Saturday, July 9, 2011

"စာသင်ခန်းနှင့် အနာဂတ်"

created the doc: "စာသင်ခန်းနှင့်အနာဂတ်"
Cloud Cuckoo Land created the doc:
ဘုရားသခင်က ငါတို့ကို ငတုံးတွေ အဖြစ် ဖန်တီးခဲ့ခြင်း မဟုတ်။ ငါတို့ရဲ့ ပညာရေးစနစ်ကသာ ငါတို့ကို တုံးစေခြင်းဖြစ်တယ်' (God doesn't create stupid people- our educational system does.) လို့ Robert T Kiyosaki က သူ့ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ If you want to be Rich and Happy don't go to school စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီစာအုပ် ထွက်လာတော့ တစ်ယောက် တစ်မျိုးစီ တော်တော်လေး အငြင်းပွားခဲ့ ကြပေမယ့် ကျွန်မကတော့ တစ်ချို့အခန်းတွေကို ဖတ်ရင်း ကျွန်မ ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ ငယ်ဘ၀က မြန်မာနိုင်ငံ ကျောင်းပညာရေးကို ပြန်လည်မြင်ယောင်လာသလို ခံစားခဲ့ရပါတယ်။


“ ကြက်တူရွေး စာအံနည်း စနစ်ကို ကျင့်သုံးတဲ့ ကျွန်ပ်တို့ စာသင်ခန်းတွေဟာ ကျွန်ပ်တို့ကို ဦးနှောက်မရှိတဲ့ ကြက်တူရွေးတွေ ဖြစ်အောင် သင်ကြားပေးပါတယ်” လို့ စာရေးဆရာက သူ့ရဲ့ စာအုပ်မှာ တင်ပြထားပါတယ်။ တကယ်လည်း ကျွန်မတို့ ငယ်ငယ်က လက်ကလေးတွေ ပိုက်ပြီး ဆရာမရှေ့မှာ စာကို မထစ်မငေါ့ တစ်လုံးမကျန် အလွတ်ရွတ်ဆိုခဲ့ကြရတယ်လေ။ အဲဒီလို တစ်လုံးမကျန် အာဂုံဆောင်ပြီး ဆိုနိုင်ရင် ငါတော်လှချည်ရဲ့လို့ ဂုဏ်ယူတတ်ခဲ့ပါတယ်။ ကျွန်မ မသိခဲ့တာက မှတ်သားခြင်းဟာ အသိဥာဏ်မဟုတ်ဘူးဆိုတာကိုပါ။ အဲဒီ ထင်ယောင် ထင်မှား အသိဥာဏ်လေးနဲ့ ကျက်မှတ်ထားတဲ့ စာတွေကို တတွတ်တွတ် ရွတ်ဖတ်ခြင်းဟာ ရေမကူးတတ်ဘဲ ရေကူးနည်းကို တတွတ်တွတ် ရွတ်ဆိုပြီး ငါဟာ ရေကူးချန်ပီယံလို့ မှတ်ယူနေသလိုပါပဲ။

ဒီလိုနဲ့ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အပြင် တက္ကသိုလ်တွေမှာပါ ကြုံတွေ့လာရတဲ့ လက်တွေ့ခန်းမရှိမှု၊ ကျွမ်းကျင်ဆရာ အလုံအလောက်မရှိမှု၊ ပစ္စည်းကိရိယာ မစုံလင်မှု...စသော မှုများ များစွာနှင့်ပဲ ကျွန်မတို့တတွေလည်း ဘွဲ့ရ ပညာတတ်ဆိုတဲ့ ရေကူးချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ အဲဒီလို ရေကူးချန်ပီယံ ကျွန်မဟာ တကယ့် လုပ်ငန်းခွင်ထဲလည်း ရောက်ရော ရေထဲမှာ ယက်ကန်ယက်ကန်နဲ့ ဖြစ်နေပါတယ်။

