Saturday, July 9, 2011

"သွေးလှူခြင်း အနုပညာနှင့် ဒဂုန်တာရာ၏ မေ"

created the doc: "သွေးလှူခြင်း အနုပညာနှင့် ဒဂုန်တာရာ၏ မေ"
Cloud Cuckoo Land created the doc:
သုံးလတစ်ကြိမ် သွေးလှူရက်သည် အရင် တစ်ပတ်က ပြည့်ခဲ့ပြီ။ အရင်အပတ်က သွားမည် သွားမည်နှင့် မသွားဖြစ်ခဲ့ပေ။ ဒီနေ့ ကြာသာပတေးနေ့ အလုပ်အားသဖြင့် သွေးလှူရန် ထွက်လာခဲ့သည်။ HSA( Health Sciences Authority) ဌာန၏  Blood bank သွေးလှူဘဏ်ရှိရာ Outram Park Mrt သို့ ကျွန်တော်အိမ်မှာ လေးဆယ့် ငါးမိနစ်လောက် ရထားစီးရမည်ဖြစ်သောကြောင့် စာအုပ်တစ်အုပ်ဖတ်ရန် ထည့်လာခဲ့သည်။ “ဒဂုန်တာရာရဲ့ မေ”.. ။


သခင်ဗဟိန်းရဲ့ အမှာစာကို ကျွန်တော် နှစ်ခေါက်သုံးခေါက်ပြန်ဖတ်သည်။ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းက “မေ၀တ္ထုကို ဖတ်ရသည်မှာ ရှန်ပိန်အရက်ကို သောက်လိုက်သည်နှင့် တူသည်” ဟု ဆိုသည်။ ထူးထူးကဲကဲ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားသောကြောင့်ဟု ဆိုသည်။ ဒဂုန်တာရာနှင့် ပတ်သက်၍လည်း  “ကိုဌေးမြိုင်(ဒဂုန်တာရာ)သည် ကျောင်းသားဖြစ်လေသည်။ သူသည် သမဂ္ဂစင်မြင့်မှလာသော စာရေးဆရာဖြစ်သည်။ သူ့တွင် ကဗျာစိတ်ကူးရှိသည်။ ထို့ကြောင့်သူရေးသားရာ၌ စာလုံးလေးများမှာ  ကဗျာဆန်သည်။ အင်မတန် လှပသည်။ ” ဟု ဆိုထားသည်။ ကျွန်တော် သခင်ဗဟိန်း၏ အမှာစာကို ထပ်ခါတလဲလဲ ဖတ်ခြင်းနှင့်အတူ အတွေးများ ကို စဉ်းစားတွေးတောနေသောကြောင့် ဖြစ်သည်။ ထိုခေတ်က မြန်မာစာပေ အဆင့်အတန်း၊ စာပေအရေးအသား ၊ အတွေးအခေါ်တွေကို ပြန်လည်စဉ်းစားနေမိသည်။

Outram Park Mrt ဘူတာသို့ရောက်သောအခါ ကျွန်တော် သွေးလှူဘဏ်ရှိရာသို့ ထွက်လာခဲ့သည်။ အဆောက်အဦးတွင်းသို့ ၀င်ရောက်လိုက်သည်နှင့် လေအေးစက်၏ အေးမြမှုကို ခံစားလိုက်ရသည်။ စင်္ကာပူတွင် နေ့ခင်းအပူချိန်သည် ငှာနဆိုင်ရာ အဆောက်အဦးတွေ ၊ စူပါ မတ်တွေ၊ စာကြည့်တိုက်တွေ၊ ရထားတွေထဲသို့ ၀င်ရောက်ကာ သက်ရှိလူသားများကို မနှိပ်စက်နိုင်ပေ။ သွေးလှူဘဏ်အဆောက်အဦး အတွင်းသို့ ၀င်ဝင်ချင်း ကော်ဖီဆိုင်ကလေးတစ်ဆိုင်ရှိသည်။ အရင်ခေါက်တွေလာစဉ်တုန်းက သွေးလှူပြီးသည့် အချိန်တွင် လက်မှတ်လေးတစ်စောင်ပေးသည်။ ထိုလက်မှတ်ကို ပြကာ ကော်ဖီဆိုင်တွင် ကော်ဖီ သို့မဟုတ် မိုင်လို တစ်ခွက်သောက်နိုင်သည်။ ကြိုက်ရာ မုန့်တစ်မျိုးစားနိုင်သည်။ မုန့်တွေက ဆိတ်သားမုန့်၊ ကြက်သား ပပ်(ဖ) စသည့်မုန့်မျိုးစုံရှိသည်။ Red Bean Soup ဆိုသည့် ပဲဟင်းအချိုလေးတစ်ခွက်ပေးသည်။

