Sunday, July 10, 2011

"နောင်မှ တတဲ့ နောင်တ"

created the doc: "နောင်မှ တတဲ့ နောင်တ"
Cloud Cuckoo Land created the doc:
တကယ်တော့ နောင်တဆိုတဲ့စကားလုံးက ကောင်းတဲ့စကားတော့မဟုတ်ဘူး ထင်တယ်။ ဘာလို့လဲဆိုတော့ အမှားလုပ်မိတဲ့သူမှာသာ ဒီနောင်တ ဆိုတဲ့စကားက ရှိတာကိုး။ အစကတည်းက မမှားရင် နောင်တဆိုတာဘယ်လာ ရှိပါတော့မလဲ။ ဒါပေမယ့်လည်း လူဆိုတာ အမှားနဲ့ မကင်းနိုင်ကြတော့လည်း နောင်တဆိုတာ လူတိုင်းမှာ ရှိနေကြရတာပါပဲ။ မှားခဲ့တဲ့အမှားကို နောက်တစ်ခါ ထပ်မမှားရအောင် အချိန်မီပြုပြင်နိုင်ရင်တော့ ဒီလူဟာလူတော် တစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့် ကိုယ်မှားနေတာလည်း သိတယ်၊ ဘာမှားမှန်းလည်း သိပေမယ့် မပြင်နိုင်တဲ့သူတွေလည်း အများကြီးရှိပါသေးတယ်။



ကျွန်တော်လည်း လူထဲကလူမို့ မှားဖူးတာတွေကတော့ ပြောမနေနဲ့တော့။ ရခဲ့တဲ့နောင်တတွေဆိုတာ ပုံးတွေ အိတ်တွေနဲ့ထည့်လို့ရမယ်ဆိုရင် ကွန်တိန်နာ တစ်လုံးစာတောင်ကမယ် မထင်ပါဘူး။ လောကမှာ ဒီလောက်များတဲ့ အမှားတွေ လုပ်မိရင် ပြန်ရောပြင်နိုင်ရဲ့လားလို့ မေးရင်တော့ ကျွန်တော့်အဖို့ကတော့ မပြင်နိုင်တာက များပါတယ်လို့ ပြောရမှာပဲလေ။ ဘာလို့လဲဆိုတော့ တစ်ကြိမ် တစ်ခါသာရတတ်တဲ့ အခွင့်အရေးတွေကို ကျွန်တော်က ဖြုန်းတီးခဲ့မိလို့ပါလို့ပဲ ဖြေရမှာပေါ့လေ။ ဒါပေမယ့်လည်း ခုချိန်ထိ ကျွန်တော်မှားနေတုန်းပါဘဲ။ ကြာလာတော့ အဲလိုမှားတာကိုက ကျွန်တော့်အတွက်က အမှန်လိုဖြစ်နေတော့ လူတွေနဲ့ ဝေးဝေးကိုရောက်နေသလို ခံစားလာရတယ်။


ကျွန်တော်ဆယ်တန်းတုန်းကပေါ့……
ကိုးတန်း စာမေးပွဲပြီးတာနဲ့ဆယ်တန်းအတွက် ကျူရှင်ကို တစ်ခါတည်း တက်လိုက်ရပါတယ်။ ကျွန်တော်တို့က ဆယ်သုံးယောက်လောက်ပဲရှိတဲ့ စာသင်ဝိုင်းလေးဆိုတော့ ဆရာတွေကလည်း ဖိဖိစီးစီးနဲ့သင်ကြားသလို ကျွန်တော်တို့ကလည်း ကြိုးစားကြတော့ ဆရာတွေရဲ့  ရာနှုန်းပြည့် အားထားရတဲ့ စာသင်ဝိုင်းလေးဖြစ်လာပါတော့တယ်။ ကျွန်တော်က အင်ဂျင်နီယာ သိပ်ဖြစ်ချင်တာ။ Y.I.T ဆိုတာစိတ်ကူးထဲက ကျောင်းတော်ကြီးပေါ့။ ဒီလိုနဲ့သွားနေလိုက်တာ နှစ်ဝက်လောက်ရောက်တော့ အခြားဝိုင်းက ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ စာကလည်းတော်၊ ချောကလည်းချောဆိုတော့ ချက်ချင်းပဲ ကျွန်တော်တို့ ကြားမှာ ရေပန်းစားလာတော့တယ်။ သူကလည်း အင်ဂျင်နီယာမှ အင်ဂျင်နီယာဆိုတော့ ကျွန်တော်တို့နှစ်ယောက် ပိုပြီးရင်းနှိီးခဲ့တာပေါ့။ ဒီလိုနဲ့ပဲနှစ်ကုန်ခါနီး လောက်မှာတော့ သူငယ်ချင်းအဆင့်ထက်ကျော်ပြီး ရင်ခုန်သံတွေ ရင်းနှီးသွားခဲ့တော့ပါပဲ။ ကျွန်တော်အတွက်ကတော့ ပူပူနွေးနွေးရည်းစားလေးကို မျက်စိအောက်က ပျောက်သွားမှာစိုးလို့ ချစ်သူရဲ့ အရိပ်လိုနေလာလိုက်တာ ဆယ်တန်းကျောင်းသားဆိုတာ မေ့မေ့လျှော့လျှော့ ဖြစ်သွားရတဲ့ အထိပါပဲ။ အရင်ကကျွန်တော်ရဲ့  စာကြည့်ချိန်တွေဟာခုတော့ ချစ်သူဖို့ ကဗျာတွေ စာတွေရေးဖို့ အချိန်အဖြစ် အလိုလို ပြောင်းလဲ သွားခဲ့ရတော့တယ်လေ။


