Saturday, July 9, 2011

အာရပ်လှိုင်းစီးတာ(၅၂)နိုင်ငံရှိပေမယ့် အာဏာရှင်ဘိုးအေနိုင်ငံကြီးဖြစ်တဲ့မြန်မာပြည်ကတော့ လှိုင်းစီးတဲ့အထဲ မပါခဲ့တာ ထူးဆန်းနေပါတယ်။

အာရပ်နိုင်ငံတွေမှာ အောင်ပွဲခံခဲ့၊ အောင်ပွဲခံဖို့ အားထုတ်နေတဲ့ အာဏာရှင်အစိုးရ ဖြုတ်ချရေး တော်လှန်ရေး လှိုင်းကို မြန်မာပြည်မှာလည်း စီးဖို့ လိုလားကြိုးစားနေကြသူတွေ မနည်းမနော ရှိနေပါတယ်။ အခုအခါ အာရပ် လှိုင်းကို ကမ္ဘာ့နိုင်ငံပေါင်း (၅၂) နိုင်ငံမှာ စီးခဲ့ပြီဖြစ်ပေမယ့် ကမ္ဘာ့ဝါရင့်အာဏာရှင်နိုင်ငံ မြန်မာပြည် ကျန်နေပါ သေးတယ်။ အခုဆောင်းပါးမှာ အာရပ်လှိုင်းစီးခဲ့တဲ့ နိုင်ငံတွေကို တတ်နိုင်သလောက် စာရင်းကောက်ထားပါတယ်။

၁။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာ (၁၇) ရက် - အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတခုဖြစ်တဲ့ ကျူနီးရှားနိုင်ငံမှာ အာ ဏာရှင် လက်ပါးစေ ပုလိပ်မတယောက်ရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တော့တဲ့အဆုံး ဘွဲ့ရအလုပ်လက်မဲ့ တဖြစ် လဲ ဟင်းရွက်စုံတွန်းလှည်းသမားလေး မိုဟာမက်ဘွာဇီဇီဟာ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေခဲ့ရာကနေ ကျူ နီးရှားတော်လှန်ရေး ပေါက်ဖွားလာခဲ့ပြီး (၂၈) ရက်အကြာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်မှာ အာဏာရှင် သမ္မတ ဘင်အလီ ထွက်ပြေးသွားတဲ့အတွက် ဒီမိုကရေစီလိုလားသူတွေ အောင်ပွဲရသွားခဲ့ပါတယ်။ ဒီလူထု တိုက်ပွဲအတွင်း လူ (၂၀၀) ကျော် ပစ်သတ်ခံခဲ့ရပါတယ်။

ဒီမိုကရေစီဆိုလို့ မူးလို့တောင် ရှူစရာမရှိဘဲ အာဏာရှင်တွေနဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်တွေ ကြီးစိုးတဲ့ အာ ရပ်ကမ္ဘာ၊ အကြမ်းဖက်ဝါဒ အားပေးတယ်ဆိုတဲ့ အစ္စလမ်အာရပ်ကမ္ဘာမှာ ကြုံတောင့်ကြုံခဲ ဒီမိုကရေစီတော် လှန်ရေးတခု အောင်ပွဲခံသွားတာဟာ အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို အံကြိတ်ခံနေရတဲ့ ဘဝတူ အာရပ်နိုင်ငံတွေကို ဂယက်ရိုက်သွားခဲ့ပါတယ်။
၂။ ဒီလိုနဲ့ ၂၀၁၁ ခု ဇန်နဝါရီ (၂၅) ရက်မှာ အီဂျစ်တော်လှန်ရေး
စခဲ့ပြီး ဖေဖော်ဝါရီ (၁၁) ရက်မှာ အာဏာရှင် မူဘာရတ် ရာထူးက ဆင်းပေးခဲ့လို့
ဒီမိုကရေစီသမားတွေ ပဏာမ အောင်ပွဲရသွားခဲ့ပါတယ်။ လူပေါင်း (၉၀၀) နီးပါး
အသက်ဆုံးခဲ့ပါတယ်။
၃။ ဒီနောက် လစ်ဗျားနိုင်ငံမှာ အာဏာရှင်ကဒါဖီဆန့်ကျင်ရေး
တော်လှန်ရေး ဖေဖော်ဝါရီ (၁၈) ရက်မှာစခဲ့ပြီး အာဏာရှင်ရဲ့ ရက်ရက်စက်စက်
အကြမ်းဖက်သတ်ဖြတ်မှုကြောင့် လူထုတိုက်ပွဲအဖြစ်ကနေ လက်နက်ကိုင် တိုက်ပွဲအဖြစ်
ပြောင်းလဲသွားပြီး ဒီကနေ့ထိ အာဏာရှင်နဲ့ ဒီမိုကရေစီဘက်သားတွေ အပြင်းအထန် လက်နက်
ကိုင် တိုက်နေဆဲဖြစ်ပါတယ်။ အခုထိဆိုရင် လူပေါင်း (၁၃,၀၀၀)
လောက်သေခဲ့ပါပြီ။

၎။ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေ
တော်တော်များများရှိတဲ့ ဘာရိန်းကျွန်းနိုင်ငံလေးမှာလည်း ဖေ ဖော်ဝါရီ (၁၄) ရက်မှာ