ထိုဆိုင်လေးကို ကျော်ဖြတ်သွားပြီး စာရင်းသွင်း ကောင်တာရှိရာသို့ ကျွန်တော်ရောက်လာသည်။ ၀န်ထမ်းတစ်ယောက်က အပြုံးချိုချိုနှင့် မင်္ဂလာရှိသော နေလယ်ခင်းပါဟု နူတ်ဆက်သည်။  ထို့နောက် ကြိုတင်စားရင်းပေးထားခြင်း ရှိမရှိ ကိုမေးသည်။ ကျွန်တော်က မရှိကြောင်း ပြောလိုက်သည်။ နာမည်နှင့် နိုင်ငံသားကဒ်နံပါတ်ကို တောင်းသည်။ သူက ကွန်ပြူတာတွင်းသို အချက်အလက်များကိုသွင်းပြီး ကျွန်တော်၏ သွေးအလှူရှင် ကဒ်ပြားတွင် တံဆိပ်တုံးရိုက်နှိပ်လေသည်။ ထို့နောက် သွေးလှူသူများ ဖြည့်ရန်လိုအပ်သည့် ပုံစံကို ပေးလေသည်။ ကျွန်တော်သည် အဆင်သင့် ပြင်ထားသော ပုံစံဖြည့်ရန်နေရာတွင် ပုံစံကို ဖြည့်လေသည်။ ပုံစံဖြည့်ရန် ပြင်ဆင်ထားသောနေရာ၊ သွေးလှူသူများ ခဏနားနေရာ နေရာ၏ ရှေ့တွင် ၃၂ လက်မ TV အပြားတစ်ချပ်ကို လေထဲတွင် တွဲလောင်းချထားသည်။ Mr Bean ကို ပြသနေသည်။ လိုအပ်သည်များကို ဖြည့် ပြီးသည်နှင့် ကောင်တာတွင် ပြန်လာပေးကာ ကျွန်တော်နာမည် ခေါ်မည့်အချိန်ကို စောင့်နေသည်။ Mr Bean ကို ကြည့်ရင် တခွီးခွီးရယ်နေမိသောကြောင့်  ကျွန်တော့်နာမည် ခေါ်သံကို ပထမအခါတွင် မကြားလိုက်ပေ။ ဒုတိယအကြိမ်မှ ကြားမိသည်။ ဖြူဖြူသန့်သန့် ယောက်ျားလေး ဆရာဝန်က ခေါ်လိုက်ခြင်းဖြစ်သည်။ ဆရာဝန်က ငယ်ငယ်ပဲရှိသေးသည်။ ကျွန်တော့်ကို နာမည်ကို ကြည့်ကာ ဗမာလား လို့ မေးလိုက်သည်။ ကျွန်တော်ပြုံးလိုက်ကာ ဟုတ်ကဲ့ လို့ ဖြေလိုက်သည်။

