Saturday, July 9, 2011

"စီးပွားပျက်ကပ်ကောက်ကြောင်းများ"

created the doc: "စီးပွားပျက်ကပ်ကောက်ကြောင်းများ"
Cloud Cuckoo Land created the doc: 
တတိယထောင်စုနှစ်ရဲ့ လိုက်ကာအဖွင့်ကတော့ အဖြစ်အပျက်အပြောင်းအလဲတွေနဲ့ ထုံမွှမ်း နေပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးက မယုံနိုင်စရာမရှိအောင်ဘဲ ပြောင်းလဲမှုက မြန်နှုန်းမြင့်နေပါတယ်။ နှစ်စဉ်တိုးတက်လာ တဲ့စီးပွားရေးပုံစံခွက်တွေက တစ်ခုပြီးတစ်ခု ကွဲအက်ပြိုကျကုန်တယ်။ အပြောင်း အလဲအသစ်ကို ကြုံရဖို့အတွက် ဆွေးမြေ့နေတဲ့ စနစ်ဟောင်းတွေ ပြိုကျကုန်ခြင်းလား။


ကံကောင်းလို့ စီးပွားပျက်တာပါ။ စီးပွားပျက်လာတာဟာ ကံကောင်းတာ ဟုတ်ပါ့မလား။ ဒါပေမယ့် အခွင့်အလမ်းသစ်တွေက ကံမကောင်းတဲ့ အထဲမှာ ရောပါလာတတ်ပါတယ်။ တခါတရံမှာတော့ အခက်အခဲတွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို တိုးတက်မှုတွေကို ဖြစ်ပေါ် စေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကံဆိုးတယ်လို့ ထိုင်တွေးနေလို့ မဖြစ်ဘူး။ ပြဿနာကြီးကြီးနဲ့ ရင်ဆိုင်ရလေလေ၊ လူသားရဲ့ စွမ်းရည်ဟာ ပိုမိုတိုးတက်လာလေပါပဲ။ ခေတ်ကာလကြီးက ကျွန်တော်တို့အားလုံးကို စမ်းသပ်ဖို့ပါ။

စီးပွားပျက်ကပ်တွေ ဘာကြောင့်ဆိုက်ရသလဲဆိုတဲ့မေးခွန်းက ပညာရှင်တွေကြားမှာတော့ ပွတ်လောရိုက်လှိုင်းထ၊ အဖြေအမျိုးမျိုး ကောက်ချက်အမျိုးမျိုးနဲ့ပါ။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအနေနဲ့ကတော့ ပညာရှင်တွေ ရည်ညွှန်းပြောဆိုကြတာ ဗားရှင်း ၂ အနေနဲ့ပဲရှိပါသေးတယ်။ ပထမအ ကြိမ်က ဘောဂဗေ'ပညာရှင်ဂျွန်မေနပ်ကိန်းရဲ့ ငွေကြေးတွေကို လည်ပတ်သုံးစွဲရေး ပေါ်လစီနဲ့ကယ် တင်ခဲ့ပါတယ်။ ငွေကြေးဟာ လူ့ခန္ဓာကိုယ်ရဲ့သွေးတွေလိုပဲ စီးပွားရေးအတွက် အရေးကြီးဆုံးပါ။ ပြီးတော့ လှည့်ပတ်စီးဆင်းမှုအားကောင်းရင် အဲဒီနိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေးကောင်းမွန်မှာပါပဲ။ လက်ရှိလည်း အမေရိကန် ဗဟိုဘဏ်က ဒေ'ါ်လာ ၇၀၀ ဘီလီယံနဲ့ အမေရိကန်ရဲ့ ငွေကြေးဈေးကွက် ကို ကျားကန်ပေးဖို့ စီစဉ်နေတယ်။ ဥရောပ၊ အာရှနဲ့ အခြားဒေသဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတွေက အရန်ငွေကြေးတွေနဲ့ ငွေကြေးယန္တရားတွေကို အခြေမပျက်အောင် ကျားကန်ထားပါဦးမယ်။ဒ'ါပေမယ့် ဒီလိုပြုလုပ်ထားတာဟာ လက်ရှိဈေးကွက်တွေ ထပ်မံ ပြိုဆင်းမသွားအောင်ဘဲ တတ်နိုင်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်လည်ပတ်နိုင်ဖို့အတွက်က အချိန်ယူရဦးမှာပါ။ ဘာကြောင့် စီးပွားပျက်သလဲဆိုတော့ အခြေခံအချက် နှစ်ချက်ရှိပါတယ်။ အလွန်အမင်း စုဆောင်းမှုနဲ့ ၀င်ငွေကို အဆမတန် ကြိုတင်သုံးစွဲမှုတွေကြောင့် ပါပဲ။ ၂၀၀၅ခုနှစ် တစ်နှစ်တည်းမှာ ကမ္ဘာကြီးဟာ ဒေါ်လာ ၁၁ထရီယံလောက် စုဆောင်းခဲ့တယ်လို့ IMF က ခန့်မှန်းခဲ့ပါတယ်။ အဲဒီငွေသေအိုင်တွေဟာ ဒီကနေ့ စီးပွားရေးကို ယိုင်လဲသွားစေတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်နေပါတယ်။