လူထုတိုက်ပွဲ စခဲ့ပါတယ်။ သက်ဦးဆံပိုင် ပဒေသရာဇ်ဘုရင် အယ်လ်ခါလီဖာက ရက် ရက်စက်စက်
သတ်ဖြတ်နှိမ်နင်းတဲ့ကြားက ဇွဲနဘဲနဲ့ တော်လှန်ရေးလုပ်ခဲ့တဲ့အတွက် နောက်ဆုံးမှာ
အိမ်နီးနား ချင်း ပဒေသရာဇ်နိုင်ငံတွေကို အကူအညီတောင်း၊ စစ်တပ်တွေ ခေါ်ပြီး မတ်လ (၁၄)
ရက်မှာ အကြီးအကျယ် နှိမ်နင်းခဲ့ပါတယ်။ လူထုဆန္ဒပြပွဲတွေအတွင်းမှာ စစ်တပ်နဲ့
ပုလိပ်တွေ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရသူ တွေကို ဆေးကုပေးခဲ့တဲ့ ဆရာဝန်တွေ၊
သူနာပြု ဆရာမတွေကိုပါ ပဒေသရာဇ်အာဏာရှင်က ဖမ်းဆီးထောင် ချခဲ့ပါသေးတယ်။ လူ (၄၀) လောက်
အသက်ဆုံးခဲ့ပါတယ်။ မတန်တဆ အင်အားနဲ့ နှိမ်နင်းခံရလို့ မတတ်သာ ဘဲ ငြိမ်နေရပေမယ့်
ဆက်တိုက်မယ့် အခြေအနေရှိပါတယ်။
၅။ ယီမင်နိုင်ငံမှာလည်း ဇန်နဝါရီလလယ်မှာ
အာဏာရှင် သမ္မတ အလီဆာလယ်ကို တော်လှန်တဲ့ လူထုတိုက် ပွဲတွေ ပေါ်ထွက်လာခဲ့ပါတယ်။ သမ္မတ
ဆာလယ်ကလည်း ပြင်းပြင်းထန်ထန် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့လို့ အခုထိ လူပေါင်း (၁,၀၀၀)
လောက် အသတ်ခံခဲ့ရပြီးဖြစ်ပါတယ်။ မေလထဲမှာတော့ တချို့နေရာတွေမှာ လူ ထုတိုက်ပွဲဟာ
လက်နက်ကိုင်တိုက်ပွဲအဖြစ် ဖြစ်ထွန်းသွားခဲ့ပြီး အခုနောက်ဆုံးအခြေအနေကတော့
တိုက်ပွဲပုံ စံ (၂)  မျိုးပေါင်းစပ်တိုက်ပွဲဝင်နေတဲ့သဘောရှိပါတယ်။ ကျူနီးရှားနဲ့ အိဂျစ်လူထုတိုက်ပွဲတွေ အတိုင်းအတာတခုအထိ အေးအေးဆေးဆေးနဲ့ အောင်မြင်သွားပြီး အမေရိကန် ဆန့်ကျင်ရေးသမား လစ်ဗျားမှာတော့ သွေးချောင်းစီးနေတာ တွေ့တဲ့အခါ တချို့လေ့လာသူတွေက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေမှာ စီးပွားရေးပိတ်ဆို့မှုမရှိလို့အမေရိကန်နဲ့ စီးပွားရေး အပါအဝင် ဘက် ပေါင်းစုံ အဆက်အသွယ်တွေလည်းရှိ၊ စစ်တပ်တွေကလည်းအမေရိကန်စစ်တပ်နဲ့ အဆက်အဆံရှိ၊ အမေရိ ကန်စစ်တက္ကသိုလ်တွေ၊ စစ်သင်တန်းကျောင်းတွေမှာ
သင်တန်းတက်တာတွေရှိတဲ့အတွက် ဒီမိုကရေစီအမေ ရိကန်နိုင်ငံက အတွေးအခေါ်တွေ၊ စိတ်ဓာတ်တွေ
စိမ့်ဝင်ကူးစက်နေလို့ လူထုတိုက်ပွဲကို ပစ်ခတ်နှိမ်နင်းတာမ ရှိဘဲ တော်လှန်ရေးတွေ
အောင်သွားတယ်လို့ ယူဆခဲ့ကြပါသေးတယ်။ ဒါပေမယ့် ယီမင်နဲ့ ဘာရိန်း အပါအဝင် အမေရိကန်ရဲ့
အမာခံ မဟာမိတ်နိုင်ငံတွေမှာ ရက်ရက်စက်စက် ပစ်သတ်ပြီး ဒီမိုကရေစီမရ၊ လူထုတိုက်ပွဲ မ
နိုင်ဘဲဖြစ်နေတဲ့အခါ စောစောက စဉ်းစားချက်တွေကိုပယ်ဖျက်လိုက်ကြရပါတော့တယ်။

၆။ အမေရိကန်ဆန့်ကျင်ရေးသမား ဆီးရီးယားနိုင်ငံမှာ လူထုတိုက်ပွဲတွေ ဇန်နဝါရီ (၂၆) မှာ စပေါ်ခဲ့ပြီး အာ ဏာရှင် သမ္မတ အာဆဒ်က ရက်ရက်စက်စက်ပစ်ခတ်နှိမ်နင်းလို့ အခုအထိ လူပေါင်း (၁,၈၀၀) ကျော် အ သက်ဆုံးခဲ့ပါတယ်။ ဒါပေမယ့်ပြည် သူလူထုတွေဟာ အခုထိ ဇွဲနဘဲကြီးကြီးနဲ့ တိုက်ပွဲဝင်နေဆဲဖြစ်ပြီး လက်
နက်ကိုင်တိုက်ပွဲနဲ့ ပေါင်းစပ်မယ့် အလားအလာရှိနေပါတယ်။ ဆီးရီးယား အာဏာရှင်အစိုးရကို
ရုရှားနိုင်ငံက ရာနှုန်းပြည့် ထောက်ခံကူညီနေပါတယ်။ နအဖ-ကြံ့ဖွတ်ကို တရုတ်နိုင်ငံက
ထောက်ခံသလိုမျိုး ကုလသမဂ္ဂ ဗီ တိုအာဏာနဲ့ လက်နက်ခဲယမ်း အပါအဝင် ဘက်ပေါင်းစုံက