ကျွန်တော် အရင်အခေါက်တွေက မြန်မာဆရာဝန်မတစ်ယောက်နှင့် အမြဲတွေ့သည်။ ထိုဆရာဝန်မက မုံရွာက ဖြစ်သည်။ TPက သန့်အောင်ရဲ့ အမ၀မ်းကွဲဖြစ်သည်။ မနွယ်နီ... ကျွန်တော်တို့ သူ့အခန်းရှေ့မှ ဖြတ်တော့ လှမ်းနှုတ်ဆက်လိုက်သေးသည်။ အခု သည်တစ်ယောက်က အသစ်ဟုထင်သည်။ အခန်းတွင်းသို့ရောက်မှ စကားပြောဖြစ်သည်။ သူက အလုပ်ဝင်တာ ခြောက်လပဲရှိသေးသည်။ ကိုကျော်ဖုံး...။ ထုံးစံအတိုင်း စောစောက ကျွန်တော်ဖြည့်ထားသော ပုံစံကို ပြန်ပြီးတော့ ရှင်းပြသည်။ အပျော်အပါးလိုက်စားမစား မေးသည်။ ငှက်ဖျားရှိသည့်နေရာတွေကို သွားဖူးလားဟုမေးသည်။ နောက်ပြီးတော့ သူက လက်မှတ်ထိုးပေးလိုက်ကာ နောက် နေရာတစ်ခုကို သွားဖို့ ညွှန်လိုက်သည်။ Haemoglobin စစ်သည့်နေရာ။ သွေးလှူဖို့ သင့်မသင့် Haemoglobin level ကို ကြည့်ပြီး ဆုံးဖြတ်သည်။ ထိုနေရာပြီးတော့ သွေးလှူရမည့် နေရာကို ရောက်လာသည်။

သွေးလှူမည့်နေရာတွင် ကုတင်များရှိသည်။ ကျွန်တော်ထိုအခန်းအတွင်းသို့ ၀င်ဝင်ချင်း သူနာပြုများရောက်လာသည်။ ချိုသာတဲ့ အပြုံးတွေ ကိုယ်စီနှင့် ကျွန်တော့်ကို နှုတ်ဆက်ကာ ကျွန်တော်လက်မှကိုင်ထားသော ပုံစံစာရွက်ကို တောင်းယူသည်။ သူနာပြုတစ်ယောက်က ကျွန်တော့် နာမည်ကို ဖတ်ကြည့်ပြီးတော့ “ဗမာလား” ။
မ၀ါဝါ..။ ကျွန်တော်ရဲ့ သွေးကြော ကို သူက စစ်ကြည့်ပြီး “ငါ့မောင် မင်းရဲ့ သွေးကြောက ကြီးတယ်၊ ဟိုဘက်မှာ Apheresis မှာ လှူပါ့လား၊ အချိန်ရလား” ဟု မေးသည်။ ကျွန်တော် က “အလုပ်နားရက်ဖြစ်လို့ အားပါတယ် Apheresis မှာ လှူလို့ ရမယ်ဆိုရင် လှူပါ့မယ်” လို့ ဖြေလိုက်သည်။