ဥရောပရဲ့ပင်စင်စုဆောင်းငွေများ၊ ဂျပန်ရဲ့အိုနာစာ ရန်ပုံငွေများ၊ အာရှသူဌေးတွေရဲ့ Asset ၀ယ်ယူမှုတွေက ငွေကြေးအကျပ်အတည်းကို တနည်းတဖုံ ပတ်သက်နေပါတယ်။ အခြားတစ်ဖက် ကလည်း ရေနံဈေးနှုန်းတွေက အဆမတန် တိုးမြင့်လာနေတယ်။ ၂၀၀၃ခုနှစ်က ရေနံတစ်စည်ကို ၂၉ ဒေါ်လာအထိ တက်သွားလို့ ဗြိတိန်လမ်းမတွေပေါ်မှာ ထရပ်ကားတွေရပ်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ ဖူးပေမယ့် ၂၀၀၈ခုနှစ်မှာ ဒေါ်လာ ၁၄၀ ထိ တက်သွားတဲ့ ရေနံဈေးကိုတော့ တစ်ကမ္ဘာလုံးက အောင့်အီးသည်းခံ နေခဲ့ရတယ်။ ရုရှား၊ အိုပက်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတော်တော်များများကို ပိုက်ဆံ အလုံး အရင်းနဲ့ လှိမ့်ဝင်သွားပါတယ်။

အာရှငွေကြေး အကျပ်အတည်းကြောင့် ဖင့်လေးသွားခဲ့ရတဲ့ ဂျပန်နဲ့ အာရှကျားတွေ နေရာမှာ တရုတ်က စီးပွားရေးအင်ဂျင်ကို ၀င်ကိုင်လာပါတယ်။

၂၀၀၁ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုအပြီး အမေရိကန်နဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အိန္ဒိယတိုက်ငယ်ကို အိုင်တီပညာရှင်တွေ လူငယ်တွေ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ လက်ဗလာ၊ ခြေဗလာနဲ့ ပြန်လာတဲ့ လူငယ်တွေက အိုင်ဒီယာတွေ ပါလာပါတယ်။ သူတို့ကနေ့ချင်းညချင်း မီးခိုးတိတ် ကုန်စည်တွေ ထုတ်လုပ်တော့တာပဲ။ မွန်ဘိုင်းကို အခြေစိုက်ပြီး ကမ္ဘာအရပ်ရပ်ကို ဆော့ဝဲတွေရောင်းချတယ်။ Outsourcing တွေလက်ခံဆောင်ရွက်တယ်။ ၂၀၀၇ အိမ်ခြံမြေ အကျပ်အတည်း အပြီးမှာတောင် ကြွေးဆိုးတွေ ကြွေးပြန်တောင်းတဲ့ လုပ်ငန်းကို အိန္ဒိယလူငယ်တွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြတယ်။

၁၉၃၀ ကာလလောက်က "ဘဏ်တွေက ငါတို့ဝါခင်းတွေကို ဘာကြောင့်သိမ်းယူတာလဲ" ဆိုတဲ့ အုတ်ကီးတွေ ညည်းရတဲ့အဖြစ်မျိုး တစ်ကျော့ပြန်လာတာပါ။

"အဘိုးက ဒီမြေကို အသက်နဲ့ရင်းပြီး ရယူထားတာကွ၊ အဖေကျတော့ ဒီမြေပေါ်မှာ မွေးခဲ့တာ။ ပေါင်းပင်မြက်ပင်တွေကို ပင်ပန်းကြီးစွာရှင်းပြီး စိုက်ပျိုးမြေဖြစ်အောင် လုပ်ထားတာ။ ကျုပ်တို့လည်း ဒီမြေမှာ မွေးခဲ့တာ။ ရာသီဥတု အရမ်းဆိုးဝါးတဲ့နှစ်တွေမှာ အဖေငွေနည်းနည်း ချေးခဲ့ရတယ်။ သူ့ခမျာ အခက်အခဲကြုံလာတော့ ငွေမချေးလို့ မဖြစ်တော့ဘူး။ နောက်တော့ ဒီမြေကို ဘဏ်က ပိုင်သွားရော။ ဒ'ါပေမယ့် ဒီမြေမှာ ကျုပ်တို့ဆက်နေခဲ့တယ်။ စိုက်ပျိုးလို့ ထွက်တဲ့ သီးနှံတွေထဲက ကျုပ်တို့ နည်းနည်းပဲရတာ။

"'ဒါကြောင့်ဒီမြေဟာ ကျုပ်တို့မြေပဲ၊ ကျုပ်တို့မြေ"။

"မဟုတ်ဘူးကွ၊ ဘဏ်ကပိုင်တဲ့မြေ။ မင်းတို့ထွက်သွားပေးရမယ်"။

ဂျွန်စတိန်းဘတ်ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါ။ ၁၉၃၀ ကာလက အိုကလာဟိုးမားက ခြေသလုံးအိမ်တိုင် ဖြစ်ကျန်ခဲ့တဲ့ အမေရိကန် ယာသမားတွေ အကြောင်းပါ။ စူးအက်တူးမြောင်းကြောင့် စပါးအရောင်းအ၀ယ်တွေ ကောင်းပြီး ကြီးပွားလာတဲ့ အရှေ့တောင် အာရှသားတွေကျတော့ . . .။

