Monday, July 4, 2011

ဒေါက်တာဖုန်းဝင်းနှင့်တွေ့ဆုံခြင်း

မေး။  ရွေးကောက်ပွဲပြီးနောက်ပိုင်း တိုင်းရင်းသားမဟုတ်တဲ့ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်အင်အားစုတွေ ထဲမှာ အကွဲအပြဲတွေ ဖြစ်နေတယ်။ အဲဒီအခြေအနေကို ဘယ်လိုထင်မြင်ချက်ပေးလိုပါလဲ။
ဖြေ။   မကွဲရင်တော့ ကောင်းတာပေါ့။ တခါတလေကျတော့လည်း မကွဲရင်တော့ ကောင်းပေမယ့် ကွဲနေလိုက် တာ ပိုကောင်းတာမျိုးလည်း ဖြစ်မှာပေါ့။ သိပ်တော့မထူးဆန်းပါဘူး။ လွတ်လပ်ရေးလှုပ်ရှားမှု တုန်းကလည်း ဒီလိုပဲ အကွဲအပြဲတွေရှိတာပဲ။ နိုင်ငံခြားမှာလည်း ဒီလိုမျိုးတွေရှိခဲ့တယ်။ မထူးဆန်းဘူးလို့ ဆိုချင်ပါတယ်။ မကွဲရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကွဲတော့လည်း ဘာဖြစ်လဲပေါ့။ တစ်ခုရှိတာက ဘယ်အဖွဲ့က ရေရှည် မှာ ဘယ်လောက်အချိန်ကြာကြာ ရပ်တည်နိုင်မလဲ ၊ ဘယ်လောက်အထိပြည်သူလူထုက အားကိုးလာမလဲ။ ပြည်သူလူထုအားကိုးဖို့ဆိုတာ ပြည်သူလူထု အကျိုးလုပ်မှရမှာဆိုတော့ ဘယ်သူတွေက ပြည်သူလူထုအကျိုး လုပ်နိုင်မလဲပေါ့။ အဲဒါက အရေးကြီးတာပေါ့။
 
မေး။  အစိုးရသစ်ပြောင်းလဲပြီးနောက်ပိုင်း ယူအင်န် အပါအ၀င် နိုင်ငံခြားတိုင်းပြည်တွေက အဆင့်မြင့်တာဝန်ရှိ သူတွေ တစ်ယောက်ပြီးတစ်ယောက် လာနေပါတယ်။ ဒီခရီးစဉ်တွေ အပေါ်ကိုရော ဘယ်လိုမြင်မိပါလဲ။ 
ဖြေ။   “နမ်ဘီးယား” (ကုလသမဂ္ဂ ကိုယ်စားလှယ်) လာတဲ့ကိစ္စကတော့ သိပ်အရေးမကြီးပါဘူး။ သူ့မှာလုပ်ပိုင်ခွင့်လည်း သိပ်မရှိဘူး။ ပြီးတော့ ကုလသမဂ္ဂက မြန်မာပြည်အရေးကို ဘာမှလုပ်မပေးနိုင်ဘူး။ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ လုပ်ပေးနိုင်မယ်လို့ထင်ရင် တက်တက်စင်အောင်လွဲလိမ့်မယ်။ ကုလသမဂ္ဂမှာ လုံခြုံ ရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံသဘောမတူရင် ဘာမှမဖြစ်ဘူး။ မြန်မာပြည်အရေးကိစ္စမှာ ရုရှားနဲ့ တရုတ်က reject လုပ်ထားပြီးသား။ တရုတ်ရဲ့ ဗီတိုက တခြားနိုင်ငံအတွက် သုံးမပေးဖူးဘူး။ မြန်မာနိုင်ငံ အတွက် ပထမဦးဆုံးအကြိမ် သုံးပေးတာ။ ရုရှားကလည်း မြန်မာနိုင်ငံအတွက် သူ့ရဲ့ဗီတိုကို သုံးပေးတယ်။ တစ်ကယ်တော့ ဗီတိုလုပ်တယ်ဆိုတာ နှစ်နိုင်ငံလုပ်ဖို့မလိုဘူး။ တစ်နိုင်ငံလုပ်ရုံနဲ့ရတယ်။ အဲဒါကို