ကျွန်တော်က ပုံမှန် Whole Blood လှူနေကြဖြစ်သည်။ Whole Blood လုပ်ငန်းစဉ်က ရှင်းသည်။ ၄၅၀ မီလီ လီတာလောက်ကို ထုတ်ယူပါသည်။ ရောဂါပိုးတွေစစ်ဆေးဖို့ အတွက် သွေးနည်းနည်းစီကို ဘူးသေးသေးလေးတွေတွင် တံဆိပ်ကပ်ကာ အလှူရှင် နာမည်နဲ့ အတူ စတစ်ကာကပ် ပါသည်။ မီနစ် ၂၀ လောက်ဆို ပြီးပြီ။ အခုတစ်ခေါက်ကတော့ Apheresis ။ သွေးထဲမှာပါတဲ့ Plasma, platelets or red cells နဲ့  သာမန်သွေးတွေကို ခွဲထုတ်လိုက်သည်။ ထို့နောက် Plasma, Platelets or red cells ကို ယူကာ သာမန်သွေးတွေကို အလှူရှင်ရဲ့ ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ပေးသည်။ လုပ်ငန်းစဉ်ရဲ့ အချိန်က ၁နာရီခွဲလောက်ကြာမည်ဖြစ်သည်။ အစီအစဉ်ပြောင်းလဲသွားသောကြောင့် ဆရာဝန်ကို နောက်တစ်ကြိမ်ထပ်တွေ့ရသည်။ “သူတို့တွေ ဆွယ်လိုက်တာလား” လို့ ကိုကျော်ဖုံး.. က မေးသည်။ “ကျွန်တော်လဲ အရင်ကတည်းက လှူချင်နေတာပါ။ ဘယ်လို လှူရမှန်းမသိလို့ပါ။ ” ဟု ဖြေလိုက်သည်။ “ဒီ Apheresis က လူနာဆီကို တိုက်ရိုက်ရောက်တာပေါ့၊ Side effect ဘေးထွက်ဆိုးကျိုးတွေတော့ရှိတယ်။ သွေးကို ပြန်ထည့်တဲ့ အချိန်မှာ စက်က ဖိအားနဲ့ ပြန်ထည့်ရတယ်၊ နောက်ပြီး သွေးက အပြင်ကိုရောက်လာတော့ ခန္ဓာကိုယ် အတွင်းကို ပြန်မသွင်းခင်မှာ အရည်တစ်ခုနဲ့ဆေးတယ်ဗျာ။ အဲဒါ Citric Acid လေ ကျွန်တော်တို့စားနေတာပဲ..။ ဒါပေမယ့် အခန့်မသင့်ရင် မျက်နှာတွေ နှုတ်ခမ်းတွေမှာ ကျဉ်တတ်တယ်။ အနည်းအကျဉ်း ကတော့ပုံမှန်ပေါ့.အရမ်းကျဉ်ပြီး ထုံလာရင် သူနာပြုတွေကို အကြောင်းကြားလိုက်ပါ။ သူတို့လာပြီး လိုအပ်တာတွေလုပ်ပေးပါလိမ့်မယ်” လို့ အကျယ်တ၀င့် ရှင်းပြပါသည်။

လိုအပ်သည်များကို စစ်ပြီးချိန်၌ ကျွန်တော် Apheresis လှူရာအခန်းတွင်းသို့ ရောက်လာသည်။ မ၀ါ..ကတော့ သူတာဝန်ကျရာ အပြင်ဘက်ရှိ Whole Blood ကုတင်များရှိရာသို့ ပြန်သွားလေပြီ။ မလေးလူမျိုး သူနာပြုတစ်ယောက်က ကျွန်တော်ကို ကုတင်တစ်ခု၌ နေရာပေးသည်။ ကုတင်တစ်ခုစီ၏ ရှေ့တွင် ဒီဗွီဒီ DVD player တစ်ခုစီရှိသည်။ တချို့ သွေးလှူရှင်များသည် စောင်များကို ခြုံထားကြသည်။ ထိုသူနာပြုမလေးက သွေးလှူသည့် လုပ်ငန်းစဉ်ကို ရှင်းပြသည်။ ထိုစဉ် အမျိုးသမီးကြီးတစ်ယောက်သည် ကျွန်တော်ကုတင်ရှိရာသို့ လျှောက်လာသည်။ ထိုသူနာပြုမလေးက ကျွန်တော်ကို “သူလည်း မြန်မာပဲ မင်းတို့ မြန်မာချင်းဆိုတော့ ပြောရဆိုရတာ အဆင်ပြေတာပေါ့” လို့ပြောပြီး ထိုအမျိုးသမီးကြီးကို လှမ်းခေါ်ကာ သူကတော့ အပြင်ကို ထွက်သွားသည်။ ထိုမြန်မာ အမျိုးသမီးကြီးက ကျွန်တော်ကို အင်္ဂလိပ်လိုပြောသည်။ လက်ရှိသွေးကြောကို စမ်းသည်။ အပ်နှင့် အရည်တစ်ချို့ကို သွေးကြောထဲသို့ ထိုးထည့်သည်။ “နဲနဲ နာလိမ့်မယ်”လို့ အင်္ဂလိပ်လိုပြောသည်။ ကျွန်တော်က ခေါင်းကို ညိတ်ပြလိုက်သည်။ ထို့နောက် သွေးကြောထဲသို့ သွေးထုတ်သည့် အပ်ကို ထည့်လိုက်သည်။ ညှင်သာသည်။ နာသည်ဟု မထင်မိပေ။ သွေးလှူဘဏ်ရှိ သူနာပြုများ အားလုံးလိုလို သွေးကြောထိုး ညှင်သာကြသည်။ အနုပညာဆန်သည်။ ထိုအမျိုးသမီးကြီး၏ နာမည်ကို ကြည့်လိုက်မိသည်။ ဒေါ်ဝင်း..။