ဆယ်တန်းစာမေးပွဲ အချိန်ဇယား ထွက်လာခဲ့အချိန်မှာတော့ ကျွန်တော် တုန်လှုပ်ခဲ့ရပါပြီ။ ကျွန်တော်မှာ စာမေးပွဲအတွက် အဆင်သင့်မဖြစ်သေးဘူးဆိုတာ နားလည်ခဲ့တဲ့အချိန်ဟာ သိပ်ကို နောက်ကျနေပြီလေ။ စာတွေအကုန်လုံးဟာ အသစ်လို ပြန်ဖြစ်နေတော့ ကျက်လေမေ့လေနဲ့ နောက်ဆုံးတော့ စာမေးပွဲခန်းကို ရောက်တဲ့အထိ ဘာတစ်ခုမှ နိုင်နိုင်နင်နင်းမရှိခဲ့ပါဘူး။ အဓိကနဲ့သာမညကို မခွဲနိုင်ခဲ့ဘဲ တခဏသာယာမှုကို တတ်မက်ခဲ့တဲ့ အကျိုးဆက်ကတော့ အောင်စာရင်း ထွက်လာတဲ့ အချိန်မှာတော့ ဂုဏ်ထူးဆိုတာ ဘယ်လိုမှန်းမသိပေမယ့် တစ်ဝိုင်းထဲ စာသင်ခဲ့သူတွေကြားမှာတော့ မျက်နှာမပြရဲအောင်ကို အရှက်ရခဲ့ပါတော့တယ်။ Y.I.T မှ Y.I.T ဆိုတဲ့ ရည်မှန်းချက်ဟာလည်း ကျွန်တော်နဲ့ ဘာမှမဆိုင်တော့ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်မှာတော့ ပြန်ပြင်လို့ မရနိုင်တော့တဲ့ အမှားဟာ တစ်ဘဝလုံးအတွက် နောင်တတစ်ခုပါဘဲ။ ချစ်သူကို ဆုံးရှုံးမှာ ကြောက်လွန်းလို့ အရိပ်လိုနေခဲ့တဲ့တာဟာ တကယ်တော့ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူး။ အဲဒီအချိန်တွေမှာ ကိုယ်နဲ့ဆိုင်တဲ့ ပညာရေးကိုသာ အလေးပေးခဲ့မယ်ဆိုရင် ဆယ်တန်းဆိုတာ ကျွန်တော့်အတွက် ခက်ခဲတဲ့ အတားအဆီးတစ်ခု မဖြစ်ခဲ့မှာသေချာပါတယ်။ ဘယ်သူကိုမှ ရင်မဆိုင်ရဲအောင် အရှက်ရခဲ့တဲ့ ကျွန်တော်ဟာ ချစ်သူကိုပါရှက်လွန်းလို့ အဆက်ဖြတ် လိုက်တော့တယ်။ အမှားတစ်ခုအတွက် ပေးဆပ်လိုက်ရတာက များလွန်းတော့ နောက်ကို ထပ်မှားအောင် ဘဝကပေးလိုက်တဲ့ သင်ခန်းစာရလိုက်တယ် လို့ပဲ ယူဆရတော့ပေါ့။