ထောက်ခံပေးနေတာ ဖြစ်ပါတယ်။ဒီ (၆) နိုင်ငံအပြင် အာဏာရှင်ဆန့်ကျင်ရေး
လူထုတိုက်ပွဲဆိုတဲ့ အာရပ်လှိုင်းစီးခဲ့တဲ့ တခြားအာရပ်နိုင်ငံတွေက တော့…

၇။ သက်ဦးဆံပိုင်ပဒေသရာဇ် ဂျော်ဒန် - ဇန်နဝါရီ (၁၄) ရက် လူထုတိုက်ပွဲ စခဲ့ပြီး
အကြမ်းဖက်နှိမ်နင်းခံရ၊ အ သေအပျောက် နည်းနည်းရှိ၊ အခုထိ တိုက်နေဆဲ။
၈။ သက်ဦးဆံပိုင်ပဒေသရာဇ် အိုမန် - ဇန်နဝါရီ (၁၇) ရက် လူထုတိုက်ပွဲ စခဲ့ပြီး
ပစ်ခတ်နှိမ်နင်းခံရ၊ လူ (၁၀) ယောက်နီးပါး သေ၊ မေလနှောင်းပိုင်း
အရှိန်လျော့။
၉။ သက်ဦးဆံပိုင်ပဒေသရာဇ် ကူဝိတ် - ဖေဖော်ဝါရီ (၁၉) ရက်
လူထုတိုက်ပွဲစပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ အ သေအပျောက်မရှိ၊ ဇွန်လအထိ
တိုက်နေဆဲ။
၁၀။ သက်ဦးဆံပိုင်ပဒေသရာဇ် ဆော်ဒီအာရေးဗျ - ဇန်နဝါရီ (၂၁) ရက်
လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ် နင်းခံရ၊ အ သေအပျောက် နည်းနည်းရှိ၊
လောလောဆယ်မှာ အမျိုးသမီးတွေ ဦးဆောင်ပြီး ကားမောင်းခွင့်ရ ရေး ခေါင်းစဉ်နဲ့
လူထုတိုက်ပွဲ ဆက်လုပ်နေပါတယ်။
၁၁။ သက်ဦးဆံပိုင်ပဒေသရာဇ် မော်ရိုကို -
ဇန်နဝါရီ (၃၀) ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ လူ (၁၀)
ယောက်နီးပါး သေ၊ အခုထိ တိုက်နေဆဲ။
၁၂။ မော်ရိုကို သိမ်းပိုက်ခံ အနောက်ဆာဟာရ
- ဖေဖော်ဝါရီ (၂၆) ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ် နင်းခံရ၊ အသေအပျောက်
နည်းနည်းရှိ။
၁၃။ အီရတ် - ဖေဖော်ဝါရီ (၁၀) ရက် လူထုတိုက်ပွဲစခဲ့ပြီး
အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခံရ၊ လူ (၃၀) ကျော် သေ၊ ဇွန်လနှောင်းပိုင်း
အရှိန်လျော့။
၁၄။ အီရတ် ကာဒစ်စတန် - ဖေဖော်ဝါရီ (၁၇) ရက်
လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခံရ၊ လူ (၁၀)
ယောက်လောက်သေ။
၁၅။ လက်ဘနွန် - ဖေဖော်ဝါရီ (၂၇) ရက် လူထုတိုက်ပွဲစခဲ့၊
ဂိုဏ်းဂဏ အကြမ်းဖက်မှုကြောင့် (၁၀) ယောက် လောက်သေ။
၁၆။ အဇ္ဇရေးနယ်စပ် - မေ
(၁၅) ရက်နဲ့ ဇွန်လထဲမှာ လူထုချီတက်ပွဲလုပ်၊ (၄၀) ခန့်ကို အဇ္ဇရေးက
ပစ်သတ်။
၁၇။ အယ်လ်ဂျီးရီးယား - ဒီဇင်ဘာ (၂၉) ရက် စတိုက်ခဲ့ပြီး
အကြမ်းဖက်နှိမ်နင်းခံရ၊ မိမိကိုယ် မီးရှို့ဆန္ဒပြသူ (၄) ယောက်ပါ၊ ရဲများလည်း ဆန္ဒပြ၊
မေလနှောင်းပိုင်း အရှိန်လျော့၊ လူ (၁၀) ယောက်နီးပါးသေ။
၁၈။ မော်ရီတေးနီးယား
- ဇန်နဝါရီ (၁၇) ရက် လူထုတိုက်ပွဲစခဲ့ပြီး ဧပြီအထိ။
၁၉။ ဆူဒန် - ဇန်နဝါရီ
(၃၀) ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ အသေအပျောက်
နည်းနည်းရှိ။
ဒီနိုင်ငံတွေထဲမှာ အယ်လ်ဂျီးရီးယား၊ မော်ရီတေးနီးယား၊
ဆူဒန်တို့က ရုရှား-တရုတ်မဟာမိတ်တွေဖြစ်ပြီး ကျန် တာအားလုံး အမေရိကန်ရဲ့မဟာမိတ်
အာဏာရှင်နိုင်ငံတွေ ဖြစ်ပါတယ်။ အီရတ်နဲ့ အီရတ်နိုင်ငံထဲက ကာဒစ်စ တန်
ပြည်နယ်တို့ဆိုရင် အမေရိကန်စစ်တပ်တွေ ရောက်ရှိသိမ်းပိုက်ထားပြီး
ဒီမိုကရေစီရနေပြီဆိုတဲ့ နိုင်ငံတွေ ဖြစ်သလို လက်ဘနွန်ကတော့