"အတိုးခဏ ဆိုင်းချင်လို့ပါ ဘာဘူရယ်"။

"မရဘူး။ ကျုပ်တို့ကလည်း ဘဏ်ကို အတိုးပြန်သွင်းနေတာ။ အခု ဘဏ်က ကျုပ်တို့ကို ပိုက်ဆံပြန်တောင်းနေပြီ"။

"စပါးဈေးက ဒီနှစ်နှစ် ခွက်ခွက်လန်အောင်ရှုံးတာ။ ရသမျှလည်း ဘာဘူကို အကုန်ထိုးအပ် တာပဲ"။

"ငါလည်း ဘာတတ်နိုင်မှာလည်း ၀ယ်မယ့်သူမှ မရှိတာအတိုးမတက်နိုင်ရင် လယ်ခွဲရောင်း ပေါ့"။

သမီးပေးတာတောင် ချစ်တီးအကြွေးက မကြေနိုင်ဆိုတဲ့ ခါးခါးသီးသီးဖြစ်ရပ်တွေကို အရှေ့တောင်အာရှက လယ်သမားတွေ ခံစားလိုက်ရပါတယ်။

၁၉၃၀တွေနဲ့ မတူတဲ့အချက်က ဂလိုဘယ်လိုက်ဇေးရှင်းက အပြန့်ကျယ်လာတာပါပဲ။ လေးမန်းဘရားသားဘဏ်ကို လက်လွှတ်ဆုံးရှုံးပြီး၊ အေအိုင်ဂျီ ကို မကယ်တင်နိုင်ခင် စပ်ကြားမှာတော့ စင်ကာပူက စတော့ရှယ်ယာရှင်တွေက နေမထိမထိုင်မသာပါ။ အမေရိကန်က စတော့ရှယ်ယာညွှန်းကိန်းတွေက ကမ္ဘာပေါ်က စိုးရိမ်သောကတွေကို ကိုယ်စားပြုနေပါတော့တယ်။ အနာဂတ်ဝင်ငွေ အလွန်အမင်း ကြိုတင်သုံးစွဲမှု ဖြစ်စဉ်က ကမ္ဘာ့ငွေကြေးကို အကျပ်အတည်းကာလထဲ ထိုးစိုက်သွားစေခဲ့ပါတယ်။ ဒါဆိုရင် စီးပွားပျက်စေတဲ့ အကြောင်းရင်းလေးတွေကို ကျွန်တော်တို့ ရေတွက်ကြည့်ရမယ်ဆိုရင် ကာကွယ်ရေးစရိတ် အဆမတန် တိုးမြင့်လာခြင်း၊ အခွန်လျော့ကျခြင်းနဲ့ အလွန်အကျွံစုဆောင်းခြင်း၊ အဆမတန်ကြိုတင်သုံးစွဲခြင်းနဲ့ စိတ်ကူးယဉ် ရင်းနှီးမြှပ်နှံမှုကြောင့်တို့ပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကျပ်အတည်းကာလမှာ ကျွန်တော်တို့ ရစရာ အခွင့်အလမ်းတစ်ရပ် ရှိပါသေးတယ်။ အဲဒါကတော့ လက်ရှိကမ္ဘာကြီးထက် ပိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို ချီတက်ဖို့ ကောင်းမွန်သေချာတဲ့ အပြောင်းအလဲတွေနဲ့ စတင်ကြဖို့ပါပဲ။

အမေရိကန်မှာ အပြီးသတ်ရွေးကောက်ပွဲတွေမလာခင် ၂၀၀၇ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အယ်ဂိုးက ဘားရတ်အိုဘားမားကို လူသိရှင်ကြား ထောက်ခံလိုက်ပါတယ်။ ပြီးတော့သမ္မတကြီး လင်ကွန်းနဲ့ ခိုင်းနှိုင်း ပြောဆိုသွားခဲ့ပါတယ်။ မစ္စတာ အယ်ဂိုးအနေနဲ့ ဘားရတ်အိုဘားမားဘက်ကနေ ကြွားဝါလွန်းနေရာ ကျမလားတော့ မသိပါဘူး။ သူကတော့ ကမ္ဘာကြီးကို မကိုင်တွယ် မထိရသေးပါဘူး။ အပြောင်းအလဲဆိုတဲ့ စကားလုံးနဲ့ အိုဘားမား ရွေးကောက်ပွဲ အနိုင်ရလိုက်ပါတယ်။ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားရဲ့ သ၀ဏ်လွှာထဲမှာတော့ စိတ်ဝင်စားစရာ စကားတစ်ခွန်းပါ လာပါတယ်။ မစ္စတာအိုဘားမားဟာ ကမ္ဘာပေါ်က မျှော်လင့်ချက် သန်းပေါင်းများစွာကို ထပ်မံပေါက်ပွားသူလို့ အဓိပ္ပာယ်သက်ရောက်တဲ့ စကားစုပါ။ အိုဘားမားလက်ကိုင်သုံးစွဲခဲ့တဲ့ စကားလုံးကလည်း အပြောင်းအလဲ၊ ကမ္ဘာကြီးနဲ့ အမေရိကန်နိုင်ငံ လိုအပ်နေတာကလည်း အပြောင်းအလဲပါပဲ။ ပြီးတော့ အိုဘားမားကိုယ်တိုင်က အပြောင်းအလဲပါ။