မ၀ါဝါ က ပြန်ဝင်လာပြီး  ဒေါ်ဝင်းကို ကျွန်တောနဲ့ မိတ်ဆက်ပေးတော့မှ ဒေါ်ဝင်းက မြန်မာမှန်းသိတော့သည်။ သူက ကျွန်တော့နာမည်ကို ဖတ်ကြည့်သော်လည်း အလုပ်သဘောအရ နာမည်နဲ့ နိုင်ငံသားကဒ် မှန်မမှန်ပေါ်တွင်သာ စိတ်ဝင်စားပုံရသည်။ မြန်မာမှန်းသိသွားတော့.. မြန်မာလိုပဲပြောတော့သည်။ ကျွန်တော့်ရဲ့ သွေးတွေက စက်ထဲကို ရောက်သွားမည် ။ စက်ထဲတွင် Plasma, platelets or red cells နဲ့  သာမန်သွေး ကို ခွဲထုတ်လိုက်မည်။ Plasma ကို တစ်ထုတ်၊ Platelet ကို တစ်ထုတ်ထုတ်ထားသည်။ ကျွန်တော့်ခန္ဓာကိုယ်ထဲက သွေးကို ထုတ်ယူသည့်အချိန်တွင် စက်တွင် မီးအစိမ်းလေး လင်းနေပြီး ဖိအား နှင့် လက်မောင်းတွင် တင်းနေမည်။ ခန္ဓာကိုယ်တွင်းသို ခွဲထုတ်ပြီးသား သွေးတွေကို ပြန်သွင်းတဲ့ အချိန်မှာ မီးအ၀ါလေး လင်းနေပြီး ဖိအားကိုမခံစားရတော့ဘူးလို့ လုပ်ငန်းစဉ်ကို သူကရှင်းပြသည်။ “ရုပ်ရှင်ကြည့်ဦး” ဆိုပြီး သူက အပြင်ကို ထွက်သွားသည် တခြား သွေးလှူရှင်တွေ အချိန်ပြည့် မပြည့် သွားစစ်ဆေးပုံရသည်။

