Saturday, July 9, 2011

အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ( အပိုင်း ၃)

မြန်မာနိုင်ငံက အသွင် ကူးပြောင်းရေး လမ်းပေါ် ရောက်နေ တာတော့ အမှန်ပဲ။ ဗိုလ်ချုပ်မှူးကြီးကတော့ ဒါဟာ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကို ဦးတည် နေတယ်လို့ ပြောတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၂၀၁၀ နှစ်ကုန်မှာ လုပ်မယ့် ရွေးကောက်ပွဲတွေက ပေါ်လာမည့် လွှတ်တော်တွေ အစည်းအဝေးတွေကနေ အသက်ဝင် လာလိမ့်မယ်။
(ဤဆောင်းပါး ရေးသား ဖော်ပြချိန်သည် ၂၀၁၀ နှစ်လည် ဖြစ်သည်။ ပိတောက်မြေ) ကျွန်တော်တို့ အားလုံး သိပြီးတဲ့ အတိုင်း မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်မှာပ ရှိနေဦးမှာပါ။ ဒါပေမယ့် အတိုက်အခံတွေရဲ့ အသံကို ကျယ်ကျယ် လောင်လောင် မဟုတ်တောင် ဥပဒေနဲ့ အညီ ပြောခွင့်ရမယ့် နေရာလွတ်တွေ   ပေါ်လာမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးက ၂၀၀၉ ခုနှစ် မတ်လမှာ ဒီမိုကရေစီ ဆိုတာ အခုရေတွင်းတူး အခု ရေကြည်သောက်လို့ မရဘူးလို့ ပြောတယ်။ ဒါပေမယ့် ဘယ်လောက် ကြာကြာ၊ ဘယ်လို စောင့်ရမယ် ဆိုတာတော့ မပြောဘူး။

နှစ်ပေါင်း များစွာထဲက အခုလို အသွင်ကူးပြောင်း ကာလမှ အောင်ဆန်းစုကြည်ဟာ နိုင်ငံ ခေါင်းဆောင် ဒါမှမဟုတ် အရေးကြီးတဲ့ နေရာကို ရဖို့ မရှိဘူး ဆိုတာ သိကြပြီးသားပါ။ သူ့ကို အကျယ်ချုပ် ချခဲ့တာ၊ ပြစ်မှု အမျိုးမျိုးနဲ့ စွဲချက် တင်ခဲ့တာ၊ နိုင်ငံခြားက ငွေကြေး အထောက် အပံ့တွေ ယူတာ (နိုဘယ်ဆုကြေး အပါအ၀င်)၊ ကွယ်လွန် သွားပြီ ဖြစ်တဲ့ ဗြိတိသျှ နိုင်ငံသား ခင်ပွန်းကို လက်ထပ် ခဲ့တာတွေဟာ သူရာထူး မရအောင် တားဆီးဖို့ အတွက် အကြောင်း ပြချက်တွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာတော့ သူ့ကို ထောက်ခံသူတွေ များနေတုံးပဲ၊ ဒါဟာ နှစ်ရှည်လများ အကျဉ်းချ ခံခဲ့ရတာကြောင့် ဂရုဏာ သက်တာတွေလည်း ပါတယ်။ ပြည်ပမှာလည်း စစ်အစိုးရဘက်က ဘေးဖယ်ထားဖို့ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ထောက်ခံသူတွေ အများကြီး ရှိနေတုံးပဲ။

အောင်ဆန်းစုကြည်ကို အနားမှာ ၀န်းရံနေတဲ့ အထဲမှာ အမေရိကန် နိုင်ငံရေး အသိုင်းအ၀န်းလည်း ပါတယ်။ ဒီအချက်ဟာ အင်န်အယ်လ်ဒီက ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်မပြိုင်ဖို့ ဆုံးဖြတ် လိုက်ချိန်မှာ ပိုပြီး သိသာ လာတယ်။ ဒီလို ၀င်မပြိုင်ဖို့ကို အောင်ဆန်းစုကြည်က ဆုံးဖြတ်ခဲ့ပြီး အင်န်အယ်လ်ဒီ အမှုဆောင် အဖွဲ့က ၂၀၁၀ မတ်လ ၂၉ ရက်နေ့မှာ ထောက်ခံ ခဲ့ပါတယ်။ အမှုဆောင် အဖွဲ့ထဲက တစ်ချို့ကတော့ ၀င်ပြိုင်ချင်ပေမယ့် ဘယ်သူမှ သူ့ဆန္ဒကို မဆန့်ကျင်ရဲကြဘူး။ အင်န်အယ်လ်ဒီက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့နဲ့ အခြေခံ ဥပဒေကို ပြင်ပေးဖို့ ဆိုတာကို သူတို့ ၀င်ပြိုင်ဖို့ အတွက် စည်းကမ်း အဖြစ် သတ်မှတ် ထားပေမယ့် စစ်အစိုးရ ဘက်ကတော့ လိုက်လျောဖို့ ဆန္ဒ မရှိပါဘူး။ နောက်ပိုင်းမှာ ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ အင်န်အယ်လ်ဒီ အမှုဆောင် ဟောင်းတွေကို အောင်ဆန်းစုကြည်က မသင့်မတော် လုပ်ဆောင် ခဲ့တယ်လို့ စွပ်စွဲခဲ့တယ်။ အင်န်အယ်လ်ဒီ ထဲမှာလည်း နောက်ဆုံးတော့ ဒီမိုကရေစီ ဗဟိုဦးစီးစနစ်က နိုင်သွားတာပါပဲ။