ကိုယ်မှားတဲ့ အမှားကို နောင်တတွေ ရရင်း ဘဝအတွက် စဉ်းစားရတော့တယ်။ သိပ်ဖြစ်ချင်တဲ့ အင်ဂျင်နီယာကို ဘယ်လိုဖြစ်အောင် လုပ်မလဲပေါ့။ နောက်ဆုံးတော့ လူကြီးတွေက ရေကြောင်းအင်ဂျင်နီယာ လုပ်ဖို့ကို အကြံပေးကြတယ်။ ရေကြောင်းအင်ဂျင်နီယာ လုပ်ဖို့ကလည်း အဆင်ပြေတယ်လေ။ သင်္ဘောကျင်းမှာ လုပ်သက်ယူပြီးရင် အလုပ်သင်အင်ဂျင်နီယာ စာမေးပွဲဝင်ဖြေ အောင်ရင် သဘောင်္ပေါ်မှာ အလုပ်သင်အင်ဂျင်နီယာနဲ့ စပြီးအလုပ်ဝင်။ တဖြည်းဖြည်းနဲ့ လုပ်သက်ယူပြီး စာမေးပွဲတွေဖြေရင်း အင်ဂျင်နီယာဖြစ်မယ်ဆိုတော့ ဒီလမ်းကြောင်းကို သဘောကျမိတယ်။ ဝါသနာပါတဲ့ သင်္ဘောသားလည်းလုပ်ရမယ် အင်ဂျင်နီယာလည်းဖြစ်မယ်ဆိုတော့ စိတ်သစ်၊ လူသစ်နဲ့ ကြိုးစားမယ်ပေါ့။ သူငယ်ချင်းတွေကြားမှာ ကျခဲ့တဲ့သိက္ခာကို ဒီနည်းနဲ့ ပြန်ဆယ်မယ်ပေါ့။ အဲလိုနဲ့ပဲ သင်္ဘောကျင်းကို ရောက်သွားခဲ့တော့တယ်လေ။


သင်္ဘောကျင်းဆိုတာကလည်း လူပေါင်းစုံမဟုတ်လား။ လူစုံတော့ စရိုက်စုံတာပေါ့။ ဖဲ၊ အရက်၊ မိန်းမဆိုတာကလည်း ယောကျာ်းတွေပဲရှိတဲ့နေရာဆိုတော့ အထူးအဆန်း မဟုတ်တော့ဘူးလေ။ နဂိုကမှ အပေါင်းအသင်းနဲ့ အပျော်အပါးမက်တဲ့ ကျွန်တော့်အတွက်ကတော့ စိတ်ကြိုက်ပေါ့။ ခွေးမြီးကောက် ကျီထောက်စွတ်၊ ကျွဲပါးစောင်းတီး။ ကျွန်တော်အတွက်တော့ သင်္ဘောအလုပ်ဟာ သင်္ဘောပေါ်မှာ တတ်သွားလိမ့်မယ်ဆိုပြီး လေလို့ ကောင်းနေတာပေါ့။ ဘဝမှာရခဲ့ဘူးတဲ့ နောင်တဟာလည်း မေ့မေ့ပျောက်ပျောက်နဲ့ လက်ရှိဘဝကို အကျေနပ်ကြီး ကျေနပ်နေတာပေါ့။ ဖဲဝိုင်းဆိုရင် ကျွန်တော်မပါရင် ဝိုင်းမစည်သလို အရက်ဝိုင်းဆိုရင်လည်း ကျွန်တော်ပါမှ ပြည့်စုံတယ်ဆိုပဲ။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဖဲဝိုင်းဟာ သင်္ဘောကျင်းမှာတင်မဟုတ်တော့ဘဲ ရန်ကုန်မြို့အနှံ နေရာမရှောင်အောင်ကို ကျယ်ပြန့်လာခဲ့တော့တယ်။ ဒီလိုပျော်ပျော်ပါးပါးနဲ့ နေလာလိုက်တာ ပညာသင် သက်တမ်း ကုန်ဆုံးလို့ သင်္ဘောကျင်းက ထွက်လာတော့ သင်္ဘောနဲ့ဆိုင်တာ ဘာမှမတတ်လိုက်ဘဲ အပျော်အပါးနဲ့ဆိုင်တဲ့ ပညာရပ်တွေမှာတော့ အထူးကျွမ်းကျင်လာတော့တာပါပဲလေ။