နှစ်နိုင်ငံလုပ် တယ်ဆိုကတည်းက တမင်သက်သက်ကို လုပ်ပြတာ။ ပြောရရင် ကုလသမဂ္ဂက အဲဒီအချိန်ကတည်းက သူ့အခန်း ကဏ္ဍကပြီးသွားပြီ။ ပြီးတော့ တစ်ခုရှိတာက ဟိုဘက်က တောင်းဆိုတာတွေကို အစိုးရကလည်း ပြောင်းလဲပြတယ်။ ဟိုဘက်ကပြောင်းစေချင်သလောက်တော့ မပြောင်းပေမယ့် positive လို့ပြောလို့ရတယ်။ စစ်အစိုးရကပဲ မပြောင်းဘူးဆိုရင်တော့ positive မဖြစ်ဘူးပေါ့။ ရွေးကောက်ပွဲဖြစ်သွားတယ်ဆိုတာ positive change ကို ပြနေတာပေါ့။ ကျွန်တော်တို့က minus(အနှုတ်လက္ခဏာ) ဖြစ်ခဲ့လွန်းတော့လည်း အခုတော့ ဘာလုပ်လုပ် positive ဖြစ်နေတာပေါ့။ ကျွန်တော့အမြင်မှာ UN ကလည်း နိုင်ငံတကာအရေးတွေကို ဖြေရှင်းရာ မှာ ဟိုအရင်ကလို ထက်ထက်မြက်မြက် မရှိတော့ဘူး။ အရင်တုန်းက ဦးသန့်တို့ အတွင်းရေးမှူးချုပ်လုပ်တဲ့ အချိန်တုန်းက ယူအင်န်က အာဏာတော်တော်ရှိတယ်။ ပြီးတော့ ဂျွန်မက်ကိန်းလာတာထက်ပိုပြီး သတိထားကြည့်ရမှာက နော်ဝေဒုတိယနိုင်ငံခြားရေးဝန်ကြီး လာတာက တော်တော်လေးထူးခြားတယ်။ ၂၀၁၀ တုန်းကလည်း နော်ဝေဒုတိယနိုင်ငံခြားရေးဝန်ကြီး တစ်ယောက် လာဖူးတယ်။ အခု ၂၀၁၁ မှာ နောက်တစ် ယောက် လာတယ်။ ဒီတစ်ယောက်ကပိုပြီးစီနီယာကျပြီး ပိုပြီးတော့ အတွေ့အကြုံရှိတယ်။ သူကလည်း မြန်မာ နိုင်ငံကို ထင်သလောက်မဆိုးဘူး ဆိုပြီး တော်တော်လေးသဘောကျတဲ့ အပိုင်းတွေရှိတယ်။ ဘာလို့ဆို နိုင်ငံခြားမှာ မြင်နေရတဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်က သိပ်ဆိုးတာ။ အဲဒါကိုလည်း အတိုက်အခံတွေ သတိထား သင့်တယ်။ လိုအပ်တာထက်ပိုပြောထားတဲ့ အခါကျတော့ ဒီရောက်လာတဲ့အချိန် အဲလောက်မဆိုးတော့ ဟိုက ကောင်းတယ်လို့ ထင်သွားရော။ ပြီးတော့ EU ဗီဇာ ပိတ်ပင်လုပ်ထားတာကို တချို့သူတွေအတွက် leave လုပ်လိုက်တာ (ခွင့်ပြုလိုက်တာ) တော်တော် ထူးခြားတယ်။ 
နောက်ထပ် ဒီ့ထက်ပိုပြီး leave လုပ်ဖို့အကြောင်းအရင်း အများကြီးရှိတယ်။ ရွေးကောက်ပွဲကို တရားတာ မတရားတာ ထက်စာရင် အရေးအခင်းတွေ အရိုက်အနှက်တွေ ဆူပူအုံကြွမှုတွေ ရွေးကောက်ပွဲကာလမှာ ဖြစ်မလာဘူး ဆိုရင် ဒီလောက်တော့ဖြစ်လာမယ်ဆိုတာ ကျွန်တော်မှန်းပြီးသား။ မြန်မာနိုင်ငံအစိုးရက အရင်ဆုံး ဖွင့်ပေးစေချင်တာ အဲ့ဒီဗီဇာဆိုတာ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက တောင်းဆိုထားတာ။ အဲ့ဒီဗီဇာ ဖွင့်ပေးပါလို့ ပြောထားတာကို အခုဖွင့်ပေးလိုက်တာ။ အဲ့တော့ မဲက အခုသမ္မတ ဦးသိန်းစိန်ဘက်မှာရှိတယ် လို့ယူဆ လို့ရတယ်။  
 