ဒီမိုကရေစီတပိုင်းနိုင်ငံဖြစ်ပါတယ်။ ဒီတော့ ခြုံကြည့်လိုက်ရင် အမေရိကန်လူ ဖြစ်ဖြစ်
အမေရိကန်ဆန့်ကျင်ရေးသမားဖြစ်ဖြစ် အာဏာရှင်တွေဟာ အာဏာကို ထိန်းသိမ်းနိုင်ဖို့အတွက် အ
ကြမ်းဖက်ဖို့ လက်မနှေးဘူး၊ လူသတ်ဖို့ ဝန်မလေးဘူးဆိုတာ
တွေ့ရပါတယ်။
အာရပ်ကမ္ဘာမှာ အာဏာရှင်ဆန့်ကျင်ရေးလှိုင်း မစီးခဲ့တာ ကာတာနဲ့
ယူအေအီးပဲ ကျန်ပါတယ်။ ဒီ (၂) နိုင်ငံ မှာတော့ အင်တာနက်ထဲ ကွန်ယက်ဖွဲ့
ကြေညာချက်ထုတ်တဲ့အဆင့်က မတက်ခဲ့ပါဘူး။
ကမ္ဘာ့သတင်းတွေမှာ သိသိသာသာ
မပါခဲ့ပေမယ့် အာရပ်ကမ္ဘာရဲ့ ပြင်ပမှာလည်း အာရပ်လှိုင်းစီးတဲ့ နိုင်ငံတွေ မနည်းမနော
ရှိခဲ့ပါတယ်။ ရှိနေပါတယ်။ အာရှတိုက်မှာဆိုရင် …
(၁)
အမေရိကန်ဆန့်ကျင်ရေးအမာခံ အစ္စလာမ်အာဏာရှင်စနစ် အီရန်နိုင်ငံကတော့ သတင်းတွေမှာ
အပါများ လို့ ထင်ရှားခဲ့ပါတယ်။ အီရန်မှာ ဖေဖော်ဝါရီ (၁၄) ရက်မှာ
လူထုတိုက်ပွဲစခဲ့ပါတယ်။ (၁၅) ယောက်လောက် ပစ်သတ်ခံရပြီး မေလထဲမှာ
အရှိန်လျော့သွားခဲ့ပါတယ်။
(၂) အမေရိကန်မဟာမိတ်ဖြစ်တဲ့ တူရကီနိုင်ငံမှာ
ကာ့ဒ်တိုင်းရင်းသားတွေက မတ်လ (၂၄) ရက်မှာ တိုင်းရင်း သား တန်းတူအခွင့်အရေး
လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရလို့ (၅) ယောက်လောက်သေခဲ့ပါတယ်။ အခုထိ
ဆက်တိုက်နေတုန်းဖြစ်ပါတယ်။
(၃) တရုတ်နိုင်ငံနဲ့ ... (၄)
ဗီယက်နမ်နိုင်ငံမှာတော့ အဓိကအားဖြင့် အင်တာနက်လှုပ်ရှားမှုအဆင့်ပဲ ဖြစ်ခဲ့ပါ တယ်။
တရုတ်ပြည်မှာ ဖေဖော်ဝါရီ (၂၀) ရက် လူထုတိုက်ပွဲစဖို့ စည်းရုံးပြင်ဆင်ခဲ့ပေမယ့်
တရုတ်အာဏာရှင် အစိုးရက အင်အားအကြီးအကျယ်သုံး ဟန့်တားနိုင်ခဲ့ပါတယ်။ ဗီယက်နမ်မှာတော့
ဖေဖော်ဝါရီနဲ့ မတ်လအ တွင်း ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြမှုတခုနဲ့
ဆန္ဒပြပွဲအသေးစားတချို့ ဖြစ်ခဲ့ပါတယ်။
(၅) တရုတ်ကိုလိုနီ တိဘက်မှာ ဇွန် (၆)
ရက်ကနေ အခုအထိ သံဃာတွေနဲ့ အရပ်သားတွေ ဆန္ဒပြနေကြပါ တယ်။ တရုတ်အစိုးရကလည်း ဖြိုခွဲ
ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ အသေအပျောက်သတင်း မကြားရသေး ပါ။
(၆) ၂၀၀၄-၂၀၀၅မှာ လူထုတိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ၂၀၀၈ မှာ ဒီမိုကရေစီတော်လှန်ရေး
ငြိမ်းချမ်းစွာအောင်မြင် သွားခဲ့တယ်ဆိုတဲ့ မောလဒိုက်နိုင်ငံမှာ ၂၀၁၁ မေ (၁)
ရက်နေ့မှာ လူထုဆန္ဒပြပွဲတွေစခဲ့ပါတယ်။ ဒါကို ၂၀၀၈ မှာ အာဏာရလာခဲ့တဲ့
ဒီမိုကရေစီတော်လှန်ရေးခေါင်းဆောင်ဆိုသူ လက်ရှိသမ္မတက အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။
(၇) အာဖဂန်နစ္စတန်နိုင်ငံမှာ မတ်လ (၆) ရက်ကစပြီး အမေရိကန်ဆန့်ကျင်ရေး
လူထုဆန္ဒပြပွဲတွေ လုပ်ခဲ့ကြ ပါတယ်။ မေလကုန်အထိ အယောက် (၃၀) လောက်
ပစ်သတ်ခံခဲ့ရပြီဖြစ်ပါတယ်။
(၈) ပစိဖိတ်သမုဒ္ဒရာထဲက ဖီဂျီကျွန်းနိုင်ငံမှာ
မတ်လ (၄) ရက် လူထုတိုက်ပွဲစဖို့ စီစဉ်ခဲ့ပေမယ့် စစ်အာဏာ ရှင်တွေက ကြိုတင်ပြီး
ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ပါတယ်။ အာဖရိကတိုက်မှာ အာရပ်လှိုင်းစီးတဲ့
နိုင်ငံတွေကတော့ ...