အဲလိုမှားခဲ့တာကို ဘယ်တော့မှ သိရလဲဆိုတော့ သင်္ဘောပေါ်ရောက်လို့ လုပ်ငန်းခွင်ထဲကျမှ သိလိုက်ရတော့တာပါဘဲ။ ကျွန်တော်တို့ စက်ခန်းတစ်ခုလုံး နိုင်ငံခြားသားတွေချည်းဘဲလေ။ ကိုယ့်အလုပ်နဲ့ ကိုယ် မအားကြတဲ့လူတွေဟာ ကျွန်တော့်ကို ဘယ်ကလာ သင်ပြပေးနိုင်ကြမှာလဲ။ ကိုယ့်ဟာကိုယ် လုပ်လိုက်ရင်လည်း အကုန် တလွဲချည်းပါဘဲဆိုတော့ အဆဲအဆိုခံရတာ လွတ်တဲ့နေ့ဆိုတာ မရှိသလောက်ပါဘဲ။ အင်ဂျင်နီယာတွေက ဆူလေ ကျွန်တော်က ပိုမှားလေနဲ့ မုန့်လုံးစက္ကူ ကပ်ပြီး နောက်ဆုံးတော့ ကျွန်တော့်ကို သုံးလို့မရတဲ့ လူတစ်ယောက်လို သဘောထားလာပြီး အပယ်ခံဘဝကို ရောက်မှန်းမသိ ရောက်ခဲ့ရတော့တယ်လေ။ သင်္ဘောအလုပ် သင်္ဘောပေါ်ရောက်ရင် တတ်သွားမယ်ဆိုတာ လက်တွေ့မှာ မဟုတ်မှန်း သိလိုက်ရတော့ နောက်ကျနေပြီလေ။ ဒီတစ်ခါလည်း နောင်တလေးကို ရင်မှာပိုက်ပြီး အရက်သောက် ဖဲရိုက်နေမယ့်အချိန်တွေကို အကျိုးရှိရှိ အသုံးချတတ်ခဲ့ရင် ဒီလိုအပယ်ခံ ဘဝကိုရောက်မှာ မဟုတ်ဘူးဆိုတာ သိလာပြန်ရောလေ။

ဒါကြောင့် ပြောတာပေါ့ နောင်တဆိုတာ နောက်မှရတာပါလို့။ ကျွန်တော်ဆိုတဲ့ကောင်က ရှေ့နောက်မစဉ်းစားဘူး လုပ်သင့်တာထက် လုပ်ချင်တာကိုပဲ လုပ်တတ်တဲ့သူဆိုတော့ နောင်တတွေ ကွန်တိန်နာ တစ်လုံးလောက် ရှိနေတာ ဘာဆန်းလဲနော်။ ဒီတစ်ခါမှ မပြင်ဆင်နိုင်ရင် တစ်ဘဝလုံးအတွက် မလွယ်တော့ဘူးဆိုတာ သဘောပေါက်ထားတော့ အချိန်မီ ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူများတွေထက်တော့ ပိုပင်ပန်းတာပေါ့။ ကိုယ့်အတွက် အနားယူချိန်ဆိုတာတောင် မထားတော့ဘဲ ရှိရှိသမျှ အောက်ခြေကစလို့ လေ့လာသင်ယူပြီး ကိုယ့်အမှားအတွက် ပြန်ပေးဆပ်ရတော့ပေါ့။ အချိန်မီပြင်ဆင် နိုင်တယ် ပြောရမှာပေါ့နော်။ တဖြည်းဖြည်းနဲ့ ကိုယ့်နေရာကိုယ်ပြန်ယူ လိုက်နိုင်တာကတော့ ကိုယ့်အမှားကိုယ် ပြင်ဆင်လိုက်နိုင်ခြင်းရဲ့ အသီးအပွင့်တွေလို့ပဲ ပြောရမှာပါ။


ဒါတွေက ကျွန်တော်ရဲ့ ကွန်တိန်နာတစ်လုံးစာလောက်ရှိတဲ့ အမှားတွေထဲက မှားခဲ့တာ တချို့ကိုပြန်ပြောပြတာပါလေ။ ဘဝနဲ့ လဲလိုက်ရတဲ့ နောင်တလေးတွေပေါ့။ ကျော်လွန်ခဲ့တဲ့နှစ်တွေက ဆယ်စုနှစ် တစ်ခုမကတော့ပါဘူး။ ဒါပေမယ့်လေ ဆယ်တန်းစာမေးပွဲတွေ နီးလာပြီဆိုရင်တော့ ရင်ထဲမှာ နာကျင်ခဲ့ရတဲ့ဝေဒနာက အသစ်ပြန်ဖြစ် လာတယ်ထင်ရအောင် ပြန်နာလာတတ်ပါတယ်။ ဆယ်တန်းဆိုတာဟာ လူ့ဘဝတစ်ခုလုံးကို ပြောင်းလဲ ပစ်လိုက်နိုင်တယ်ဆိုတာ သိနေရက်သားနဲ့ မိုက်ခဲ့တဲ့ ကျွန်တော်ဟာ ခုဆို ခက်ခဲကြမ်းတမ်းတဲ့ဘဝမှာ ရုန်းကန်လှုပ်ရှားနေရပါပြီ။


ကျွန်တော်မှားခဲ့သလို ကျွန်တော့်ရဲ့  ညီငယ်၊ ညီမငယ်တွေ ထပ်မမှားကြပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ပဲ……………။   ။


ကမ်းဝေးငှက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...