ကျွန်တော် DVD ကိုကြည့်လိုက်တော့ Sherlock Holmes ပြနေသည်။ လစဉ် DVD တစ်ကားပြသည်ဟု သော ဆိုင်းဘုတ်ကို လှမ်းမြင်ရသည်။ ကျွန်တော်က ရှားလော့ဟုမ်း ရုပ်ရှင်ကို မကြိုက်ပေ။ ကြည့်လိုက်တိုင်း ဦးစံရှား၊ ဦးသိန်းမောင်ကို မမြင်ဘဲ ဦရှံစားနဲ့ ဒိန်းဒေါင်ကို မြင်နေသည်။ ကျွန်တော် ရုပ်ရှင်မကြည့်ပဲနှင့် “မေ”ကို ဖတ်နေလိုက်သည်။ မေကို ကျွန်တော်ကြိုက်သည်။ ချစ်တာတော့ ချစ်လို့မရပေ။  ဒါပေမယ့် မေ့ကို နားမလည်ပေ။ တကယ်တော့ မေသည် ကိုကံမြင့်နှင့် လက်ထက်လိုက်တဲ့ အချိန်တွင် လူတန်းစေ့ နေနိုင်သည့် အဆင့်တွင်ရှိနေသည့်ကြားထဲမှ ဘာကြောင့်မို့ ပိုမို ချမ်းသာချင်သလဲဆိုတာကို ကျွန်တော်နားမလည်ပေ။ နောက်တော့ သူ့အချစ်ဦး လမ်းပေါ် ဘသိန်းဆီပြန်ရောက်သွားသည်။ လမ်းပေါ်က မိန်းမပျက် တစ်ယောက်ဖြစ်သွားတာနဲ့ ဇာတ်သိမ်းထားသည်။ ကျွန်တော်က သူ့ကို လမ်းမပေါ်သို့ မရောက်သွားစေလိုပေ။ အတန်းထဲသို့ရောက်သွားသော မိန်းမပျက်တစ်ယောက်ကို ဂုဏ်သရေရှိလူကြီးတွေက အဘယ်ကဲ့သို့ တန်ဖိုးများများပေးလိမ့် မည်နည်း။

အတန်းထဲရှိ မိန်းမပျက်တို့သည် ပေါက်ဈေးသာရသည်။ တောင်းဈေးကို မရနိုင်ပေ။  သို့သော် ထိုယခင် ခေတ်က မိန်းမပျက်များနှင့် ယနေ့ မိန်းမပျက်များ အခြေအနေ ကွာပေလိမ့်မည်။ ဂုဏ်သရေရှိ လူကြီးဆိုသူများအတွက် ပျော်တော်ဆက်များကလည်း ကွာပေလိမ့်မည်။ ညကလပ်များတွင် တန်းစီထိုင်နေသော ယနေ့ခေတ် “မေ”များက ဒဂုန်တာရာ၏ မေကဲ့သို မနူးညံ့ပေ။ တချို့၏ လက်များသည် ကြမ်းထော်နေတတ်သည်။ ဒဂုန်တာရာ၏ မေ ကဲ့သို့ ပညာမတတ်။ စန္ဒယား မတီးတတ်။ အင်္ဂလိပ်စကား မပြောတတ်။ တန်းစီနေရာတွင် ခေါင်းခေါက်ကာ ရွေးနိုင်သည်။ ကလပ်များတွင် အရက်သောက်ကာ ရွေးနိုင်သည်။ အနှိပ်ခန်းတွင် စကားပြောရင်း ရွေးနိုင်သည်။ “မေ” တွေ များလားသည်။ အရင်က မေတို့ခေတ်က ဆစ်ဖလစ်တို ကာလသားရောဂါ၊ ယခု မေ တို့ လက်ထက်တွင် HIV ။ ကာကွယ်နည်းတွေ ကျန်းမာရေးအသိတွေ ဒဂုန်တာရာရဲ့မေလောက် ရှိလား မရှိလား ။