         အဲဒီဖွင့်ပေးလိုက်ပြီး နောက်ပိုင်းမှာ ဂျိုးဇက်ယွန်း၊ ဂျွန်မက်ကိန်းတို့ လာသွားတယ်။ သူတို့ အပြင်လူမသိ သူမသိလာသွားတဲ့ အရေးကြီး ပုဂ္ဂလ်တွေလည်း အများကြီးရှိတယ်။ မက်ကိန်းက သူ့ပါတီကို ကိုယ်စားပြုပြီး လာတာ။ Republican ပါတီက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ခဲ့တာမှာ တော်တော်လေး အားပေးခဲ့တယ်။ ပြီးတော့ ၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ ပါတီကို သေသေချာချာ ထောက်ခံခဲ့တဲ့ ပုဂ္ဂိုလ်။ ဒီရောက်လာတဲ့ အခါကျတော့ မက်ကိန်းက စစ်ဗိုလ်ဖြစ်ခဲ့တဲ့သူပီပီ လစ်ဗျားလို မြန်မာပြည် အတိုက်အခံတွေကို ကူညီပါတော့ဆိုတဲ့ ကြေညာချက်မျိုး ထွက်နိုင်တယ်။ ဒါပေမယ့် နောက်ဆုံး အဲဒီကြေညာချက်မထွက်ခဲ့ဘူး။ လစ်ဗျားလို ဖြစ်နိုင်တယ် ဆိုတာလောက်ပဲပြောပြီး လစ်ဗျားလို မြန်မာပြည်ကို လုပ်ပါတော့လားလို့ မပြောခဲ့ဘူး။ အဲ့လိုပြောခဲ့ရင် ဒီအစိုးရအတွက် အကြီးအကျယ် အခက်အခဲဖြစ်လိမ့်မယ်။ သူက မြန်မာပြည် မီဒီယာ အသံတွေ နားထောင်တယ်။ အတိုက်အခံတွေရဲ့စကားကို နားထောင်တယ်။ နောက် နာမည်မဖော်ချင်တဲ့ အရေးကြီး ပုဂ္ဂိုလ် သုံးလေးယောက်ရဲ့ အသံကိုလည်း ဒီမလာခင် နားထောင်ခဲ့တယ်။ ဒီရောက်တော့ ဦးသိန်းစိန် အစိုးရကို အကောင်းကြီးမပြောသွားပေမယ့် အဆိုးကြီး မပြောသွားတာကပဲ ကောင်းတယ်လို့ ယူဆရမှာပေါ့။ အဲ့တော့ နောက်ဆုံး မက်ကိန်းရဲ့ခရီးစဉ်က ဦးသိန်းစိန် အစိုးရအတွက် ကောင်းတယ်လို့ပဲ ပြောရမှာပေါ့။ အတိုက်အခံနိုင်ငံရေးသမားတွေ အနေနဲ့ကတော့ စဉ်းစားရမှာပေါ့။ ငါတို့ဖြစ်စေချင်တဲ့အတိုင်း လောကကြီးက ဖြစ်နေတာ မဟုတ်ဘူး။ ငါတို့မျှော်လင့်တဲ့အတိုင်း ဖြစ်လာမှာ မဟုတ်လောက်ဘူးဆိုတာ စဉ်းစားရမယ်။ နောင်ဖြစ်ပေါ်လာမယ့်  အခြေအနေအပေါ်မူတည်ပြီး ငါတို့လည်း ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင် ပြောင်းလဲရမယ်လို့ စိတ်ပေါ်လာရင် ကောင်းတာပေါ့။ ဦးသိန်းစိန် အစိုးရအနေနဲ့လည်း ငါတို့မှာ အခွင့်အရေး ရှိတယ်၊ ငါတို့ ပြုပြင်ပြောင်းလဲရင် စင်ပေါ်ရောက်လာနိုင်တယ်လို့ တွေးရင်တော့ နှစ်ဖက်စလုံးအတွက် ကြိုတင် သတိပေးတဲ့ ခရီးစဉ်လေးပေါ့။ အဲဒါဆိုရင်တော့ ပထမအနေနဲ့ အမေရိကန်အတွက်လည်း ကောင်းသွားမယ်၊ ကျွန်တော်တို့ နိုင်ငံအတွက်လည်း ကောင်းသွားမယ်။   
 