နောက်တစ်ခုကတော့ ကျွန်မတို့ ကျောင်းတွေမှာ ကျင့်သုံးကြတဲ့ စာမေးပွဲစနစ်နှင့် အမှတ်ပေးနည်း စနစ်တွေကလည်းပဲ ကျွန်မတို့တတွေကို ပိုပြီး ရေလယ်မှာ နစ်မြုပ်စေပါတယ်။ ကျွန်မတို့ ငယ်ငယ်က သူ့ကျူရှင်တက်မှ အမှတ်ကောင်းကောင်းပေးမယ်ဆိုတဲ့ ဆရာမတော်တော်များများကို ကြုံခဲ့ဖူး ကြားခဲ့ဖူးပါတယ်။ ဆရာမတွေဟာ ကိုယ်တိုင် မေးခွန်းထုတ်ပိုင်ခွင့် ရရှိကြပြီး အဲဒီမေးခွန်းကိုပဲ စာမေးပွဲမှာ မေးမှာမို့ သူ့ကျူရှင်တက်တဲ့ ကလေးတွေကို မေးခွန်းပေး သင်ကြားတဲ့ စနစ်ဖြစ်လာပါတော့တယ်။ စာမေးပွဲစစ်ခြင်းရဲ့ အနှစ်သာရက အလိုလိုပျောက်ကွယ်သွားပြီး မေးခွန်းပေး အဖြေကျက်ဖြေတဲ့ စနစ်ဖြစ်လာပါတယ်။ အဲဒီထက်ပိုဆိုးတာကတော့ အဲဒီမေးခွန်းထုတ်တဲ့ ဆရာမကပဲ အဖြေလွှာကို ပြန်အမှတ် စစ်ပေးတာပါ။ ကိုယ့်ကျောင်းသား ကိုယ်သင်သလိုဖြေရင် အမှတ်ပြည့် တစ်ခြားနည်းနဲ့ ဖြေရင် မှန်မှန် မှားမှား အမှတ်လျော့ ဆိုတာတွေကို ပေါ်ပေါ်ထင်ထင် ကျင့်သုံးကြပါတယ်။ ဒီလိုနဲ့ ကျွန်မတို့တတွေရဲ့ ကိုယ်ပိုင်စဉ်းစားဥာဏ်၊ အသစ် ဖန်တီးနိုင်မှုစွမ်းရည်၊ လွတ်လပ်စွာ တွေးတောခွင့်တွေကို မှုန်ဝါးသထက် မှုန်ဝါးစေပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်မ ကြားလိုက်မိတာကတော့ ဆရာမ တစ်ယောက်ဟာ ကျောင်းသားရဲ့ အဖြေလွှာကို လဲခဲ့လို့ ကျောင်းက နှုတ်ထွက်ခိုင်းခဲ့တယ်တဲ့။ ကျွန်မတို့ ကျောင်းတွေမှာ ရှိနေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို လှစ်ပြလိုက်သလိုပါပဲ။ ဆရာမနဲ့ သိတဲ့ ကျောင်းသားမျိုး ၊ သူ့အဖေက ဘယ်သူ ဆိုတာမျိုးကို ကြည့်ပြီး မျက်နှာသာပေးတာ ခွဲခြားဆက်ဆံတာတွေဟာ ကျွန်မတို့ ကျောင်းတွေမှာ ကျင့်သုံးနေလေ့ရှိတဲ့ စနစ် တစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လိုပြောရမလဲ ...နီးရာဓါး ကြောက်ရတယ်ပဲ ပြောရမလား၊ အူမတောင့်မှ သီလစောင့်မယ်ပဲ ပြောရမလား သေချာတောင်မသိတော့ပါဘူး။ ကျွန်မတို့ရဲ့ လက်ဦးဆရာလို့ တင်စားရတဲ့ ဆရာ၊ဆရာမတွေ ဒီသံသရာထဲက မထွက်နိုင်သရွေ့ ကလေးတွေရဲ့ စာရိတ္ထဟာ အမှားဘက်ကို တော်တော်လေး ဦးလှည့်နေပါလိမ့်မယ်။