ဘာကြောင့် အပြောင်းအလဲကို အရေးတကြီး လိုအပ်နေတာလဲ။ အပြောင်းအလဲထဲမှာ လက်ရှိ အကျပ်အတည်းထဲက ဖောက်ထွက်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ မျှော်လင့်ချက်တွေ ရှိနေလို့ပါ။ ခေါက်ရိုးကျိုးနေတဲ့ စနစ်ဟောင်းတွေ၊ ပျော့ကွက် ဟာကွက်တွေ ရှိနေတဲ့ စနစ်ဟောင်းတွေကို ဆေးမြီးတိုနဲ့ မောင်းနှင်ခဲ့တဲ့ ဆယ်စုနှစ်တွေ အပြီးမှာ အားကောင်းမောင်းသန်တဲ့ စနစ်တစ်ခု လူမှုဘ၀တစ်ခု အတွက် ကျွန်တော်တို့ အားလုံးဟာ ဒီကနေ့ အကျပ်အတည်းတွေကို မျက်နှာမူပြီး ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ နှစ်ထောင်ပြည့်လွန် ဆယ်စုနှစ်ထဲ အမေရိကန်ပြည်ထောင်စုရဲ့ လူမည်းသမ္မတ၊ အရင်းရှင် ကွန်မြူနစ်နိုင်ငံတော်၊ အာကာသ ခရီးသွားလုပ်ငန်း၊ အိုင်တီ ပေါက်ကွဲမှု၊ ကမ္ဘာ့ငွေကြေး အကျပ်အတည်း၊ မုန်တိုင်းကြီးများ၊ ကမ္ဘာမြေ စိမ်းလန်းစိုပြေရေးတို့နဲ့ တရံမလပ်တဲ့ အဖြစ်အပျက်တွေနဲ့ လှုပ်ရှားပြောင်းလဲနေပါတယ်။

အမေရိကန်နဲ့ ကမ္ဘာ့ဈေးကွက်ထဲမှာ လတ်တလောပျောက်နေတဲ့ ယုံကြည်မှုတွေက အကောင်အထည် မဖော်ရသေးတဲ့ သမ္မတသစ်အိုဘားမားရဲ့ စကားတွေကြောင့် ဈေးကွက်ထဲမှာ ယုံကြည်မှု တချို့ ပြန်လည်ရရှိခဲ့ပါတယ်။ ရေနံဈေးက ဒေါ်လာ ၅၀ ကျော်ထိ ပြန်မြင့်လာပါတယ်။ ရွှေတန်ဖိုး ပြန်မြင့်လာသလို၊ ကမ္ဘာ့အကြီးဆုံး ဘဏ်လုပ်ငန်းစုဖြစ်တဲ့ Citigroup ကို ကယ်တင်မယ်ဆိုတဲ့ အချက်ကြောင့် စတော့ရှယ်ယာဈေးတွေ ပြန်လည်မြင့်တက်လာတာပါပဲ။