(အဲဒီလို အောင်ဆန်းစုကြည်ရဲ့ သဘောထားကြောင့်) အမေရိကန် လွှတ်တော်ထဲက အတော် များများက ဒီအသွင် ကူးပြောင်းရေး ကာလမှာ ပေါ်ထွက် လာမယ့် အစိုးရဟာ တရား မ၀င်ဘူးလို့ သတ်မှတ် ခဲ့ကြတယ်။ ဒီအမြင်ဟာ အစိုးရနဲ့ ပိတ်ဆို့ အရေးယူအမှု အပေါ် သူ့သဘောထား မပြောင်းမခြင်း ဒီအတိုင်းပဲ ဆက်ရှိနေဦးမှာ သေချာတယ်။ ဒါ့ကြောင့်အသွင် ကူးပြောင်းရေး ဆိုတာ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် တစ်ချို့ရဲ့ အမြင် ဖြစ်လာမှာ မဟုတ်ဘဲ ပြည်တွင်းရေး သက်သက် ကိစ္စပဲ ဖြစ်နေဦးမှာပဲ။ အာဆီယံ အဖွဲ (အဖွဲ့ဝင် တစ်ချို့ ကတော့ တစ်မျိုး မြင်နိုင်တယ်။ ) ကုလသမဂ္ဂ၊ ဂျပန်၊ တရုတ်၊ အိန္ဒိယတို့ကတော့ အေးအေး ချမ်းချမ်း ပြီးသွားမယ့် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမယ့် အခြေအနေ ရှိပါတယ်။ အမေရိကန်မှာတော့ အတော် များများက ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး၊ အားလုံး ပါဝင်ခွင့် မရှိဘူးလို့ ပြောနေကြပြီ။ ဒါပေမယ့် အဲဒါကို တရားဝင် အဓိပ္ပါယ် ဖွင့်ဆိုမှုတော့ မရှိသေးဘူး။ ကမ့်ဘဲလ်ကတော့ အခုလိုပြောတယ်

ဒီလို တစ်ဘက်သတ် (ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး) လုပ်တာရဲ့ ရလဒ်ကြောင့် ကျွန်တော်တို့ အနေနဲ့ ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာ စံအရ တရားဝင်မှု မရှိနိုင်ဘူးလို့ ယူဆရမလို ဖြစ်နေပြီ။