        ဒုတိယကတော့ ဦးသိန်းစိန်အစိုးရလား၊ ၉၀ ရွေးကောက်ပွဲနိုင်တဲ့ ပါတီလားဆိုတာပဲပေါ့။ လုပ်တတ် တယ်၊ မလုပ်တတ်ဘူးဆိုတာ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ အပြောင်းအလဲကို လိုက်လုပ်နိုင်တဲ့ flexible ဖြစ်တဲ့ အဖွဲ့က စားသွားမှာပဲ။ flexible မဖြစ်တဲ့ အဖွဲ့က ကျန်ခဲ့မယ်။ ကျွန်တော်ထင်တာ အမေရိကရော Europe ရော မြန်မာနိုင်ငံကို ဆက်ပြီး engage လုပ်သွားမှာ။ ဒီဘက်ကလည်း သူတို့တောင်းဆိုနေတာရဲ့ အစိတ်အပိုင်း အချို့အ၀က်လောက် ပေးရင်တောင် ဟိုဘက်ကလက်ခံသွားမယ့် အပိုင်းရှိတယ်။ Human Right လေးပြည့် သွားရင် Good Governance လေးဖြစ်သွားပြီ။ အတိုက်အခံတွေကလည်း သေသေချာချာ ကြည့်သင့်တယ်။ တစ်ခါတလေ ကျတော့လည်း အပြောင်အလဲက ရှိနေတယ်။ အဲတော့ကိုယ်က အဲဒါကို သေသေချာချာကြည့်ပြီး အဲဒါနဲ့အတူ ပါသွားနိုင်အောင် လုပ်ဖို့လိုတယ်။ UN အစည်းအဝေးတွေမှာ ဒေါက်တာထွန်းရှင်တို့ စီးပွားရေးပိတ် ဆို့တာကို ဖွင့်ပေးဖို့ တောင်းဆိုတာက အလုပ်တစ်ခုအနေနဲ့ လုပ်တာလို့ပဲ ထင်တယ်။ အဲလိုတောင်းဆိုတာ ထက်ပိုထိရောက်တာက ပြည်တွင်းက movement ကိုလုပ်ပေးရမှာ။ နိုင်ငံခြားအစိုးရဆိုတာက ဘယ်သူတွေ အော်တဲ့အသံလည်း ဆိုတာကိုကြည့်တာ။ ဘာအသံလည်းလို့ကြည့်တာမဟုတ်ဘူး။ စီးပွားရေးပိတ်ဆို့တာကို ရုပ်သိမ်းပေးဖို့ တကယ့်ပြည်သူတွေဆီက အသံဆိုရင် ဒေါက်တာထွန်းရှင်တို့ တောင်းဆိုတာထက် အများကြီး ထိရောက်တယ်။ အဲဒါကြောင့်မို့ forum တွေထဲမှာ civil society တွေပါဖို့ လိုတယ်။ အဲ့ဒီအသံတွေက ပိုအရေးကြီးတယ်။
 
မေး။    တရုတ်နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကရာ အစိုးရပြောင်းလဲပြီး နောက်ပိုင်းမှာ ဘယ်လို အခြေအနေရှိလဲ။ 