စီးပွားရေး ဂုရုကြီး အဒမ်စမစ်က ဈေးကွက်ကို အစိုးရက ၀င်ရောက်စွက်ဖက်တာကို သဘော မကျပါဘူး။ ဈေးကွက်မှ အလိုအလျောက် ထိန်းညှိဖို့ ခလုတ်တွေရှိတယ်လို့ သူက ယုံကြည်တယ်။ ပြီးတော့ ဈေးကွက်မှာမြင်ရတဲ့ လက်တွေရှိတယ်။ ဒါပေမယ့် ၂၁ ရာစုမနက်ခင်းမှာ တော့ Global Company တွေ သိပ်များနေလွန်းသလို၊ ကမ္ဘာပတ်လည် ဖြန့်ကျက်လာတဲ့ ကော်ပိုရိတ်ဈေးကွက်က မမြင်ရတဲ့ လက်တွေကိုမှ ဖမ်းချုပ်ဖို့ ကြိုးစားလာကြပါတယ်။ ကော်ပိုရိတ် စီအီးအိုတွေဟာ ဖာရို ဘုရင်တွေထက် လိုချင်တပ်မက်မှု ပိုမိုများပြားလာတယ်။ သူတို့က နိုင်ငံများရဲ့ဓနကို သူတို့အိတ်ထောင်ထဲ လှောင်ထည့်ထားချင်လာကြတယ်။ စစ်ရေး၊ နိုင်ငံရေးတို့ကို စီးပွားရေးသြဇာနဲ့ တွန်းတိုက်ချင်ကြတယ်။ သူတို့ရဲ့ အင်ပိုင်ယာဟာ နိုင်ငံများကြားက နယ်ခြားမျဉ်းတွေကို ကျော်လွှားသွားချင်တယ်။ တတိယကမ္ဘာရဲ့ မပြည့်စုံသေးတဲ့ ဥပဒေစနစ်တွေကို ဈေးကွက်စီးပွားရေး မျက်နှာဖုံးနဲ့ ကျော်လွှား သွားလာကြတယ်။ စီးပွားရေးကိုလိုနီနယ်တွေကို ဈေးကွက်စီးပွားရေးခေတ်ဦးမှာ နိုင်ငံစုံ ကော်ပိုရိတ်တွေက ခြေလှမ်းဖြန့်ခဲ့ကြတယ်။ မမြင်ရတဲ့လက်တွေကို မသမာတဲ့နည်းနဲ့ ဖမ်းချုပ်ချင်ကြတာပါ။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု (FDI) ကို ရေငတ်သလို ငတ်မွတ်နေတဲ့ တတိယကမ္ဘာကအစိုးရတွေဟာ ကော်ပိုရိတ် စီအီးအိုတွေရဲ့အချော့အမြူမှာ ပျော့ညွတ်ခဲ့ရတဲ့ သာဓကတွေ ရှိနေပါတယ်။ နောက်ဆုံးတော့ ကော်ပိုရိတ်တွေရဲ့ လောဘဟာ အကျပ်အတည်း တစ်ခုဆိုက်ပြီး ဇာတ်သိမ်းသွားကြတာချည်းပါပဲ။ ၁၉၉၈ ခုနှစ်မှာ ဒေ၀ူးရဲ့အမာခံကုမ္ပဏီတွေဟာ ၀င်ငွေ၅၁ ဘီလီယံရှိပြီး၊ ၄၅၈သန်း အရှုံးပေါ်ခဲ့တယ်။ နှစ်ချုပ်စာရင်းတွေမှာ အမြတ်ဝင်ငွေပိုပြ၊ အခွန်ပိုထမ်းပြပြီးမှာ ရှယ်ယာတန်ဖိုး နှစ်ဆ၊ သုံးဆ ပိုတက်အောင် လုပ်ပြတဲ့အတတ်ကို ဝေါစထရိကနေ ဆိုးလ်အထိ စီအီးအိုတွေရဲ့ အဌာ ရသ တစ်ပါးလို တတ်မြောက်ထားရမယ်လို့ ကော်ပိုရိတ်လောက က ထင်မှတ်ထားကြ ပါတယ်။ ဈေးကွက်စီးပွားရေးမှာ ပျောက်စေဆရာတွေ ပိုများလာပါတယ်။ ဆင်းရဲတွင်းထဲက နင်းကန်ထိုးတက်နေတဲ့ နိုင်ငံတွေက ကော်ပိုရိတ်ပွဲစားတွေရဲ့ သုတေသန ဖန်ပြားပေါ်မှာ အစမ်းသပ်ခံ သတ္တ၀ါလေးတွေ ဖြစ်လို့နေပါတယ်။ တသက်လုံးဖြစ်နေတဲ့ အရှုံးကို နှစ်ပိုင်း လပိုင်းအတွင်း အမြတ်ရာနှုန်းတွေ ဖွံ့ဖြိုးမှုရလဒ်တွေ၊ ခေတ်မီမြို့ပြကြီးတွေ တည်ဆောက်ပြလိုက်တယ်။ တတိယကမ္ဘာက သူတို့ပြန် သယ်သွားတာက သစ်တောတွေ၊ တွင်းထွက်တွေ၊ ကျောက်မျက်၊ဓာတ်သတ္တု ရုပ်ကြွင်းလောင်စာတွေ ပါပဲ။

ငွေကြေးဟာ အကြွေးစနစ်တွေ လည်ပတ်မှုယန္တရားမှာ တစ်နေရာမှာ အဖုအထစ်ဖြစ်ခဲ့ရင် အကျပ်အတည်း ဆိုက်တော့တာပါပဲ။ ဘဏ်တွေဟာ အရန်ငွေသားနဲ့ အကြွေးလည်ပတ်မှု တန်ဖိုးကို မှန်မှန်ကန်ကန် ကျားကန်ပေးရပါတယ်။ ငွေကြေးအမြောက်အမြား စုပုံတောင်းခဲ့ရင် ဖြစ်စေ၊ ဘဏ်က ထပ်မံ ရင်းနှီးထားတဲ့ လုပ်ငန်းတွေ အရှုံးပေါ်ရင် ဖြစ်စေ ငွေကြေး အကျပ်အတည်း ဆိုက်ရောက်တတ်ပါတယ်။ စာရင်းလိမ်ပြတတ်တဲ့ အတတ်ဟာ အကျပ်အတည်း ဆိုက်စေတာကလွဲလို့ အကျိုးဖြစ်ထွန်းမှု နည်းပါးပါတယ်။ ရေတိုမှာတော့ မြိုးမြိုးမြက်မြက်အကျိုးရှိသယောင်ဆိုပေမယ့် အမြတ်ရာနှုန်းတွေချည်း မျက်စိမှတ်တွက်နေရင်တော့ ချောက်ကမ်းပါးဘက် ဦးတည်လျှောက်နေသလိုပါပဲ။

ခန္ဓာကိုယ် လေဖြတ်သလို အကြွေးချထားတာတွေက ပြန်မဆပ်ဘူး။ ဦးနှောက်ကို သွေးတိုး သလို ကြွေးပူတွေက အတိုးတက်ပြီဆိုရင်တော့ နှလုံးကို လေဟပ်ခံရတာပါပဲ။ အာရှငွေကြေးအကျပ် အတည်းမှာ ထိုင်းနိုင်ငံ ဆောက်လုပ်ရေးသူဌေးတွေ သူတို့ မျှော်လင့်တဲ့ အဆောက်အအုံ မြင့်မြင့်တွေပေါ်က လက်လွတ်ခုန်ဆင်းခဲ့ရတဲ့ သာဓကတွေ ရှိပါတယ်။ အကြွေးဟာ စီးပွားအင်ဂျင် ကောင်းမွန်စွာ လည်ပတ်နေချိန်မှာတော့ ချောဆီလိုပဲ တန်ဖိုးရှိပါတယ်။ ၀ယ်လိုအား၊ ရောင်းလိုအားနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု တန်ဖိုးပြ ဂရပ်မျဉ်း သိသိသာသာ မြင့်တက်သွားစေပါတယ်။ ဒါပေမယ့် လူဆိုတာ အမြဲတမ်း စနစ်တကျ ဖွဲ့စည်းထားတဲ့ သတ္တ၀ါ မဟုတ်ပါဘူး။ သွေးလေချောက်ချားသလို စိတ်ဓာတ်တွေ ဖောက်ပြားလာရင်တော့ မိုက်မိုက်မဲမဲ သုံးဖြုံးတတ်လာပါတယ်။ စီးပွားရေး သိပ်ဆန်ပါတယ်ဆိုတဲ့ ငွေမုဆိုးတွေတောင် စီးပွားဖွံ့ဖြိုးမှုများလာရင် အလွန်အကျွံ သုံးဖြုံးတတ်ပါတယ်။ အဆိုးဆုံးက မမြင်ရတဲ့ ၀င်ငွေကို ကြိုတင်သုံးစွဲတာပါပဲ။

