တကယ့်ဇာတ်လမ်း ထဲမှာ အဲတာက မပါပါဘူး။ ဖိုးသော်က တမင်ထွင်ပြီး ဖတ်ပြလိုက်တာ အမှုံက ယုံသွား တယ်။ ယုံဆို အမှုံက အသက်ကြီး ပေမယ့် သူ့ခမျာ စာမှမတတ်ရှာဘဲ ဟာကိုး။

(နှစ်ပေါင်းလေးဆယ်ကျော်က အမှုံသို့ အမှတ်တရ)

ဇော်မင်း
၂၂ ရက်၊ ဇွန်လ၊ ၂ဝ၁၁ ခုနှစ်
ရွက်မွန် မှ ကူးယူတင်ဆက်သည်။

http://www.naytthit.net/?p=14545

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...