(၁) အိုင်ဗရီကို့စ်နိုင်ငံမှာရွေးကောက်ပွဲနိုင်တဲ့သူကို အာဏာလွှဲမပေးတဲ့ အာဏာရှင်ဂဘာ့ဂ်ဘိုကို ကုလသမဂ္ဂ
အသိအမှတ်ပြု ရွေးကောက်ပွဲနိုင် ဥတ္တရက ဖေဖော်ဝါရီလကုန်ပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲ
စတင်ဆင်နွှဲခဲ့ပါ တယ်။ တချိန်တည်းမှာ အမျိုးသမီးခေါင်းဆောင် အိုင်ယာတူရေက
အမျိုးသမီးငါးသောင်းလောက်ပါဝင်တဲ့ လူ ထုတိုက်ပွဲကို မတ်လ (၃) ရက်နေ့နဲ့ (၈)
ရက်နေ့တွေမှာ ဆင်နွှဲခဲ့ပါတယ်။ အာဏာရှင်အစိုးရက ဆန္ဒပြအမျိုး သမီး (၁၀) ယောက်လောက်ကို
ပစ်သတ်ခဲ့ပါတယ်။ ဒါပေမယ့် ဧပြီ (၁၁) ရက်မှာ အာဏာရှင် ဂဘာ့ဂ်ဘိုကို အရှင်ဖမ်းမိပြီး
တော်လှန်ရေးအောင်မြင်သွားခဲ့ပါတယ်။
(၂) အာဖရိကတိုက်က
ဘာကီနာဖာစိုနိုင်ငံမှာလည်း ဇန်နဝါရီလကုန်ကစပြီး လူထုတိုက်ပွဲတွေ ကြီးကြီးမားမား
ဖြစ်ခဲ့ပါတယ်။ ကျောင်းသားတွေ ပစ်သတ်ခံခဲ့ရပါတယ်။ ဧပြီလ (၁၅) ရက်မှာတော့
တပ်မတော်သားတွေနဲ့ ရဲတွေကလည်း လူထုတိုက်ပွဲထဲ ပါလာပြီး တပ်တွင်းပုန်ကန်မှုတွေ
ဟိုတကွက် ဒီတကွက်ပေါ်လာပါတယ်။ ဒီနောက်မှာ လူထုတိုက်ပွဲထဲ
အတိုက်အခံနိုင်ငံရေးပါတီတွေ၊ လယ်သမားတွေ၊ ကုန်သည်တွေ၊ အနုပညာရှင် တွေ၊
ကျောင်းဆရာတွေ၊ တရားသူကြီးတွေ ပါဝင်လာပါတယ်။ အာဏာရှင်သမ္မတ ဘလေ့စ်ကွမ်ပါအောက တော့
အကြမ်းဖက်သတ်ဖြတ်မှုတွေ လှည့်ဖျားမှုတွေသုံးပြီး အခုအချိန်ထိ အာဏာကို
ဖက်တွယ်နေတုန်းဖြစ် သလို ပြည်သူလူထုကလည်း ဇွဲနဘဲကြီးကြီးနဲ့
ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။
(၃) အာဖရိကတိုက်က ရုရှားမဟာမိတ်
အင်ဂိုလာနိုင်ငံမှာ မတ်လ (၆) ရက်နဲ့ (၇) ရက်တွေမှာ လူထုတိုက်ပွဲ အသေးစားတွေ
ဖြစ်ခဲ့ပါတယ်။
(၄) အာဖရိကတိုက်က ကင်မရွန်းနိုင်ငံမှာ အလုပ်သမားတွေနဲ့
ပြည်ပရောက်အတိုက်အခံတွေက ဖေဖော်ဝါရီ (၂၃) ရက်မှာ လူထုတိုက်ပွဲတွေ ဆင်နွှဲခဲ့ပေမယ့်
အစီအစဉ် ညံ့ဖျင်းလို့ အလွယ်တကူ နှိမ်နင်းခံခဲ့ရပါတယ်။
(၅) အာရပ်တပိုင်း
အာဖရိကတပိုင်း ဂျီဘူတီနိုင်ငံမှာလည်း ဇန်နဝါရီ (၂၈) ရက်မှာ လူထုတိုက်ပွဲ စခဲ့ပြီး အ
တိုက်အခံခေါင်းဆောင်တွေ အားလုံးလိုလို အဖမ်းခံရပြီးနောက် ဖေဖော်ဝါရီလကုန်ပိုင်းမှာ
အရှိန်လျော့သွားခဲ့ ပါတယ်။ ဆန္ဒပြသမား (၅) ယောက်လောက် အသတ်ခံခဲ့ရပါတယ်။
(၆)
ဂါဘွန်နိုင်ငံမှာ ဇန်နဝါရီ (၂၉) ရက်မှာ လူထုတိုက်ပွဲစတင်ခဲ့ပြီး
အကြမ်းဖက်နှိမ်နင်းခံခဲ့ရပါတယ်။ အခုအ ချိန်ထိ ကျောင်းသားတွေက ဦးဆောင်ပြီး
လူထုတိုက်ပွဲဆင်နေဆဲဖြစ်ပါတယ်။
(၇) ရုရှားနဲ့ တရုတ် မဟာမိတ်
မိုဇမ်ဘစ်နိုင်ငံက အလုပ်သမားတွေ ဧပြီ (၆) ရက်မှာ လူထုတိုက်ပွဲ စခဲ့တာကို ပုလိပ်တွေက
ဖြိုခွင်းလို့ အလုပ်သမားတချို့ သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ
စစ်ပြန်ရဲဘော်ဟောင်းတွေ ပါ ဝင်လာခဲ့ပါတယ်။ အခုအချိန်ထိ လူထုဆန္ဒပြပွဲတွေ