၁၉၉၂မှာ တရုတ်ဈေးကွက် စီးပွားရေးခေတ်ဦးထဲမှာ စွန့်စွန့်စားစား ထိုးစိုက်ဆင်းလာတာက တရုတ်သူဌေးတွေ မဟုတ်ပါဘူး။ ဥရောပနဲ့ အမေရိကန်က စွန့်စားရင်းနှီးမြှပ်နှံသူတွေပါ။ ဆိုဗီယက် အပြိုအပျက်ထဲက သင်ခန်းစာတွေကို ကျေညက်ခဲ့တဲ့ အာရှရဲ့ ကြယ်နီကြီးဟာ တစ်နိုင်ငံစနစ်နှစ်မျိုးနဲ့ တိန်ရှောင့်ဖိန်ရဲ့ ဖီလော်ဆိုဖီကို ပီပီပြင်ပြင် ကိုယ်တွယ်ပြလိုက်ပါတယ်။ နဂါးကြီးနိုးအထကို အာရှကျားတွေ ကုတ်ခဲချင်ကြပါသေးတယ်။ ဒါပေမယ့် ၁၉၉၇ အကျပ်အတည်းက နဂါးကြီးကို အခွင့်အရေး တွေ ပေးလိုက်ပါတယ်။ ဈေးကွက်စီးပွားရေးရဲ့ ခပ်သောက် မကုန်တဲ့ ပင်လယ်ရေဟာ တရုတ်ပြည်ဖြစ်ခဲ့ရပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ စားသုံးသူဈေးကွက်၊ ကြီးမားကျယ်ပြန့်တဲ့ လုပ်အားဈေးကွက်နဲ့ ကမ္ဘာ့နိုင်ငံတော်တော်များများက တရုတ်ပြည်ကို ကုန်သွယ်ဖက် ဖြစ်ချင်လာပါတယ်။ တရုတ်စာ၊ တရုတ်စကား၊ တရုတ်ယဉ်ကျေးမှုက ကမ္ဘာ့အနှံ့အပြားမှာ လေ့လာလိုက်စားသူတွေ တိုးပွားလာပါတယ်။

အကျိုးအမြတ်အနေနဲ့ တိုင်ပေက တရုတ်သူဌေးကြီးတွေဟာ ခန်းဆောင်နီအတွက် ဧည့်ကောင်း၊ ဆောင်ကောင်းဖြစ်လာပါတယ်။ အရင်က အငတ်ဘေးတွေနဲ့ အမြဲနပန်းလုံးခဲ့ရတဲ့ ကမ္ဘာ့ လူဦးရေအများဆုံးနိုင်ငံကြီးဟာ အရံငွေကြေးအများဆုံး၊ နိုင်ငံရေးသြဇာ အကြီးဆုံးနဲ့ အာရှပစိဖိတ် မဟာမိတ်တွေရဲ့ စိတ်ကူးအိပ်မက်တွေကို တွန်းတိုက်ခဲ့ပါတယ်။ တရုတ် စတော့ပူဖောင်းတွေ ဘယ်အချိန် ထပေါက်မလဲလို့ ၂၀၀၆ ခုနှစ်က စိုးရိမ်ခဲ့တဲ့ စီးပွားရေးအကဲဖြတ်တွေဟာ အမေရိကန်က ၀ါးကွမ်နဲ့ အင်ရွှန်ပြိုအကျမှာတော့ မင်သက်နေခဲ့ရပါတယ်။ အကျပ်အတည်းကြားမှာတော့ upgrade လုပ် ထားတဲ့ ကွန်မြူနစ်ပါတီဟာ ဘယ်လိုဝှက်ဖဲတွေ ကစားမလဲလို့ ကမ္ဘာအရပ်ရပ်က စောင့်ကြည့်နေတုန်းပါ။