အခု ဒီစာရေးနေတဲ့ အချိန်မှာ ကွန်ဂရက် လွှတ်တော်ထဲမှာလည်း တင်းကျပ်တဲ့ နိုင်ငံရေး ပါတီဥပဒေ ( ထောင်ကျနေတဲ့ လူတွေ ပါတီဝင် ဖြစ်ခွင့်မရှိတဲ့)ကို အကြောင်းပြုပြီး နောက်ထပ် အရေးယူမှုတွေ တိုးလုပ်ဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်နေတယ်။ ၂၀၁၀ မတ်လ ၂၆ ရက်နေ့မှာ ပါတီနှစ်ခုလုံးက အထက် လွှတ်တော်အမတ် ကိုးဦးက သမ္မတ အိုဘားမားကို ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အရေးယူမှုတွေကို ထပ်ပြီး တိုးချဲ့ဖို့နဲ့ JADE ဥပဒေထဲမှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် တစ်ဦး ခန့်ထားဖို့ စာရေး တောင်းဆိုခဲ့တယ်။ ခက်တာက အဲဒီ ကိုယ်စားလှယ်ကို အထက်လွှတ်တော် ဆီးနိတ်က အတည်ပြုရမှာ ဆိုတော့ မြန်မာဘက်က စကားပြောဖို့ လိုလားမယ့် လူမျိုး ရွေးနိုင်မယ် မထင်ဘူး။ (အထက် လွှတ်တော်က လက်ခံနိုင်မယ့် သဘောထား တင်းမာသူပဲ ဖြစ်ဖို့ များတယ်။) ဧပြီလ ၁၄ ရက်မှာတော့ အထက် လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ဖို့နဲ့ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်ကို မြန်မာနဲ့ ထိတွေ့ ဆက်ဆံမယ် ဆိုတဲ့ မူဝါဒကို ပြန်သုံးသပ်ပြီး အရေးယူမှုကို တိုးချဲ့ဖို့ တောင်းဆိုတဲ့ အဆိုကို အတည်ပြု ပေးခဲ့တယ်။ အောက်လွှတ်တော် အမတ်ရိုဘာချာ ကတော မြန်မာ့ တပ်မတော်သားတွေကို ပြည်သူနဲ့ လက်တွဲပြီး အစိုးရကို ပုန်ကန်ထကြွဖို့ တောင်းဆိုပြီး အဲဒီလိုသာ လုပ်ခဲ့ရင် အမေရိကန်က သူတို့ဘက်က ရှိမယ်လို့ ကတိပေးခဲ့တယ်။

သုံးသပ်ချက်

အောင်ဆန်းစုကြည် တစ်ယောက်တည်းက အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဆုံးဖြတ် ပေးနေတယ်လို့ ပြောရင် လွန်မှာ ဖြစ်ပေမယ့် သူ့သဘောထားတွေ ကတော့ အမေရိကန်တွေ အခြေခံ စဉ်းစားတဲ့ အချက်တွေ ဖြစ်နေတာတော့ အမှန်ပဲ။ အိုဘားမား အစိုးရအဖွဲ့ရဲ့ မူဝါဒ ပြန်လည် သုံးသပ်မှုနဲ့ တစ်ပိုင်းတစ်စ ပြန်လည် ပြင်ဆင်မှု များဟာလည်း လွှတ်တော် နှစ်ရပ်အတွင်းက အောင်ဆန်းစုကြည် အပေါ် အပြင်းအထန် ထောက်ခံနေမ တွေကြောင့် ရှေ့တိုးနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဒဏ်ခတ် အရေးယူမှု လျှော့ဖို့ ဆိုတာတွေဟာ အမေရိကန်နိုင်ငံ ပြည်တွင်း နိုင်ငံရေး အခြေအနေကြောင့်ရယ်၊ အစိုးရအနေနဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံတကာမှာ တစ်ခြား ပိုပြီး ဦးစားပေးရမယ့် ကိစ္စတွေ ရှိနေတာ ရယ်ကြောင့်ရော၊ ဒီလို လုပ်လိုက်ရင် စစ်အစိုးရကို ဆုချသလို ဖြစ်သွားလိမ့်မယ် ဆိုတဲ့ အမြင်ကြောင့်ရော ဖြစ်လာဖို့ မရှိဘူး။

ဒီလိုပဲ မြန်မာနိုင်ငံ အကြောင်း ဘာမှမသိပဲနဲ့ သူ့ကို ထောက်ခံ နေသူတွေကြောင့်၊ အမေရိကန် နိုင်ငံရေး လောကထဲမှာ ဆွဲဆောင် စည်းရုံးမှု အားကောင်းလှတဲ့ ပြည်ပရောက် အုပ်စုတွေနဲ့ လူ့အခွင့်အရေး အုပ်စုတွေကြောင့်၊ နောက်ပြီး အမေရိကန်ရဲ့ အခြေအနေ၊ စိုးရိမ်မှုတွေကို နားမလည်ပဲ အမေရိကန်တွေ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ရာမှာ တော်လှတဲ့ စစ်အစိုးရ ကြောင့်ရော အမေရိကန်ရဲ့ မြန်မာမူဝါဒ ပြောင်းလဲဖို့ ဆိုတာ အောင်ဆန်းစုကြည် သဘောထား တစ်ခုတည်းမှာပဲ မူတည်နေပါတယ်။

ဒီတော့ သူကိုယ်တိုင် လူသိရှင်ကြား ပြောပြီး တောင်းဆိုမှပဲ အမေရိကန် မူဝါဒက ပြောင်းဖို့ ရှိတယ်။ သူ့အနေနဲ့ သူ့ကို ထောက်ခံနေတဲ့ ပြည်တွင်း၊ ပြည်ပက လူတစ်ချို့ မကြိုက်ရင်တောင် ပြည်တွင်းရေး အခြေအနေတွေကို ထည့်စဉ်းစားပြီး မူပြောင်းသင့်ပြီလို့ ပြောမှပြောင်းမှာပဲ။ ဒါပေမယ့် အခု စာရေးနေတဲ့ အချိန် အထိကတော့ အဲဒီလို သဘောထား ပြောင်းတာ မတွေ့ရသေးပါဘူး။