ဆက်ဖြစ်နေသလို ပစ်သတ်ခံရတာည်း လူ (၂၀) နီးပါး ရှိ သွားပြီဖြစ်ပါတယ်။
(၈)
သက်ဦးဆံပိုင် ပဒေသရာဇ်နိုင်ငံ ဆွာဇီလန်မှာ ပဒေသရာဇ်အာဏာရှင်ဆန့်ကျင်ရေး
လူထုတိုက်ပွဲကို မတ် လ (၁၈) ရက်ကနေ ဧပြီလအထိ ဆင်နွှဲခဲ့ပြီး အကြမ်းဖက်
ဖြိုခွဲခံခဲ့ရပါတယ်။
(၉) ယူဂန္ဓာနိုင်ငံမှာ ဖေဖော်ဝါရီ
ရွေးကောက်ပွဲမသမာမှုတွေကြောင့် ဥရောပနဲ့ ကမ္ဘာ့ဘဏ်အချစ်တော် အာ ဏာရှင် မူဆယ်ဗင်နီကို
ဆန့်ကျင်ဆန္ဒပြပွဲတွေ ဧပြီ (၁၁) ရက်မှာစဖြစ်ခဲ့ပါတယ်။ အကြမ်းဖက်ဖြိုခွင်းမှုကြောင့်
ဧပြီလကုန်အထိ (၁၀) ယောက်လောက် သေခဲ့ပြီဖြစ်ပါတယ်။
(၁၀) ဇင်ဘာဘွေနိုင်ငံမှာ
မတ်လ (၁) ရက် လူထုချီတက်ပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အာဏာရှင်မူဂါဘီက တင် ကြို
နှိပ်ကွပ်နိုင်ခဲ့ပါတယ်။
(၁၁) စစ်ဘုရင်တွေ လွှမ်းမိုးနေတဲ့
ဆိုမာလီယာနိုင်ငံမှာ ဖေဖော်ဝါရီ (၁၇) ရက်မှာ စစ်ဘုရင်ဆန့်ကျင်ရေး ငြိမ်းချမ်းရေး
တောင်းဆိုဆန္ဒပြခဲ့ကြပြီး ဧပြီ (၇) ရက်မှာတော့ ကုလဝန်ထမ်းစရိတ်တွေ၊
အဲန်ဂျီအိုစရိတ်တွေ အသုံးများတာကို ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတ အာဏာတိုးပြီး
ရွေးကောက်ပွဲရွှေ့ဆိုင်းတာကို မကျေနပ်လို့ ဇွန် (၉-၁၀) ရက်တွေမှာ ဆန္ဒပြတာ (၂) ယောက်
ပစ်သတ်ခံရပါတယ်။
အာရှအလယ်ပိုင်းမှာတော့ …
(၁)
ဒီမိုကရေစီအတော်အသင့်ရှိတဲ့ အာမေးနီးယားနိုင်ငံမှာ စီးပွားရေးကျပ်တည်းမှုတွေကြောင့်
ဇန်နဝါရီ (၁၉) ရက်မှာ လမ်းဘေးဈေးသည်တွေက လူထုတိုက်ပွဲ စဖွင့်ခဲ့ပြီး
နောက်ပိုင်းမှာ နိုင်ငံရေးချုပ်ချယ်မှုတွေကိုပါ ဆန္ဒ ပြ အရှိန်မြင့်လာခဲ့တာ
မေလကုန်အထိဖြစ်ပါတယ်။ အစိုးရဆီက လိုက်လျောချက် ကြီးကြီးမားမားရခဲ့ပါတယ်။ အစိုးရက
အကြမ်းမဖက်ခဲ့လို့ အသေအပျောက် မရှိခဲ့ပါ။
(၂) အာဏာရှင်တပိုင်း
အဇာဘိုင်ဂျန်မှာ လွတ်လပ်ခွင့်ပိုရရေးနဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးအတွက် မတ်
(၁၁) ရက်မှာ လူထုတိုက်ပွဲစခဲ့တာ မေလအထိ ဆင်နွှဲခဲ့ပါတယ်။ အစိုးရက
အကြမ်းဖက်နှိမ်နင်းတာ မလုပ် ပေမယ့် လူဖမ်းပွဲ အကြီးအကျယ် လုပ်ခဲ့ပါတယ်။
(၃)
၂၀၀၃ ခု နှင်းဆီရောင်တော်လှန်ရေးနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာတဲ့
ဂျော်ဂျီယာနိုင်ငံမှာတော့ ဒီမိုကရေစီအ စိုးရရဲ့အကျင့်ပျက်ခြစားမှု၊
စီးပွားရေးညံ့ဖျင်းမှုတွေကို မေလ (၂၁) ရက်ကစပြီး တပတ်ကြာ လူထုတိုက်ပွဲဆင်
ခဲ့ကြပါတယ်။ ရဲတွေက ဖြိုခွဲခဲ့ရာမှာ (၂) ယောက် သေခဲ့ပါတယ်။
ယေဘုယျအားဖြင့်
ဒီမိုကရေစီနိုင်ငံတွေလို့ ပြောနိုင်တဲ့ ဥရောပနိုင်ငံတချို့မှာလည်း
စီးပွားရေးမကျေနပ်ချက် တွေနဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့်
အာရပ်လှိုင်းလိုက်စီးကြတာတွေ ရှိပါတယ်။