အနောက်နဲ့ ရင်းရင်းနှီးနှီးဆက်ဆံတတ်တဲ့ အာရှနိုင်ငံတွေထဲမှာ အိန္ဒိယက ထိပ်ဆုံးမှာ ပါဝင်ပါတယ်။ မဇ္ဈိမသားတွေက ကမ္ဘာနဲ့ မျက်ခြေမပြတ်အောင် ရင်းရင်းနှီးနှီး ဆက်ဆံတတ်ပါတယ်။ စာမတတ်သူ သန်းပေါင်းများစွာကို ရင်ဝယ်ပိုက်ထားသလို ကမ္ဘာပေါ်မှာ အတော်ဆုံး ဦးခေါင်းတွေကိုလည်း ခေတ်အဆက်ဆက် အားကောင်းမောင်းသန် ထုတ်လုပ်တတ်ပါတယ်။ ယမထာရွှေကြိမ်လုံး ရယ်နဲ့ ထွန်တုံးကိုတဲ့ ခြေတော်တင်ဆိုတဲ့ ဗြဟာရပြည်နယ်သားတွေရှိသလို၊ Cyberlab ထဲကနေ ကမ္ဘာပတ်လည်အကြွေးတောင်းနေတဲ့ လူငယ်များလည်း ရှိနေပါတယ်။ ၂၀၀၇ အထိ စီးပွားရေးတိုးနှုန်း ကိုးရာခိုင်နှုန်းရှိနေတဲ့ အိန္ဒိယဟာ သမ္မတဘုရှ်ရဲ့ နယူကလီးယားလောင်စာ ရောင်းချမှုအစီအစဉ်က အိန္ဒိယတိုက်ငယ်ကို အားဆေးပေးလိုက်သလိုပါပဲ။ စစ်ရေး၊ စီးပွားရေး မဟာဗျူဟာအရ အာရှကို အမေရိကန်က အင်အားချိန်ခွင်လျှာညှိပေးသွားတာပါ။

မုဆိုးမများရဲ့ ဂရားမင်းဘဏ်၊ လီမိသားစုရဲ့ စင်္ကာပူကော်ပိုရိတ်၊ သက်ဆင်ရှင်နာဝပ်ရဲ့ ပဉ္စလက်စီးပွားရေးအတတ်တို့နဲ့ အာရှငွေကြေးနဲ့ အာရှစီးပွားရေးက မှန်ကူကွက်ဆန်နေပါတယ်။ အာရှဟာ ကမ္ဘာရဲ့ ဘယ်အရပ်ဒေသထက်မဆို လောကဓံကို ပိုခံစားဖူးပြီး၊ ပိုပြီးရင့်ကျက်နေတာကိုတွေ့ နေရပါတယ်။ အကျပ်အတည်းဆိုတာ အာရှရဲ့လက်ရှိမျိုးဆက်အတွက်တော့ အခက်အခဲ မဟုတ်တော့ပါဘူး။ အစကတည်းက နှောင်ကြိုးမဲ့ ဈေးကွက် မဟုတ်တဲ့အတွက် ဈေးကွက် အလျော့အတင်းဟာ အစိုးရမူဝါဒတွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်…။ အာရှမှာ စီးပွားပျက်ပေမယ့် ကိုယ့်ကိုယ်ကို သတ်သေတဲ့နှုန်း နည်းတယ်။ အိမ်ကလေး တစ်လုံး မရှိတာနဲ့ ဘ၀ကို အဆုံးခံမယ်ဆိုတဲ့ အတွေးမျိုး အာရှသားတွေက မတွေးပါဘူး။ အာရှငွေကြေး အကျပ်အတည်းအပြီး ၁၉၉၉ခုနှစ်မှာ (အေဒီဘီ)က ဒေါ်လာငါးဘီလီယံတန်ဖိုးရှိ ချေးငွေတွေ ထုတ်ချေးပေးခဲ့ဖူးပါတယ်။ ဒေါ်လာသန်း၂၀၀နီးပါး နည်းပညာ အကူအညီတွေ အာရှကို ခွဲဝေပေးနိုင်ခဲ့ပါတယ်။ အခုလည်း အာရှတရုတ်ကြီးနဲ့ ဂျပန်တို့က အာရှငွေကြေးတွေကို ကျားကန်ပေးမယ့် ရန်ပုံငွေတစ်ရပ် အေဒီဘီမှာ ထည့်ဝင်ဖို့ ကြိုးစားနေကြပါတယ်။ ရင့်ကျက်တဲ့ အာရှဟာ ငွေကြေးအကျပ်အတည်းကို ဘယ်လိုဖောက်ထွက်မလည်းဆိုတာ စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရမှာပါ။