၂၀၁၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ၀င်ပြိုင်သင့်၊ မသင့်နဲ့ ပတ်သက်ပြီး အိုဘားမား အစိုးရနဲ့ အောင်ဆန်းစုကြည် အကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိတယ်ဆိုတဲ့ ကောလဟာလ သတင်းတွေတော့ ထွက်ခဲ့တယ်။ တစ်ခြား နိုင်ငံတစ်ချို့နဲ့လည်း ဒီလိုကွဲလွဲမှု ဖြစ်တယ် ဆိုတာလည်း ကြားရတယ်။ ဒါကလည်း မဆန်းဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ၀င်လာတာနဲ့ ၁၉၉၀ ရလဒ်က ပျက်ပြယ်တော့မှာကိုး၊ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေမှာ ၁၉၉၀ ရလဒ်ကို ပယ်ဖျက် လိုက်တယ်လို့ အတိအလင်း ပြောထားပြီး ဖြစ်ပါတယ်။ အောင်ဆန်းစုကြည် ကတော့ သူ့ရပ်တည်ချက်ဟာ မူအရ ခိုင်ခိုင်မာမာ ရပ်တည်ခြင်း ဖြစ်တယ်လို့ ခံယူပြီး အိုဘားမား အစိုးရဘက် ကတော့ လက်တွေ့ ကျကျ ချဉ်းကပ်ဖို့ ဆိုတဲ့ သဘောထား ရှိနေတယ်။ ဒီတော့ အထက်မှာ ပြောခဲ့တဲ့ သဘောထား ကွဲလွဲမှုဆိုတာ ဖြစ်ကောင်း ဖြစ်နိုင်တာပဲ။

နောက်ပြီး အောင်ဆန်းစုကြည်နဲ့ သူ့လူတွေက မြန်မာ တစ်နိုင်ငံ အရေးကိုပဲ အာရုံစိုက်တာ ဖြစ်ပြီး အမေရိကန်နဲ့ နိုင်ငံတကာ ကတော့ ဒေသတစ်ခုလုံး၊ တစ်ခါတစ်ရံ တစ်ကမ္ဘာလုံးနဲ့ ယှဉ်ပြီး စဉ်းစားတာ ဖြစ်တယ်။ ဒီတော့ နှစ်ဘက် အကျိုးစီးပွားက တူတာလည်း ရှိပေမယ့် အားလုံး တစ်ထပ်တည်းတော့ မဖြစ်နိုင်ဘူး။ ဒါကို နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့ကတော့ အခုလို သုံးသပ်ပြတယ်။

(စ) ပါတီရဲ့ အနာဂတ်က ဘယ်လို ဖြစ်လာ ဖြစ်လာ အောင်ဆန်းစုကြည် ကတော့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ကျင့်ဝတ် အရ၊ ၊နိုင်ငံရေးအရ သြဇာရှိနေဦးမှာပဲ။ တကယ်တော့ ဘယ်ပါတီနဲ့မှ မပတ်သက်တော့ဘူး ဆိုရင် သူ့ရဲ့ အမျိုးသား ခေါင်းဆောင် အခန်းကဏ္ဍက ပိုပြီးတောင် ခိုင်မာလာမှာ ဖြစ်ပါတယ်။ အတိတ်မှာ အစိုးရနဲ့ သူတွေ့ဆုံ ဆွေးနွေးမှုတွေ အရှိန်ကောင်း နေတုံးက အဲဒီလိုလုပ်ဖို့ သူ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမယ့် ပါတီကို မစွန့်ပစ်နိုင်ခဲ့ဘူး။ တကယ်တော့ အဲဒီ စိုးရိမ်မှုဟာ အခု အခြေအနေမှာ သိပ်ပြီး အသုံးမ၀င် တော့ပါဘူး။ (ဆုံး)