ဒီကြားထဲကပဲ မေလ အတွင်းမှာ နာဂစ် ၀င်မွှေသွားတော့ ဧရာဝတီတိုင်းက တစ်ချို့စာသင်ကျောင်းတွေက ရေထဲကို လုံးဝပါသွားတာ ရှိသလို တစ်ချို့ စာသင်ကျောင်းတွေကတော့ အမိုးတွေလန်လိုလန် ပြိုကျလိုကျပြီး တော်တော်လေး ပျက်စီးခဲ့ပါတယ်။ ဇွန်လမှာ ထုံးစံအတိုင်း ကျောင်းတွေကို ပြန်ဖွင့်ခဲ့ပေမယ့် ဘာမှ သေချာ ပြင်ဆင်ခဲ့ခြင်း မရှိပါဘူး။ ကျွန်မ အမေ စာသင်နေတဲ့ မူလတန်း ကျောင်းလေးကတော့ ပြိုကျခဲ့ပြီး ကျောင်းဖွင့်ရက်အထိ မပြင်ဆင်ရသေးလို့ တစ်ခြား အလယ်တန်းကျောင်းမှာ ကျောင်းသားတွေရော ဆရာ၊ဆရာမတွေပါ ကျောင်းသွားတက်ကြရတယ်တဲ့။ ကြားကြားချင်းတော့ စိတ်ပူသွားသေးတယ် ဘယ့်နှယ် တစ်ကျောင်းကို နှစ်ကျောင်းပေါင်း ဖွင့်တယ်ပေါ့။ နောက်ထပ်ကြားလိုက်ရတာက ဇွန်လမှာ မိုးတွေ အလွန်ကြီးတာကြောင့် အဲဒီ အလယ်တန်းကျောင်းထဲကို ရေတွေ ၀င်လို့ နှစ်ကျောင်းလုံးကို ကျောင်းပိတ်ထားလိုက်တယ်တဲ့။ ငိုအားထက် ရယ်အားသန်သွားပါတယ်။ တောင်မင်း မြောက်မင်း မကယ်နိုင်ဆိုသလိုပါပဲ။ ပြောရရင် အဲဒီကျောင်းက ရန်ကုန်မြို့ပေါ်ကပါ။ ရန်ကုန်မြို့ဆိုတာ မြန်မာနိုင်ငံမှာ အဖွံ့ဖြိုးဆုံးမြို့လို့ ပြောလို့ရပါတယ်။ စာသင်စရာ ကျောင်းပျောက်နေမယ့် ကျောင်းသားလေးတွေရဲ့ ဘ၀ကို ရင်လေးလှပါတယ်။

ဒါပေမယ့် ကျွန်မ ဘာတတ်နိုင်လို့လည်း ကျွန်မလည်း ဒီပညာရေးမှာ လူလားမြောက်လာခဲ့ရတယ်။ ပြောင်းလဲချင်တယ် ပြောင်းလဲပစ်ရမယ်...ဒါကိုလည်း လူတိုင်းလိုလို သိကြတယ်။ ကြိုးစားကြတယ်။ အခုလောလောဆယ် အချိန်မှာတော့ တစ်စုံတစ်ခုဟာ ဘာမှမရှိတာထက်ကောင်းတယ် ဆိုသလို ကိုယ်ရရှိတဲ့ ကျောင်းပညာရေးကိုပဲ မိမိကိုယ်တိုင်ရဲ့လေ့လာမှုတွေ၊ စူးစမ်းမှုတွေ ပေါင်းစပ်ပြီး ကိုယ်တိုင်က ပညာရေးစနစ်ရဲ့ သားကောင် မဖြစ်ရလေအောင် ကိုယ်တိုင် ဖြည့်စွက် ကြိုးစား လေ့လာသင့်ကြပါတယ်။

စကားပန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...