(၁) အယ်လ်ဘေးနီးယားနိုင်ငံမှာ
စီးပွားရေးညံ့ဖျင်းမှုနဲ့ လာဘ်ပေးလာဘ်ယူမှုကို မကျေနပ်လို့ ဇန်နဝါရီ (၂၁) ရက်ကစပြီး
လူထုတိုက်ပွဲ တိုက်ခဲ့တာ ဆန္ဒပြသမား (၄) ယောက် အသတ်ခံခဲ့ရပါတယ်။
(၂)
ဥရောပတိုက်ရဲ့ နောက်ဆုံးအာဏာရှင်နိုင်ငံ ရုရှားတပည့် ဘယ်လာရုစ်မှာ မတ်လ (၂၅) ရက်ကနေ
အခု ထိ လူထုတိုက်ပွဲတွေ အပတ်စဉ်ဖြစ်ခဲ့ပြီး
အကြမ်းဖက်ဖြိုခွဲခံခဲ့ရပါတယ်။
(၃) ခရိုအေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ (၂၂)
ရက်မှာ လမ်းပေါ်လူထုတိုက်ပွဲတွေ ပေါက်ဖွားခဲ့ပြီး အကြမ်းဖက်ဖြို ခွဲခံရပါတယ်။
ဧပြီလဆန်းမှာ အရှိန်လျော့သွားခဲ့ပါတယ်။
(၄) ဒီမိုကရေစီနိုင်ငံဖြစ်တဲ့
စပိန်နိုင်ငံမှာ ဘယ်ပါတီဝင်မှမဟုတ်တဲ့ လူငယ်တွေက မေ (၁၅) ရက်မှာ လူထု
တိုက်ပွဲဆင်နွှဲပြီး နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ
တောင်းဆိုခဲ့ကြပါတယ်။ အခုအထိ ဆက်လက် ဆန္ဒပြနေဆဲဖြစ်ပါ တယ်။ ရဲတွေနဲ့ အကြမ်းဖက်မှုတွေ
ရှိခဲ့ပါတယ်။
(၅) ဂရိနိုင်ငံမှာ စီးပွားရေးမကျေနပ်ချက်တွေအပေါ်ကနေ
လူထုတိုက်ပွဲတွေ မေ (၂၅) ရက်မှာ စခဲ့ပြီး အခုဆို ရင် ပိုပြီးတော့ ပြင်းထန်လာပါတယ်။
ရဲတွေနဲ့ အကြမ်းဖက်မှုတွေ ရှိပါတယ်။
(၆) အင်္ဂလိပ်ရဲ့ နောက်ဆုံးလက်ကျန်
ကိုလိုနီတခုဖြစ်တဲ့ မြောက်အိုင်ယာလန်မှာ အင်္ဂလိပ်ဆန့်ကျင်ရေး လူ ထုတိုက်ပွဲတွေ ဇွန်
(၂၂) ရက်မှာ စတင်ခဲ့ရာမှာ အဓိကအားဖြင့် အင်္ဂလိပ်လိုလားသူတွေက အကြမ်းဖက်မှု တွေ
လုပ်ခဲ့ပါတယ်။
(၇) ဆိုက်ပရပ်နိုင်ငံမြောက်ပိုင်းမှာ ဇန်နဝါရီ (၂၈) ရက်ကစပြီး
တူရကီသြဇာခံ အစိုးရဆန့်ကျင်ရေး လူထု တိုက်ပွဲ စလုပ်ခဲ့ပါတယ်။ ဧပြီနောက်ပိုင်းမှာ
အရှိန်လျော့သွားပါတယ်။
တောင်အမေရိက-မြောက်အမေရိကမှာ …
(၁)
အမေရိကန်ပြည်ထောင်စု ဝစ္စကွန်ဆင်ပြည်နယ်မှာ အလုပ်သမားတွေနဲ့ ကျောင်းသားတွေရဲ့
လူထုတိုက် ပွဲ ဖေဖော်ဝါရီ (၁၄) ရက်မှာ စဖြစ်ခဲ့ပါတယ်။ အဓိကအားဖြင့်
အလုပ်သမားသမဂ္ဂအခွင့်အရေး ဖျက်သိမ်းမခံရ ဖို့ ကာကွယ်တောင်းဆိုတာဖြစ်ပြီး အခုအချိန်ထိ
တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။ အင်ဒီယားနားနဲ့ အိုဟိုင်းယိုး ပြည်နယ်တွေကိုလည်း
ကူးစက်ပျံ့နှံ့နေပါတယ်။
(၂) မက်ဆီကိုမှာ မတ် (၂၈) ရက်ကစပြီး မေလဆန်းအထိ
အစိုးရနဲ့ မူးယစ်ဂိုဏ်းတွေ စားကျက်လုတဲ့ မူးယစ် ဆေးစစ်ပွဲဆန့်ကျင်ရေး
လူထုတိုက်ပွဲဆင်ခဲ့ကြပါတယ်။
(၃) ဘိုလစ်ဗီးယားမှာ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့
အစိုးရပြောင်းလဲရေးအတွက် ဖေဖော်ဝါရီ (၁၀) ရက်မှာ လူ ထုတိုက်ပွဲ စခဲ့ကြတာ
ဧပြီလလယ်အထိ တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။ အကြမ်းဖက်နှိမ်နင်းမှုတွေရှိပေမယ့် အ
သေအပျောက်သတင်း မကြားရပါ။
(၄) ပီရူးနိုင်ငံမှာ သတ္တုတွင်းလုပ်သားတွေက