နှစ်ဘက်ကြား ကွဲပြားမှုများက အမေရိကန် အတွက်ရော၊ အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ အတွက်ပါ ကျဉ်းထဲ ကြပ်ထဲကို ရောက်စေတယ်။ မြန်မာ အစိုးရဘက်ကလည်း နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ အပြောင်းအလဲ လုပ်မယ့် လက္ခဏာ မရှိဘူး။ ဒါပေမယ့် ရွေးကောက်ပွဲက သိပ်ပြီး လွတ်လပ် တရားမျှတမှု မရှိပေမယ့် အေးအေး ချမ်းချမ်း ပြီးသွားမယ်၊ အတိုက်အခံ အမတ်တစ်ချို့ လွှတ်တော် အဆင့်ဆင့်တွေထဲကို အနည်းစု အနေနဲ့ ရောက်သွားမယ်၊ ပြီးတော့ အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားတွေ ပြန်လွတ်လာမယ် ဆိုရင် အမေရိကန် အစိုးရအနေနဲ့ အစိုးရသစ်ကို ဘယ်လို ဆက်ဆံမလဲ ဆိုတာ စဉ်းစား ရတော့မယ်။ ၂၀၁၃ မှာ မြန်မာက အာဆီယံ ဥက္ကဌရာထူး ယူမယ့် အလှည့် ရောက်လာပြီ (အမှန် မှာ ၂၀၁၄ ဖြစ်ပါသည်။ ပိတောက်မြေ) ဒါကို အမေရိကန်က ဘယ်လို သဘောထားမလဲ။ အစိုးရသစ်က စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာရင် အမေရိကန် ဘယ်လို တုန့်ပြန်မလဲ။ ချုပ်လိုက်ရင်တော့ ပြည်တွင်းက ဘယ်လို အပြုသဘော ဆောင်တဲ့ အခြေအနေကို အမေရိကန်ဘက်က အလားတူ အပြု သဘောဆောင် တုန့်ပြန်ရမယ့် အခြေအနေလို့ သတ်မှတ်မှာလဲ၊ အဲဒီလို တုန့်ပြန်နိုင်ဖို့ အတွက် နိုင်ငံရေး စွမ်းအား ဘယ်လောက် ရှိသလဲဆိုတဲ့ အချက်ပဲ။

မြန်မာ ပြည်သူတွေ အပေါ်မှာ ဖိနှိပ်ခဲ့မှုတွေ အတွက် ဥပဒေအရ ပြန်လည် အရေးယူစေချင်တဲ့ လူတွေ အများကြီး ရှိတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ အဲဒီလိုဖြစ်ဖို့ မရှိဘူး။ ၂၀၀၈ အခြေခံ ဥပဒေမှာ အစိုးရဟောင်းက လူတွေကို အဲဒီလို အရေးမယူဖို့ ပြဋ္ဌာန်း ထားတယ်။ ဒီတော့ အမေရိကန် အစိုးရဘက်က မူပြောင်းချင်ရင်တောင် လွှတ်တော်ထဲမှာ ဒါကို ဆန့်ကျင်မယ့် လူတွေ အများကြီး ရှိတယ်။ ဒီတော့ အိုဘားမား အစိုးရအနေနဲ့ မြန်မာနိုင်ငံလို ပြောလို့ ကောင်းပေမယ့် မဟာဗျူဟာ အရ အရေးမပါတဲ့ ကိစ္စတစ်ခုအတွက် သူ့နိုင်ငံရေး စွမ်းအားတွေကို သုံးပါ့မလား။ အခု ရွေးကောက်ပွဲ နီးလာချိန်မှာ လွှတ်တော်ထဲမှာ အရေးယူမှုတွေကို ထပ်ပြီး တိုးချဲ့ဖို့နဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး အရေးယူဖို့ဆိုတဲ့ တောင်းဆိုမှုတွေက ပေါ်ထွက်နေပြီ။ အဲဒါဟာ မြန်မာ အစိုးရသစ် အတွက် ပြဿနာတွေ ပိုကြီးလာဖို့ အခြေအနေပဲ။

အခုထိတော့ အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံ မူဝါဒကို အဆုံးအဖြတ် ပေးတဲ့နေရာမှာ ရှိနေတုံးပဲ။ ရွေးကောက်ပွဲပြီးလို့ ဖြစ်လာမယ့် အောင်ဆန်းစုကြည်ရဲ့ အနေအထားကလည်း အမေရိကန် မူဝါဒအပေါ် အချိန် အတော်ကြာထိ သြဇာ ရှိနေဦးမှာပါပဲ။

( David I Steinberg ဟာ ဂျော့ခ်ျတောင်း တက္ကသိုလ် ပါမောက္ခဖြစ်ပြီး အခု ဆောင်းပါးကိုတော့ Journal for Current South East Asian Affairs မှာ စက်တင်ဘာ ၂၀၁၀ က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ )

ပိထောက်မြေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...