ဖြေ။    တရုတ်နဲ့ ဆက်ဆံရေးကတော့ တော်တော်ကောင်းတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကြီး ကို့ယိုးကားယားဖြစ်တဲ့ အချိန်မှာ တရုတ်နဲ့ စပြီးဆက်ဆံလာတာ နှစ်၂၀ ကျော်လာပြီ ဆက်ဆံရေး အကောင်းဆုံး နိုင်ငံလည်းဖြစ်တယ်။ တရုတ်ကလည်း မြန်မာအစိုးရကို အားပေးလာတာလေ။ သူတို့ရင်းနှီးမြှုပ်နှံမှုကလည်း သိပ်များတယ်။ တရုတ်ကို ပြိုင်နိုင်တဲ့ အိမ်နီးနားချင်းကလည်း မရှိဘူး။ တရုတ်ဘက်က ကြည့်ရင်လည်း အမေရိကန်က သူ့ကုန်ပစ္စည်းတွေ မ၀ယ်ရင် တရုတ်မွဲပြီ။ အဲ့တော့ အမေရိကန် စီးပွားပျက်မှာ သိပ်ကြောက်တယ်။ ကျွန်တော်တို့က တရုတ်နဲ့ ဆက်ဆံရေး ကောင်းတာလည်း ကောင်းပါတယ်။ ကမ္ဘာပေါ်မှာတခြား သင့်တင့်လျောက်ပတ်တဲ့ နိုင်ငံတွေနဲ့ တည့်အောင်နေရင် တရုတ်ကြီးရဲ့ pressure ကိုနည်းနည်းခံနိုင်မှာပေါ့။ နောက်နှစ် ၁၀၀ နေရင် မြန်မာပြည်ဆိုတာ ဆက်ရှိနေဖို့ အိမ်နီးနားချင်း နိုင်ငံတွေတင် မကဘူး၊ ကမ္ဘာနဲ့ပါ တွေ့ဖို့ လိုတာပေါ့။ ကျွန်တော်မြင်တာကတော့ ရှေ့လျှောက်မှာ တရုတ်နဲ့ ဆက်ဆံရေးကိုလည်း ကောင်းအောင်ထိန်း တခြားနိုင်ငံတွေနဲ့လည်း ဆက်ဆံရေး ပြေလည်အောင်လုပ်ပေါ့။ 
 
မေး။  အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ စီးပွားရေးအရ အရေးအပါဆုံးနိုင်ငံပါ။ သူနဲ့ မပြေလည်းပဲ မြန်မာ့စီးပွားရေး တိုးတက်နိုင်ပါ့မလား။ ရှေ့လျှောက်အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး ဘာတွေဖြစ်လာလိမ့်မယ် ထင်ပါသလဲ။
ဖြေ။   ရှေ့လျှောက်မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက အစိုးရပေါ်မှာ မူတည်တာပေါ့။ အတိုက်အခံတွေ ဘယ်လောက်ပြောပြော အစိုးရကကောင်းတာလုပ်ရင် အမေရိကန်ကလည်း ကောင်းတာတုန့်ပြန်ဖို့ လက်မနှေး ဘူးလို့ထင်ပါတယ်။ အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်ကောင်းတာလုပ်ရင် ကိုယ့်ဆီလည်း ကောင်းတာ ပြန်လာမှာပေါ့။ ကိုယ်ကချည်းပဲစောင့်နေလို့ မရဘူးလေ။ ကိုယ်ကချည်းပဲ လိုချင်လို့မရဘူး။ အပေးအယူလည်း လုပ်ရမှာပေါ့။ အမေရိက အခုပြောနေတဲ့အထဲက ကိုယ်ဘယ်ဟာကိုလိုက်လျောရင် ကောင်းမယ်ဆိုတာ စဉ်းစား ရမှာပေါ့။ ကိုယ်ပေးနိုင်တာတွေ အရင်ပေးပေါ့။ အစိုးရကသာ အဆင်ပြေရင် ပြေပြီလို့ ထင်တာပဲ။ အဲဒါကိုလည်း အတိုက်အခံတွေ နားလည်ဖို့လိုပါတယ်။
 