မေလဆန်းမှာ စတင်ဆန္ဒပြခဲ့ပြီး ဇွန်လထဲမှာ ဒေသတော်တော် များများကို
လူထုတိုက်ပွဲတွေပျံ့နှံ့သွားခဲ့ပါတယ်။ အကြမ်းဖက်ခံရလို့ (၅) ယောက်နဲ့ (၁၀)
ယောက်ကြား သေ ခဲ့ပါတယ်။ အခုထိ တိုက်နေဆဲဖြစ်ပါတယ်။
ဒါတွေကတော့
လက်လှမ်းမှီသမျှ စာရင်းပဲဖြစ်ပါတယ်။ ဒီလူထုတိုက်ပွဲတွေအားလုံးဟာ ကျူနီးရှားနဲ့
အီဂျစ် တော်လှန်ရေးတွေရဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်လာတာလို့ အဲဒီနိုင်ငံတွေက
တိုက်ပွဲဝင်သူတွေကိုယ်တိုင် ပြောကြ သလို အာရပ်တော်လှန်ရေးလက္ခဏာဖြစ်တဲ့
အင်တာနက်အသုံးချ စည်းရုံးတာ၊ စီစဉ်တာတွေလည်း လုပ်ခဲ့ကြ တဲ့အတွက်
“အာရပ်လှိုင်းစီးသူများ” လို့ သတ်မှတ်တာဖြစ်ပါတယ်။

အာရပ်လှိုင်းစီးတာကိုလေ့လာကြည့်တဲ့အခါ အာရပ်လှိုင်းဟာ အနာခံစီးရတာဖြစ်ပါတယ်။ သက်တောင့်သက် သာဇိမ်နဲ့စီးရတာ မရှိသလောက်ပါ။ နိုင်ငံတော်တော်များများမှာ စစ်တပ် သို့မဟုတ် ပုလိပ်က
တဖြောဖြော သတ်နေတဲ့ကြားက နောက်မတွန့်ဘဲ ဇွဲနဘဲကြီးကြီးနဲ့ စီးနေကြတာ တွေ့ရပါတယ်။
ဗမာစစ်တပ်နဲ့ မတူလို့ ငြိမ်းချမ်းစွာ အောင်မြင်သွားတာဆိုတဲ့ ကျူနီးရှားမှာ လူ
(၂၀၀)၊ အီဂျစ်မှာ လူ (၁,၀၀၀) နီးပါး အသေခံခဲ့ရပါ တယ်။ ဒါ့အပြင် အာရပ်လှိုင်းကို
စစီးတာဟာ အများအားဖြင့် သာမန်ပြည်သူတွေပဲဖြစ်ပြီး နိုင်ငံရေးအတိုက်အ ခံပါတီတွေက
နောက်မှလိုက်ပြီး တက်စီးကြတာဖြစ်ပါတယ်။ မစီးတဲ့ ပါတီတွေကတော့ မြောင်းထဲရောက်ကုန်
ကြပါတယ်။အာရပ်လှိုင်းစီးတဲ့ (၅၂) နိုင်ငံဟာ တနိုင်ငံနဲ့ တနိုင်ငံ ထပ်တူညီတာ
တခုမှမရှိသလို မူလအာရပ်လှိုင်း ကျူနီး ရှား သို့မဟုတ် အိဂျစ်တို့နဲ့
ထပ်တူညီတာတွေလည်း မတွေ့ရပါဘူး။ ကမ္ဘာ့အဆိုးဆုံး အာဏာရှင်နိုင်ငံတွေ ဆိုး
ပေနိုင်ငံတွေပါသလို ဒီမိုကရေစီနိုင်ငံလို့ အများသတ်မှတ်ထားတဲ့ နိုင်ငံတွေလည်း
ပါပါတယ်။ အမေရိကန် ဘက်သားကော ရုရှား-တရုတ်ဘက်သားရော ပါနေပါတယ်။ ဒါပေမယ့်
အာဏာရှင်ဆန့်ကျင်ရေးအပါအဝင် မ တရားမှုဆန့်ကျင်ရေး လှိုင်းစီးတာတော့
တူနေပါတယ်။အာရပ်လှိုင်းစီးတာ(၅၂) နိုင်ငံရှိပေမယ့် အာဏာရှင်ဘိုးအေနိုင်ငံကြီးဖြစ်တဲ့
မြန်မာပြည်ကတော့ လှိုင်းစီးတဲ့အ ထဲ မပါခဲ့တာထူးဆန်းနေပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးအခြေအနေအရ ကရင်၊ ရှမ်း၊ ကချင်နယ်မြေတွေ မှာ
လက်နက်ကိုင်တိုက်ပွဲတွေ တခြိမ်းခြိမ်းဖြစ်လာနေပြီး အဲဒီကမှမြို့ပေါ်လူထုတိုက်ပွဲတွေ၊ တပ်တွင်းပုန်ကန် မှုတွေကို တွန်းအားပေးမယ့် အလားအလာ၊လက်နက်ကိုင် တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်မယ့် အလားအ လာတော့ရှိနေပါတယ်။လူထုတိုက်ပွဲ ပေါက်ကွဲလာတဲ့အခါကျမှပဲ အတိုက်အခံပါတီတွေ ပါဝင်လာနိုင်ကောင်းပါရဲ့...။ ။
ဂါမဏိ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...