တရားခံဘယ်သူလဲဟေ့

လေးမန်းဘရားသား ဒေ၀ါလီခံဖို့ မလျှောက်ထားခင် ၂ နှစ်လောက်အလိုကတည်းက စီးပွား ရေးပညာရှင်တွေက အကျပ်အတည်းဖြစ်ပေါ်လာမှာကို ကြိုတင်သတိပေးခဲ့တာတွေ ရှိပါတယ်။ သူတို့ စကားတွေ အီရတ်စစ်ပွဲလောက် ငြင်းခုန်စရာ မကောင်းပါဘူး။ ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားပြီးတော့ လည်း အမာတီနီဂျက်နဲ့ သမ္မတဘုရှ်တို့ နှုတ်လှန်ထိုးနေတာကို အမေရိကန်နဲ့ ဥရောပက အာရုံစိုက်နေ ကြတယ်။ ယူရိုငွေကြေးက တဖြည်းဖြည်း မာလာတယ်။ ရေနံဈေးက တရိပ်ရိပ် တက်လာတယ်။ တာတာကော်ပိုရိတ်က အမေရိကန်သံမဏိ လုပ်ငန်းစုကြီးကို ၀ယ်ယူလိုက်ပါတယ်။ အင်္ဂါဂြိုဟ်ပေါ် မှာ မြေကွက်ရောင်းတဲ့ ကုမ္ပဏီကို တရုတ်အစိုးရက အရေးယူလိုက်တယ်။ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ အလန်ဂရင်းစပန်း အနားယူသွားတယ်။ ၁၉၃၃နောက်ပိုင်း အမေရိကန်ငွေကြေးရဲ့ အဆိုးဆုံး နှစ်ကာလတွေကို ရင်ဆိုင်လာရပါတယ်။ ကမ္ဘာပေါ်က စီးပွားရေးဝေဖန်သူတွေက ဘုရှ်အစိုးရအပေါ် ပြဿနာအစုအဝေးကို ပုံချလာကြပါတယ်။ သမ္မတဘုရှ်ကလည်း သမိုင်းတွင်စေမယ့် ဒေါ်လာဘီလီ ယံ ၇၀၀ကို ငွေကြေးဈေးကွက်ကို ကယ်တင်ဖို့ လက်မှတ်ထိုးခဲ့ပါတယ်။ လက်ဖွာတဲ့ အမေရိကန်တွေ အတွက် ခြိုးခြံချွေတာတဲ့ နေ့ရက်တွေ ရောက်ရှိလာပါတော့ ခြောက်ကပ်ကပ်နိုင်လှတဲ့ ခရစ်စမတ်ကာလ ဖြစ်တော့မှာပဲလို့ စိုးရိမ်မကင်းကြသူတွေလည်း ဒုနဲ့ဒေးပါ။

ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ၊ ငွေကြေးသင်္ခါရ မသေမချင်း ပြန်ရှာလို့ ရပါတယ်။ ဒါဟာလူတိုင်း နားလည်တဲ့ သဘောတရားပါ။ ဒါပေမယ့် သင်္ခါရကို လူတိုင်း မခံစားနိုင်တာတော့ အမှန်ပါပဲ။ စင်ကာပူကနေ ပြည်တော်ပြန်ခွင့် ကြုံနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ လစာတွေ ငါးရာခိုင်နှုန်းကနေ ၂၅ရာခိုင်နှုန်းအထိ လျှော့ချခံရဖွယ်ရှိနေတဲ့ နိုင်ငံသားလုပ်သားတွေ၊ စတော့တွေလည်းရှုံး၊ အိမ်အပေါင်လည်းဆုံးဆိုတော့ အဆုံးအရှုံးတွေ ကြားရတာ စိတ်မချမ်းသာစရာပါ။

GM နဲ့ Ford တို့တောင် အစိုးရအိတ်ကပ်ထဲက ငွေကြေးကို မျက်စပစ်တောင်းဆိုနေရပါ တယ်။ အိမ်ဖြူတော်အနေနဲ့ကလည်း လူမှုဖူလုံရေးမှာ ရန်ပုံငွေတွေထိုးသွင်းမလား။ မော်တော်ကားလုပ်ငန်းတွေ ကိုပဲ ကျားကန်ပေးမလား။ အိုဘားမားကတော့ ကားလုပ်ငန်းတွေကို ကယ်တင်တာ လူ့အဖွဲ့အစည်းကို အကူအညီ ပေးသလိုပါပဲတဲ့။ ဈေးကြီးပြီး ဆီစားတဲ့ အမေရိကန်ကားတွေကို ကမ္ဘာကြီးက သုံးစွဲနိုင်ဦး မလား။ ရေနံစိမ်းတစ်ပီပါ ဒေါ်လာ ၆၀ ဆိုတော့ စွမ်းအင်ကိစ္စကို ဧပြီလလယ်လောက်ကလို ကမ္ဘာကြီးက ပူပန်နေပုံ မရပါဘူး။ ချမ်းသာကြွယ်ဝတဲ့ စင်ကာပူကျွန်းလေးမှာတော့ အစိုးရ ၀န်ထမ်းတွေကအစ လစာလျှော့ချခံရဖွယ် ရှိနေပါတယ်။ တရုတ်တွေမှာ နှစ်ပေါင်းထောင်ချီတဲ့ စီမံခန့်ခွဲမှု ရှိတယ်ဆိုတဲ့ မစ္စတာလီရဲ့ အသံကို သိပ်မကြားရတော့ပါဘူး။

စီးပွားပျက်ကပ်ကို ဘယ်နှစ်၊ ဘယ်အချိန်ဘယ်လိုအခြေအနေမျိုးနဲ့ ကျော်လွှားနိုင်မယ်လို့ ဘယ်လိုပညာရှင်မျိုးကမှ တိတိကျကျ မပြောနိုင်သလို ဘယ်တော့မှ အဆုံးသတ်မှာလဲဆိုတာ မသိနိုင်ပေမယ့် အရာအားလုံးဟာ အစကနေ ပြန်စကြရမှာပါ။
ကိုးကား


(၁) နိုင်ငံများ၏ စီးပွားရေး - (ကျော်ဝင်း)
(၂) ကမ္ဘာလုံးစီးပွားရေး အဘိဓာန် - (ကျော်ဝင်း)
(၃) ကမ္ဘာ့စီးပွားရေး ဇာတ်ခုံပေါ်မှ ပုံရိပ်များ (မောင်ဝံသ)
(၄) အင်တာနက်
အောင်ပိုင်စိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...