မျက်နှာက နည်းနည်းယားလာသည်။ သို့သော် သိသိသာသာမဟုတ်ပေ။ ဘေးကုတင်မှ သွေးလှူရှင်က သွေးလှူပြီးသွားသောကြောင့် သူနာပြုတစ်ယောက် က ထိုအလှူရှင်ကို သွေးကြောပိုက်တွေ  ဖြုတ်ပေးသည်။ စက်အတွင်းမှ တစ်ခါသုံး ပိုက်တွေအားလုံးကို အမှိုက်ပုံးတွင်းသို့ လွင့်ပစ်လိုက်သည်။ ကျွန်တော့်ကုတင်ဘေးသို့ရောက်လာသောအခါ ကျွန်တော့် ကိုယ်ပေါ်ရှိ ဒဂုန်တာရာ၏ မေကို မြင်တော့ သူက မေးသည် “မြန်မာလား” ။ မပြုံး..။ ထုံးစံအတိုင်း ခေါင်းညိတ်ပြရသည်။  “အေးလား ချမ်းလား၊ ချမ်းရင် စောင်ယူမလား” ဟုမေးသည်။ အေးမြနေသည့် အခန်းတွင်းသို့ရောက်သွားသည့် သွေးတွေက ခန္ဓာကိုယ်တွင်း သို့ ပြန်ဝင်သောအခါ ချမ်းလာတတ်သည်။ ကျွန်တော်ကတော့ မချမ်းပေ။ သွေးထုတ် သွေးသွင်း ၇ ကြိမ်လောက် လုပ်အပြီးတွင် Plasma နဲ့ Platelets တစ်ထုတ်စီ ရလေပြီ။ မပြုံး.. က ကျွန်တော့်လက်မှာရှိတဲ့ ပိုက်တွေကို ဖြုတ်ပေးသည်။ ပျော်တတ်နောက်တတ်ပုံရသည့် မပြုံးက နောက်တစ်ကြိမ်လာလှူရမည့် ရက်ကို ရေးပေးသည်။ နောက်တစ်လ ကို လာလှူလို့ရသည်။

ကျွန်တော် အတွက် မုန့်စားတဲ့ လက်မှတ်လေးကို ထုတ်ပေးသည်။ အပြင်ရှိ ကော်ဖီဆိုင်လေးတွင် ကျွန်တော် ကော်ဖီသောက်ရင်း မုန့်စားရင်း အကြောင်းအရာအများကို စဉ်းစားနေမိသည်။ မနွယ်နီတို့လို ဆရာဝန်များကို တွေ့သောအခါ ဒေါက်တာပေါက်စ ကျွန်တော့်ညီမလေး ကိုသတိရသည်။ မပြုံးတို့လို သူနာပြုများကို တွေ့ရသောအခါ ကျွန်တော်နှင့် အတူ နာဂစ်ဖြစ်တုန်းက ဗိုလ်ကလေး ခရီးစဉ်တစ်လျှောက်တွင်ပါလာသော သူနာပြုမလေး နှစ်ယောက်ကိုသတိရသည်။ လာမည့် ၁၇ ရက်နေ့တွင် သူတို့တွေ မြန်မာလို ၀တ်သလို စင်္ကာပူလူမျိုးတချို့လည်း မြန်မာလိုဝတ်ပြီး မြန်မာနှစ်သစ်ကို ကြိုဆိုမယ် ဆိုသော မပြုံးရဲ့စကားကို ကြားယောင်မိနေသည်။ ကော်ဖီသောက်ပြီး စားသောက်အပြီးတွင် ကျွန်တော် အိမ်ပြန်လာခဲ့တော့သည်။

အိမ်အပြန်တွင် မိုးသည်းထန်စွာရွာနေသည်။ မိုးကြိုးတွေကလည်း တဒိန်းဒိန်းနှင့် ။ မိုးသည်းသည်းကြားမှ ထီးမပါပဲ ကျွန်တော် လမ်းလျှောက်ကာ အိမ်သို့ ပြန်လာသည်။ မိုးရေတွင်းလမ်းလျှောက်လာစဉ် ကျွန်တော် မြန်မာပြည်ကို လွမ်းမိပါသည်။ အိမ်ပြန်ရောက်၍ မိုးရေစို အင်္ကျီကို လဲနေစဉ်မှာ ဖုံးအတွင်းသို့ မတ်ဆေ့ခ်ျ တစ်ခု ၀င်လာပါသည်။

“အင်းလျားကန်စောင်းတွင် ဗုံးပေါက်သည်” .... ။

ကိုငယ် (မန္တလေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...