မေး။  ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးရော ဘယ်လို စီစဉ်မှုတွေ ရှိလဲ။ ရွေးကောက်ပွဲဝင်ဦးမလား။ ဖြေ။   ကြားဖြတ်ရွေးကောက်ပွဲကိုတော့ ကျွန်တော်တို့စောင့်ကြည့်ရမှာပဲ။ နိုင်ငံရေးမှာက ရွေးကောက်ပွဲတစ်ခု တည်း အရေးကြီးတာ မဟုတ်ဘူးလေ။ ပြီးတော့ နေရာတော်တော်နည်းတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ပြိုင်ခဲ့တဲ့ နေရာတွေက တစ်ယောက်မှ မလွတ်ဘူး။ အဲတော့ ကျွန်တော်တို့နဲ့လည်း သိပ်မဆိုင်ဘူးပေါ့။ အခုကိစ္စက ရွေးကောက်ပွဲမှာ နေရာဘယ်လောက်နိုင်သလဲဆိုတာ အဓိကကိစ္စ မဟုတ်ဘူး။ တကယ့်ကိစ္စက ကျွန်တော်တို့ထဲက ပြည်သူလူထုအကျိုးကို ဘယ်လောက်လုပ်ပေးနိုင်လဲ။ မလုပ်ပေးနိုင်လဲက အဓိကကိစ္စပါ။ ဒီရွေးကောက်ပွဲကျရင် လူတွေက ဘယ်လိုတွေးပြီး ဘယ်လိုရွေးကြဦးမလဲ မသိဘူး။ ကျွန်တော်တို့ရွေးကောက်ပွဲ ၀င်တယ်ဆိုတာ လူတွေကိုအကျိုးပြုနိုင်ဖို့ဝင်တာ။ ငါတို့သာ ပါလီမန်ထဲရောက်ရင် လူတွေအတွက် ဘာတောင်းပေးနိုင်မလဲ၊ ဘာပြောပေးနိုင်မလဲ စဉ်းစားတာပေါ့။ ပါလီမန်ထဲ မရောက်ဘဲနဲ့  regular forum လေး တွေလုပ်ခွင့်ရရင် ပါလီမန်မလိုဘူး။ ပါလီမန်ထဲမှာရောက်တော့မှ ကျွန်တော်မေးခွန်း တစ်ခုမေး အဲဒီမေးခွန်းအ တွက် လုပ်မပေးနိုင်ပါဘူးဆိုမှ ဒုက္ခရောက်မယ်။ Forum မှာကမှ နည်းနည်းလွတ်လပ်မလား။ ပြည်သူတွေ ကြားချင်တာတွေ သိချင်တာတွေ မေးချင်တာတွေများ ဆွေးနွေးခွင့်ရမယ်၊ ပြောပြခွင့်ရမယ်၊ ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံခွင့်ရမယ်ဆိုရင် ပိုကောင်းမလား။ ဘာလို့ဆို ကျွန်တော်တို့က ပါလီမန်ထဲမှာ အမတ်ဖြစ်ဖို့ မဖြစ်ဖို့ ဆိုတာ သိပ်အရေးမကြီးဘူးလေ။ ဒီနိုင်ငံမှာရှိတဲ့ လူတွေအတွက် ဘယ်လောက်လုပ်ပေးလို့ရမလဲ ဆိုတာပဲ ကြည့်တာ လေ။ အဲတော့ကြားဖြတ်ရွေးကောက်ပွဲက ကျွန်တော်တို့အတွက် သိပ်ပြီးရင်ခုန်စရာ မကောင်းဘူး။  ။ 
 
-ဆွေးနွေးမေးမြန်းချက်ပါ နိုင်ငံရေးအခြေအနေ သုံးသပ်ချက်များကို ဦးစားပေးဖော်ပြပေးလိုသဖြင့် လည်းကောင်း၊ online ပေါ်တွင် စာမျက်နှာရှည်လျားမည်စိုးသဖြင့်လည်းကောင်း ရှေ့ပိုင်းမှ civil society ၊ NGO များနှင့် ပတ်သက်သော ဆွေးနွေးချက်များ ချန်လှပ်ခဲ့ခြင်းအား နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 
(ပေးပို့သူ) တွေ့ဆုံမေးမြန်းသူ- ဇင်မာဝင်း
ပြည်သူ့ခေတ်ဂျာနယ် 
အတွဲ ၁ အမှတ် ၄၉ ၃၀ ဇွန် ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...